အခန်း (၂၉၉-၃၀၀)
Vol. 22 Ch. 299-300
အပိုင်း(၂၉၉)
နောက်ဆုံးတွင်တော့ သူတို့ အဖွဲ့သည် စကိုင်းဆွန်း ဌာနချုပ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ လင်းတုန်း စောစောက သတိပြုမိခဲ့သော ခမ်းနားထည်ဝါလှသည့် မျှော်စင်ကြီးသည် ကျန်မြို့တစ်မြို့လုံးကို အုပ်မိုးထားလေ၏။ ၎င်း၏ ဝင်ပေါက်ကို အစိမ်းရောင် သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားနှင့် အမျိုးသမီး လေးဦးက စောင့်ကြပ်နေကြသည်။ သူတို့အထဲမှ နှစ်ဦးတွင် မြစိမ်းရောင် အတောင်ပံများ ပါရှိပြီး ထိုအတောင်ပံများကို အညောင်းဆန့်ရန် ဖြန့်ကားထားသကဲ့သို့ ရှိလေသည်။
အော်သိုက အစောင့်တစ်ဦးကို မီးခိုးများမှုတ်ထုတ်ကာ ရန်ရှာလိုက်သော်လည်း ထိုလူငယ်လေးက သတိပြုမိပုံ မရချေ။ ထိုအစား သူက အပြင်ဘက်မှ သတင်းများ ရသေးသလားဟု ပိုင်ရိုကို မေးမြန်းလိုက်လေသည်။ သူသည် အပြင်ဘက်ရှိ အရပ်သားများနည်းတူ စိုးရိမ်ပူပန်နေပုံရသည်။ သို့သော်လည်း ပိုင်ရိုက တည်ငြိမ်သော လေသံဖြင့် သူ့ကို စိတ်အေးစေရန် ပြောဆိုလိုက်၏။
ရန်ဖေးက သူတို့ ဝင်ရောက်လာစဉ် တစ်လျှောက်လုံး မြို့၏ သမိုင်းကြောင်းများကို မရပ်မနား ပြောပြနေခဲ့သည်။ စကိုင်းဆွန်းတို့၏ အာဏာစက် အချက်အချာနေရာတွင်းသို့ ရောက်ရှိလာပြီဖြစ်၍ လင်းတုန်းက ပို၍ အာရုံစိုက်လိုက်တော့သည်။
ရန်ဖေးက အစောင့်တစ်ဦးကို တီးတိုးပြောလိုက်ရာ ထိုအစောင့်မှာ မြို့ရိုးပေါ်မှ ပျံသန်းထွက်ခွာသွားလေသည်။ စကိုင်းဆွန်းတို့သည် နေရာအနှံ့ အပြေးအလွှား သွားလာလှုပ်ရှားနေကြပြီး ခြံဝင်းတစ်ခုလုံးမှာ ပျားအုံတစ်ခုကဲ့သို့ အလုပ်ရှုပ်နေကြ၏။ သို့သော်လည်း ရန်ဖေးကတော့ သူတို့၏ အလယ်တွင် တည်ငြိမ်စွာ ရပ်နေလေသည်။
"ကုသပေးမယ့်သူတွေ ရောက်လာဖို့ ဒီကနေ ငါတို့ စောင့်ကြမယ်... ပုံမှန်ဆိုရင်တော့ သူတို့ကို အတွင်းထဲ တန်းခေါ်သွားလို့ ရတယ်... ဒါပေမဲ့ စကိုင်းဆွန်း လျှောက်ထားသူတွေရဲ့ အတန်းသစ်တစ်ခုအတွက် ငါတို့ ပြင်ဆင်နေရလို့ပါ... ပြီးတော့ သေရေးရှင်ရေး အရေးပေါ် အခြေအနေ ရှိတဲ့သူလည်း မပါဘူးလေ..."
ထိုသို့ ပြောလိုက်စဉ် သူမက ကပ်ဆီးယပ်စ်ကို လှမ်းကြည့်လိုက်သည်။
"ဒီစောင့်နေတုန်း အချိန်လေးမှာ ကြယ်လှည်း မျှော်စင် အကြောင်း နည်းနည်း ပြောပြမယ်... ဒီ အဆောက်အအုံတွေ အားလုံးက စကိုင်းဆွန်း တွေနဲ့ သင်တန်းသားတွေ အတွက် သီးသန့်ပဲ..."
သူမက လက်မကို ပခုံးနောက်သို့ ပစ်ပြလိုက်ရင်း သူမအနောက်ရှိ လှည့်ပတ်နေသော အပြာရောင်အလင်းတန်းများ ပါရှိသည့် တံခါးတစ်ချပ်ကို ညွှန်ပြလိုက်သည်။ ကြေးဝါဘောင်နှင့် အလယ်ဗဟိုရှိ ရွှေသံမဏိ လက်ကိုင်တို့ကြောင့်သာ ထိုအရာသည် တံခါးတစ်ချပ်ဖြစ်ကြောင်း လင်းတုန်း သိလိုက်ရခြင်း ဖြစ်၏။ သို့မဟုတ်ပါက ဝင်ပေါက်တစ်ခု သို့မဟုတ် မာဒြာ တားဆီးထားသည့် အတားအဆီးတစ်ခုဟု သူ ထင်မှတ်မိပေလိမ့်မည်။
"ဝိညာဉ်ပန်းပဲဆရာ တွေရဲ့ အလုပ်ရုံပဲ... အဆင့်မြင့်ဆုံး နည်းပညာတွေ သုံးထားတယ်... ငါတို့ရဲ့ မိုင်တစ်ထောင် တိမ်တိုက် တွေနဲ့ လက်နက်တွေ အားလုံးကို အဲဒီထဲမှာ ဖန်တီးပြီး ထိန်းသိမ်းကြတယ်... ငါတို့ဆီမှာ အင်ပါယာ တစ်ခုလုံးမှာ အစုံလင်ဆုံးဖြစ်တဲ့ ဝိညာဉ်ပန်းပဲဆရာ အမွေအနှစ် အိပ်မက် ကျောက်ပြား စာကြည့်တိုက်လည်း ရှိတယ်... ရှေးခေတ် ဟယ်ရယ်လ် တစ်ပါးက သူ့ရဲ့ မျိုးဆက်တွေအတွက် ချန်ရစ်ခဲ့တဲ့ အိပ်မက် ကျောက်ပြားတစ်ခုတောင် ပါသေးတယ်..."
