← Chapters

အခန်း (၂၉၅-၂၉၆)

Vol. 22 Ch. 295-296

အခန်း (၂၉၅-၂၉၆)

Vol. 22 Ch. 295-296

အပိုင်း(၂၉၅)

"အသက်ရှင်နေရုံနဲ့တင် အရာအားလုံး အဆင်ပြေနေပြီလို့ ဆိုလိုတာ မဟုတ်ဘူးလေ..."

ယီရင်က လင်းတုန်းကို ကြည့်ကာ ပြောလိုက်သည်။

"ငါ တကယ် စိတ်မကောင်းပါဘူး... ငါကလေ..."

သူမသည် ပြန့်ကျဲနေသော သွေးကွက်များကို ပြန်ကြည့်လိုက်ပြီး ထပ်မံ တုန်ယင်သွားပြန်သည်။

"ငါ တောင်းပန်ပါတယ်..."

သေရေးရှင်ရေး အန္တရာယ်နှင့် ရင်ဆိုင်နေရသော်လည်း သူမ၏ ကိုယ်ချင်းစာတရားက သူ့ကို နွေးထွေးသွားစေခဲ့သည်။ သို့တိုင်အောင် ထိုအရာက သူ့ကို အငိုက်မိသွားစေခဲ့၏။ သူကတော့ သည်အတိုင်း သည်းခံပြီး ညည်းညူမနေဖို့ သူမ ပြောလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

"ဒီလို အဖြစ်မျိုး ငါလည်း ကြုံဖူးတယ်..."

သူမက ပြောရင်း ဘယ်ဘက် တံတောင်ဆစ်နားရှိ အမာရွတ်တစ်ခုကို ပြသရန် လက်မောင်းကို ပင့်တင်လိုက်သည်။

"အမှန်အတိုင်း ပြောရရင် လက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ဖူးတာ..."

သူမ၏ ညာဘက် လက်ကောက်ဝတ်တွင်လည်း နောက်ထပ် အမာရွတ်တစ်ခု ရှိနေသည်။

"ခြေထောက် နှစ်ဖက်လုံးက အသားတွေလည်း ပြတ်ထွက်သွားလို့ ဓားပေါ်က သံချေးတွေလို ဘာမှ သုံးမရဘဲ တွဲလွဲခိုနေခဲ့ဖူးတယ်... ဒါက နောက်ပြောင်နေတာ မဟုတ်ဘူး... ဆုံးရှုံးသွားတဲ့ ကိုယ်လက်အင်္ဂါ တစ်ခုခု ယားယံလာတာထက် ပိုဆိုးတာ ဘာမှမရှိဘူး..."

"ဘယ်လိုလုပ်ပြီး ပြန်ရလာတာလဲ..."

လင်းတုန်းက မေးလိုက်၏။ ဝိညာဉ်အကြွင်းအကျန် လက်မောင်းတစ်ဖက်၏ စွမ်းအားများကို သူ စိတ်ဝင်စားနေသော်လည်း သူ၏ ကိုယ်ပိုင် လက်မောင်းကိုသာ ပြန်ရနိုင်မည် ဆိုပါက...

"ဆရာ့ဆီမှာ အရာအားလုံးအတွက် ဆေးလုံးတွေ ရှိတယ်... ပန်းတစ်ပွင့် ပွင့်လာတာထက် ပိုမြန်အောင် ကိုယ်လက်အင်္ဂါ တစ်ခုကို သူ ပြန်ပေါက်လာအောင် လုပ်ပေးနိုင်တယ်... ဒါပေမဲ့ ဈေးအရမ်းကြီးတော့ အဲဒီအတွက် ငါ့ကို အမြဲတမ်း အလုပ်ခိုင်းလေ့ရှိတယ်..."

ယခုအခါ သူမသည် ကိုယ်တိုင် မတ်တတ်ရပ်နေနိုင်ပြီ ဖြစ်သည်။ သူမ၏ မျက်နှာပေါ်တွင် သွေးများ စီးကျနေသော်လည်း လွန်ခဲ့သော အခိုက်အတန့်ကထက် သူမကိုယ်သူမ ပို၍ ပြန်လည် ထိန်းချုပ်နိုင်လာဟန် ရှိ၏။ လင်းတုန်း၏ ပျောက်ဆုံးနေသော လက်မောင်းက သူမကို ဖမ်းစားထားသည့် မည်သည့်အရာမှမဆို လွတ်ကင်းသွားစေရန် လှုပ်နှိုးပေးလိုက်ခြင်းပင် ဖြစ်သည်။

လင်းတုန်းသည် ပျောက်ကွယ်လုဆဲဆဲ ဖြစ်နေသော သွေး မာဒြာ အိုင်များကို ကြည့်လိုက်သည်။

"ခွင့်လွှတ်ပါ... နင် ဒါတွေကို အရင်က မြင်ဖူးလား..."

သူမသည် ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် သူ့ကို ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။ ထို ဝေခွဲမရဖြစ်နေသော အမူအရာက ပြန်လည်ရောက်ရှိလာသည်။

"ငါ မြင်ဖူးတယ်... ဒီဟာ ပေါ်လာတုန်းက အများကြီးကို မြင်ခဲ့ရတာ..."

သူမက ဗိုက်ကို လက်ဖြင့်ပုတ်ရင်း ပြောလိုက်သည်။

"အချိန်တန်ပြီ ထင်တယ်..."

ထိုအခါမှ သူမ၏ ခါးပတ် ပျောက်ဆုံးနေကြောင်း သူမ သတိပြုမိသွားပုံရသည်။ သူမသည် ကြောင်အမ်းအမ်းဖြင့် အောက်သို့ ငုံ့ကြည့်လိုက်ပြီး ခါးပတ်လည်ကို စမ်းသပ်ကြည့်လိုက်၏။

"ဘယ်ရောက်သွားတာလဲ... ဒီအတိုင်းကြီး တွားသွားပြီး ထွက်မသွားနိုင်ပါဘူး..."

