← Chapters

အခန်း (၃၀၃-၃၀၄)

Vol. 22 Ch. 303-304

အခန်း (၃၀၃-၃၀၄)

Vol. 22 Ch. 303-304

အပိုင်း(၃၀၃)

"ဒါပါပဲ..."

လင်းတုန်းက ကပ်ဆီးယပ်စ်၏ အခန်းအပြင်ဘက် စင်္ကြံလမ်းပေါ်တွင် ပြောလိုက်သည်။

"သူ့ဆီမှာ ငါတို့ လိုအပ်တာတွေ အကုန်ရှိတယ်... မိသားစု စည်းမျဉ်းတွေကို ငါတို့ သိရရင် အဲဒီစည်းမျဉ်းတွေကနေ ငါတို့အတွက် အကျိုးရှိအောင် လုပ်နိုင်မယ့် နည်းလမ်းတစ်ခုကို ရှာတွေ့မှာ သေချာတယ်..."

"မိသားစုရဲ့ သောက်ရူး စည်းမျဉ်းတွေ ..."

ယီရင်က သူမ၏ ဓားကို ဆုပ်ကိုင်၍ စင်္ကြံလမ်းတစ်လျှောက် ခပ်သွက်သွက် လျှောက်သွားရင်း ပြောလိုက်သည်။

"စကိုင်းဆွန်း တွေက ငါ့ကို တိုက်ခိုက်ခွင့် ပေးလိမ့်မယ်..."

လင်းတုန်းက ခြေလှမ်းများကို ရပ်တန့်လိုက်သဖြင့် သူမက လှည့်ကာ သူ့ကို စိုက်ကြည့်လာစေရန် ဖိအားပေးလိုက်သကဲ့သို့ ဖြစ်သွား၏။

"...ဒါပဲလား..."

သူက မေးလိုက်သည်။

"ဒီလောက်အများကြီး ဖြစ်ခဲ့ပြီးတာတောင် ငါတို့က အာရီလီယပ် မိသားစု ကို စွန့်ခွာသွားတော့မလို့လား..."

စင်္ကြံလမ်းရှိ မှော်သင်္ကေတ မီးလုံးများ၏ ဖြူရော်ရော် အလင်းရောင်အောက်တွင် ယီရင်၏ အမာရွတ်များက ထင်ရှားနေလေသည်။

"နောက်ထပ် မိသားစု တစ်ခုထဲကို ငါတို့ ဝင်မှာမှ မဟုတ်တာ... စကိုင်းဆွန်းတွေက နင့်ကို ကိုယ့်မိသားစုကို စွန့်ပစ်ဖို့ မတောင်းဆိုပါဘူး... ငါတို့က လိမ္မာရေးခြားရှိတဲ့ ကလေးတွေလို အင်ပါယာ ကို အလုပ်အကျွေး ပြုရုံသက်သက်ပဲ... ကဲ သွားကြစို့..."

လင်းတုန်းက နေရာမှ မရွေ့ခဲ့ပေ။

"ငါတို့... အဲဒီလို မလုပ်သင့်ဘူးလို့ ငါ တကယ် ထင်တယ်..."

သူမ၏ ပါးပြင်များ နီမြန်းလာခဲ့၏။

"ငါက တွေးနေရုံသက်သက် မဟုတ်ဘူး... တကယ်ကို လုပ်မှာ... နင် ငါနဲ့အတူ ရှိနေတယ်လို့ ငါ ထင်ခဲ့တာ..."

ဝိညာဉ်အကြွင်းအကျန် တစ်ကောင်က သူ၏ ရင်ဘတ်ထဲသို့ လက်နှိုက်ပြီး ဆုပ်နယ်လိုက်သကဲ့သို့ လင်းတုန်း ခံစားလိုက်ရသော်လည်း တံတွေးကို မျိုချလိုက်လေသည်။

"ငါ ရှိပါတယ်..."

သူက ပြောလိုက်သည်။

"ဒါပေါ့၊ ငါ နင့်ဘေးမှာ ရှိပါတယ်... ဒါပေမဲ့ ငါတို့ ဘာလို့ ဒီလောက် လောကြီးနေရသလဲ ဆိုတာကို ငါ နားမလည်နိုင်လို့ပါ... နင် ငါ့ကို ရက်အနည်းငယ်လောက်ပဲ အချိန်ပေးမယ် ဆိုရင်..."

"ပေးစရာ အချိန် မရှိတော့ဘူး..."