ဖစ်ရှာ ဂီရှာမှာ အသက်ရှူမှားသွားလေသည်။ ထိုစကားများ၏ ထက်ဝက်ခန့်ကို လင်းတုန်း နားမလည်သော်လည်း အတွင်းသို့ ဝင်ရောက်လေ့လာချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့၏။
"ငါတို့ရဲ့ လက်နက်တိုက်က ဟိုဘက်မှာ ရှိတယ်..."
သူမက သံမဏိပြားများ ကွပ်ထားသော တံခါးတစ်ချပ်ကို ညွှန်ပြရင်း ပြောလိုက်သည်။
"အများပြည်သူကိုလည်း ဝင်ရောက်လေ့လာခွင့် ပေးထားတယ်... ဘာလို့လဲဆိုတော့ ငါတို့ရဲ့ လက်နက်တွေကို ခိုးယူလို့ မရနိုင်လို့ပဲ... လက်နက်တွေကို အသုံးပြုမယ့် စကိုင်းဆွန်း တစ်ယောက်ချင်းစီ ဒါမှမဟုတ် စကိုင်းဆွန်း သံချပ်ကာ ဝတ်စုံတွေနဲ့ ချိတ်ဆက်ထားတယ်... အဲဒီလက်နက်တွေ အားလုံးကို အဝေးကနေ ရှာဖွေလို့ရသလို အသက်မဲ့သွားအောင်လည်း လုပ်ပစ်လို့ရတယ်... သိမ်းဆည်းထားတဲ့ လက်နက်တွေနဲ့ ငါတို့ရဲ့ သံချပ်ကာ ဝတ်စုံတွေကိုတော့ တခြားနေရာမှာ သိမ်းဆည်းထားတယ်..."
ထိုလက်နက်များကို အဝေးမှနေ၍ မည်သို့ အသက်မဲ့သွားအောင် လုပ်နိုင်သနည်းဟု လင်းတုန်း တွေးတောနေမိသည်။ ထူးခြားသော လက်နက်တစ်ခုကို မည်သို့ ခြေရာခံရမည်ကို သူ စိတ်ကူးကြည့်၍ ရသော်လည်း ၎င်းတို့ကို မည်သို့ အသက်မဲ့သွားအောင် လုပ်မည်နည်း။ လက်နက်၏ ကိုယ်ပိုင် ဒြပ်စင်ဖြင့် စွမ်းအင်ရယူမည့်အစား ဗဟိုစွမ်းအင်ရင်းမြစ်တစ်ခုမှ စွမ်းအင်ရယူထားခြင်းမျိုး ဖြစ်ရမည်။ ထို့နောက် စွမ်းအင်ချိတ်ဆက်မှုကို ရိုးရှင်းစွာ ဖြတ်တောက်လိုက်ခြင်းမျိုး ဖြစ်နိုင်လေသည်။
မှန်းဆနေခြင်းက အချည်းနှီးသာ ဖြစ်၏။ သူ မသိသေးသော အရာများက များပြားလွန်းလှသည်။ မြို့တစ်မြို့လုံးကို ဖြတ်သန်းကာ မည်သည့် လက်နက်ကိုမဆို အလုပ်မလုပ်နိုင်အောင် စွမ်းဆောင်နိုင်သည့် နည်းစနစ်တစ်ခုရှိသော လမ်းစဉ် များ ရှိကောင်းရှိနိုင်လေသည်။ သို့သော် ထိုမေးခွန်းက သူ့ကို စိတ်ဝင်စားစေခဲ့ပြီး တံခါးကို ဖွင့်ကြည့်ချင်စိတ်များ ပြင်းပြလာခဲ့သည်။
သူမက မြင့်မားသော ကြေးနီတံခါး အစုံကို ခေါင်းဆတ်ပြလိုက်သည်။
"အဲဒါက ငါတို့ရဲ့ နည်းစနစ် စာကြည့်တိုက်ပဲ... ဝိညာဉ်ပန်းပဲဆရာ စာကြည့်တိုက်ထက် ပိုပြီး ကျယ်ပြန့်တယ်... ဒါပေမဲ့ သူက အဆင့်သုံး နေရာမှာပဲ ရှိတယ်... ဘာလို့လဲဆိုတော့ ဝိညာဉ်ပန်းပဲဆရာ ကျောက်ပြားတွေက အရမ်းရှားပါးလို့လေ... ငါတို့ရဲ့ စာကြည့်တိုက်ထဲမှာ ပြန်လည်ရယူနိုင်ခဲ့တဲ့ မူရင်း နည်းစနစ်တွေကြောင့် ဒီမြို့မှာပဲ သီးသန့်တည်ရှိတဲ့ လမ်းစဉ် တွေ ရှိတယ်..."
သူသည် တံခါးဆီသို့ ခြေတစ်လှမ်း တိုးသွားမိကြောင်းကို လင်းတုန်း သတိပြုမိလိုက်သည်။ မည်သည့်အချိန်က ထိုသို့ ဖြစ်သွားခဲ့သနည်း။
"ငါတို့က အိပ်ခန်းတွေအတွက် နေရာပေးသလောက် ကျင့်ကြံခန်း တွေအတွက်လည်း နေရာအကျယ်ကြီး သတ်မှတ်ပေးထားတယ်..."
