အခန်း (၂၉၇-၂၉၈)
Vol. 22 Ch. 297-298
အပိုင်း(၂၉၇)
ကျင်းလုံသည် သူ၏ လှံကို လှည့်ပတ်လိုက်ပြီး အဖြူရောင် လှံသွားကို သွေးသတ္တဝါ တစ်ကောင်၏ ကိုယ်ထည်တွင်းသို့ ထိုးစိုက်လိုက်၏။ ထိုအကောင်မှာ အရည်များအဖြစ် ပြိုဆင်းသွားလေသည်။ သူသည် ရန်သူတစ်ကောင်ကို နှိမ်နင်းပြီးတိုင်း နှမဖြစ်သူထံသို့ နောက်ပြန်လှည့်ကြည့်လေသည်။
သူ၏ ပင်ကိုယ်အသိစိတ်က သူမကို ပွေ့ချီသွားရန် တိုက်တွန်းနေသော်လည်း ထိုအတွေးကို သူ ပြန်လည် ထိန်းချုပ်လိုက်သည်။ ယခုအခါ သူမသည် ကိုယ်တိုင် သွားလာလှုပ်ရှားနိုင်ပြီ ဖြစ်၏။
သို့သော် သိပ်ပြီးတော့ မသွက်လက်လှပေ။
ကျင်းတိုင်ရှို့ ထံမှ စီးဝင်လာသော မတည်ငြိမ်သည့် မာဒြာ များက သူမ၏ အမြုတေ ကို သူ နားမလည်သော စွမ်းအားများဖြင့် ဖောင်းပွနေစေသည်။ အကယ်၍ အာရီလီယပ် အဆင့်နိမ့် အရှင်သခင် က သူမ အဆင်ပြေသွားမည်ဟု အာမခံမထားခဲ့လျှင် ကျင်းလုံသည် သူကိုယ်တိုင် ရှေးဦးသူနာပြုစုနည်းဖြင့် ကုသပေးရန် ကြိုးစားခဲ့မည် ဖြစ်၏။ သို့သော် သူသည် ဝိညာဉ် ကို ကုသခြင်းနှင့် ပတ်သက်၍ အလွန်နည်းပါးစွာ သိရှိထားသဖြင့် သူမကို နောက်တစ်ကြိမ် ဒုက္ခိတ ဖြစ်သွားစေနိုင်ပေသည်။
သူမသည် သူ့ နောက်မှ လိုက်ပါလာ၏။ ရုပ်ပိုင်းဆိုင်ရာ အမြင်အရ သူမသည် အရင်ကထက် ပို၍ ကျန်းမာနေပုံရသည်။ သူမ၏ ပြူးကျယ်သော မျက်လုံးများက စူးစိုက်နေပြီး အနီရောင် အရည်အဖြစ်ရှိသော မာဒြာ များ စွန်းထင်းနေသည့် လာဗင်ဒါရောင် ကျင့်ကြံသူ ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူမသည် နည်းစနစ် တစ်ခုကို အသုံးပြုရန် ကြိုးစားနေသည့်အလား လက်များကို ဆန့်ထုတ်ထားလေသည်။
ထိုနေရာတွင် ပြဿနာက စတင်လာခြင်း ဖြစ်သည်။
သူမ၏ အသက်ရှူသံများက ကြမ်းတမ်းလေးလံနေပြီး လက်နှစ်ဖက်ကြားရှိ နေရာကို အလွန်အမင်း အာရုံစူးစိုက်ထားသည်။ သို့သော် သူမ၏ မာဒြာ များကို သူမ မထိန်းချုပ်နိုင်ခဲ့ချေ။
အနီးရှိ မိစ္ဆာတစ်ကောင်သည် အနီရောင် မှိုမှုန်တိမ်တိုက် တစ်ခုအဖြစ် ပေါက်ကွဲထွက်သွားရာ ကျင်းလုံ မှာ အငိုက်မိသွားလုနီးပါး ဖြစ်သွား၏။ သူသည် အဖြူရောင် မာဒြာ မြွေများကို ဆွဲငင်လျက် သူ၏ လှံကို စက်ဝိုင်းပုံစံ လှည့်ပတ်လိုက်သည်။
မှိုမှုန်များသည် မြွေများနှင့် ထိတွေ့သွားသောအခါ ပူပြင်းသော သံဇကာပေါ်သို့ ရေပေါက်များ ကျဆင်းသွားသကဲ့သို့ ရှဲခနဲ မြည်သွားသည်။ ထို့နောက် မြွေများသည် သွေး မာဒြာ များကို ပိုမို ဝါးမျိုရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင် အသိစိတ်ဖြင့် ရွေ့လျားသွားကြလေသည်။
သူတို့၏ အထက်တွင် အဆင့်နိမ့် အရှင်သခင် များ တိုက်ခိုက်နေကြသည်ကို အာရုံခံမိပြီး ထွက်ပြေးရန် ဆုံးဖြတ်ခဲ့ပြီးကတည်းက ဤကဲ့သို့သောအကောင် ဆယ့်လေးကောင်ခန့်နှင့် ဆုံတွေ့ခဲ့ရပြီး ဖြစ်သည်။ ဝိညာဉ်အကြွင်းအကျန် တွေများလား။ အကယ်၍ ဟုတ်ခဲ့လျှင် ဤမျှ များပြားလွန်းသော အကောင်များသည် မည်သည့်နေရာမှ ရောက်လာခဲ့ပါသနည်း။
တောင်ကြီး၏ အတွင်းဘက် အခန်းများမှနေ၍ မြေညီထပ်သို့ ဆင်းသွားသော လိုဏ်ခေါင်းများစွာ ရှိနေသည်။ အီသန်သည် မည်သူနှင့်ဖြစ်စေ တိုက်ခိုက်နေစဉ်အတွင်း အာရီလီယပ် မိသားစု ထံမှ လွတ်မြောက်ရန် သူတို့ မျှော်လင့်ထားခဲ့ကြ၏။
အီသန် အာရီလီယပ်သည် သူတို့ကို ဘေးကင်းလုံခြုံစေရန် ကတိပေးခဲ့ကောင်း ပေးခဲ့မည်ဖြစ်သော်လည်း သူတို့သည် ကျင်းကလန် ၏ ရန်သူများနှင့် ပြိုင်ဘက်များ ဖြစ်နေဆဲပင်။ မိမိတို့ဘာသာ နေထိုင်ခြင်းက အကောင်းဆုံး ဖြစ်လေသည်။
သို့သော် ကျင်းချန်သည် သူမ၏ မာဒြာ များကို ထိန်းချုပ်ရန် ကြိုးစားရင်း အစ်ကိုဖြစ်သူ၏ နောက်မှ ယိုင်နဲ့နဲ့ လိုက်ပါလာခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီ ဖြစ်၏။
"အတင်း မလုပ်နဲ့..."
