အခန်း (၃၀၁-၃၀၂)
Vol. 22 Ch. 301-302
အပိုင်း(၃၀၁)
"အဲဒါက နင့်ဆီကို ဘယ်တုန်းက ရောက်လာတာလဲ..."
လင်းတုန်းက သူမနှင့် မျက်နှာချင်းဆိုင်ရန် ဒူးထောက်လိုက်ရင်း မေးလိုက်သည်။
"အဲဒီတုန်းက ငါ အသက် ဘယ်လောက်ရှိပြီလဲ ဆိုတာတော့ သေချာ မမှတ်မိတော့ဘူး... ခုနစ်နှစ်၊ ရှစ်နှစ် လောက်လား မသိပါဘူး... သူတို့က ငါ့ကို ပါရမီရှင်လေး လို့ ခေါ်ခဲ့ကြတယ်..."
သူမက ခါးသီးစွာ ပြုံးလိုက်သည်။
"ငါ့ရဲ့ အနာဂတ်က ဘယ်လောက်တောင် တောက်ပလိမ့်မလဲ ဆိုပြီး မြို့ထဲက လူတိုင်းက ပြောခဲ့ကြတာ... မြို့လေးရဲ့ ကြယ်ပွင့်လေးပေါ့... နောက်ဆုံးကျတော့ အဲဒါကပဲ ငါ့ကို ထင်ပေါ်သွားစေခဲ့တာပဲ... မိစ္ဆာ နတ်ဘုရား ဆီမှာတောင် မျက်စိကျခံရတဲ့ အထိပဲ..."
သူမက အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သဖြင့် မေးခွန်းတစ်ခု မေး၍ လမ်းကြောင်းပေးလိုက်ချင်စိတ်များ ပေါ်ပေါက်လာခဲ့၏။ သို့သော် လင်းတုန်း စပ်စုချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး တိတ်ဆိတ်စွာ ထိုင်လျက်သာ စောင့်ဆိုင်းနေလိုက်သည်။
"အဲဒါ ဘာမှန်း ငါ မသိခဲ့ဘူး... ဒါပေမဲ့ ငါ ပြန်ချခဲ့တယ်..."
နောက်ဆုံးတွင် သူမက စကားပြန်စလာသည်။
"အဲဒါက ငါ့ဆီကို... တိုးဝင်ဖို့ ကြိုးစားနေခဲ့တာ... ငါ့ခန္ဓာကိုယ်ထက် ငါ့ရဲ့ စိတ်ဝိညာဉ် ထဲကိုပေါ့... ငါ့အဖေက အဲဒါကို ဆွဲထုတ်ဖို့ ကြိုးစားတော့ အဲဒီအရာက သူ့ကို ရှပြီး ပြတ်ရှသွားစေတယ်... သူ့ရဲ့သွေးတွေ မြေကြီးပေါ်ကို ကျသွားခဲ့တယ်..."
လင်းတုန်းသည်လည်း လွန်ခဲ့သော နာရီအနည်းငယ်ကမှ သွေးလူများနှင့် တိုက်ခိုက်ခဲ့ရသည် မဟုတ်ပါလော။ ထို့ကြောင့် နောက်ထပ် ဘာဆက်ဖြစ်မည်ကို သူ မြင်ယောင်ကြည့်နိုင်ပြီး သူ၏ ဝမ်းဗိုက်ထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။
"အဲဒီ... အကောင်တွေကို ပေါက်ဖွားလာစေခဲ့တာပေါ့..."
သူ ကြိုတင် ခန့်မှန်းမိပြီးသား ဖြစ်သော်လည်း သူမက ဆက်ပြောလေသည်။
"ခြောက်သွေ့နေတဲ့ သစ်သားတွေကို မီးဟပ်သွားသလိုပဲ တစ်မြို့လုံးကို ဖျက်ဆီးပစ်ခဲ့တယ်... လူတွေအားလုံး သေကုန်ကြတဲ့ အချိန်မှာ ငါကတော့ အဲဒီနေရာမှာ ရပ်ပြီး တောင့်ခံနေခဲ့တာ... အဲဒီအရာကိုသာ ငါ့အထဲ ဝင်ခွင့်ပြုလိုက်ရင် ပိုဆိုးတဲ့ ကိစ္စတွေ ဖြစ်လာမယ်လို့ တွေးမိလို့ ငါ တားဆီးထားခဲ့တယ်... ဆရာ က ငါ့ကို မရှာတွေ့ခင် အချိန်အထိ အဲဒါကို တားဆီးရင်း အဲဒီနေရာမှာ ဘယ်လောက်ကြာအောင် ထိုင်နေခဲ့မိလဲ ဆိုတာ ငါ မသိတော့ဘူး..."