သူမ၏ အသက်ရှူနှုန်းများ မြန်ဆန်လာပြီး မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားလိုက်သည်။

တစ်ခဏအကြာတွင် သူမ၏ အသက်ရှူသံမှာ ပုံမှန် ပြန်ဖြစ်သွားသော်လည်း ပခုံးများ ကျဆင်းသွားလေသည်။

"အဲဒါ ရှိနေတုန်းပဲ... ပန်းသီးထဲက ပိုးကောင်တစ်ကောင်လို ရစ်ခွေနေတာ..."

သူမ၏ နှုတ်ခမ်းများက ရွံရှာဟန်ဖြင့် တွန့်လိမ်သွား၏။

"ဒါပေမဲ့ တစ်ယောက်ယောက်က အဲဒါကို ပိတ်လှောင်ထားတယ်... အီသန် လား..."

"အီသန် ပဲ..."

တောင်၏ နောက်ဘက်ရှိ နောက်ထပ် ပေါက်ကွဲမှုတစ်ခုကြောင့် မီးခိုးလုံးကြီးတစ်ခု မြင့်တက်လာသည်။

"သွားကြရအောင်... သူ နိုင်သွားတဲ့အခါ ထွက်သွားဖို့ ငါတို့ အဆင်သင့် ဖြစ်နေသင့်တယ်..."

နောက်ထပ် သွေးမိစ္ဆာ တစ်ကောင်က ချောက်ကမ်းပါးပေါ်သို့ ခေါင်းပြူထွက်လာရာ ဖစ်ရှာ ဂီရှာ က ခရမ်းရောင် အလင်းကွန်ရက် တစ်ခုကို ၎င်းထံသို့ ပစ်ပေါက်လိုက်၏။ ထို့နောက် ၎င်းသည် ခြေကျင်းဝတ်တွင် အလေးတုံးတစ်ခု ချည်နှောင်ထားသည့်အလား တောင်စောင်းမှနေ၍ အောက်သို့ ပြုတ်ကျသွားခဲ့သည်။

ကပ်ဆီးယပ်စ် သည် ချောက်ကမ်းပါး၏ အစွန်းသို့ သတိကြီးစွာဖြင့် လျှောက်သွားပြီး အောက်သို့ လှမ်းကြည့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ နောက်သို့ ယိုင်နဲ့နဲ့ ဆုတ်သွား၏။

"ငါတို့ ထွက်သွားရမယ်... အခုချက်ချင်း..."

သူသည် တောင်အတွင်းသို့ ဝင်ရာ လမ်းပေါက်ဆီသို့ ပြန်လည် လျှောက်လှမ်းသွားသည်။ သို့သော် နှစ်လှမ်း သို့မဟုတ် သုံးလှမ်း လှမ်းပြီးတိုင်း သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်နေရသကဲ့သို့ ယိုင်ယိုင်သွားလေသည်။

ယီရင် နှင့် ဂီရှာ တို့က သူ့နောက်သို့ လိုက်သွားကြသော်လည်း ထူးဆန်းသော သိချင်စိတ်တစ်ခုက လင်းတုန်း ကို ဖမ်းစားသွား၏။ သူသည် အစွန်းဘက်သို့ လျှောက်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။

ဒါဇင်ပေါင်းများစွာ သို့မဟုတ် ရာပေါင်းများစွာသော သွေးမိစ္ဆာ များသည် တောင်စောင်းတွင် ကပ်တွယ်နေကြသည်။ ၎င်းတို့အထဲမှ အချို့မှာ အဖုအထစ်များနေသော သစ်ပင်များနှင့် တူပြီး အချို့မှာ ဓာတ်ငွေ့တိမ်တိုက်များနှင့် တူကာ အချို့ကမူ ချွန်ထက်သော သလင်းကျောက် အစုအဝေးများနှင့် တူနေလေသည်။ အများစုမှာ လျင်မြန်စွာ ရွေ့လျားမနေကြသော်လည်း အားလုံးက တောင်စောင်းမှနေ၍ အပေါ်သို့ တွားသွား တက်လာနေကြ၏။

သို့သော် ၎င်းတို့၏ အောက်ဘက်ရှိ တောင်ကုန်းများကို ဖုံးလွှမ်းထားသည်မှာ လူးလွန့်နေသော အနီရောင် ပုံသဏ္ဌာန်များဖြင့် ပြည့်နှက်နေသည့် သမုဒ္ဒရာကြီး တစ်ခုပင် ဖြစ်သည်။ မည်မျှများပြားကြောင်းကို လင်းတုန်း ခန့်မှန်း၍ပင် မရနိုင်ချေ။ စစ်တပ်ကြီး တစ်ခု ဖြစ်လေသည်။

သူသည် နောက်သို့ ပြန်ပြေးလာပြီး အခြားသူများနောက်သို့ အပြေးအလွှား လိုက်သွားလိုက်၏။ အရမ်းကို များပြားလွန်းလှသည်။ အရမ်းကို များလွန်းသည်။ အကယ်၍ သူတို့ တိုက်ခိုက်မည် ဆိုပါက လူတစ်ယောက် ဒဏ်ရာရသွားတိုင်း အကောင်သစ်များ ထပ်မံ ဖန်တီးခံရမည် ဖြစ်သည်။