သူက သူမကို သတိပေးလိုက်သည်။ သူမ၏ မာဒြာ သွေးကြောများ ကို ဖိအားပေးမိနိုင်ပြီး အစက သူမ ရုန်းကန်ခဲ့ရသည်ထက် ပို၍ ကြီးမားသော ဝိညာဉ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ဖြစ်ပေါ်စေနိုင်၏။
"ငါတို့ ဒီကနေ လွတ်အောင် ငါ ခေါ်သွားနိုင်ပါတယ်..."
သို့သော် သူသည် ထိုအချက်အပေါ် အချိန်နှင့် အမျှ ပို၍ မသေချာဖြစ်လာခဲ့သည်။ လောကကြီးကို လွှမ်းခြုံထားသော အနီရောင် အလင်းတန်းက သူ့ကို တုန်ယင်သွားစေသည်။ ဤသည်မှာ သာမန် အဆင့်နိမ့် အရှင်သခင် တစ်ယောက်၏ လက်ရာ မဟုတ်ပေ။ အခြားနယ်မြေမှ အလယ်အလတ် အရှင်သခင် တစ်ယောက်၊ သို့မဟုတ် သူတော်စင် တစ်ပါး၊ သို့မဟုတ် ရှေးဟောင်း လက်နက် တစ်ခုခု၏ လက်ရာ ဖြစ်နိုင်ပေသည်။ မည်သို့ပင် ဆိုစေ... သူ ထွက်ပြေးလွတ်မြောက်ရမည် ဖြစ်၏။
သူတို့ ထောင့်တစ်ကွေ့ကို အချိုးတွင် မျက်နှာ အသွင်အပြင် မရှိသော နောက်ထပ် သတ္တဝါ ခြောက်ကောင်က သက်ရှိ လူသားများ ဖြစ်သည့် သူတို့ကို စူးစိုက်ကြည့်ရန် ခေါင်းများကို မော့လာကြသည်။
ကျင်းလုံသည် သူ၏ လှံကို လှည့်ပတ်ရင်း သူ၏ ကျင့်ကြံခြင်း နည်းစနစ်အပေါ် အာရုံစိုက်ကာ အသက်ရှူနှုန်းကို တည်ငြိမ်စေလိုက်၏။ သူ၏ အမြုတေ မှာ မှေးမှိန်လာပြီး ခမ်းခြောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ သို့သော် ခွန်အားများကို ချွေတာ၍ မရနိုင်ကြောင်းကို အစောပိုင်းကတည်းက သူ မြင်တွေ့ခဲ့ရပြီး ဖြစ်၏။ ဤမိစ္ဆာများသည် မိမိကိုယ်ကို အဆုံးစီရင်သည့် တိုက်ခိုက်မှုများကို နှစ်သက်ကြပြီး ၎င်းတို့ကို ဖန်တီးရာတွင် အသုံးပြုခဲ့သည့် မည်သည့် စွမ်းအားစုအဖြစ်မဆို ပေါက်ကွဲထွက်သွားတတ်ကြသည်။ တစ်ကောင်ချင်းစီကို ဖျက်ဆီးရန် လွယ်ကူသော်လည်း အကယ်၍ တစ်ကောင်ကိုမျှ သူ လွဲချော်သွားခဲ့ပါက စက္ကန့်ပိုင်းအတွင်း နောက်ထပ်များစွာက သူ့ကို ဝိုင်းအုံလာနိုင်ပေသည်။
ထို့အပြင်.. သူတို့ သိရှိခဲ့ရသည့်အတိုင်း ဖိတ်စင်သွားသော သွေးတစ်စက်မှပင် အကောင်များစွာ ထပ်မံ ပေါက်ဖွားလာနိုင်သေးသည်။ သူသည် ဒီရေလှိုင်းတစ်ခုကို ဆန့်ကျင်တိုက်ခိုက်နေရပြီး ခွန်အားများ ကုန်ခန်းလာနေလေပြီ။
သို့သော်... သူရှိသမျှကိုတော့ အသုံးပြုရမည် ဖြစ်သည်။
ကျင်းလုံသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး နည်းစနစ် တစ်ခုအတွက် သူ၏ မာဒြာ များကို စုစည်းလိုက်၏။
ထိုစဉ် တောက်ပသော ဒီရေလှိုင်းတစ်ခု၏ ရှေ့မှောက်တွင် အနီရောင် အလင်းတန်းမှာ နောက်ဆုတ်သွားလေသည်။ သူသည် သူ၏ အနောက်ဘက်သို့ ရောက်လာသော သတ္တဝါကို ရှာဖွေရန် သူ၏ လှံကို လှည့်လိုက်၏။ သို့သော် သူ၏ နှမဖြစ်သူက နဂါးတစ်ကောင်၏ အမြီးကို ကိုင်ထားသည်ကိုသာ မြင်တွေ့လိုက်ရသည်။
မြွေပုံသဏ္ဌာန် နဂါးတစ်ကောင်က ဟိန်းဟောက်လိုက်ပြီး သူမ၏ လက်နှစ်ဖက်ကြားရှိ နေရာမှနေ၍ ထွက်ပေါ်လာသည်။ ၎င်းသည် သူ၏ မြွေများထဲမှ တစ်ကောင်နှင့် တူသော်လည်း အသေးစိတ် အချက်အလက်များမှာ များစွာ ပိုမို ပြည့်စုံနေ၏။ ၎င်း၏ မျက်နှာပေါ်ရှိ နှုတ်ခမ်းမွေး တစ်စုံနှင့် ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများကိုပင် သူ မြင်တွေ့နိုင်လေသည်။ ၎င်းသည် အရုဏ်ဦး၏ အလင်းရောင်ကဲ့သို့ ပန်းရောင်သန်းနေပြီး ခမ်းနားထည်ဝါသော အော်ဟစ်သံနှင့်အတူ သွေးသတ္တဝါများထံသို့ ဒေါသတကြီး ပြေးဝင်သွားလေသည်။