သူမ တစ်ကိုယ်လုံး တုန်ယင်လာခဲ့ပြီ ဖြစ်၏။
သူမ၏ ဒဏ်ရာများကို ပတ်တီးစည်းထားသော်လည်း သေချာစွာ စည်းနှောင်ထားခြင်း မဟုတ်ပေ။ အချို့သော ဒဏ်ရာများမှ သွေးများ ပြန်လည် ထွက်ကျလာသော်လည်း အဝေးဆီသို့သာ ငေးကြည့်နေသော သူမကတော့ ထိုအရာကို သတိမပြုမိခဲ့ချေ။
သူမကို ကူညီနှစ်သိမ့်ပေးရန် လင်းတုန်းတွင် ပြောစရာစကား တစ်ခွန်းမျှ မရှိခဲ့ပေ။ အတိတ်က အနာတရများကို ချန်ရစ်ခဲ့ပြီးပြီ ဖြစ်လေသည်။
သို့သော် ယခင်က သူမ သူ့အတွက် လုပ်ပေးခဲ့ဖူးသည့် အရာတစ်ခုကိုတော့ သူ လုပ်ပေးနိုင်ပေသည်။
သူသည် စကားတစ်ခွန်းမျှ မဆိုဘဲ သူမ၏ဘေးသို့ တိုးထိုင်လိုက်သည်။ သူမ၏ ရွှေအဆင့် သင်္ကေတ က သူ၏ ခေါင်းဘေးဘက်ကို ထိုးမိနေသော်လည်း ယှဉ်လျက် ထိုင်နေလိုက်၏။ သူ၏ လက်ဝါးများတွင် ချွေးများ ပျံနေပြီး သူမအနေဖြင့် နေရခက်ခြင်း သို့မဟုတ် နာကျင်ခြင်းများ ရှိမရှိ သိနိုင်ရန် အကဲခတ်ကြည့်လိုက်သည်။ သို့သော် သူမက သူ့ကို သတိထားမိပုံပင် မပေါ်ဘဲ လွတ်ဟာနေသော အကြည့်များဖြင့် ရှေ့သို့သာ စိုက်ကြည့်နေလေသည်။
သူက သူမ၏ ပခုံးများကို လှမ်း၍ ဖွဖွလေး ဆုပ်ကိုင်ပေးလိုက်သည်။ သူမက ကန့်ကွက်ခြင်း မရှိသောအခါ သူ၏ လက်တစ်ဖက်ဖြင့် သူမကို ဖက်ထားရင်း ထိုနေရာတွင်သာ ထိုင်နေလိုက်၏။ သူမ အနားတွင် တစ်စုံတစ်ယောက် ရှိနေကြောင်းကို သတိရစေရန် ဖြစ်လေသည်။
အထွတ်အမြတ် တောင်ကြား တွင် ရှိစဉ်က အခြေအနေများ အဆိုးရွားဆုံး ဖြစ်နေချိန်တိုင်း သူ လိုချင်ခဲ့သည်မှာ ဤအရာမျိုးသာ ဖြစ်၏။ သူနှင့်အတူ လာထိုင်ပေးပြီး သူနှင့်အတူ အဖော်ရှိနေကြောင်း၊ အရာအားလုံး အဆင်ပြေသွားမည် ဖြစ်ကြောင်း သတိပေးမည့် တစ်စုံတစ်ယောက်ကို သူ လိုအပ်ခဲ့သည်။ တစ်ခါတစ်ရံတွင် သူ၏ အစ်မ သို့မဟုတ် မိဘများက ထိုနေရာကို ဖြည့်ဆည်းပေးခဲ့ကြသည်။ တစ်ခါတစ်ရံတွင်တော့ မဖြည့်ဆည်းပေးနိုင်ခဲ့ကြပေ။ အချို့အချိန်များတွင်မူ သူတို့ကိုယ်တိုင်က ပြဿနာ ဖြစ်နေတတ်ကြသေးသည်။
သို့သော် ယနေ့တွင်တော့ လင်းတုန်း သည် ထိုအရာကို ယီရင် အား ပေးစွမ်းနိုင်ခဲ့လေပြီ။
တစ်မိနစ်၊ နှစ်မိနစ်ခန့် ကြာပြီးနောက်တွင် သူမက သူ့အပေါ်သို့ မှီချလာ၏။
"သူတို့နောက်ကို ငါတို့ လိုက်ရမယ်..."
သူမ၏ အသံတွင် ယုံကြည်မှုများ အပြည့်ပါဝင်နေပြီး နောက်ဆုံးတွင် သူမက ပြောလိုက်သည်။
"သူတို့အားလုံး အဆင့်နိမ့် အရှင်သခင် တွေချည်းတော့ မဖြစ်နိုင်ပါဘူး... အစစ်အမှန် ရွှေအဆင့် အောက်မှာရှိတဲ့ သူတွေကို ငါတို့ တားဆီးနိုင်တယ်လို့ ငါ ပြောရဲတယ်... ဒါမှမဟုတ်လည်း သူတို့ကို ရှင်းပစ်နိုင်မယ့် နည်းလမ်းတစ်ခုခု ငါတို့ ရှာတွေ့နိုင်မှာပါ... အတူတူပေါ့... ငါတို့ သူတို့ကို တားဆီးရမယ်..."