သူမက ဆက်ပြောသည်။
"စကိုင်းဆွန်း တွေက တခြား ကျင့်ကြံသူ တော်တော်များများလို အဆင့်တက်ဖို့ချည်းပဲ အချိန်ပြည့် အာရုံစိုက်နေလို့ မရဘူးလေ... သူတို့မှာ တိုက်ခိုက်ရေး လေ့ကျင့်မှုတွေ၊ စာပေသင်ကြားမှုတွေနဲ့ တာဝန်တွေ ရှိတယ်... ငါတို့က အဆင့်တက်တဲ့ လုပ်ငန်းစဉ်ကို တတ်နိုင်သမျှ အရှိန်မြှင့်ပေးရတဲ့အတွက် ငါတို့ရဲ့ ကျင့်ကြံမှု အစီအစဉ်တွေက အချိန်တိုပေမယ့် ပြင်းထန်တယ်..."
မဟူရာ မီးတောက် လမ်းစဉ် အတွက် အဆင်ပြေနိုင်မည့် ကျင့်ကြံခန်း ရှိမရှိ လင်းတုန်း တွေးတောနေမိသည်။ ရှိလောက်မည်ဟုလည်း သူ တွေးထင်မိ၏။ မည်သို့ပင်ဖြစ်စေ ထိုလမ်းစဉ်မှာ ဤအင်ပါယာအတွက် သီးသန့်ဖြစ်တည်နေသော လမ်းစဉ် မဟုတ်ပါလော။ သို့သော် မဟူရာ မီးတောက် မိသားစု ကျဆုံးသွားပြီးနောက်တွင် ၎င်းတို့ကို ဖယ်ရှားပစ်လိုက်ခြင်းမျိုးလည်း ဖြစ်နိုင်လေသည်။ ၎င်းကို ချိတ်ပိတ်ထားလေမည်လား။ သူ ရှာတွေ့ကောင်း ရှာတွေ့နိုင်ပေမည်။
"ဒီအဆောက်အအုံတွေနဲ့ စကိုင်းဆွန်း တွေရဲ့ ဂုဏ်သတင်းတွေကြောင့် ငါတို့ရဲ့ တပ်သားသစ်စုဆောင်းရေးက အတော်လေး အဆင်ပြေနေတာ..."
ရန်ဖေးက ပြောလိုက်သည်။ သူမသည် ဤမြို့ကြီးကို သူမကိုယ်တိုင် တည်ဆောက်ခဲ့ရသကဲ့သို့ ဂုဏ်ယူနေပုံရသည်။
"ရှင်တို့က တပ်သားသစ် စုဆောင်းနေတာလား..."
ယီရင်က မေးလိုက်သည်။
"လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ ငါတို့ရဲ့ အိပ်မက်ဖတ်သူတွေက မကြာခင် ငါတို့ရဲ့ အင်အားကို ထပ်ဖြည့်ဖို့ လိုအပ်လာမယ်လို့ သဘောတူခဲ့ကြတယ်... အဲဒါကြောင့် လျှောက်လွှာတွေ စတင်လက်ခံခဲ့တာပဲ... အဲဒီ တစ်ပတ်အတွင်းမှာပဲ မြို့တွင်းကရော မြို့ပြင်ကပါ အရည်အချင်းပြည့်မီတဲ့ အဆင့်နိမ့် ရွှေအဆင့် နဲ့ အဆင့်မြင့် ရွှေအဆင့် လျှောက်ထားသူ ခြောက်ရာကျော် ရရှိခဲ့တယ်..."
"အရည်အချင်းပြည့်မီဖို့အတွက် လျှောက်ထားသူတစ်ယောက်က ဘာတွေ လိုအပ်သလဲ..."
လင်းတုန်းက ဝိညာဉ်ပန်းပဲဆရာ ၏ တံခါးကို မျက်စိကျနေရင်း မေးလိုက်သည်။
"အဆင့်နိမ့် ရွှေအဆင့် တွေအတွက်က အသက် နှစ်ဆယ် ဒါမှမဟုတ် အဲဒီထက် ငယ်ရမယ်... အဆင့်မြင့် ရွှေအဆင့် တွေအတွက်ကတော့ အသက် သုံးဆယ် ဒါမှမဟုတ် အဲဒီထက် ငယ်ရမယ်... ပြီးတော့ သူတို့ရဲ့ အဆင့်သတ်မှတ်ချက်ကလည်း လုံလောက်တဲ့ မြင့်မားမှုမျိုး ရှိရမယ်... အဆင့်မြင့် ရွှေအဆင့် တွေအတွက်ဆိုရင် ထိပ်ဆုံး တစ်ထောင် စာရင်းဝင် ဖြစ်ရမယ်... အဆင့်နိမ့် ရွှေအဆင့် တွေအတွက် ဆိုရင်တော့ ထိပ်ဆုံး သုံးထောင် စာရင်းဝင် ဖြစ်ရမယ်... အဲဒီလို ဖြစ်နေရင်တောင်မှ ငါတို့ရဲ့ လျှောက်လွှာ စိစစ်ရေး လုပ်ငန်းစဉ်ကို အောင်မြင်အောင် ဖြတ်ကျော်ရဦးမှာပဲ..."
"အင်ပါယာက အဆင့်သတ်မှတ် မပေးထားတဲ့ သူတွေဆိုရင်ကော ဘယ်လိုလုပ်မလဲ..."
သူမက သူ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"လူတိုင်းကို အဆင့်သတ်မှတ်ထားပြီးသားပဲ..."
"ကျွန်တော့်ကို သတ်မှတ်မထားဘူး..."