၎င်း၏ ပြေးဝင်တိုက်ခိုက်မှု အရှိန်အဟုန် သက်သက်ဖြင့်ပင် ထိုအကောင်များမှာ ကြမ်းပြင်တစ်လျှောက် ဖွာကျဲသွားကြသည်။
ကျင်းလုံ သည် အံ့သြမင်တက်စွာဖြင့် ဝိညာဉ်အာရုံ ကို ဖြန့်ကျက်လိုက်၏။ ဤသတ္တဝါ၏ အနှစ်သာရမှာ သူ အရင်က တစ်ခါမှ မမြင်ဖူးခဲ့သောအရာ တစ်ခုကဲ့သို့ ခံစားရစေသည်။ ၎င်းသည် လွန်ခဲ့သော အချိန်များစွာက ဝိညာဉ်အကြွင်းအကျန် ကြောင့် ပုံပျက်သွားခဲ့သော သူ၏ ကိုယ်ပိုင် မာဒြာ နှင့် ဆင်တူနေ၏။ ၎င်းက ဝိညာဉ်အကြွင်းအကျန် မဟုတ်သော သတ္တဝါတစ်ကောင်တွင် အသက်ဓာတ် ရှိနေခြင်းကို ရှင်းပြနေလေသည်။ သို့သော် တစ်ချိန်တည်းမှာပင် ၎င်းသည်... သူ ဖော်ပြ၍ မရနိုင်သော နည်းလမ်းတစ်ခုဖြင့် သန့်စင်နေသည်။ သူ၏ ယခင် စွမ်းအားများကို ကျိုချက်ကာ သန့်စင်ပြီး ပြီးပြည့်စုံအောင် လုပ်ဆောင်ကာ အားဖြည့်ထားသကဲ့သို့ပင်။ ထို့အပြင် သူ့ကို မုန်တိုင်းတစ်ခုအား သတိရသွားစေသော သတ္တိများလည်း ပါဝင်နေလေသည်။
၎င်းသည် ရှုပ်ထွေးပြီး လွှမ်းမိုးနိုင်သော ခံစားချက် အစုအဝေးကြီး တစ်ခု ဟုပင် ဆိုနိုင်ပေသည်။ ထိုအရာများကို သူ နားမလည်နိုင်မီမှာပင် နဂါးမှာ ကြီးမားသော အမတေ အလင်းရောင် တစ်ချက်နှင့်အတူ ပေါက်ကွဲသွားကာ ချက်ချင်းလိုလိုပင် ပျော်ဝင်သွားလေတော့သည်။
"ငါ လုပ်နိုင်ခဲ့ပြီ..."
ကျင်းချန်က ရွှင်မြူးစွာဖြင့် ပြုံးလျက် ပြောလိုက်သည်။
ထို့နောက် သူမ လဲကျသွားလေသည်။
ကျင်းလုံသည် သူမထံသို့ အပြေးအလွှား သွားလိုက်ပြီး သူမ၏ ဝိညာဉ် ကို စစ်ဆေးကြည့်လိုက်၏။ သူမ၏ မာဒြာ သွေးကြောများ မှာ ဖိအားဒဏ်ခံထားရပြီး မှေးမှိန်နေကာ သူမ၏ အမြုတေ မှာလည်း ခမ်းခြောက်လုနီးပါး ဖြစ်နေသည်။ သို့သော် နောက်ထပ် ထိခိုက်ပျက်စီးမှုတော့ မရှိချေ။ သူသည် စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက် ချလိုက်ပြီး သူမကို ပခုံးပေါ်သို့ ထမ်းတင်လိုက်သည်။
သူ ထွက်ပြေးလွတ်မြောက်ရန်အတွက် ခရီးရှည်ကြီး ကျန်နေသေးသည်။
ရုတ်တရက်... သူ၏ အနောက်တွင် လူတစ်ယောက် ရှိနေသည်ကို အာရုံခံမိသောအခါ သူသည် လှည့်လိုက်ပြီး လက်တစ်ဖက်ဖြင့် လှံကို အသင့်ပြင်လိုက်၏။
ဝေ့ရှီလင်းတုန်း ဖြစ်လေသည်။
သူတို့ တိုက်ပွဲ၏ အချိန်အများစုတွင် သူ အသုံးပြုခဲ့သော အနက်နှင့်အနီစပ် မျက်လုံးများ သူ့တွင် ရှိမနေတော့ပေ။ သို့သော် သူ၏ အကြည့်များက ဒေါသများဖြင့် တောက်လောင်နေဆဲပင်။ ၎င်းမှာ ကျင်းလုံ ၏ စိတ်ကူးယဉ်မှုလည်း ဖြစ်နိုင်၏။ လင်းတုန်း ကို သူ ကောင်းကောင်း မသိသော်လည်း ထိုလူငယ်လေးမှာ ဒေါသထွက်လွယ်သည့် လူစားမျိုး ဖြစ်ရန်အတွက် များလွန်းစွာ တောင်းပန်လွန်းသည်။ သူ၏ ကြမ်းတမ်းသော မျက်နှာ၊ အရပ်ရှည်ရှည်နှင့် ကျယ်ပြန့်သော ပခုံးများကြောင့် သူသည် တိုက်ပွဲတစ်ခုကို ဖန်တီးရန် အလိုရှိနေသူ တစ်ယောက်နှင့်သာ တူနေလေသည်။
ယခုအခါ သူသည် သူ၏ ကြီးမားသော ပတ္တူ ကျောပိုးအိတ်ကို ပခုံးပေါ်တွင် လွယ်ထားပြီး လက်တစ်ဖက်တွင် အခြား ပိုမို သေးငယ်သော အိတ်တစ်လုံးကို ကိုင်ထားသည်။
သူ့တွင် ကျန်ရှိနေသော တစ်ခုတည်းသော လက်ဖြင့်ပင်။
"ခွင့်လွှတ်ပါ... ဒါပေမဲ့ ကျုပ်တို့မှာ အချိန်သိပ်မရှိဘူး..."