မိနစ်အနည်းငယ် အတွင်းမှာပင် သူတို့ လွှမ်းမိုးခံရမည် ဖြစ်ပြီး မိစ္ဆာ များ၏ အောက်သို့ ဆွဲချခံရကာ တစ်စစီ ဆွဲဖြဲခံရပေလိမ့်မည်။

မြင့်တက်လာသော ထိတ်လန့်မှု လှိုင်းလုံးကြီး၏ ရှေ့မှောက်တွင် သူ၏ မောပန်းနွမ်းနယ်မှုနှင့် လက်မောင်း ဆုံးရှုံးလိုက်ရခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများမှာ ဆုတ်ခွာသွားပုံ ရလေသည်။

ဘေးကင်းရာ နေရာဆီသို့ သွားသော တံခါးများထဲမှ တစ်ချပ်မှာ ပတ္တာများ ပြုတ်ထွက်သွားသည်အထိ ပေါက်ကွဲထား၏။ မျက်နှာကျက်ရှိ အပေါက်တစ်ခုမှတစ်ဆင့် အနီရောင် စွန်းထင်းနေသော နေရောင်ခြည်များ ဖြာကျနေသည်။

နံရံပေါ်ရှိ သွေးစက်လေး တစ်စက်မှနေ၍ သွေးမိစ္ဆာ တစ်ကောင်က သူတို့၏ ရှေ့တည့်တည့်တွင် ပုံပေါ်လာနေသည်။ ၎င်းသည် အနီရောင် ဖန်ကဲ့သို့ ဖောက်ထွင်းမြင်နေရပြီး အခြားအကောင်များထက် ပို၍ အရပ်ရှည်ကာ ပိန်ပါးဟန် ရှိလေသည်။

ကပ်ဆီးယပ်စ်သည် ငွေရောင် မာဒြာ လှံစွန်းတစ်ခုကို ၎င်း၏ အတွင်းသို့ ထိုးစိုက်လိုက်သော်လည်း သွေးမိစ္ဆာ မှာ ရင်ဘတ်ရှိ အပေါက်ကို ဂရုစိုက်ပုံ မပေါ်ပေ။ ၎င်းသည် ထို အာရီလီယပ် ကို ပွေ့ဖက်ရန် ကြိုးစားရင်း လက်များကို ကားယားဖြဲထားလေသည်။

လင်းတုန်း သည် ရှေ့သို့ တိုးသွားပြီး သန့်စင်သော မာဒြာ များကို လှည့်ပတ်လိုက်၏။

မာဒြာ များကို လှည့်ပတ်လိုက်တိုင်း သူ၏ မာဒြာ သွေးကြောများ က နာကျင်နေဆဲဖြစ်သည်။ ထို့အပြင် သူ၏ နည်းစနစ်ကို ဘယ်ဘက်လက်ဖြင့် အသုံးပြုရန်အတွက် သူသည် မတူညီသော ပုံစံတစ်ခုကို ချက်ချင်း ဖန်တီးရမည် ဖြစ်၏။ ပုံမှန်အားဖြင့် သူက ညာဘက်လက်ကို အသုံးပြုလေ့ရှိသည်။

သို့သော် တစ်စက္ကန့်အကြာတွင်တော့ သူသည် ဗလာ လက်ဝါး တစ်ချက်ကို သွေးမိစ္ဆာ ၏ ခန္ဓာကိုယ် အလယ်ပိုင်းသို့ ထိုးသွင်းလိုက်လေပြီ။

၎င်းသည် ပူဖောင်းတစ်လုံးကဲ့သို့ ပေါက်ကွဲသွားပြီး အရည်အဖြစ်ရှိသော မာဒြာ များဖြင့် သူ့ကို ပက်ဖြန်းသွား၏။ ထို မာဒြာ များက သူ၏ အရေပြားပေါ်တွင် အနည်းငယ် ပူစပ်ပူလောင် ဖြစ်သွားစေသည်။ သို့သော် ချက်ချင်းလိုလိုပင် အငွေ့ပျံသွားခဲ့လေသည်။ မည်သူကမျှ တစ်ခွန်းတစ်ပါဒမျှ ဝင်မပြောခဲ့ကြပေ။ သူတို့အားလုံးသည် အနီရောင် လွှမ်းနေသော စင်္ကြံလမ်းများတစ်လျှောက် ဖြတ်သန်းသွားစဉ် အလွန်အမင်း သတိထားနေကြပြီး အောက်ဘက်ရှိ အဆောက်အအုံ အစုအဝေး၏ ဝင်ပေါက်ဆီသို့ ဦးတည်သွားနေကြ၏။

အဆင့်နိမ့် အရှင်သခင် နှစ်ယောက်၏ တိုက်ပွဲများကြောင့် နံရံများစွာ ပေါက်ကွဲ ပျက်စီးနေခဲ့သည်။ ထို့ကြောင့် ဤ ဘေးမဲ့တော အဆောက်အအုံ၏ ကြံ့ခိုင်မှုကိုပင် လင်းတုန်း တွေးတော ပူပန်မိသွား၏။ သူ ကြည့်နေစဉ်မှာပင် မျက်နှာကျက်ရှိ အပေါက်တစ်ခုမှနေ၍ သူ၏ ခေါင်းထက် ကြီးမားသော ကျောက်တုံးကြီး အချို့ ပြုတ်ကျလာပြီး မြေပြင်ပေါ်သို့ ရိုက်ခတ် ကြေမွသွားလေသည်။

နံရံများကြားမှ တိုးဝှေ့တိုက်ခတ်နေသော လေပြင်းများ၏ အသံမှာ ယခုအခါတွင် နိမိတ်မကောင်းသည့် အသံတစ်ခုကဲ့သို့ မြည်ဟည်းနေလေသည်။