ယီရင်က ပြောပြီးနောက် ဆက်လက်၍ လျှောက်သွားတော့သည်။

လင်းတုန်းသည် သူရှိနေသော နေရာ၌သာ ကျန်ရစ်နေခဲ့လေသည်။

...

ယီရင်သည် ရန်ဖေး နှင့် ပိုင်ရို တို့ စားစရာများ အပြည့်တင်ထားသော စားပွဲပုလေး တစ်လုံးတွင် အလေးအနက် စကားပြောနေကြသည်ကို တွေ့လိုက်ရ၏။ ပိုင်ရို ၏ ဘေးပတ်လည်တွင် ပန်းကန်အလွတ်များ ပုံနေလေသည်။ သူမ အနားသို့ ရောက်သွားချိန်တွင် သူက ကြက်ရိုးတစ်ခုဆီမှ အသားများကို စုပ်ယူ စားသောက်နေ၏။

အာရီလီယပ် မိသားစု မှ ဧည့်သည်များ အနီးတွင် နေထိုင်ရသော်လည်း သူတို့နှစ်ဦးစလုံးမှာ သံချပ်ကာဝတ်စုံ အပြည့်အစုံကို ဝတ်ဆင်ထားကြသည်။ ကလေးထိန်းရသည့် တာဝန်မှ မည်သူကမျှ သူတို့ကို ဖယ်ရှားမပေးသေးပေ။ နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ သူတို့မှာ ဂဏာမငြိမ် ဖြစ်လာကြလေပြီ။

ယီရင်၌ ပြင်ပကမ္ဘာနှင့် ပတ်သက်သော သတင်းအချက်အလက် တစ်စုံတစ်ရာ မရှိခဲ့ပေ။ ၎င်းမှာ သူမအပေါ် ဖိစီးနေသော ဝန်ထုပ်ဝန်ပိုးများထဲမှ တစ်စိတ်တစ်ပိုင်းပင် ဖြစ်၏။ ယခုအချိန်တွင် သွေးနီလ ဂိုဏ်း က ဘာတွေ လုပ်နေမည်နည်း။ သွေးလူများက မြို့မည်မျှကို ဖျက်ဆီးပစ်ခဲ့ပြီနည်း။

ယီရင်က အနီးရှိ စားပွဲတစ်ခုမှ ကုလားထိုင်တစ်လုံးကို ဆွဲယူကာ လှည့်၍ ထိုင်လိုက်ပြီး သူတို့နှင့် ပူးပေါင်းလိုက်လေသည်။ ရန်ဖေး က သဘောကျရမည်လား၊ စိတ်တိုရမည်လားဟု စဉ်းစားနေသည့်အလား သူမကို စိုက်ကြည့်နေ၏။ သို့ရာတွင် ပိုင်ရို ကတော့ ဆက်၍သာ စားသောက်နေလေသည်။

"ရှင်တို့ တပ်သားသစ်တွေ စုဆောင်းနေတယ်လို့ ပြောခဲ့တယ်နော်... အဲဒီတပ်သားသစ်တွေကို ဘာအတွက် လိုအပ်တာလဲ..."

ရန်ဖေးက မျက်မှောင်ကြုတ်လိုက်၏။

"မင်း သူတို့ကို မြင်ဖူးပါတယ်... သွေးနီလ ဂိုဏ်း က အင်ပါယာ ရဲ့ တောင်ပိုင်းကို ဒီရေလှိုင်းကြီးလို ရိုက်ခတ် ဖုံးလွှမ်းနေပြီလေ... တောင်ဘက် နယ်စပ်က မြို့သုံးမြို့နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီ... မြောက်ဘက် မိုင်တစ်ရာ အကွာလောက်မှာလည်း သွေးလူတွေကို မြင်တွေ့ရတယ်လို့ အတည်ပြုထားတယ်... နေရာအနှံ့က လူတွေ စတင်ပြီး ထိတ်လန့်တုန်လှုပ်နေကြပြီ၊ အဲဒီလိုအချိန်မျိုးမှာ စည်းကမ်းသေဝပ်မှု လိုအပ်လာတာပဲ... ငါတို့ဆီမှာ လက်ရှိရှိနေတဲ့ စကိုင်းဆွန်း အရေအတွက်ထက် ငါးဆလောက် ပိုများနေရင်တောင် လုံလောက်မှာ မဟုတ်ဘူး..."

"ငါတို့ကတော့ ဒီမှာ..."

ပိုင်ရို က အစားစားနေရင်း ကြားဖြတ် ပြောလိုက်သည်။

"ထိုင်စောင့်နေရတယ်..."