ရန်ဖေးက သူမ၏ လက်ကောက်ဝတ်ပေါ်ရှိ အပေါက်ငယ်လေးတစ်ခုထဲမှ ခရမ်းရောင် ကတ်ပြားတစ်ခုကို ဆွဲထုတ်လိုက်ပြီး သူမ၏ လက်ချောင်းများဖြင့် ထိတွေ့လိုက်သည်။ ခရမ်းရောင် အခိုးအငွေ့လေးများ ထွက်ပေါ်လာပြီး ထိုအထဲတွင် ပုံသဏ္ဌာန်အချို့ကို မြင်တွေ့ရသည်ဟု လင်းတုန်း ထင်မှတ်မိလိုက်သည်။ အိပ်မက် မာဒြာ ပင် ဖြစ်၏။
"ကျင်းလုံ နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ပြီးတဲ့ နောက်ပိုင်းမှာ မင်းကို အဆင့်သတ်မှတ်လိုက်တာက..."
သူမက ခေါင်းခါယမ်းလိုက်ရင်း ကတ်ပြားကို ပြန်ထည့်လိုက်သည်။
"အဆင့်နိမ့် ရွှေအဆင့် တွေထဲမှာ အဆင့် နှစ်ဆယ့်လေးတဲ့... သူတို့က မင်းကို အတော်လေး တန်ဖိုးထားတာပဲ... ဒါပေမဲ့ အဲဒါက တစ်ဦးချင်း တိုက်ခိုက်နိုင်စွမ်းကိုပဲ ထည့်သွင်းစဉ်းစားထားတာတော့ သေချာတယ်... မင်းရဲ့ ကျွမ်းကျင်မှု၊ နည်းလမ်း နဲ့ လွှမ်းမိုးနိုင်စွမ်းတွေကတော့ ပိုပြီး နိမ့်ကျနေတယ်..."
"အဆင့် နှစ်ဆယ့်လေး..."
လင်းတုန်းက ထပ်ပြောလိုက်သည်။ သူ စိတ်လှုပ်ရှားမှုကို အနည်းငယ်မျှပင် ဖုံးကွယ်မထားနိုင်ခဲ့ပေ။
"ကျွန်တော် လွန်ကျူးပြီး ပြောတာတော့ မဟုတ်ဘူး... ဒါပေမဲ့ အဲဒါက တော်တော်လေး မြင့်တဲ့ အဆင့်ပဲ..."
"မြင့်လွန်းနေတာ..."
ပိုင်ရိုက မှုန်တေတေဖြင့် ပြောလိုက်သည်။
"မြင့်တော့ မြင့်တယ်..."
ရန်ဖေးက မချိုမချဉ်ဖြင့် အတည်ပြုပေးလိုက်သည်။
"ရိုင်းတယ်လို့ ထင်ရင် ခွင့်လွှတ်ပါ... ဒါပေမဲ့ စကိုင်းဆွန်း တော်တော်များများက ဘယ်အဆင့်မှာ ရှိကြသလဲ..."
လင်းတုန်းက သူတို့ အဆင့်နိမ့် ရွှေအဆင့် များ ဖြစ်ခဲ့စဉ်က ဘယ်အဆင့် သတ်မှတ်ခံခဲ့ရသလဲ ဆိုသည်ကို အမှန်တကယ် မေးချင်ခဲ့ခြင်း ဖြစ်၏။ ရန်ဖေး၏ မျက်နှာအမူအရာအရ သူမက ထိုအချက်ကို သိနေပုံရလေသည်။
"အဲဒီထက် နိမ့်တယ်..."
သူမက ပြန်ဖြေလိုက်သည်။
သူက အသေးစိတ်ကို ထပ်မံ စူးစမ်းချင်သေးသော်လည်း သူ၏ မိုင်တစ်ထောင် တိမ်တိုက် က ရုတ်တရက် ရွေ့လျားသွားခဲ့သည်။ ထို့နောက် အမာရွတ်များဖြင့် ပြည့်နေသော ယီရင်၏ မျက်နှာလေးက သူတို့၏ စကားဝိုင်းထဲသို့ ဝင်ရောက်လာ၏။
"ငါတို့အားလုံး ရင်းရင်းနှီးနှီး စကားတွေ ဖလှယ်နေကြတုန်း သွေးနီလဂိုဏ်း အကြောင်းလေးပါ ပြောပြပါလား..."
ပိုင်ရိုသည် ခါးကိုမတ်ကာ လက်ပိုက်လိုက်ပြီး သူ၏ အဝါရောင်မျက်လုံးများမှာ ဦးထုပ်အရိပ်အောက်တွင် တောက်ပသွားလေသည်။ ရန်ဖေး၏ မျက်နှာမှာလည်း အလုပ် သဘောဆန်ဆန် တင်းမာသွားပြီး သူမက ခိုးနားထောင်နေသူများ ရှိမရှိ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ ထိုနေရာသည် စကိုင်းဆွန်းတို့၏ ဌာနချုပ် အတွင်း၌ပင် ဖြစ်လေသည်။
"အဲဒါက မင်းတို့ရဲ့ အဆင့်နိမ့် အရှင်သခင် ပြောပြရမယ့် ကိစ္စပဲ..."
သူမက ပြတ်သားစွာ ပြောလိုက်သည်။
လင်းတုန်းက သူ၏ အဆင့်သတ်မှတ်ချက်နှင့် ပတ်သက်၍ ပိုမိုသိရှိချင်သော်လည်း ဤကဲ့သို့သော လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် အခွင့်အရေးကို လက်လွတ်မခံနိုင်ခဲ့ပေ။
"အဆင့်နိမ့် အရှင်သခင် အာရီလီယပ် က ကျွန်တော်တို့ကို ဒီအကြောင်းတွေ ပြောပြခဲ့တာပါ... ကျွန်တော်တို့ သိထားဖို့ အရေးကြီးတယ်လို့ သူပြောခဲ့တယ်... ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အသေးစိတ် မပြောပြနိုင်ခင်မှာ သူတို့အဖွဲ့ဝင် တစ်ယောက်နဲ့ တိုက်ခိုက်ရင်း သူ ဒဏ်ရာရသွားခဲ့လို့ပါ..."