လင်းတုန်း က သူမ၏ မျက်နှာအမူအရာကို မြင်နိုင်ရန် ကိုယ်ကို အနည်းငယ် ခွာလိုက်ပြီး လှည့်ကြည့်လိုက်သည်။
"ဟုတ်တယ်... ငါတို့ တတ်နိုင်သမျှ အကုန် လုပ်သင့်တယ်... ငါတို့ သတိထားဖို့တော့... လိုတယ်..."
သူမက သူ့ဘက်သို့ လှည့်လိုက်ရာ သူမ ပခုံးပေါ်ရှိ ဓားသွားများက ရွေ့လျားသွား၏။ ရှမိမည့် အန္တရာယ်မှ ကင်းဝေးစေရန် သူ၏ လက်ကို ပြန်ရုပ်လိုက်ရလေသည်။
"နင် ငါနဲ့အတူတူ ပါဝင်ပေးမှာ မလား..."
"ဒါပေါ့..."
သူက တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ပြောလိုက်သည်။
"ဒါပေမဲ့ ငါတို့မှာ အစီအစဉ် တစ်ခုတော့ ရှိသင့်တယ်..."
သူမက ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်လုံးများက သူ့အနောက်ဘက်ရှိ နေရာတစ်ခုကို ပြင်းပြစွာ စူးစိုက်ကြည့်နေလေသည်။
"အင်း... အစစ်အမှန် ရွှေအဆင့် တစ်ယောက်ကို ငါတို့ ခြေရာခံရမယ် မလား... အဲဒီနေရာကို ကပ်ဆီးယပ်စ် က ငါတို့ကို ပြောပြနိုင်မှာပါ... သူက မြေပုံပေါ်မှာ ထောက်ပြပေးပြီး ငါတို့က အရိပ်တစ်ခုရဲ့ တီးတိုးသံလိုမျိုး တိတ်တိတ်လေး ခိုးဝင်သွားကြမယ်... အော်သို ကိုပါ ခေါ်သွားနိုင်မယ် ဆိုရင် တိုက်ပွဲက နည်းနည်းတော့ ပိုလွယ်ကူသွားလိမ့်မယ်...”
လင်းတုန်းက လည်ချောင်းဟန့်လိုက်၏။
"အဲဒါက တကယ်ပဲ အလုပ်ဖြစ်နိုင်တယ်... ဒါပေမဲ့ ငါက တခြားနည်းလမ်းတစ်ခု အကြံပြုချင်တယ်... အီသန် ကို ငါတို့ အစစ်အမှန် ရွှေအဆင့် ရောက်အောင် လုပ်ပေးဖို့ တိုက်တွန်းလို့ရတယ်လေ... သူ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ နည်းလမ်းကို သိနေမှာပဲ... နင်ရော အဲဒီလို မထင်ဘူးလား... ဘိုးဘေးလှံ က ကျင်းလုံ ကို အဆင့်မြင့် ရွှေအဆင့် ကနေ အစစ်အမှန် ရွှေအဆင့် ထိ အဲဒီလောက် မြန်မြန် ရောက်သွားစေနိုင်တယ်ဆိုရင် ငါတို့အတွက်လည်း နည်းလမ်းတစ်ခုခုတော့ ရှိရမှာပေါ့..."
သူ၏ လက်တုအသစ်က ထိုပြဿနာအတွက် အတိအကျ ဖြေရှင်းပေးနိုင်မည့် အရာလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သို့ရာတွင် ထို မှော်ပစ္စည်း ကို ဖန်တီး၍ မပြီးမချင်းတော့ မည်သို့မျှ တပ်အပ်မပြောနိုင်သေးပေ။
သူမသည် နောက်သို့ဆုတ်လိုက်ပြီး သူ့ကို တည့်တည့် မျက်နှာမူလိုက်၏။
"နောက်တစ်ဆင့် တက်တဲ့အထိ ငါ့ကို လက်ပိုက်ကြည့်နေစေချင်တာလား... မနက်ဖြန်ကျရင် အီသန် က ငါ့ကို အစစ်အမှန် ရွှေအဆင့် ရောက်အောင် လုပ်ပေးနိုင်မယ်ဆိုရင်တော့ ဟုတ်ပြီ၊ အဲဒါကို ငါ ငြင်းနေမှာ မဟုတ်ဘူး... အဲဒီလောက် မြန်မြန်ဆန်ဆန် မလုပ်နိုင်ဘူး ဆိုရင်တော့ ငါ မစောင့်နိုင်ဘူး... သွေးနီလဂိုဏ်း ကို ဆန့်ကျင်ပြီး ဓားကိုင်တိုက်ခိုက်မယ့် သူမှန်သမျှနဲ့ ငါ လိုက်သွားမှာပဲ..."
"ဒါပေမဲ့ အဲဒါ ဘယ်သူလဲ..."