သူက သေးငယ်သော အိတ်လေးကို ကမ်းပေးရင်း ပြောလိုက်သည်။
"စကိုင်းဆွန်း တွေ ရောက်နေပြီ... သူတို့က ကျုပ်တို့ကို ဒီကနေ ခေါ်ထုတ်သွားပေးမယ်လို့ ကမ်းလှမ်းထားတယ် ပြီးတော့ ဆက်နေဖို့ကလည်း မလုံခြုံတော့ဘူး... ခင်ဗျားလည်း သတိထားမိလောက်ပြီလို့ ကျုပ် ထင်ပါတယ်..."
ကျင်းလုံက ထိုကမ်းလှမ်းမှုကို လျစ်လျူရှုလိုက်၏။
"ငါတို့ဘာသာငါတို့ သွားမယ်..."
လင်းတုန်းက အိတ်ကို ပြန်မရုပ်သိမ်းခဲ့ပေ။
"ကျုပ်လည်း အဲဒီလိုပဲ ယူဆခဲ့ပါတယ်... ဒါပေမဲ့ မြေညီထပ်မှာ သွေးမိစ္ဆာ တွေ ရာနဲ့ချီ ရှိနေတယ်... နောက်ထပ် လမ်းတစ်လမ်း ရှိသေးတယ်..."
ကျင်းလုံသည် သူ၏ လှံသွားဖြင့် ဖြည်းညင်းစွာ လှမ်း၍ အိတ်၏ ကြိုးကို ချိတ်ယူလိုက်၏။ သူသည် လှည့်ကွက်တစ်ခုခု ရှိနေမည်ကို သတိထားနေဆဲပင်။
"ဘယ်မှာလဲ..."
ယခု သူ၏ လက် လွတ်သွားပြီဖြစ်သဖြင့် လင်းတုန်း သည် အထက်သို့ ဖြည်းညင်းစွာ ပြန်လည် မြင့်တက်သွားသော ကျောက်သား စင်္ကြံလမ်းတစ်ခုဆီသို့ လက်ညှိုးထိုးပြလိုက်၏။
"အဲဒီ လိုဏ်ခေါင်းက တခြား တောင်တစ်လုံးဆီကို သွားတဲ့ တံတားတစ်စင်းနဲ့ ချိတ်ဆက်ထားတယ်... အဲဒီတောင်က သွေးမိစ္ဆာ တွေ ဝိုင်းရံမခံထားရဘူး..."
"ငါတို့ အကြောင်း စကိုင်းဆွန်း တွေကို မင်း ပြောပြပြီးပြီလား..."
ကျင်းလုံ က ထောင်ချောက်တစ်ခုခုကို ရှာဖွေရန် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း မေးလိုက်သည်။ ဝေ့ရှီလင်းတုန်းသည် လှည့်ကွက်များနှင့် ပြည့်နှက်နေပြီး ယုံကြည်၍ မရပေ။ စကိုင်းဆွန်း တို့သည် ကျင်းတိုင်ရှို့ နှင့် ပတ်သက်သူတိုင်းကို လိုက်လံ ရှာဖွေ ဖမ်းဆီးနေမည်ဖြစ်ရာ ဤအရာအားလုံးက ကျင်းလုံ နှင့် ကျင်းချန် တို့ကို ဖမ်းဆီးရန် လမ်းပြပေးမည့် အကြံအစည် တစ်ခုလည်း ဖြစ်နိုင်လေသည်။
"သူတို့ ခင်ဗျားတို့ကို ရှာမနေပါဘူး..."
လင်းတုန်း က ပြောလိုက်သည်။
"သူတို့မှာ ပိုကြီးမားတဲ့ ပြဿနာတွေ ရှိနေတယ်... ဒါပေမဲ့ မပြောခဲ့ပါဘူး... သေချာတာပေါ့ သူတို့ကို ကျုပ် မပြောပြခဲ့ပါဘူး...”
တစ်ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူက ထပ်ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ကျုပ်ရဲ့ ကျေးဇူးတင်စကားကို လက်ခံပေးပါ... ခင်ဗျားရဲ့ သနားညှာတာမှု အတွက်ပါ..."
သူက သူ၏ ညာဘက်ပခုံးကို တွန့်ပြလိုက်၏။
ကျင်းလုံသည် သူ့ကို စိုက်ကြည့်လိုက်သည်။ ပုံမှန် မှုန်ကုပ်ကုပ် အသွင်အပြင် ရှိနေသော်လည်း ထိုကောင်လေးက ရိုးသားပုံ ရလေသည်။
"ခင်ဗျား ကျုပ်ကို သတ်ပစ်လို့ ရသားနဲ့ အခုလို ထိန်းချုပ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်..."
သူက သူ၏ ကျန်ရှိနေသော ညာဘက်လက်မောင်းကို ပွတ်သပ်လိုက်၏။
"ခွင့်လွှတ်ပါ... ဒါပေမဲ့ ခင်ဗျားတို့ ဒီကနေ အဝေးကြီးကို ရောက်သွားဖို့ ကျုပ် မျှော်လင့်ပါတယ်..."
ကျင်းလုံကလည်း ထိုဆန္ဒကို တုံ့ပြန်လိုက်၏။ သူသည် နှမဖြစ်သူ မရှိသော အခြား ပခုံးတစ်ဖက်ပေါ်သို့ ကျောပိုးအိတ်ကို လွယ်တင်လိုက်ပြီး လျှောက်သွားရန် ဟန်ပြင်လိုက်သည်။
ကျင်းချန် က သူ၏ ကျောပြင်မှနေ၍ စကားပြောလာ၏။
"ကျွန်မတို့က အင်ပါယာ နယ်မြေရဲ့ အစွန်အဖျားဆုံး နေရာကို သွားကြမှာပါ..."
သူမ သတိပြန်လည်လာကြောင်းကို ကျင်းလုံ သတိမထားမိခဲ့ပေ။
"အဲဒီက လူတွေက အင်ပါယာ ကြီး အကြောင်းကိုတောင် မေ့နေကြလောက်ပြီ..."