"ရှင်တို့က သွေးလူတွေကိုရော သွေးနီလ ဂိုဏ်း ကိုပါ တိုက်ခိုက်နေတာလား..."

"ဒါပေါ့... ငါတို့က အချိန်တွေကို ဘယ်လိုများ အသုံးချနေတယ်လို့ ထင်နေလို့လဲ..."

ပိုင်ရို က အစားအစာများကို မျိုချလိုက်၏။

"ဒီမှာ ပိတ်မိမနေတဲ့ အချိန်တွေမှာပေါ့လေ..."

ယီရင်က ခပ်သွက်သွက် ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပြီလေ... ကျွန်မ ပါဝင်မယ်..."

ရန်ဖေး နှင့် ပိုင်ရို တို့က အချင်းချင်း အကဲခတ်ကြည့်လိုက်ကြ၏။ ထို့နောက် ယီရင်သည် သူမ၏ စိတ်ဝိညာဉ် ကို လာရောက် ပွတ်တိုက်သွားသော စွမ်းအင်တစ်ခု၏ တီးတိုးသံကို ခံစားလိုက်ရသည်။ သူမ အစစ်ဆေး ခံလိုက်ရခြင်းပင် ဖြစ်လေသည်။

"ပုံမှန်အားဖြင့် ငါတို့က သတ်ဖြတ်ခြင်း လမ်းစဉ် တွေကို လိုက်တဲ့သူတွေကို လက်မခံဘူး..."

ရန်ဖေး က ပြောလိုက်ရာ ယီရင် မှာ စိတ်ထဲမှနေ၍ သက်သာရာရစွာ သက်ပြင်းချလိုက်မိ၏။ စကိုင်းဆွန်းတို့သည် အတွင်းရှိ သွေးအရိပ် ၏ တည်ရှိမှုကို အာရုံခံမိခဲ့သော်လည်း ၎င်းကို ယီရင် ၏ စွမ်းအား တစ်စိတ်တစ်ပိုင်းအဖြစ်သာ မှတ်ယူသွားခဲ့ကြသည်။

သွေး နှင့် ဓား လမ်းစဉ် များကို လိုက်နာသော ကျင့်ကြံသူ များသည် လူကြိုက်များသော သူများ မဟုတ်ကြပေ။ သူတို့သည် ကျင့်ကြံရန် သက်သက်အတွက် တွေ့ရာလူကို သတ်ဖြတ်တတ်ကြောင်း နာမည်ကြီးလေသည်။ ထို့ကြောင့်ပင် သူတို့ကို "သတ်ဖြတ်ခြင်း လမ်းစဉ် များ" ဟူသော နာမည်ပြောင် ပေးထားကြခြင်း ဖြစ်၏။ ယီရင် အနေဖြင့် အခြားသော အမည်နာမများကိုလည်း ကြားဖူးထားခဲ့သည်။

"...ဒါပေမဲ့ မင်းက အဆင့်မြင့် ရွှေအဆင့် တစ်ယောက် ဖြစ်နေတယ်..."

ရန်ဖေး က ဆက်ပြောသည်။

"အရေးပေါ် အခြေအနေနဲ့ ရင်ဆိုင်နေရချိန်မှာ စိတ်အားထက်သန်နေတဲ့ အဆင့်မြင့် ရွှေအဆင့် တွေကို ငြင်းပယ်လေ့ မရှိဘူး... ဒါပေမဲ့ မင်းရဲ့ အဆင့်သတ်မှတ်ချက်ကိုတော့ ငါတို့ စစ်ဆေးရလိမ့်မယ်... ပြီးတော့ တခြားသူတွေလိုပဲ အရည်အချင်းစစ် လုပ်ငန်းစဉ်တွေကို မင်း ဖြတ်ကျော်ရဦးမှာပဲ..."

ယီရင် အတွက် ထိုကိစ္စက ပြဿနာ မဟုတ်ချေ။ သူမသည် စမ်းသပ်မှုများကို တစ်ခါမျှ ကြောက်ရွံ့ခဲ့ဖူးသူ မဟုတ်ပေ။

...