သူက ပြန်လည် ချေပလိုက်သည်။
"ငါတို့ကို ဘယ်သူက ခေါ်သွားမှာလဲ... ဘယ်သူက ငါတို့ကို အသုံးချနိုင်မှာလဲ... ငါတို့ကရော ဘာလုပ်ပေးနိုင်မှာလဲ... ငါတို့ ဘာလုပ်နိုင်သလဲဆိုတာကို အရင်ဆုံး သိဖို့လိုတယ်... မဟုတ်ရင်..."
"စကိုင်းဆွန်း တွေလေ..."
သူမက လက်ပိုက်လိုက်ရင်း စကားဖြတ်ပြောလိုက်သည်။
"သူတို့က ငါတို့ကို ဝမ်းသာအားရ ခေါ်သွားကြလိမ့်မယ်..."
သူတို့က သူ့ကို ဝမ်းသာအားရ ခေါ်ဆောင်သွားလိမ့်မည်ဟု လင်းတုန်း မယုံကြည်ပေ။ သို့သော် ကြယ်လှည်း မျှော်စင် တွင် သူမြင်တွေ့ခဲ့ရသော အဆောက်အအုံများကြောင့် သူ စိတ်ဝင်စားမိသည်ကိုတော့ ဝန်ခံရမည် ဖြစ်၏။
သို့တိုင်အောင် အီသန်က သူ့ကို အခမဲ့ ပေးမထားသည့် အရာများထဲမှ မည်သည့်အရာများကို စကိုင်းဆွန်း တို့က ပိုင်ဆိုင်ထားသနည်း။
"ဘာကိုမှ အလောတကြီး မဆုံးဖြတ်လိုက်ရအောင်ပါ..."
သူက သင့်မြတ်သော လေသံဖြင့် ပြောလိုက်သည်။
"အနည်းဆုံးတော့ အီသန် ပြန်လာတဲ့အထိ ငါတို့ စောင့်လို့ရသေးတယ်..."
"အီသန်က အခု အပြင်ဘက်မှာ အဆင့်နိမ့် အရှင်သခင် တွေ၊ သံတမန် တွေ၊ ပြီးတော့ တခြား ဘာတွေမှန်းမသိတဲ့ အရာတွေနဲ့ တိုက်ခိုက်နေတာလေ..."
သူမက ပြင်းထန်စွာ ပြောလိုက်သည်။
"သူ ပြန်ရောက်လာတဲ့ အချိန်ကျရင် ငါတို့ အချိန်မီတော့မှာ မဟုတ်ဘူး..."
အစိမ်းရောင် ခေါင်းစွပ်ပါသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် မုတ်ဆိတ်မွေးများနှင့် လူတစ်ယောက်က တံခါးကို တွန်းဖွင့်လိုက်ပြီး အထဲသို့ ခေါင်းပြူကြည့်လိုက်လေသည်။
"ခွင့်ပြုပါ... ကျွန်တော် လူနာကို လာကြည့်တာပါ..."
ယီရင်သည် လင်းတုန်း ကို ဓားသွားကဲ့သို့ စူးရှသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သော်လည်း သက်ပြင်းတစ်ချက် ရှူထုတ်လိုက်၏။
"ငါ ပြောခဲ့တာတွေကို သေချာ ပြန်စဉ်းစားကြည့်ဦး... အဲဒါက နင့်အတွက် ပိုကောင်းမလား ဆိုတာပေါ့... ဒီည ကပ်ဆီးယပ်စ် ဆီ ငါ သွားမယ်... ငါ သဘောကျမယ့် အဖြေမျိုး မကြားရရင်တော့ ငါ ထွက်သွားမှာပဲ... နင် ငါနဲ့ လိုက်ချင်ရင်တော့ တံခါး ဖွင့်ထားတယ်..."