အက်ကွဲ ပျက်စီးနေသော စင်္ကြံလမ်းများတစ်လျှောက် အသည်းယားဖွယ်ရာ မိနစ်အနည်းငယ်ခန့် ဖြတ်သန်းလာခဲ့ကြပြီးနောက် နောက်ဆုံးတွင်တော့ စင်္ကြံလမ်းအဆုံးရှိ တံခါးတစ်ချပ်ရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။ အပျက်အစီးများက တံခါးကို ဖိပိတ်ထား၏။ သို့သော် အနည်းဆုံးတော့ သူတို့ နောက်ထပ် သွေးမိစ္ဆာ တစ်ကောင်နှင့် ထပ်မဆုံခဲ့ရပေ။ လင်းတုန်းသည် ထိုအချက်ကိုပင် အောင်မြင်မှုတစ်ခုအဖြစ် မှတ်ယူထားလေသည်။

ဖစ်ရှာ ဂီရှာ သည် အပျက်အစီးများထံသို့ ခရမ်းရောင် မာဒြာ ကြိုးများကို ပစ်လွှတ်ချည်နှောင်လိုက်ပြီး သူမ၏ စွမ်းအားဖြင့် နောက်သို့ ဆွဲယူလိုက်သည်။ ကပ်ဆီးယပ်စ် ကလည်း သူကိုယ်တိုင်ထက်ပင် ကြီးမားနေသော ကျောက်တုံးကြီးတစ်ခုကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်ခွဲပစ်လိုက်၏။ သို့သော် ထိုသို့လုပ်ပြီးနောက် သူသည် နံရံကို မှီကာ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ရသည်။ သူ၏ ပုံစံမှာ သွေးများဖြင့် ရေချိုးထားသည့်အလား ဖြစ်နေပြီး ဒဏ်ရာများမှာလည်း ထင်ရှားလှပေသည်။ သူတို့အားလုံးထက် သူသည် ဤနေရာမှ ထွက်သွားရန် ပို၍ လိုအပ်နေလေသည်။

ယီရင် သည် ကျောက်တုံးကြီးများကို လက်ဗလာဖြင့် ဆုပ်ကိုင်ကာ အဝေးသို့ ဆွဲဖယ်ပစ်လိုက်၏။ လင်းတုန်း က မဟူရာ မီးတောက် အမြုတေသို့ ပြောင်းလဲလိုက်ပြီး သူမနှင့်အတူ ဝင်ရောက်ကူညီပေးသည်။ မီးတောက် ဝတ်ရုံ နည်းစနစ်မှာ စဉ်ဆက်မပြတ်သော ခွန်အားများထက် ရုတ်တရက် အရှိန်အဟုန်ဖြင့် လှုပ်ရှားမှုများအတွက် ပို၍ သင့်လျော်ပေသည်။ နောက်ဆုံးတွင် သူသည် ကျောက်တုံးများကို ကန်ဖယ်ပစ်လိုက်ပြီး တံခါးကို ပေါက်ကွဲပွင့်ထွက်သွားစေလိုက်လေသည်။

တံခါးနောက်ကွယ်ရှိ လှေကားထစ်ပေါ်မှ အစီအရင် စက်ဝိုင်း၏ တည်ငြိမ်သော အလင်းရောင်ကို မြင်လိုက်ရသောအခါ သူ စိတ်သက်သာရာ ရသွားသည်။ ၎င်းသည် သူ၏ ကျောပိုးအိတ် ရှိနေသော အခန်းဆီသို့ ဦးတည်သွားသော လမ်းဖြစ်၏။ အပြာလေး၊ သူ၏ ပစ္စည်းများနှင့် ဖန်တီးဆဲဖြစ်သော လက်မောင်းသစ်တို့ကို ရယူပြီးသည်နှင့် သူတို့အားလုံး ထွက်ခွာနိုင်ပြီ ဖြစ်သည်။ ဖစ်ရှာ ဂီရှာ တွင်လည်း ထားရစ်ခဲ့၍မရသော ကိုယ်ပိုင် ပစ္စည်းအချို့ ရှိနေသေးသည်။ သူမသည် သူမ၏ ရွှေစင်သံမဏိ ချိတ်ကိုပင် သယ်ဆောင်မလာခဲ့ပေ။

ဘုန်း...

သူတို့ အောက်သို့ စတင်ဆင်းသွားချိန်မှာပင် သူတို့၏ အနောက်ဘက်ရှိ မျက်နှာကျက်ကို ဖောက်ထွင်း၍ လူရိပ်တစ်ခု ပြုတ်ကျလာခဲ့သည်။

“အီသန်...”

***

အပိုင်း(၂၉၆)

အနီရောင် ချိတ်တစ်ခုက အီသန်၏ ပခုံးအတွင်းသို့ စိုက်ဝင်နေ၏။ သွေးနီလ ဂိုဏ်း ၏ သံတမန်က သူ့ကို မျက်နှာကျက်မှတစ်ဆင့် ပစ်ချခဲ့ခြင်း ဖြစ်သည်။ မရဏသည် မြေညီထပ်ရှိ သူတို့၏ အနောက်ဘက်တွင် ရပ်နေခဲ့၏။ သူ ရောက်လာသည်ကို မည်သူကမျှ သတိမထားမိခဲ့ကြပေ။ ယခုအခါ သူသည် လူးလွန့်နေသော အီသန် ၏ ခန္ဓာကိုယ်အထက်တွင် မတ်တတ်ရပ်လျက် နီရဲနေသော လက်နှစ်ဖက်ဖြင့် သံကြိုးကို ဆုပ်ကိုင်ထားလေသည်။

အီသန်သည် သူ၏ မျက်လုံးများကို အတင်းအကျပ် ဖွင့်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများမှာ နာကျင်မှုကြောင့် မှုန်ဝါးနေပြီး လက်နှစ်ဖက်လုံးဖြင့် ပခုံးပေါ်ရှိ ချိတ်ကို ဆုပ်ကိုင်ထား၏။ သူသည် မရဏ ကို မြင်နိုင်ရန် မျက်လုံးများကို နောက်သို့ လှန်ကြည့်လိုက်သည်။ သို့သော် သူ၏ ရှုထောင့်မှကြည့်လျှင် သံတမန်မှာ ပြောင်းပြန် ဖြစ်နေမည်မှာ သေချာလှသည်။

သူသည် သွေးစွန်းနေသော သွားများ ပေါ်လာသည်အထိ ပြုံးပြလိုက်၏။

"မင်း အရှုံးပေးဖို့ နောက်မကျသေးပါဘူး..."