ရန်ဖေးမှာ တုံ့ဆိုင်းသွားပြီး သူမခေါင်းပေါ်ရှိ တိမ်တိုက်လေးမှာ လိမ့်ဆင်းသွားကာ သူမ၏ လုပ်ဖော်ကိုင်ဖက်ကို လှမ်းကြည့်လိုက်လေသည်။ လင်းတုန်းက သူမ၏ အားနည်းချက်ကို ရိပ်မိသွားပြီး ဆက်လက် ဖိအားပေးလိုက်၏။
"ကျွန်တော်တို့က အလုပ်အကျွေး ပြုချင်ရုံ သက်သက်ပါ... အခြေအနေကို နားမလည်ရင် အာရီလီယပ် မိသားစု အတွက် ကျွန်တော်တို့ ဘာမှ အထောက်အကူ ပေးနိုင်မှာ မဟုတ်ဘူး..."
***
အပိုင်း(၃၀၀)
လင်းတုန်းသည် ရန်ဖေးအကြောင်းကို သိပ်မသိသော်လည်း စကိုင်းဆွန်း တစ်ယောက်အဖြစ် ဂုဏ်ယူစွာ တာဝန်ထမ်းဆောင်နေသော အမျိုးသမီးတစ်ဦးအနေဖြင့် တာဝန်ဝတ္တရားကို အကြောင်းပြ၍ တောင်းဆိုလာခြင်းကို လက်ခံလိမ့်မည်ဟု မှန်းဆထားခဲ့သည်။
သူမက မလိုလားအပ်စွာဖြင့် ရှေ့သို့ ကိုင်းညွတ်လာ၏။
"အဲဒါက မိစ္ဆာ နတ်ဘုရား တစ်ပါးကို ကိုးကွယ်တဲ့ ဂိုဏ်းပဲ..."
သံမဏိအဆင့် ခန္ဓာကိုယ်သာ မရှိလျှင် လင်းတုန်း ကြားနိုင်မည်မဟုတ်သည့် တိုးဖျော့သော အသံဖြင့် သူမက ပြောလိုက်သည်။
"ပုံမှန်ဆိုရင် သူတို့က အင်ပါယာ ရဲ့ အရှေ့တောင်ဘက် နယ်စပ်အလွန်မှာပဲ လှုပ်ရှားလေ့ရှိကြတယ်... သူတို့က သွေးဖီးနစ် ရဲ့ အစိတ်အပိုင်း တစ်ခုကို လိုက်လံရှာဖွေနေကြတဲ့ သူတွေပေါ့... အဲဒါကို သူတို့က သွေးအရိပ် လို့ ခေါ်ကြတယ်..."
ရွံရှာမှုကြောင့်လား၊ သနားကြင်နာမှုကြောင့်လား မသိနိုင်သော်လည်း သူမက ခေါင်းခါယမ်းလိုက်လေသည်။
"သူတို့က အဲဒီအရာကို ထိန်းချုပ်နိုင်မယ်လို့ လောင်းကြေးထပ်ကြတယ်... ဒါပေမဲ့ ဆယ်ယောက်မှာ ကိုးယောက်က မထိန်းချုပ်နိုင်ကြဘူး... သူတို့က သွေးလူတွေထက် နည်းနည်းလေးပဲ ပိုသာတဲ့ ရုပ်သေးရုပ်တွေ ဖြစ်သွားကြတာပဲ... အဲဒါကို ထိန်းချုပ်နိုင်တဲ့ သူတွေကတော့... သတိထားရမယ့် သူတွေပေါ့... သူတို့က ဖီးနစ် ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေဆဲ ဖြစ်ပေမယ့် သူတို့မှာ ကိုယ်ပိုင် ရည်မှန်းချက်တွေလည်း ရှိကြတယ်..."
"သူတို့က ဘာကို လိုချင်ကြတာလဲ..."
ယီရင်က စူးရှသော မျက်လုံးများဖြင့် မေးလိုက်သည်။
"သူတို့ရဲ့ သခင်ကို အစာကျွေးဖို့ပဲ..."
ပိုင်ရိုက ပြန်ဖြေလိုက်သော်လည်း သူဆက်မပြောနိုင်ခင်မှာပင် တတိယမြောက် စကိုင်းဆွန်း တစ်ယောက် ပေါ်လာခဲ့သည်။ ရန်ဖေးက သူမနှင့် ခေတ္တမျှ စကားပြောလိုက်ပြီးနောက် သူတို့ဘက်သို့ ပြန်လှည့်လာ၏။
"မင်းတို့ရဲ့ ဒဏ်ရာရထားတဲ့ သူတွေအတွက် အခန်းနှစ်ခန်း ရှင်းလင်းထားပြီးပြီ... နောက်တစ်နာရီ အတွင်းမှာ ငါတို့ရဲ့ ကုသပေးတဲ့သူတွေ လာကြည့်ပေးလိမ့်မယ်... ကျန်တဲ့သူတွေက ငါ့နောက်ကို လိုက်ခဲ့ကြ..."
စကိုင်းဆွန်း အသစ်က ကပ်ဆီးယပ်စ်နှင့် ယီရင်တို့၏ ရှေ့မှ လျှောက်သွားကာ ကပ်ဆီးယပ်စ်၏ တိမ်တိုက်ကို တိုက်ရိုက် ထိန်းချုပ်လိုက်ပြီး လင်းတုန်း ယခင်က သတိမထားမိခဲ့သော ရိုးရှင်းသည့် တံခါးတစ်ချပ်ဆီသို့ သူတို့ကို ဦးဆောင်ခေါ်သွားလေသည်။
ဖစ်ရှာ ဂီရှာ က ရန်ဖေး၏ နောက်မှ လိုက်သွားသကဲ့သို့ အော်သိုကလည်း လိုက်ပါသွား၏။ သို့သော် အော်သိုသည် အနီးရှိ နံရံကပ် ကော်ဇော၏ စုတ်ပြဲနေသော အစွန်းတစ်ဖက်ကို တစ်ကိုက် ကိုက်စားသွားသေးသည်။ လင်းတုန်းက သူ၏ ကျောပိုးအိတ်ကို မကာ သူတို့နောက်သို့ လိုက်ရန် ပြင်ဆင်လိုက်စဉ်...