လင်းတုန်းသည် ထွက်ခွာလာပြီးနောက် သူမ၏ စကားများကို စိတ်ထဲတွင် ဆက်လက် တွေးတောနေမိလေသည်။ သူမသည် ဆုံးဖြတ်ချက်တစ်ခုကို အလွန် လောကြီးစွာ ချမှတ်နေ၏။ ဤတိုက်ပွဲကို ကိုယ်ပိုင်ကိစ္စတစ်ခုအဖြစ် ခံယူရန် အကြောင်းပြချက် မရှိပေ။ သွေးနီလ ဂိုဏ်း သည် သူတို့ကို လိုက်လံရှာဖွေနေခြင်း မဟုတ်ချေ။ အနည်းဆုံးတော့ သူတို့၏ ရွေးချယ်စရာများကို ချင့်ချိန်နိုင်သေးပြီး ချက်ချင်းကြီး ဇွတ်ဆင်းလုပ်စရာ မလိုပေ။
မည်သို့ပင် တွေးတောစေကာမူ သွေးနီလ ဂိုဏ်း ၏ နောက်သို့ လိုက်ခြင်းဖြင့် အကျိုးအမြတ် တစ်စုံတစ်ရာ ရရှိစရာ မရှိပေ။ ၎င်းသည် မိုက်မဲသော လုပ်ရပ်တစ်ခုသာ ဖြစ်လိမ့်မည်။
ကပ်ဆီးယပ်စ် က ယီရင် ကို နားချနိုင်ကောင်း နားချနိုင်ပေမည်။
***
အပိုင်း(၃၀၂)
ကပ်ဆီးယပ်စ်သည် ပတ်တီးများ ရစ်ပတ်ထားလျက် သူ၏ဖျာပေါ်တွင် ထိုင်နေသည်။ သူ၏ လက်ကောက်ဝတ်တွင် ဖားတစ်ကောင်၏ လျှာက ကပ်နေ၏။ လင်းတုန်း ၏ လက်ဝါးအရွယ်အစားခန့်ရှိသော အနုစိတ် ထွင်းထုထားသည့် ခုံမြင့်လေးတစ်ခုပေါ်တွင် ဝဖြိုးပြီး သွေးကဲ့သို့ နီရဲနေသော ဖားပြုတ်ကြီး တစ်ကောင် ထိုင်နေလေသည်။ ထိုဖားကြီးသည် လေမှုတ်ထုတ်လိုက်တိုင်း သူ၏ လျှာမှတစ်ဆင့် သွေးများကို စုပ်ယူ ပို့ဆောင်ပေးနေ၏။
ယင်းမှာ လင်းတုန်း မြင်ဖူးသမျှထဲတွင် စိတ်ဝင်စားစရာ အကောင်းဆုံးသော အထွတ်အမြတ် သားရဲ များထဲမှ တစ်ကောင် ဖြစ်လေသည်။ မည်သည့် သွေး လမ်းစဉ် မျိုးက ဤအရာကို ဖန်တီးခဲ့သနည်းဟု သူ တွေးတောချင်စိတ်များကို မထိန်းချုပ်နိုင်ခဲ့ပေ။ ထိုဖားက ကပ်ဆီးယပ်စ် ဆုံးရှုံးသွားသော သွေးများကို တဖြည်းဖြည်း ပြန်လည် ဖြည့်တင်းပေးသွားမည်ဟု ကုသပေးသူက ဆို၏။ ထို့အပြင် သွေးလူထံမှ ကျန်ရှိနေသေးသော လွှမ်းမိုးမှုများကိုလည်း ဖယ်ရှားပေးမည် ဖြစ်သော်လည်း သူက အနားယူရန်တော့ လိုအပ်လေသည်။ ဖြစ်နိုင်ပါက ပြင်းထန်သော လှုပ်ရှားမှုများ သို့မဟုတ် စိတ်ဖိစီးစေမည့် စကားပြောဆိုမှုများကို ရှောင်ကြဉ်သင့်ကြောင်းလည်း မှာကြားသွားခဲ့သည်။
သူတို့က ထိုနောက်ဆုံးအကြံပြုချက်ကို စမ်းသပ်နေကြခြင်းပင် ဖြစ်၏။
"ငါနဲ့ ငါ့ဓားပဲ ရှိတယ်ဆိုရင်တောင် သွေးနီလ ဂိုဏ်း ကို ငါ တိုက်ခိုက်မှာပဲ..."
ယီရင် က လက်ကို ပိုက်လျက် ပြောလိုက်သည်။ လင်းတုန်း ၏ အမြင်တွင်တော့ အနီရောင်ခါးပတ် မပါသော သူမ၏ ပုံစံမှာ ထူးဆန်းနေဆဲ ဖြစ်၏။ ထိုခါးပတ်သည် သူမထံတွင် တောက်ပမှု အရှိဆုံး အရောင်တစ်ခု ဖြစ်ခဲ့သည် မဟုတ်ပါလော။
"ငါက အစစ်အမှန် ရွှေအဆင့် မဟုတ်ရင် သိပ်အဝေးကြီးတော့ သွားနိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့ ငါက ကြေးအဆင့် ပဲ ဖြစ်နေပါစေ သွားမှာပဲ... ငါ့ကို အစစ်အမှန် ရွှေအဆင့် ရောက်အောင် လုပ်ပေးနိုင်ရင်တော့ ငါ့ကို ကူညီရာရောက်တာပေါ့..."
လင်းတုန်းက ထိုအရာကို အခွင့်အရေး တစ်ခုဟု မြင်လေသည်။
"ကျွန်တော်တို့ အစစ်အမှန် ရွှေအဆင့် ကို စောစောရောက်လေ အင်ပါယာ အတွက် စောစော အကျိုးပြုနိုင်လေပဲ... ပြီးတော့ ခင်ဗျားတို့အတွက်လည်း ပိုပြီး အသုံးဝင်လာမှာပေါ့..."