လည်ပင်း နာကျင်စရာမလိုဘဲ လင်းတုန်း ကို မြင်နိုင်စေရန် ကျင်းလုံ က သူမကို အနေရခက်စွာဖြင့် လှည့်ပေးလိုက်သည်။ ထိုလူငယ်လေးက သူမကို ပြုံးပြလိုက်၏။
"အဲဒါက အကောင်းဆုံး ဖြစ်မယ်ထင်ပါတယ်..."
သူမသည် ကျင်းလုံ၏ ပခုံးပေါ်တွင် ကိုယ်ဟန်ကို ပြင်လိုက်ရာ သူမက သူ့ကို ယဉ်ကျေးစွာ အရိုအသေပေးရန် ကြိုးစားနေကြောင်း သူ သိလိုက်ရသည်။
"ကောင်းကင်ဘုံက ကျွန်မတို့ကို နောက်တစ်ကြိမ် ပြန်ဆုံခွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်..."
"ခွင့်ပေးချင်ပေးမှာပါ..."
လင်းတုန်းက လက်ကို မြှောက်လျက် ပြောလိုက်၏။
"လောလောဆယ်တော့ ဘေးကင်းလုံခြုံစွာ ခရီးဆက်ပါ..."
သေးငယ်သော အပြာရောင် ဝိညာဉ်အကြွင်းအကျန် လေးတစ်ခုက သူ၏ ပခုံးပေါ်သို့ တွယ်တက်လာသည်။ ၎င်းမှာ လက်မအနည်းငယ်ခန့်သာ မြင့်သော နီလာရောင် အမျိုးသမီးလေး တစ်ဦးနှင့် တူနေ၏။ သူမကလည်း သူ့ကို အတုခိုးလျက် လက်တစ်ဖက်ကို မြှောက်ကာ ကျင်းချန် အား လက်ပြနှုတ်ဆက်လိုက်သည်။
နောက်ထပ် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ ကျင်းလုံသည် ထွက်ခွာသွားလေတော့သည်။
***
အပိုင်း(၂၉၈)
အိတ်ထဲတွင် ထောင်ချောက် တစ်စုံတစ်ရာ ရှိနေကြောင်းကို ကျင်းလုံ အာရုံမခံမိပေ။ ထိုအထဲတွင် စွမ်းအားတစ်ခုခုကို ထုတ်လွှတ်နေသော အရာဟူ၍ ဘာမျှ မရှိချေ။ သူ မျှော်လင့်ထားခဲ့သကဲ့သို့ ချိတ်ပိတ်ထားသော ဝိညာဉ်အကြွင်းအကျန် များ သို့မဟုတ် အလွယ်တကူ အလုပ်လုပ်သွားနိုင်သော မှော်ပစ္စည်း များလည်း မပါဝင်ပေ။ သို့တိုင်အောင် အခွင့်အရေးရလျှင်တော့ သာမန် ထောင်ချောက်များ ရှိမရှိ သူ စစ်ဆေးရဦးမည် ဖြစ်သည်။
ဝေ့ရှီလင်းတုန်းသည် သူတို့ကို စေတနာသက်သက်ဖြင့် တကယ် ကူညီခဲ့သည် ဆိုလျှင်တောင် သူတို့၏ ရှေ့တွင် ခရီးရှည်ကြီး တစ်ခု ကျန်ရှိနေသေးသည်။ သူတို့ သွားရောက်ချင်သည့် ကျိန်စာသင့်နေသော တောင်ကြားမှာ ဒဏ္ဍာရီတစ်ခုထက် အနည်းငယ်မျှသာ ပိုပေသည်။ သို့သော် အနောက်ဘက် တစ်နေရာရာတွင် တကယ်တည်ရှိနေကြောင်း သက်သေအထောက်အထားများက ညွှန်ပြနေ၏။ အဆိုးဆုံး အခြေအနေတွင်ပင် ကျင်းချန် အတွက် သူမ၏ စိတ်ဝိညာဉ် အသစ်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန် ငြိမ်းချမ်းသော နေရာတစ်ခုကို သူတို့ ရှာဖွေနိုင်ပေသည်။
ထို့အပြင် သူတို့သည် ကျင်း ကလန် ၏ ကွန်ရက်ထဲမှ လွတ်မြောက်သွားမည် ဖြစ်သည်။ ထိုအချက်က အရေးကြီးဆုံး အပိုင်းပင် ဖြစ်၏။ ဤသည်မှာ အစပြုမှု အသစ်တစ်ခု ဖြစ်လေသည်။
ကောင်းကင်ဘုံက ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ သူတို့သည် လင်းတုန်း ကို နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်တွေ့ရတော့မည် မဟုတ်ပေ။
...