သူက ပြောရင်း သူ၏ ပခုံးထဲမှ ချိတ်ကို ဆွဲထုတ်လိုက်ရာ စိတ်ပျက်ဖွယ်ကောင်းသော တကျွိကျွိ အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုသို့ လုပ်လိုက်စဉ်မှာပင် သူသည် တုန်ယင်သွားလေသည်။

မရဏ၏ လည်ပင်းဘေးဘက်တွင် ပြတ်ရှရာတစ်ခု ရှိနေပြီး ကုတ်အင်္ကျီမှာလည်း နေရာအချို့တွင် ပြဲစုတ်နေ၏။ သို့သော် ထိုအရာများမှလွဲ၍ သူသည် ပထမဆုံး ထွက်ပေါ်လာချိန်ကအတိုင်း မပြောင်းမလဲ ရှိနေပုံရသည်။

လင်းတုန်း သည် တံခါးဘောင်ကို ဆုပ်ကိုင်လိုက်ပြီး မီးတောက် ဝတ်ရုံ ကို ပြန်လည် အသက်သွင်းလိုက်လေသည်။

သူ၏ စိတ်ထဲမှ ကျယ်လောင်သော အသံတစ်ခုက အောက်သို့ ဆင်းပြေးရန်၊ ပစ္စည်းများကို ကောက်ယူ၍ ထွက်ပြေးရန် တိုက်တွန်းနေ၏။ သို့သော် မဟူရာ မီးတောက် က သူ့ကို လှုပ်ရှားရန် တွန်းအားပေးနေသည်။ ထို့ကြောင့်ပင် သူသည် ထိုစွမ်းအင်များကို သူ၏ အတွင်း၌ ဆက်လက် စီးဆင်းစေခဲ့ခြင်း ဖြစ်သည်။

အဆင့်နိမ့် အရှင်သခင် တစ်ယောက်၏ ပေါ့ပေါ့ပါးပါး နောက်ပြန် ရိုက်ချက်တစ်ချက်တည်းနှင့် ကြေမွ မသွားစေဘဲ သူ ကူညီရမည် ဖြစ်သည်။

သူသည် လက်ဝါးကြားတွင် မည်းမှောင်သော မီးလုံးတစ်ခုကို စုစည်းလိုက်ပြီး မရဏ ထံသို့ အာရုံစူးစိုက်လိုက်၏။ သူ ဘာလုပ်နေသည်ကို ဖစ်ရှာ ဂီရှာ မြင်လိုက်သောအခါ ကြောက်လန့်တကြား ခေါင်းယမ်းပြနေသည်။ သို့သော် သူကမူ ပစ်မှတ်ကိုသာ စိုက်ကြည့်နေခဲ့၏။ မဟူရာ မီးတောက် မာဒြာ သည် ကာကွယ်မှုများကို ဖောက်ထွင်းနိုင်ခြင်းကြောင့် နာမည်ကြီးသည်။ သူသည် အစစ်အမှန် ရွှေအဆင့် တစ်ယောက်၏ လက်ကို ပေါက်ကွဲထွက်သွားစေခဲ့ပြီး ကျင်းလုံ ကိုပင် ခြိမ်းခြောက်နိုင်ခဲ့သည်။ သူသည် အဆင့်နိမ့် အရှင်သခင် တစ်ယောက်ကို ခဏတာမျှတော့ အာရုံလွှဲနိုင်လိမ့်မည် ဖြစ်၏။

အီသန်သည် ရုတ်တရက် လူးလဲထလိုက်ပြီး မရဏ ၏ မျက်နှာဆီသို့ ခြေထောက်ဖြင့် ကန်ထည့်လိုက်သည်။ သို့သော် သံတမန်က ရှောင်တိမ်းလိုက်ပြီး အီသန် ၏ နံရိုးများကို နီရဲသော လက်သီးတစ်ချက်ဖြင့် ထိုးနှက်လိုက်၏။

ဘုန်း...

ထိုထိုးနှက်ချက်က အီသန် ကို လေထဲသို့ ငါးပေခန့် လွင့်စဉ်သွားစေခဲ့သည်။ လေထဲတွင် သူသည် ကိုယ်ကို လှည့်ပတ်လျှက် တိုက်ခိုက်သူ နည်းစနစ် တစ်ခုကို အောက်ဘက်ရှိ ရန်သူထံသို့ ပစ်လွှတ်လိုက်လေသည်။