ကပ်ဆီးယပ်စ်က ဖားကို လှမ်းကြည့်လိုက်ပြီး သက်ပြင်းကို ပြင်းပြင်း ရှူလိုက်သည်။
"မင်းတို့ ငါတို့နဲ့ ရှိနေတဲ့ အချိန်အတွင်းမှာ အသုံးပြုခဲ့တဲ့ လေ့ကျင့်ရေး ပစ္စည်းစာရင်း အပြည့်အစုံတော့ ငါ့ဆီမှာ မရှိဘူး... ဒါပေမဲ့ အတော်လေးတော့ များတယ်... မဟူရာ မီးတောက် စမ်းသပ်မှုများ ကို လုပ်ဆောင်ဖို့ချည်းပဲ တစ်နေ့ကို အဆင့်မြင့်ဆုံး မာဒြာပြား နှစ်ပြားစာလောက် ကုန်ကျတယ်... ငါ့ရဲ့ ကိုယ်ပိုင်အချိန်တွေ ပေးရတာကို ထည့်မပြောသေးဘူးနော်... အဲဒါက တခြား ကျောင်းသားတွေ အားလုံးပေါင်းထားတဲ့ လေ့ကျင့်ရေး ကုန်ကျစရိတ်ထက်တောင် ပိုများနေသေးတယ်... ပြီးတော့ ငါတို့ ထောက်ပံ့ပေးထားတဲ့ လေးထောင့် လည်ပတ်ခြင်း ဆေးလုံး တွေလည်း ရှိသေးတယ်... အဲဒီဆေးလုံးတွေရဲ့ တန်ဖိုးနဲ့ဆိုရင် အလုပ်သမား အသစ် ငါးယောက်လောက်တောင် ငှားလို့ရတယ်... ယီရင်... မင်းက ငါတို့ရဲ့ ဓား အော်ရာ ကျင့်ကြံခန်း ကို အများကြီး အသုံးပြုခဲ့တဲ့အတွက် ငါတို့က အော်ရာ ရင်းမြစ် တချို့ကို အသစ်လဲလှယ်ပြီး အစီအရင် တွေကိုတောင် အဆင့်မြှင့်တင်ခဲ့ရသေးတယ်..."
"အဲဒါက မှန်သင့်သလောက်တော့ မှန်ပါတယ်... ဒါပေမဲ့ အဲဒီ ဆုံးဖြတ်ချက် အများစုကို အီသန် က ချမှတ်ခဲ့တာပါ..."
လင်းတုန်း က ထောက်ပြလိုက်သည်။
"သူက ကျွန်တော်တို့ကို ဒီလောက် အကုန်အကျခံရတာ တန်တယ်လို့ တွေးခဲ့တာ အသေအချာပဲ..."
"သူ အဲဒီလို တွေးခဲ့တယ်... အဲဒါကြောင့်ပဲ အီသန် က အဲဒီကုန်ကျစရိတ် အများစုကို သူ့ဘာသာ စိုက်ထုတ်ပေးခဲ့တာပေါ့..."
ကပ်ဆီးယပ်စ် က ပြန်ဖြေလိုက်သည်။
"သူသာ တခြားဘာမှ မလုပ်ဘဲ အချိန်ကုန်ခံမယ်ဆိုရင် တစ်နေ့ကို အဆင့်မြင့်ဆုံး မာဒြာပြား သုံးပြား၊ လေးပြား လောက် ဖန်တီးနိုင်တယ်... ဒါက တကယ့်ကို အံ့ဩစရာကောင်းတဲ့ ကိစ္စပဲ... အဆင့်နိမ့် အရှင်သခင် တော်တော်များများက အဲဒီလို မလုပ်နိုင်ကြဘူး... နောက်ပြီး လူသူကင်းမဲ့တဲ့ တောရိုင်းမြေ ကို သွားပြီး မင်းတို့ကို သွားခေါ်ခဲ့တဲ့ အချိန်တွေ အတွက်ပါ ကုန်ကျစရိတ်တွေ ရှိသေးတယ်... သူ မင်းတို့အတွက် ကုန်ဆုံးခဲ့တဲ့ နေ့ရက်တိုင်းက ဒီမိသားစုအတွက် အတော်လေး များပြားတဲ့ ဝင်ငွေပမာဏကို ဆုံးရှုံးစေခဲ့တာပဲ..."
ယီရင်သည် ထွက်သွားတော့မည့်အလား လှည့်လိုက်လေသည်။
"ငါ ကြားချင်တာတွေ ကြားသွားပြီ... ကျွန်မ လိုက်ရှာရမှာက ရှင်မဟုတ်ဘူး၊ အီသန် ပဲ... သူ တိုက်ပွဲမြေပြင်ကို ရောက်နေပြီလား..."
"အီသန် က အင်ပါယာရဲ့ အမိန့်နဲ့ လျှို့ဝှက် နေရာတစ်ခုကို ပြန်လည် ခေါ်ယူခြင်း ခံထားရတယ်..."