စကိုင်းဆွန်းတို့သည် ၎င်းတို့၏ ဧရာမ တိမ်တိုက်သင်္ဘောကြီးကို သင်္ဘောတစ်စင်းဟု မခေါ်ဆိုကြပေ။ ထိုအရာသည် တိမ်တိုက်များထက်တွင် ပေါလောပေါ်နေသော မြို့တော်တစ်ခုနှင့် ပို၍တူလေသည်။ ထို့ကြောင့်ပင် သူတို့က ၎င်းကို မြို့တော်တစ်ခုကဲ့သို့ပင် သဘောထား ဆက်ဆံကြ၏။
၎င်းသည် သန်းခေါင်ယံကဲ့သို့ မည်းနက်နေသော ကျောက်တုံးများဖြင့် တည်ဆောက်ထားသည့် အချွန်အတက် ပန်းခက်များပါသော ခံတပ်ကြီးတစ်ခုနှင့် တူလေသည်။ အဆောက်အအုံတိုင်း၏ ခေါင်မိုးများသည် အပေါ်သို့ချွန်ထက်နေ၏။ အကြီးမားဆုံး အဆောက်အအုံမှာ တိမ်တိုက်၏ အလယ်ဗဟို၌ တည်ရှိသည်။ အခြားသော အဆောက်အအုံငယ်များအားလုံးကို အုပ်မိုးထားသည့် ကြီးမားကျယ်ပြန့်သော မျှော်စင်ကြီးတစ်ခုပင် ဖြစ်သည်။ ယင်းမှာ လင်းတုန်း စိတ်ကူးထဲတွင် ပုံဖော်ဖူးသည့် အမှောင်သခင် တစ်ပါး၏ ခံတပ်ကြီးနှင့် တစ်ထပ်တည်း ကျနေလေသည်။ ကျန်ရှိနေသော မြို့တော်ကြီး တစ်ခုလုံးမှာလည်း ကောင်းကင်ယံထက်မှ မိစ္ဆာခံတပ်ကြီးတစ်ခုအလား ထင်မှတ်ရပေသည်။
ဤမြင်ကွင်းသည် စကိုင်းဆွန်းများနှင့် ပတ်သက်၍ သူယေဘုယျတွေးထင်ထားသည့် ပုံရိပ်မျိုးနှင့် လုံးဝ ကွဲလွဲနေခဲ့သည်။ စကိုင်းဆွန်း ဆိုသည်မှာ တရားမျှတမှုနှင့် ဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန် ရည်စူးထားသော ကျင့်ကြံသူများ အဖွဲ့တစ်ဖွဲ့ ဖြစ်လေသည်။
ရန်ဖေး နှင့် ပိုင်ရို တို့သည် လင်းတုန်းနှင့် အခြားသူများကို အထက်ရှိ တိမ်တိုက်များပေါ်သို့ ခေါ်ဆောင်သွားရန် ဆင်းလာခဲ့ကြ၏။ ရင်းနှီးပြီးသား မျက်နှာများဖြစ်၍ သူတို့နှစ်ဦးကို ရွေးချယ်လိုက်ခြင်းလား၊ သို့မဟုတ် သူတို့နှစ်ဦးသာ အားလပ်နေ၍လား ဆိုသည်ကိုတော့ လင်းတုန်း သေချာမသိပေ။ သို့သော်လည်း သူတို့ကို မြင်လိုက်ရသည့်အတွက် တစ်မျိုးတစ်ဘာသာ ဝမ်းသာသွားမိသည်။ သူတို့နှစ်ဦးနှင့် သိပ်ပြီး မရင်းနှီးသော်လည်း အနည်းဆုံးတော့ သူတို့၏ နာမည်များကို သူသိထားသည် မဟုတ်ပါလော။
ခန္ဓာကိုယ် ထွားကျိုင်းလှသော ပိုင်ရို၏ မျက်နှာမှာ သူဆောင်းထားသည့် ကောက်ရိုးဦးထုပ်၏ အရိပ်အောက်တွင် ဖုံးကွယ်နေလေသည်။ သူက ကျောက်ပြားခင်း လမ်းမများတစ်လျှောက် သူတို့၏ ရှေ့မှ ဦးဆောင် ချီတက်သွား၏။ နောက်မှလိုက်ပါလာမည့် သူများအတွက် လမ်းရှင်းပေးရင်း လူအုပ်ကြီးကြားထဲမှ တိုးဝှေ့ ထွက်ခွာသွားလေသည်။
ရန်ဖေးက နောက်မှ လိုက်ပါလာပြီး သူမခေါင်းပေါ်ရှိ တိမ်တိုက်လေးမှာ ခြေလှမ်းတိုင်းတွင် နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။ စကိုင်းဆွန်းတို့၏ အာဏာစက် အချက်အချာနေရာသို့ ရောက်ရှိလာပြီဖြစ်၍ သူမသည် ယခင်ကလောက် တင်းကြပ်မနေတော့ဘဲ များစွာ သက်တောင့်သက်သာ ဖြစ်နေပုံရသည်။ ထို့နောက် သူမက ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းကို အမြန် ရှင်းပြလိုက်လေသည်။
"ဒီမြို့ကို မုန်တိုင်းကျောက်ဆောင် မြို့လို့ ငါတို့ ခေါ်ကြတယ်..."
မည်းနက်မြင့်မားသော အဆောက်အအုံတန်းကြီးများကို ဖြတ်လျှောက်သွားရင်း သူမက ပြောလိုက်သည်။
"ဒီမြို့ကြီးကို အချိန်ပြည့် လေထဲမှာ ပေါလောပေါ်နေအောင် ထိန်းထားဖို့အတွက် လေ မာဒြာပြား တွေ အများကြီး ကုန်ကျတယ်... လေ နဲ့ တိမ်တိုက် လမ်းစဉ် ကို လိုက်ကြတဲ့ အဆင့်နိမ့် အရှင်သခင် တွေ အများကြီး အင်ပါယာ ထဲမှာ မရှိဘူးဆိုရင် ဒီမြို့ကြီးကို ငါတို့ လုံးဝ ပျံသန်းနိုင်စေမှာ မဟုတ်ဘူး... လိုအပ်လာပြီဆိုရင် ဒီနေရာက လူနှစ်သန်းလောက် နေထိုင်နိုင်တဲ့ အိမ်ရာကြီး ဖြစ်သွားတယ်... အဲဒီထဲမှာမှ စကိုင်းဆွန်း တွေ ဒါမှမဟုတ် သင်တန်းသား တွေက ငါးထောင်လောက်ပဲ ရှိတာ... ကျန်တဲ့သူတွေကတော့ ငါတို့ရဲ့ မိသားစုဝင်တွေ အပြင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ ကုန်သည်တွေ၊ လယ်သမားတွေ စတဲ့သူတွေပေါ့... အနီရောင်ပန်းပွင့် မိသားစုက ဒီမှာ အတော်လေး အင်အားကြီးတယ်... အရေးပေါ် အခြေအနေမျိုးတွေမှာ ဆိုရင် ဒီနေရာက သူတို့မိသားစုရဲ့ ဌာနချုပ် အဖြစ်နဲ့ပါ အသုံးဝင်သေးတယ်..."