အရောင်အဆင်းမရှိသော လှိုင်းလုံးတစ်ခုက သွေးနီလ ဂိုဏ်း ၏ သံတမန်ကို လွှမ်းခြုံသွား၏။ ၎င်း၏ အငွေ့အသက် အနည်းငယ်မျှ လင်းတုန်း ထံသို့ လာစင်သည်။ အကျိုးဆက် အနေဖြင့် သူ၏ နည်းစနစ်ကို တည်ငြိမ်မှု ပျက်ပြားသွားစေသည်။ ထိန်းချုပ်မှု ယိမ်းယိုင်သွားသည်နှင့် တစ်ပြိုင်နက် မဟူရာ မီးတောက် မီးလုံးမှာ ချက်ချင်းပင် အရွယ်အစား နှစ်ဆခန့် ကြီးထွားလာ၏။ သူ လုပ်နိုင်သမျှမှာ ၎င်း မပေါက်ကွဲမီ တစ်ဖန် ပြန်လည် ဖိသိပ်ထားရန်သာ ဖြစ်လေတော့သည်။

အဆင့်နိမ့် အရှင်သခင် များအကြား တိုက်ပွဲသည် နားကွဲလုမတတ် ဆူညံသော တိုက်ခိုက်မှုများနှင့် တန်ပြန်တိုက်ခိုက်မှုများဖြင့် အချိန်အတော်ကြာ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ သို့သော် အီသန် သည် သိသာထင်ရှားစွာပင် အထိနာနေခဲ့၏။ အကယ်၍ လင်းတုန်း သာ တစ်ခုခု မလုပ်ပေးနိုင်လျှင် သူ သေချာပေါက် သေဆုံးတော့မည် ဖြစ်သည်။

ထိုစဉ် မရဏ သည် ရုတ်တရက် အေးခဲ ရပ်တန့်သွား၏။

ထို့နောက်... ကမ္ဘာကြီးလည်း မှောင်မိုက်သွားလေသည်။

မျက်နှာကျက်ရှိ အပေါက်များမှတစ်ဆင့် စီးဝင်နေသော အနီရဲရဲ အလင်းတန်းများမှာ ပြတ်တောက်သွားပြီး သူတို့ကို အရိပ်ထဲတွင် ဝါးမျိုသွားလေသည်။

လင်းတုန်း သည် လန့်ဖျပ်စွာ မော့ကြည့်လိုက်ရာ ရင့်မှိုင်းသော အစိမ်းရောင် အစုအဝေးကြီးတစ်ခုက ကောင်းကင်ကို ဖုံးအုပ်ထားသည်ကို မြင်လိုက်ရ၏။ ၎င်းသည် အဝေးမှ မုန်တိုင်းတိမ်တိုက်များ သို့မဟုတ် ရေအောက်မှ ကြည့်လိုက်ရသော ရေကန်မျက်နှာပြင် တစ်ခုကဲ့သို့ လူးလွန့်နေလေသည်။

မဟုတ်သေး... ထိုအရာများက တိမ်တိုက်များ ဖြစ်သည်။

ဧရာမ အစိမ်းရောင် တိမ်တိုက် အစုအဝေးကြီး ဖြစ်လေသည်။

မရဏ သည် သူ၏ သံကြိုးကို ပြန်လည် ရုပ်သိမ်းလိုက်ရာ ၎င်းမှာ သူ၏ လက်စွပ်အတွင်းသို့ ပြန်လည် လျှောဝင်သွားပြီး ချိတ်ကလည်း နောက်မှ လိုက်ပါသွား၏။ သူသည် ထွက်ပြေးရန် နောက်သို့ လှည့်လိုက်သော်လည်း ဖောက်ထွင်းမြင်နိုင်သော စွမ်းအားလှိုင်း တစ်ခု ထပ်မံ ထွက်ပေါ်လာသည်။ သူ ယိုင်နဲ့သွားလေသည်။

၎င်းက လင်းတုန်း ထံသို့ လွှမ်းခြုံလာသောအခါ သူ၏ မဟူရာ မီးတောက် နည်းစနစ်မှာ ဖယောင်းတိုင် တစ်တိုင် ငြိမ်းသတ်ခံလိုက်ရသကဲ့သို့ ပျောက်ကွယ်သွား၏။ ဂီရှာ နှင့် ကျောက်တုံးများကို ဆက်သွယ်ထားသော ခရမ်းရောင် အလင်းတန်းများ ပျောက်ကွယ်သွားသည်။ ကပ်ဆီးယပ်စ် နှင့် ယီရင် တို့ နှစ်ဦးစလုံးမှာလည်း သူတို့ကိုယ်သူတို့ မတ်တတ်ရပ်နိုင်ရန် အသုံးပြုထားသော ကာကွယ်သူ နည်းစနစ် များ ပျက်ပြယ်သွားသဖြင့် ဒူးထောက် ကျဆင်းသွားကြလေသည်။

"စကားပြောနေတုန်း တစ်ဝက်တစ်ပျက်နဲ့ ထွက်သွားတာ အရမ်း ရိုင်းစိုင်းတာပဲ..."

အီသန် က ပြောလိုက်သည်။ သို့သော် သူ၏ စကားသံများမှာ ဗလုံးဗထွေး ဖြစ်နေပြီး သူ၏ အပြုံးမှာလည်း သွေးများ စွန်းထင်းနေဆဲပင် ဖြစ်လေသည်။

မရဏ၏ ခေါင်းသည် ခန္ဓာကိုယ်နှင့် သီးခြားဖြစ်နေသကဲ့သို့ လည်ပင်းပေါ်တွင် လှည့်ပတ်သွား၏။ သူ၏ ချိတ်သည် လက်စွပ်အစွန်းများမှနေ၍ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။

ထိုစဉ် အပေါ်ဘက်မှ လူရိပ်တစ်ခု ကျဆင်းလာခဲ့သည်။ ထိုသူသည် သူ၏ မြစိမ်းရောင် အတောင်ပံများကို ခေါက်သိမ်းလျက် အမိုးပေါ်ရှိ အပေါက်တစ်ခုမှတစ်ဆင့် ပြုတ်ကျလာ၏။ ထို့နောက် ကျောက်တုံးများကို ကြေမွသွားစေလောက်သည့် အရှိန်အဟုန်ဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်လာလေသည်။