ကပ်ဆီးယပ်စ်က ဖားကို သတိထား၍ ကြည့်ရင်း ပြောလိုက်သည်။ ထိုဖားက အသံတစ်ချက် မြည်လိုက်ပြီး သူ့ကို တင်းမာသော အကြည့်ဖြင့် ကြည့်လိုက်သဖြင့် ကပ်ဆီးယပ်စ် မှာ နံရံကို ပြန်မှီလိုက်ရလေသည်။
"သူ မပြန်လာခင် မင်းတို့ အကူအညီ လိုချင်တယ်ဆိုရင်တော့ မိသားစု စနစ် ကနေတစ်ဆင့် သွားရလိမ့်မယ်..."
"စနစ် ဟုတ်လား..."
လင်းတုန်း က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
"အလုပ်သမားတွေက သူတို့ရဲ့ နေထိုင်စားသောက်စရိတ် အတွက် လစာရကြတာတော့ သေချာတယ်... ဒါပေမဲ့ သူတို့ရဲ့ အလုပ်တာဝန်ထက် ပိုပြီး မိသားစုအတွက် အကျိုးပြုတဲ့ ဘယ်သူမဆို အပိုဆောင်း အရင်းအမြစ် တွေကို ရရှိတယ်... ငါတို့က ငါတို့အတွက် အကျိုးအမြတ် ပေးစွမ်းနိုင်မယ့် သူတွေအပေါ်မှာ ရင်းနှီးမြှုပ်နှံကြတာပဲ..."
"အဲဒီ အကျိုးအမြတ်တွေကို ဘယ်လို တိုင်းတာသလဲ..."
"ငါတို့ရဲ့ အဆောက်အအုံတိုင်းမှာ အသေးစိတ် ရေးဆွဲထားတဲ့ ဇယားတစ်ခု ရှိတယ်..."
ကပ်ဆီးယပ်စ် က ပြောလိုက်ရာ လင်းတုန်း မှာ စိတ်လှုပ်ရှား တက်ကြွသွားလေသည်။ ရှင်းလင်းပြတ်သားသော တာဝန်များနှင့် ဆုလာဘ်များ စာရင်းက အပြစ်ဆိုဖွယ်ရာ မရှိလောက်အောင် ကောင်းမွန်နေသည် မဟုတ်ပါလော။
"အခြေခံအားဖြင့် ပြောရရင် မင်းတို့က မိသားစုအတွက် အလုပ်အကျွေး ပြုနေတယ်ဆိုရင် တတ်နိုင်သမျှ အမြန်ဆုံး အဆင့်တက်လာဖို့ ငါတို့ လိုလားတယ်..."
"အီသန် ဆီကနေ အဲဒီအရာတွေကို အလကား ရနေပြီးသား ဆိုရင်တော့ ဒီစနစ်က အလကားသက်သက် ဟိုပြေးဒီလွှား လုပ်ပေးနေရသလို ဖြစ်နေမှာပေါ့..."
ယီရင် က ပြောလိုက်သည်။
ကပ်ဆီးယပ်စ် က လင်းတုန်း ကို ကြည့်လိုက်သည်။
"မင်း... အထီးကျန်နေခဲ့ရတဲ့ အချိန်တွေတုန်းက ယီရင်က သူ လုပ်ဆောင်ခဲ့တဲ့ တာဝန်တွေအတွက် အာရီလီယပ် မိသားစု ဆီကနေ ဆုလာဘ် တော်တော်များများကို ရရှိခဲ့ပြီးပြီ... လပေါင်းများစွာ စုဆောင်းထားရမယ့် ဓား အော်ရာ တွေ ပါဝင်တဲ့ ဆေးလုံး တစ်စုံရယ်၊ ဓား မာဒြာပြား ငါးထောင်ရယ်၊ အမြင့်ဆုံးအဆင့် ဓား ကျင့်ကြံခန်း ထဲမှာ အချိန်အတော်ကြာ လေ့ကျင့်ခွင့်ရယ်၊ ပြီးတော့ ငါတို့ရဲ့ အတွေ့အကြုံ အများဆုံး ဓား လမ်းစဉ် နည်းပြဆီကနေ သင်တန်းချိန် တွေ ရရှိခဲ့တယ်... အဲဒီနည်းပြဆိုတာက ငါပဲ ဖြစ်နေတယ် ဆိုပေမဲ့ပေါ့လေ..."
လင်းတုန်းက ယီရင် ကို အံ့ဩမှင်တက်စွာဖြင့် ကြည့်လိုက်လေသည်။
"သူ မိသားစုအတွက် ဘာတွေ လုပ်ပေးခဲ့လို့လဲ...”
ယီရင်သည် စိတ်မရှည်စွာဖြင့် သက်ပြင်းချလိုက်၏။
"ဝိညာဉ်အကြွင်းအကျန် တစ်ကောင်ကို သတ်တယ်၊ နောက်ထပ် ဝိညာဉ်အကြွင်းအကျန် တစ်ကောင်ကို ထပ်သတ်တယ်၊ သန့်ရှင်းရေးသမားတွေကို အနှောင့်အယှက်ပေးနေတဲ့ လူတစ်ယောက်ကို နှင်ထုတ်ပေးတယ်၊ ရေဆိုးမြောင်းတွေထဲမှာ ပြေးလွှားနေတဲ့ အိမ်မြှောင်ကြီး တစ်ကောင်ကို တားဆီးပေးတယ်... ဒီထက်လည်း ပိုကောင်း ပိုနိုင်သေးတယ်၊ ငါမသိတော့ဘူး၊ ခေါင်းထဲကနေ ပျောက်ကုန်ပြီ..."