လင်းတုန်းသည် အနီရောင်ပန်းပွင့် မိသားစု အကြောင်းကို ရေးတေးတေး မှတ်မိနေပါသေးသည်။ အာရီလီယပ် မိသားစုက အင်ပါယာ ကို သန့်ရှင်းရေးနှင့် သန့်စင်ရေးလုပ်ငန်းများ တာဝန်ယူပေးသကဲ့သို့၊ အနီရောင်ပန်းပွင့် မိသားစုကလည်း စိုက်ပျိုးရေး လုပ်ရန် လုံးဝ မဖြစ်နိုင်လောက်သည့် မဟူရာ မီးတောက် အင်ပါယာ ၏ ထောင့်ချိုးနေရာများအထိပင် စားနပ်ရိက္ခာနှင့် ဆည်မြောင်းရေသွယ်ယူမှု များကို ထောက်ပံ့ပေးလေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် လမ်းမများပေါ်တွင် လူများဖြင့် စည်ကားသိုက်မြိုက်နေ၏။ စကိုင်းဆွန်း တို့၏ အစိမ်းရောင် သံချပ်ကာ ဝတ်စုံများကို မြင်သောအခါ လူများက လှမ်း၍ နှုတ်ဆက်ကြသည်။ သို့မဟုတ်လျှင်လည်း ရန်ဖေး နှင့် ပိုင်ရို တို့အား တစ်စုံတစ်ခု ဝယ်ယူရန် ဆွဲဆောင်သွေးဆောင်ကြလေသည်။ သူတို့အဖွဲ့ ဆေးကုသမှု ခံယူရန် အရေးတကြီး မလိုအပ်နေလျှင် ပုံမှန်အားဖြင့် ရပ်တန့်၍ မြို့သူမြို့သား အနည်းငယ်ခန့်နှင့်တော့ စကားစမြည် ပြောဖြစ်လိမ့်မည်ဟု ရန်ဖေးက ဆို၏။
ယီရင်သည် လင်းတုန်း ၏ သံချေးရောင် မိုင်တစ်ထောင် တိမ်တိုက် ပေါ်တွင် လှဲလျောင်းနေသည်။ ကပ်ဆီးယပ်စ် ကတော့ စကိုင်းဆွန်း များ စီစဉ်ပေးထားသည့် အစိမ်းရောင် တိမ်တိုက်ပေါ်တွင် လှဲလျောင်းနေ၏။ ယီရင် က သူမဘာသာ လမ်းလျှောက်နိုင်သည်ဟု အတင်းအကြပ် ပြောဆိုနေသော်လည်း သူမ ထမလာနိုင်ခဲ့ပေ။ ကပ်ဆီးယပ်စ် ကတော့ လုံးဝ ရုန်းကန်ခြင်း မရှိဘဲ အိပ်ပျော်နေလောက်မည်ဟု လင်းတုန်း ထင်မှတ်မိသည်။
လူများမှာ သူတို့၏ ပတ်ပတ်လည်တွင် ပြည့်နှက်နေပြီး အားလုံးက ကိုယ့်ရိုးရာ ဘဝနေမှုပုံစံများအတိုင်း သွားလာလှုပ်ရှားနေကြ၏။ စကိုင်းဆွန်း အနည်းငယ် ဖြတ်သန်းသွားလာခြင်းကသာ သူတို့၏ ပုံမှန် လှုပ်ရှားမှုများကို ခေတ္တမျှ ရပ်တန့်သွားစေနိုင်သည်။
သို့တည်းမဟုတ် အော်သို၏ စိတ်အနှောင့်အယှက်ဖြစ်မှုကလည်း လူများကို အာရုံစိုက်မိစေနိုင်သည်။
ထို အထွတ်အမြတ် သားရဲကြီးမှာ ကိုယ်လက်နာကျင်ကာ စိတ်တိုလျက် နိုးလာခဲ့ခြင်း ဖြစ်သည်။ ယာဉ်ပျက်ကျမှုကြောင့် ဒဏ်ရာအနာတရများ ရရှိရုံသာမက ယခုအခါတွင် ခိုင်မာသော မြေကြီးပေါ်၌ မဟုတ်ဘဲ အခြားတိမ်တိုက်တစ်ခုပေါ်သို့ ရောက်ရှိနေသောကြောင့် ဖြစ်၏။ ဤတိမ်တိုက်သင်္ဘောကြီး၏ အရွယ်အစားကသာလျှင် သူ့ကို အနည်းငယ် စိတ်သက်သာရာ ရစေခဲ့သည်။ မြို့ရိုးများအတွင်း ရောက်နေချိန်တွင် သူသည် ကောင်းကင်ယံ၌ ရောက်နေကြောင်းကို လုံးဝ မသိနိုင်ပေ။ သို့တိုင်အောင် သူက ဖြတ်သွားဖြတ်လာတိုင်းကို မီးခိုးများမှုတ်ထုတ်ကာ ရန်ရှာတတ်ပြီး တစ်ခါတစ်ရံတွင် လမ်းမပေါ်မှ ကျောက်တုံးတစ်တုံးကို ဆွဲနုတ်၍ ဝါးစားတတ်သေးသည်။ မည်သူကမျှ သူ့ကို မတားဆီးရဲကြချေ။
လင်းတုန်းက သူတို့အဖွဲ့သည် အတော်လေး ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်နေလိမ့်မည်ဟု တွေးထင်ထားခဲ့သည်။ သူတို့နှင့်အတူ စကိုင်းဆွန်း နှစ်ယောက်ပါပြီး လေးလံထိုင်းမှိုင်းသော ဧရာမ နဂါးလိပ်ကြီးတစ်ကောင်နှင့် ပင့်ကူခြေထောက်များဖြင့် ရွေ့လျားနေသော အဘွားအိုတစ်ဦးလည်း ပါဝင်လေသည်။ ကပ်ဆီးယပ်စ် ကလည်း မည်းနက်နေသော ဆံပင်များကြားတွင် သူ၏ ရွှေရောင်ဆံပင်များကြောင့် အမြဲတမ်း ပေါ်လွင်နေတတ်သည်။ ထို့အပြင် သူတို့အထဲမှ နှစ်ယောက်မှာ သွေးများပေကျံနေပြီး လေပေါ်ပျံနေသော တိမ်တိုက်များကို လူနာတင်စင်များအဖြစ် အသုံးပြုနေခြင်းကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။