ထိုအချိန်တွင် သွေးလူများကို မြင်တွေ့လိုက်ရစဉ်က ယီရင်၏ တုံ့ပြန်ပုံကို သူ ထပ်မံ သတိရသွားလေသည်။
"ခွင့်ပြုမယ်ဆိုရင် ဒဏ်ရာရထားတဲ့ သူတွေနဲ့ ခဏလောက် သွားနေချင်တယ်... ကျွန်တော့်အခန်းကို နောက်မှပဲ ရှာလိုက်ပါ့မယ်..."
လင်းတုန်းက ယီရင်၏ တိမ်တိုက်နောက်သို့ လိုက်သွားရင်း ပြောလိုက်သည်။
ရန်ဖေးက ကန့်ကွက်မည့်ပုံ ပေါ်သော်လည်း ပိုင်ရိုက လက်ကာပြလိုက်ပြီး ဆက်လျှောက်သွားလေသည်။ နောက်ဆုံးတွင် သူမက...
"နေမဝင်ခင် အခန်းထဲ နေရာဝင်ယူထားလိုက်..."
ဟုပြောကာ သူမ၏ လုပ်ဖော်ကိုင်ဖက်နောက်သို့ လိုက်သွားတော့သည်။
"သူတို့အားလုံး အဆင့်နိမ့် အရှင်သခင် တွေချည်းတော့ မဖြစ်နိုင်ပါဘူး..."
ယီရင်က သူမ၏ တိမ်တိုက်ပေါ်မှ နေ၍ ရေရွတ်လိုက်သည်။
"ကျောက်တုံးတိုင်း၊ သစ်ငုတ်တိုတိုင်းရဲ့ အောက်မှာ အဆင့်နိမ့် အရှင်သခင် ကို ရှာတွေ့နိုင်တာမှ မဟုတ်တာ..."
ရှေ့မှ ဦးဆောင်သွားသော စကိုင်းဆွန်းသည် သူ၏ သံချပ်ကာဝတ်စုံ ခေါက်သံများကြားမှပင် သူတို့ပြောစကားကို ကြားနိုင်လောက်အောင် နီးကပ်နေသော်လည်း သူက ယဉ်ကျေးစွာပင် ဘာမှ ဝင်မပြောခဲ့ပေ။
"သူတို့က အင်ပါယာ ရဲ့ အပြင်ဘက်က လာကြတာလေ... သူတို့လာတဲ့ နေရာမှာ လူတိုင်းက အဆင့်နိမ့် အရှင်သခင် ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်တယ်..."
သူမက ထိုင်ရန် ကြိုးစားလိုက်သော်လည်း မျက်နှာမဲ့သွားကာ နောက်ဆုံးတွင် ဘေးတစောင်း လှည့်လိုက်ပြီး ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားလိုက်သည်။
"ငါ့ဆရာက တစ်နေရာတည်းမှာ နှစ်ညလောက် အိပ်ပြီးတာနဲ့ ခြေဖဝါးတွေ ယားလာတတ်တယ်... အဲဒါကြောင့် ငါက ဒီအင်ပါယာထဲမှာထက် အပြင်ဘက်မှာ အချိန်ပိုကုန်ခဲ့တာ... အဆင့်နိမ့် အရှင်သခင် တွေက အဆင့်နိမ့် ရွှေအဆင့် တွေလောက် ပေါများတဲ့ နေရာမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး... ပြီးတော့လေ..."
သူမက ဆက်မပြောတော့ဘဲ လက်တစ်ဖက်က သူမ၏ ဗိုက်ဆီသို့ ရွေ့လျားသွားပြီးမှ ပြန်ရပ်တန့်လိုက်လေသည်။
"ငါတို့ကို သူစိမ်းတွေလို့တော့ မပြောချင်ဘူး..."
နောက်ဆုံးတွင် သူမက ပြောလိုက်သည်။
"သူတို့က နာမည်တစ်မျိုး ခံယူထားပေမယ့်လည်း သူတို့မှာ..."
သူမက စကိုင်းဆွန်းကို အပေါ်စီးမှ လှမ်းကြည့်လိုက်သည်။
"တူညီတဲ့ အချက်တချို့ ရှိနေသေးတယ်... ငါ့ဆရာက ဒီလူတွေနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်... အဲဒီလို တိုက်ခိုက်ရင်းနဲ့ ငါ့ကို ရှာတွေ့ခဲ့တာပဲ..."
လင်းတုန်းက စကိုင်းဆွန်းမှသည် ယီရင်ဆီသို့ အကြည့်လွှဲလိုက်သည်။
"ဒါက နင့်အခန်းထဲရောက်မှ ဆက်ပြောရမယ့် စကားမျိုးလား..."
"ဘယ်နေရာမှာပဲ ပြောပြော လွယ်မှာတော့ မဟုတ်ဘူး..."