"အဲဒါတွေက ကျွန်တော် လုပ်နိုင်တဲ့ အရာတွေလိုပါပဲလား..."
လင်းတုန်းက စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။
"အဲဒါက အဓိက အချက်ပဲ..."
ကပ်ဆီးယပ်စ်က ပြောလိုက်သည်။ သူ၏ အသံမှာ စိတ်ပျက်နေပုံရ၏။
"အာရီလီယပ် မိသားစု ရဲ့ အလုပ်သမား အများစုက တိုက်ခိုက်ရေးအတွက် မသင့်တော်လို့ ငါတို့နဲ့ လာပူးပေါင်းကြတာပဲ... သူတို့ရဲ့ ပုံမှန် အလုပ်တာဝန်တွေ ထမ်းဆောင်နေချိန်မှာ ပေါ်လာတတ်တဲ့ ပြိုင်ဘက်တွေ ဒါမှမဟုတ် ဝိညာဉ်အကြွင်းအကျန် တွေလို အတားအဆီးမျိုးတွေကနေ သူတို့ကို မင်းတို့က ကာကွယ်ပေးနိုင်ရင် ဆုလာဘ်တွေ ရရှိမှာပဲ... တိုက်ခိုက်တာထက် တခြား ထူးချွန်မှုကို ပြသနိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါသေးတယ်... ဒါပေမဲ့ ဒီကိစ္စကတော့ မင်းတို့ အကျွမ်းကျင်ဆုံး နယ်ပယ် ဖြစ်လိမ့်မယ်လို့ ငါ ထင်တယ်..."
"ဒီလိုမျိုးတွေ ထပ်လုပ်နေဖို့ ငါ့မှာ အချိန်မရှိဘူး..."
ယီရင်က ပြောလိုက်သည်။
"သွေးလူတွေက မြို့တစ်မြို့ကို ဘာတွေ လုပ်နိုင်သလဲ ဆိုတာ ငါ သိတယ်... ငါတို့ ဒီအခန်းထဲမှာ ပိတ်မိနေပြီး စကားထိုင်ပြောနေတဲ့ အချိန်မှာပဲ တစ်ယောက်ယောက်တော့ ဒုက္ခရောက်နေလောက်ပြီ..."
အနီရောင် ဖားကြီးက ကပ်ဆီးယပ်စ်ကို အသံပြုလိုက်ရာ သူက သက်ပြင်းကို ထပ်မံ၍ ပြင်းပြင်းရှူလိုက်ပြန်သည်။
"အဲဒါက အီသန် မင်းတို့ကို ဆက်ဆံတဲ့ ပုံစံကြောင့် ဖြစ်လာတဲ့ ပြဿနာပဲ... မင်းတို့နှစ်ယောက်စလုံးက မင်းတို့ရဲ့ လေ့ကျင့်ရေးအတွက် ကုန်ကျခဲ့တဲ့ စရိတ်စကတွေကို တန်ဖိုးထားရကောင်းမှန်း မသိကြဘူး..."
"ရှင်က အဲဒီလို ထင်နေတာလား... ငါက အရာအားလုံးအတွက် ကိုယ့်ဘာသာကိုယ် ပေးဆပ်ရင်း ကြီးပြင်းလာခဲ့ရတာ..."
ယီရင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
"ကျင့်ကြံခြင်း တွေအတွက် ဘယ်လောက် ပေးဆပ်ရသလဲ ဆိုတာကို ငါ သိဖို့ ငါ့ဆရာ က သေချာ သင်ပေးခဲ့တယ်..."
"ဒါပေမဲ့ မင်းဆရာရဲ့ အချိန်တစ်မိနစ်က အီသန်ရဲ့ တစ်နေ့တာ အချိန်ထက်တောင် ပိုတန်ဖိုးရှိနေသေးတယ်..."
သူမက သူ့ကို မျက်မှောင်ကြုတ်ကြည့်လိုက်၏။
ကပ်ဆီးယပ်စ်က မျက်လုံးများကို မှိတ်လိုက်၏။ သူတို့ ထွက်သွားမည့်အချိန်ကို စောင့်ဆိုင်းနေကြောင်း ထင်ရှားနေလေသည်။
"ငါတို့ရဲ့ တပည့်တွေကို ထောက်ပံ့ပေးသလိုမျိုး မင်းတို့ကိုလည်း ငါ ဝမ်းသာအားရ ထောက်ပံ့ပေးမှာပါ... မင်းတို့ကိုယ်တိုင် ကြိုးစားရယူနိုင်သရွေ့ပေါ့..."
***