တရားဝင် သတင်းများအရ အီသန် သည် မြို့တော်သို့ သွားရာလမ်း၌ ကိုယ်ပိုင် တိမ်တိုက်သင်္ဘော တစ်စင်းပေါ်တွင် ရှိနေလေသည်။

တိမ်တိုက်သင်္ဘောသည် ထိုနေ့နံနက်က မုန်တိုင်းကျောက်ဆောင် မြို့မှ ထွက်ခွာသွားခဲ့ပြီး မြို့၏ မှတ်တမ်းများတွင်လည်း သူ သင်္ဘောပေါ်တွင် ပါသွားကြောင်း ဖော်ပြထား၏။ သာမန် ရွှေအဆင့် တစ်ယောက်အဖြစ် ထင်မှတ်ရစေရန် ခေါင်းစွပ်ဝတ်ရုံ အောက်မှနေ၍ သူ၏ အမြုတေ ကို ဖုံးကွယ်ထားကာ သူကိုယ်တိုင်ပင် ထိုသင်္ဘောကြီးကို နှုတ်ဆက် လက်ပြနေခဲ့လေသည်။

အင်ပါယာက သူ့ကို လာရောက်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

နာရူ ကလန် ၏ ခေါင်းဆောင်ကြီး နှင့် မဟူရာ မီးတောက် အင်ပါယာ ၏ တစ်ဦးတည်းသော အကြီးအကဲ ဖြစ်သူ နာရူဟွမ်သည် တောင်ပိုင်း ကာကွယ်ရေး တပ်ဖွဲ့များထံသို့ တရားဝင် နယ်လှည့် ခရီးထွက်နေလေသည်။ သူကိုယ်တိုင် ဤအကြပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနေခြင်း ဖြစ်၏။

လက်တွေ့တွင်မူ ထိုအချက်သည် မှန်ကန်လုနီးပါး ရှိလေသည်။ သို့သော် သူက အများပြည်သူများ ယုံကြည်ထားသည်ထက် အနည်းငယ် ပို၍... တိုက်ရိုက်ကျကျ လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။

သူသည် မုန်တိုင်းကျောက်ဆောင် မြို့လယ်ရှိ ကြယ်လှည်း မျှော်စင် ၏ အထွတ်၌ စောင့်ဆိုင်းနေခဲ့၏။ အီသန် ဝင်ရောက်လာချိန်တွင် အင်ပါယာသည် ကျောခိုင်းထားပြီး အတောင်ပံများကို ဖြန့်ကားထားကာ ကြီးမားကျယ်ပြန့်သော ပြတင်းပေါက်များမှတစ်ဆင့် မြို့တော်ကြီးကို အပေါ်စီးမှ ကြည့်ရှုနေလေသည်။ ထိုနေရာမှနေ၍ မုန်တိုင်းကျောက်ဆောင် မြို့ တစ်ခုလုံးကို ထောက်ပံ့ပေးထားသော အစိမ်းရောင် တိမ်တိုက်ကြီး၏ အစွန်းကို သူတို့ မြင်တွေ့နိုင်လေသည်။ သူတို့၏ အောက်ဘက်တွင်တော့ မှုန်ဝါးဝါး အနီရောင် အလင်းတန်း တွေဖြင့် ပြည့်နေသော အမိုးခုံးတစ်ခု ရှိနေလေသည်။

အီသန် သည် နောက်ဆုံးမှ ရောက်ရှိလာသူ ဖြစ်လေသည်။

အခြားသော အဆင့်နိမ့် အရှင်သခင် များမှာ ထိုနေရာသို့ ရောက်ရှိနေကြလေပြီ။

အခန်း၏ အလယ်ဗဟို၌ သစ်သီးများနှင့် သောက်စရာများ အပြည့်တင်ထားသော စားပွဲတစ်လုံး ရှိသော်လည်း မည်သူကမျှ ထိုင်မနေကြပေ။ အခန်းတွင်းရှိ လူအများစုမှာ ဆွေမျိုးတော်စပ်ကြသော်လည်း အမျိုးသား၊ အမျိုးသမီးတိုင်းမှာ ကျွန်းတစ်ကျွန်းသဖွယ် တစ်ဦးစီ သီးခြား ရပ်နေကြလေသည်။ အင်ပါယာ ၏ အနီး ခပ်လှမ်းလှမ်းတွင် အနုစိတ် မွမ်းမံထားသော ရွှေရောင် ထိန်းချုပ်ရေးခုံ တစ်ခု ရှိနေသော်လည်း ၎င်းကို မည်သူကမျှ ထိန်းချုပ်မနေပေ။ ၎င်း၏ အစီအရင် စက်ဝိုင်းများမှာ မှောင်မိုက်နေပြီး မြို့တော်ကြီးမှာလည်း ငြိမ်သက်နေလေသည်။

အီသန် က အစားအစာများရှိရာသို့ လျှောက်သွားနေစဉ်မှာပင် အင်ပါယာက စကားပြောလိုက်သည်။

"အရေးကြီးဆုံး တာဝန်တွေမှာ ငါတို့ကို အလုပ်အကျွေးပြုဖို့ မင်းတို့ကို ငါတို့ ရွေးချယ်လိုက်တယ်... ကျန်တဲ့သူတွေကိုတော့ နောက်မှပဲ ဆက်ရှင်းမယ်... ဒါပေမဲ့ မင်းတို့က အင်ပါယာ ကို အမှန်တကယ် ကာကွယ်ပေးရမယ့် သူတွေပဲ..."