နာရူကွေ့ သည် ဆီဝင်းပြီး ညစ်ထေးနေသော သူ၏ မီးခိုးရောင် ဆံပင်များကြားမှ မော့ကြည့်လိုက်သည်။ မီးလောင်ဖု အမာရွတ်များက သူ၏ မျက်နှာကို တွန့်လိမ်နေစေ၏။ သူ၏ ဟောင်းနွမ်းပြီး ပွန်းပဲ့နေသော သံချပ်ကာမှာ ပြင်းထန်သော ဆင်းသက်မှုကြောင့် ထပ်မံ၍ ဆိုးရွားမသွားခဲ့ပေ။ သူ၏ အတောင်ပံများမှာ မယုံနိုင်လောက်အောင် သေးငယ်သွားပြီး သံချပ်ကာ၏ ကျောဘက်ရှိ အပေါက်များအတွင်းသို့ ပျောက်ကွယ်သွားလေသည်။ သူသည် ကျိုးပဲ့နေသော ကျောက်တုံးများပေါ်သို့ လက်တစ်ဖက်ဖြင့် ထောက်ကာ ဒူးထောက်နေ၏။

အခြား လက်တစ်ဖက်ကမူ သူ၏ ဧရာမ အမည်းရောင် ဓားကြီးကို ကိုင်ဆောင်ထားလေသည်။

"မဟူရာ မီးတောက် အင်ပါယာ ရဲ့ နာမည်နဲ့ ဧကရာဇ်ရဲ့ အာဏာကို သုံးပြီး မင်းကို ဖမ်းဆီးလိုက်တယ်..."

အဘိုးအိုက ပြောလိုက်သည်။ အိပ်ချင်မနေလျှင်တောင်မှ သူ၏ အသံမှာ ပျင်းရိငြီးငွေ့နေဆဲပင်။

မရဏသည် သူ၏ လက်နက်ကို ပစ်လွှတ်လိုက်၏။ နာရူကွေ့ ထံသို့ ပစ်လွှတ်လိုက်ခြင်း မဟုတ်ပေ။ လင်းတုန်း နှင့် ကျင်းလုံ တို့ တိုက်ခိုက်ခဲ့သော အားကစားကွင်းဆီသို့ ထွက်ရာလမ်းရှိ အဝေးမှ တံခါးတစ်ချပ်ကို ချိတ်ဖြင့် ရိုက်ခွဲပစ်လိုက်ခြင်း ဖြစ်သည်။ သံကြိုးသည် မယုံနိုင်လောက်အောင် ရှည်လျားစွာ ဆန့်ထွက်သွားပြီး လက်နက်၏ အဆုံးပိုင်းက မတ်မတ်ရပ်နေဆဲဖြစ်သော တိုင်တစ်တိုင်ကို ချိတ်တွယ်မိသွားလေသည်။

သူသည် စကားတစ်ခွန်းမျှ မဆိုဘဲ သူ၏ သံကြိုးကို အားပြုကာ ဆွဲလိုက်၏။ ထို့နောက် လေထဲတွင် ပျံသန်းနေသည့်အလား လျင်မြန်သော အရှိန်ဖြင့် စင်္ကြံလမ်းတစ်လျှောက် လျှောတိုက် ဆင်းသွားလေတော့သည်။

နာရူကွေ့ သည် ကျောက်တုံးပေါ်မှ သူ၏ လွတ်နေသော လက်ကို မြှောက်လိုက်သည်။ တစ်စုံတစ်ခုကို ဖမ်းဆုပ်လိုက်သည့်အလား လက်ဟန်ခြေဟန်တစ်ခုကို ပြုလုပ်လိုက်၏။

မရဏသည် လေထဲတွင် ဖမ်းဆီးခံလိုက်ရသော ငှက်တစ်ကောင်ကဲ့သို့ အေးခဲ ရပ်တန့်သွားလေသည်။

"မင်းကို ဖမ်းဆီးလိုက်ပြီလို့ ငါ ပြောခဲ့တယ် ထင်တာပဲ..."

စကိုင်းဆွန်း က မတ်တတ်ရပ်ရင်း ပြောလိုက်သည်။

သွေးနီလ ဂိုဏ်း ၏ သံတမန်သည် သူတို့ထံသို့ နောက်ပြန်ကြည့်ရန် သူ၏ လည်ပင်းကို အားယူကာ လှည့်လိုက်၏။ မဟုတ်သေး... သူတို့ကို ကြည့်လိုက်ခြင်း မဟုတ်ချေ။

သူသည် ယီရင် ကို တည့်တည့် စိုက်ကြည့်လိုက်ခြင်း ဖြစ်သည်။

ယီရင် သည် ထိုအရာကို သတိပြုမိသွားသောအခါ သူမ၏ ခေါင်းမှာ နောက်သို့ အနည်းင် ဆုတ်သွားပြီး အသက်တစ်ရှိုက် ရှူသွင်းလိုက်၏။ ထိုသူက သတိမထားမိလောက်အောင် သေးငယ်သော လှုပ်ရှားမှုလေးဖြင့် သူမကို ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူသည် ခန္ဓာကိုယ်ကို လိမ်ယှက်လျက် နာရူကွေ့ ၏ အုပ်ချုပ်သူ နည်းစနစ် ကို ရုန်းကန် တိုက်ခိုက်လိုက်သည်။ ထို့အတူ သူ၏ လက်များကို ထူးဆန်းသော ပုံစံတစ်ခုဖြင့် ရွေ့လျားလိုက်၏။