သူမက ခပ်တိုးတိုး ရေရွတ်လိုက်သော်လည်း ကန့်ကွက်ခြင်း မရှိခဲ့ပေ။
ကပ်ဆီးယပ်စ်ကို သူ့အတွက် ပြင်ဆင်ထားသည့် အခန်းဆီသို့ ခေါ်ဆောင်သွားပြီး ထိုနေရာတွင် ကုသပေးမည့်သူ တစ်ဦးက ကြိုတင် စောင့်ဆိုင်းနေလေပြီ။ ရန်ဖေးက သူသည် ပို၍ အရေးပေါ် ဒဏ်ရာရထားသူ ဖြစ်ကြောင်း ကြိုတင် အကြောင်းကြားထားခဲ့ပုံ ရသည်။
ယီရင့်၏ အခန်းမှာ အဝတ်ဗီရို တစ်ခု သို့မဟုတ် အကျဉ်းခန်း တစ်ခုနှင့် ပိုတူနေလေသည်။ နံရံဘေးတွင် အနီရောင် ဆေးသုတ်ထားသော ဖျာတစ်ချပ်ကိုသာ ခင်းထားပြီး အပေါ်တွင် စောင်များကို ခေါက်တင်ထား၏။ အဖုံးပါသော အညစ်အကြေးစွန့်သည့် ခွက်တစ်လုံးက အနီးတွင် ရှိနေပြီး ထိုမျှသာ ဖြစ်လေသည်။
ယီရင် အထဲသို့ ဝင်သွားပြီး လမ်းပြသော စကိုင်းဆွန်း ထွက်ခွာသွားသောအခါ လင်းတုန်း အတွက် အတွင်းသို့ ဝင်ရောက်ရန် ခေတ္တမျှ ခက်ခဲနေခဲ့သည်။ လွန်ခဲ့သော တစ်နှစ်ခွဲခန့် အချိန်ကာလအတွင်း သူသည် ကျဉ်းမြောင်းသော နေရာများတွင် အကျဉ်းချခံရမှု များပြားလွန်းခဲ့သည်။ ဝင်ပေါက်ဆို၍ သစ်သားပါးပါးလေးဖြင့် ပြုလုပ်ထားသော လျှောတံခါး တစ်ချပ်သာ ရှိသော်လည်း သူ အထဲသို့ ဝင်သွားလျှင် အပိတ်ခံရမည်ကို အကြောင်းပြချက်မရှိဘဲ ကြောက်ရွံ့နေမိ၏။ ထိုတံခါးကို ကာကွယ်သူ နည်းစနစ် မသုံးဘဲနှင့်ပင် သူ ချိုးဖျက်နိုင်လေသည်။
ယီရင်က တုန့်ဆိုင်းနေသော သူ့ကို တစ်လှည့်၊ တံခါးကို တစ်လှည့် ကြည့်လိုက်သည်။
"နင့်ကို တရားဝင် ဖိတ်စာ ပို့စေချင်တယ်ဆိုရင်တော့ နင့်ဘာသာပဲ ရေးလိုက်ပါ..."
သူမ စာမဖတ်တတ်ကြောင်း ထုတ်ဖော်ပြောပြပြီးကတည်းက ထိုကိစ္စနှင့် ပတ်သက်၍ သူမက နောက်ပြောင်လေ့ ရှိသည်။ ထိုအကြောင်းအရာက သူ့ကို စိတ်မသက်မသာ ဖြစ်လာစေ၏။
နောက်ဆုံးတွင် သူ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အထဲသို့ ဝင်သွားကာ သူ၏ နောက်ကွယ်ရှိ တံခါးကို ပိတ်လိုက်လေသည်။ နံရံအထက်ပိုင်းရှိ ပြတင်းပေါက်ငယ်လေးဆီသို့ သူ၏ အကြည့်ကို စူးစိုက်ထားလိုက်သော်လည်း ၎င်းက အဆောက်အအုံ၏ အခြား ထောင့်ချိုးတစ်ခုကိုသာ မြင်ရစေသည်။ အပြင်ဘက်ကို အာရုံစိုက်ထားခြင်းက အခန်းမည်မျှ ကျဉ်းကျပ်နေသည်ကို မေ့လျော့သွားစေလေသည်။
ယီရင်က သူမ၏ တိမ်တိုက်ပေါ်မှ အိပ်ရာပေါ်သို့ တွားသွားလိုက်ရာ လှုပ်ရှားမှုတိုင်းတွင် မျက်နှာမဲ့ကာ အသံထွက်အောင် နာကျင်နေလေသည်။ သူ ကူညီပေးချင်သော်လည်း သူ၏ ဝမ်းဗိုက်ထဲမှ မအီမသာ ဖြစ်နေသော ခံစားချက်ကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေရဆဲ ဖြစ်၏။
နောက်ဆုံး သူမ နေရာတကျ ဖြစ်သွားသောအခါ အပေါ်သို့ မော့ကြည့်ပြီး စကားစလိုက်သည်။
"ငါ့ရဲ့... ဖိတ်ခေါ်မထားတဲ့ ဧည့်သည် ကို နင် မှတ်မိတယ် မလား..."
"အဲဒါ နင့်ရဲ့ ခါးပတ် မလား..."
လင်းတုန်းက မေးလိုက်သည်။ အရိပ်အမြွက်များနှင့် ကောက်ချက်ချမှုများမှတစ်ဆင့် ထိုအဖြေကို သူ ရရှိခဲ့ခြင်း ဖြစ်သော်လည်း သူမက သူ့ကို တစ်ခါမျှ ထုတ်မပြောခဲ့ဖူးပေ။
သူမက ညည်းသံပြုလိုက်ရာ ၎င်းမှာ ဝန်ခံလိုက်ခြင်းဖြစ်ကြောင်း သူ နားလည်လိုက်သည်။
"တချို့လူတွေက အဲဒါကို သွေးအရိပ် လို့ ခေါ်ကြတယ်..."