သို့ရာတွင် စကိုင်းဆွန်း များကို လေးစားအားကျစွာ ကြည့်ရှုခြင်းနှင့် အော်သို ကို ကြောက်ရွံ့စွာ ကြည့်ရှုခြင်းများ ရှိလင့်ကစား သူထင်ထားသလောက်တော့ သူတို့အဖွဲ့သည် တစ်မူထူးခြား၍ ပေါ်လွင်နေခြင်းမျိုး မရှိခဲ့ပေ။
မုန်တိုင်းကျောက်ဆောင် မြို့၏ လမ်းမများပေါ်တွင် လမ်းစဉ် မျိုးစုံကို တွေ့မြင်နိုင်လေသည်။ အမျိုးသမီးတစ်ဦးက သူမဖတ်နေသော စာအုပ်မှ မျက်လုံးမခွာဘဲ သူတို့အဖွဲ့၏ အပေါ်မှ ဖြတ်ကျော်သွား၏။ သူမ၏ ကျောဘက်မှ မျှော့လက်တံ ခြောက်ခုခန့် ထွက်ပေါ်နေပြီး အဆောက်အအုံတစ်ခုမှ တစ်ခုသို့ လွှဲကာ ကူးပြောင်းသွားလေသည်။ မီးတောက်များ တောက်လောင်နေသော ခွေးတစ်အုပ်သည်လည်း လမ်းမလယ်ခေါင်မှ ဖြတ်သွားကြသည်။ သူတို့၏ ရှေ့တွင်တော့ ခေါင်းပေါ်၌ ရွှေရောင်သရဖူ ဆောင်းထားသော ခေါင်းဆောင်ခွေးကြီးက ဦးဆောင်နေ၏။ သူတို့သည် ထိုညတွင် သူတို့၏ နယ်မြေကို မည်သူက စောင့်ကြပ်သင့်ကြောင်း သာမန်လူသားများကဲ့သို့ပင် စကားပြောဆို ဆွေးနွေးနေကြသည်။ တစ်ထပ်တည်းတူညီသော ဖဲကြိုးဖြူများ ပတ်စည်းထားသည့် အမြွှာသုံးအစ်မ ကလည်း သူတို့အဖွဲ့ ဖြတ်သွားသည်ကို ကြည့်နေကြပြီး သူတို့၏ မျက်လုံးများမှာ ကြက်သီးထဖွယ် ကောင်းလောက်အောင် တပြိုင်နက်တည်း လှုပ်ရှားနေကြသည်။
လေထဲတွင်လည်း စာလုံးများက ၎င်းတို့ဘာသာ အလိုအလျောက် ပေါလောပေါ်နေသကဲ့သို့ ရှိနေ၏။ "လင်းအမေကြီး၏ အလှပြင်ဆိုင်"၊ "ရွှေတူ ဝိညာဉ်ပန်းပဲဆရာများ"၊ "ကောင်းကင်ယံ စားသောက်ဆိုင်" စသဖြင့် ဖြစ်လေသည်။ ထိုအရာများမှာ လေထဲတွင် ပေါလောပေါ်နေသော ဆိုင်ဆိုင်းဘုတ်များဖြစ်ကြောင်း လင်းတုန်း နားလည်သဘောပေါက်ရန် အချိန်အတော်ကြာ ယူလိုက်ရ၏။ ထိုအချက်ကို သဘောပေါက်သွားသောအခါမှသာ အဆောက်အအုံတိုင်း၏ ခေါင်မိုးများပေါ်တွင် ရုပ်ဝတ္ထုပစ္စည်းများဖြင့် ထွင်းထုထားသော အခြားဆိုင်းဘုတ်များ၏ အဓိပ္ပာယ်ကိုပါ သူနားလည်သွားတော့သည်။
"ဒီမြို့ရဲ့ အဆင့်နှစ် ဝိညာဉ်ပန်းပဲဆရာ အထူးအော်ဒါများ လက်ခံနေပါပြီ..."
"မြို့တွင်းရှိ အစုံသုပ်များထဲတွင် အဆင့်တစ် (သက်သတ်လွတ် သီးသန့် အမျိုးအစား) ..."
"အရပ်သားများအတွက် မိုင်တစ်ထောင် တိမ်တိုက် များကို ဖြန့်ဖြူးရောင်းချရာတွင် အဆင့်လေး၊ သို့သော် တန်ဖိုးအရဆိုလျှင် အဆင့်တစ် ..."
ဤမြို့၏ အတွေ့အကြုံများက မြွေ သင်္ချိုင်း သို့ သူပထမဆုံးအကြိမ် ရောက်ရှိခဲ့စဉ်ကကို သတိရသွားစေသည်။ ထိုစဉ်ကလည်း မြို့၏ မြင်ကွင်းများ၊ အသံများနှင့် အနံ့အသက်များကြောင့် သူ အလွန်အမင်း အံ့ဩမှင်တက်ခဲ့ရဖူးလေသည်။
သို့ရာတွင် ယခုတစ်ကြိမ်၌ အဓိက ကွဲပြားချက်တစ်ခုကို သူသတိပြုမိရန် အချိန်သိပ်မကြာလိုက်ပေ။ ၎င်းမှာ လူတိုင်းတွင် တည်ရှိနေသော မအီမသာ စိုးရိမ်ပူပန်မှု တစ်ခုပင် ဖြစ်သည်။ သူတို့သည် အနီရောင်အလင်းတန်းများထက် အတော်လေး မြင့်မားသော နေရာတွင် ရှိနေသဖြင့် ဤနေရာ၌ သွေးပေါက်ဖွားများ မရှိနိုင်ပေ။ သို့သော်လည်း တစ်ခုခုကိုတော့ သူတို့ အာရုံခံမိနေပုံရသည်။
စကိုင်းဆွန်းတို့ကို လှမ်းခေါ်သော ဈေးသည်တိုင်းက ဘာတွေဖြစ်နေသလဲဟုလည်း မေးမြန်းကြလေသည်။ သူတို့ ဖြတ်သန်းလာခဲ့သော ဆိုင်များ၏ ထက်ဝက်ခန့်မှာ ပစ္စည်းများသိမ်းဆည်းကာ ဆိုင်ပိတ်သိမ်းနေကြပြီ ဖြစ်၏။ သူတို့ကြုံတွေ့ရသော အကြည့်အများစုမှာလည်း ရန်လိုခြင်း သို့မဟုတ် စပ်စုခြင်းမျိုး မဟုတ်ဘဲ စိုးရိမ်တကြီးနှင့် ဂဏာမငြိမ်သော အကြည့်များသာ ဖြစ်လေသည်။
မြို့လယ်ခေါင်ရှိ စကိုင်းဆွန်းတို့၏ ဌာနချုပ် တည်ရှိရာသို့ ရောက်သည်အထိ ထိုအခြေအနေအတိုင်းပင် ဖြစ်နေခဲ့လေသည်။
***