အနီရောင် အလင်းတန်းများ လိမ်ယှက်သွားပြီး လင်းတုန်း ၏ ခြေလက်များအတွင်းသို့ နာကျင်မှုများ ထိုးစိုက်ဝင်ရောက်လာသည်။ သူသည် မြေပြင်ပေါ်သို့ လဲကျသွား၏။ အဘယ်ကြောင့်ဆိုသော် သူ၏ ခြေသလုံးများရှိ ပြင်းထန်သော နာကျင်မှုများအတွက် သူ၏ ခန္ဓာကိုယ် အလေးချိန်မှာ မခံမရပ်နိုင်အောင် ဖြစ်နေသောကြောင့်ပင်။ နာရူကွေ့ ပင်လျှင် ညည်းတွားလိုက်ပြီး နောက်သို့ တွန့်ဆုတ်သွားလေသည်။

သွေး အုပ်ချုပ်သူ နည်းစနစ် တစ်ခု ဖြစ်ကြောင်း လင်းတုန်း သေချာပေါက် သိလိုက်၏။ သူသည် သူတို့၏ ခန္ဓာကိုယ်များကို တိုက်ရိုက် ထိခိုက်စေရန် သွေး အော်ရာ ၏ စွမ်းအားကို အသုံးပြုနေခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် ၎င်းမှာ ပြိုင်ဘက်ကို ထိခိုက်စေရန် အားနည်းလွန်းနေနိုင်သော်လည်း သွေး၏ စွမ်းအားမှာ အလင်းကိုပင် တွန့်လိမ်သွားစေလောက်အောင် အားကောင်းနေသည်။ နာရူကွေ့ အသုံးပြုနိုင်သည်ထက် ပိုမိုများပြားသော အော်ရာ များ သူ၏ထံတွင် ရှိနေလေသည်။

စကိုင်းဆွန်း ၏ နည်းစနစ်မှာ ကျိုးပျက်သွားခဲ့ပြီး မရဏ သည် နောက်တစ်ကြိမ် လျှောတိုက် ထွက်ပြေးသွားပြန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ချောက်ကမ်းပါး၏ အခြားတစ်ဖက်သို့ ပျောက်ကွယ်သွားလေတော့သည်။

နာရူကွေ့ သည် အီသန် ထံသို့ စူးရဲစွာ စိုက်ကြည့်လိုက်၏။ အီသန် မှာ ပခုံးတွင် သွေးထွက်နေသော အပေါက်တစ်ခုဖြင့် နံရံကို မှီလျက် ထိုင်နိုင်ရန် ရုန်းကန်နေရသည်။

"သူ့မှာ အပေါင်းအပါတွေ ရှိတယ်..."

အီသန်က ပြောလိုက်သည်။ သူ၏ အပြုံးမှာ တွန့်လိမ်နေ၏။

"သူက သူတို့ဆီကို တန်းတန်းမတ်မတ် သွားနေတာပဲ... သူတို့ ငါတို့ဆီ လာနေသလား ဆိုတာကိုတော့ ငါ သေချာ မပြောနိုင်ဘူး ဒါပေမဲ့ ငါကတော့ မသိချင်ဘူး..."

စကိုင်းဆွန်း တပ်မှူးက ခေါင်းညိတ်လိုက်၏။ သူသည် အီသန် ၏ အောက်ဘက်ရှိ သွေးအိုင်ထဲမှ ထွက်ပေါ်လာသော သွေးမိစ္ဆာ တစ်ကောင်ကို ပေါ့ပေါ့ပါးပါး ခုတ်ပိုင်းလျက် ဖျက်ဆီးပစ်လိုက်သည်။

"ဆယ့်ငါးမိနစ်ပဲ အချိန်ရမယ်..."

သူက ပြောလိုက်သည်။

"မင်းတို့ရဲ့ ဒဏ်ရာတွေကို ကုသပြီး ပစ္စည်းတွေကို စုသိမ်းထားကြ... ပြီးတာနဲ့ ငါတို့ ထွက်သွားမယ်..."

အီသန်သည် သူတို့၏ ခေါင်းပေါ်ရှိ ဧရာမ အစိမ်းရောင် တိမ်တိုက်ကြီးများကို မော့ကြည့်လိုက်၏။

"မင်းက မင်းရဲ့ ခံတပ်ကြီး တစ်ခုလုံးကို သယ်လာခဲ့တာလား..."

"ဒီလောက်အထိ လိုအပ်လိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးခဲ့ဘူး..."

သူက လေးလံသော အသံဖြင့် ပြောလိုက်သည်။

"ဘယ်သူမှ ဒီလိုနေ့မျိုးအတွက် ကြိုတင်ပြင်ဆင်ထားဖို့ မလိုအပ်ဘူးလေ..."

အီသန် သည် မတ်တတ်ရပ်နိုင်ရန် စတင် ရုန်းကန်လိုက်သော်လည်း နာရူကွေ့ က သူ့ကို လက်တစ်ဖက်တည်းဖြင့် ပွေ့ချီလိုက်၏။

"ကျန်တဲ့လူတွေက ငါတို့နဲ့ လိုက်ခဲ့ချင်ရင် လိုက်ခဲ့လို့ ရတယ်... အဲဒီလိုမှ မဟုတ်ရင်တော့ သွေးစွန်း ဖီးနစ် ရဲ့ ကရုဏာအောက်မှာပဲ ကံကြမ္မာကို စမ်းသပ်ကြရမှာပဲ... ဒါပေမဲ့ မင်းကတော့ အာရီလီယပ် ငါနဲ့ လိုက်ခဲ့ရမယ်... ဧကရာဇ်က ငါတို့ နှစ်ယောက်လုံးကို လိုအပ်နေတယ်...”

***

All Chapters