ထိုအခိုက်အတန့်တွင် အရာအချို့မှာ လင်းတုန်း အတွက် အဖြေပေါ်သွားခဲ့လေပြီ။ သွေးလူများကို မြင်တွေ့စဉ်က သူမ၏ တုံ့ပြန်မှု၊ သွေးနီလ ဂိုဏ်း မှ သံတမန်က သူမကို တည့်တည့်စိုက်ကြည့်နေခဲ့မှု၊ အီသန် က သူမ၏ ခါးပတ်ကို ချိတ်ပိတ်ခဲ့မှု တို့ပင် ဖြစ်လေသည်။
သူမ၏ ကျောဘက်မှ ထွက်ပေါ်နေသော ငွေရောင် ဓားသွားများထဲမှ တစ်ချောင်းက နံရံကို ဖွဖွလေး စတင်ခေါက်နေလေသည်။ ၎င်းမှာ သူ တွေးတော၍ ပြီးဆုံးမည့်အချိန်ကို စောင့်ဆိုင်းနေစဉ် ပြုလုပ်နေသော အမူအရာတစ်ခုလား၊ သို့မဟုတ် ရွှေအဆင့် သင်္ကေတ က သူမ၏ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းနေခြင်းလား ဟု လင်းတုန်း တွေးတောနေမိ၏။
"ဒါပေမဲ့ သွေးနီလ ဂိုဏ်း အကြောင်းတော့ နင် တစ်ခါမှ မကြားဖူးခဲ့ဘူးလေ..."
သူက ပြောလိုက်သည်။
"အဲဒီနာမည်နဲ့တော့ မဟုတ်ဘူး... တစ်ခါတလေ ကျင့်ကြံသူ တွေက ဒီကပ်ပါးကောင်တွေကို လိုက်ရှာပြီး ဆေးလုံးတွေလို မျိုချတတ်ကြတယ်... ပိုပြီး စွမ်းအားကြီးလာလိမ့်မယ်လို့ မျှော်လင့်ပြီးတော့ပေါ့..."
ထိုအချိန်က ထိုကျင့်ကြံသူများကို အထင်သေးစွာ ကြည့်နေခဲ့သည့်အလား သူမက မဲ့ရွဲ့လိုက်လေသည်။
"ဆယ်ယောက်မှာ တစ်ယောက်လောက်ပဲ အသက်ရှင်ကြတယ်... ဒါပေမဲ့ ကျင့်ကြံသူ တိုင်းက သူတို့ကိုယ်သူတို့တော့ ချွင်းချက်လို့ ထင်နေကြတာ... အခြားလူတွေနဲ့ အဆင်မပြေရင်တောင် သူတို့အတွက်ကျတော့ အဆင်ပြေသွားလိမ့်မယ်ပေါ့... ပြဿနာက အဲဒါက ကိုယ့်ကို အန္တရာယ်ထဲ တွန်းပို့ရုံတင် မကဘူးလေ..."
"နင်ကတော့ အဲဒီလို လုပ်ခဲ့မှာ မဟုတ်ပါဘူး..."
လင်းတုန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ ထိုလုပ်ရပ်မှာ ယီရင် လုပ်မည့်လုပ်ရပ်မျိုးထက် သူသာလျှင် လုပ်ကောင်းလုပ်မိမည့် အရာမျိုးနှင့် ပိုတူနေလေသည်။
အမှန်တကယ်တော့ သွေးအရိပ် တစ်ခုက မည်သို့သော အကျိုးကျေးဇူးများကို အတိအကျ ပေးစွမ်းနိုင်သနည်း ဆိုသည်ကို သူ စတင် တွေးတောနေမိပြီ ဖြစ်၏။ မရဏသည် အမှန်တကယ်ပင် စွမ်းအားကြီးမားခဲ့သော်လည်း သူသည် အဆင့်နိမ့် အရှင်သခင် တစ်ပါး ဖြစ်လေသည်။ သို့မဟုတ် ထိုအရိပ်က သွေးလူများကို ဖန်တီးခွင့် ပေးထားလေသလား။ မဟုတ်သေးပေ... ထိုအရာက အနီရောင်အလင်းတန်း၏ အကျိုးသက်ရောက်မှုတစ်ခုသာ ဖြစ်ပုံရသည်။ သူတို့က ထိုအနီရောင်အလင်းတန်းကို ဖန်တီးနိုင်စွမ်း ရှိလေသလား။
သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု လက်ခနဲ ဖြတ်ပြေးသွား၏။
"နင် စပြီး သင်ယူတတ်လာပြီပဲ... နည်းနည်းလေးပေါ့... ငါက အဲဒါကို သွားရှာခဲ့တာ မဟုတ်ဘူး... အဲဒါက ငါ့ကို လာရှာခဲ့တာ..."
သူမ၏ အပြုံးမှာ ပေါ်လာသကဲ့သို့ပင် မြန်ဆန်စွာ ပျောက်ကွယ်သွားခဲ့သည်။
"မိစ္ဆာ နတ်ဘုရား က သွေးအရိပ် တွေကို တစ်ကြိမ်တည်းနဲ့ အုပ်လိုက် မွေးထုတ်ပေးလိုက်တယ် လို့ပဲ ပြောရမလား... အဲဒီကောင်တွေက ဝိညာဉ်အကြွင်းအကျန် တွေလိုပဲ လျှောက်သွားနေကြပြီး ငတ်မသေခင်မှာ ခိုကပ်စရာ အိမ်ရှင်တစ်ယောက်ကို လိုက်ရှာကြတယ်... သူတို့ လူတစ်ယောက်ကို ရှာတွေ့သွားတဲ့ အခါကျရင် အဲဒီလူဆီကနေ စွမ်းအင်တွေကို ခမ်းခြောက်သွားတဲ့အထိ စုပ်ယူပြီး သွေးဖီးနစ် ဆီကို ပြန်သယ်သွားတတ်ကြတယ်... ဒါပေမဲ့ တစ်ခါတလေကျရင်တော့ အဲဒီကောင်တွေကို ပြန်ပြီး လွှမ်းမိုးထိန်းချုပ်နိုင်တဲ့ သူမျိုးနဲ့ ကြုံရတတ်တယ်..."
***