နာရူဟွမ်သည် လှည့်လိုက်ပြီး ပို၍ ထင်ပေါ်ခမ်းနားသွားစေရန် တောက်ပနေသော သူ၏ မြစိမ်းရောင် အတောင်ပံကြီးများကို ဖြန့်ကားလိုက်၏။ အုတ်ခဲတစ်ချပ်ကဲ့သို့ ခိုင်မာသော မေးရိုး၊ ဓားသွားများကဲ့သို့ စူးရှသော မျက်လုံးများဖြင့် သူသည် သူရဲကောင်းတစ်ဦး၏ အသွင်အပြင်မျိုး ရှိလေသည်။ သူ၏ တော်ဝင်ဝတ်ရုံက သူ၏ တောင့်တင်းထွားကျိုင်းသော ခန္ဓာကိုယ်ကို ဖုံးကွယ်မထားနိုင်ဘဲ ထိုဝတ်စုံမှာ ၎င်း၏ ကိုယ်ပိုင်ဟန်ဖြင့်ပင် များစွာ ခမ်းနားထည်ဝါနေသည်။ သူ၏ ဝတ်ရုံပေါ်တွင် အစိမ်းရောင် နဂါးတစ်ကောင်နှင့် အပြာရောင် နဂါးတစ်ကောင်တို့ ရစ်ခွေနေကြပြီး အေးမြသော အရောင်များက သူ၏ အတောင်ပံများနှင့် လိုက်ဖက်ညီနေကာ သူ၏ ဆံပင်များကိုတော့ ကျောက်စိမ်း ဆံထိုး တစ်ခုဖြင့် ထုံးဖွဲ့ တပ်ဆင်ထားလေသည်။

အီသန်က ပေါက်စီ တစ်လုံးကို ကိုက်စားလိုက်ရင်း ထိုတင်ဆက်မှုအပေါ် ခေါင်းညိတ် ထောက်ခံလိုက်သည်။ နာရူဟွမ် သည် ပရိသတ်ကို ဖမ်းစားရာတွင် ဆရာတစ်ဆူ မဟုတ်သော်လည်း သူ၏ တည်ရှိမှုက ဩဇာတိက္ကမ ရှိပြီး ကိုယ်ရည်ကိုယ်သွေးနှင့် စတိုင်ကျမှုတို့ ရှိနေလေသည်။

***

အပိုင်း(၃၀၄)

အီသန် အပါအဝင် စားပွဲပတ်လည်တွင် အခြားလူ ခုနစ်ဦး ရှိလေသည်။ သူတို့မှာ မဟူရာ မီးတောက် အင်ပါယာ အတွင်းရှိ ထိပ်တန်း အဆင့်နိမ့် အရှင်သခင် ခုနစ်ပါးပင် ဖြစ်၏။ လွန်ခဲ့သော လအနည်းငယ်ကမှ အီသန်သည် အဆင့် ဆယ့်တစ် နေရာတွင်သာ သတ်မှတ်ခံခဲ့ရသော်လည်း ကျင်းတိုင်ရှိုး နှင့် ထိပ်တိုက်ရင်ဆိုင်မှုများက သူ့ကို အဆင့်အနည်းငယ် မြင့်တက်သွားစေခဲ့သည်။

သူသာ ဖိတ်ကြားမခံရလျှင် ဤအစည်းအဝေးကို ခိုးနားထောင်ရန် လုပ်ရပေလိမ့်မည်။ ထိုသို့လုပ်ခြင်းက ရိုင်းပျရာလည်း ကျပေမည်။ ထို့အပြင် သူသာ အခန်းထဲတွင် မရှိနေပါက သူ၏ ကိုယ်ပိုင် အစီအစဉ်များကို ရှေ့ဆက်ရန် များစွာ ပို၍ ခက်ခဲသွားမည် ဖြစ်လေသည်။

"ဒါက ငါတို့ထဲက တစ်ယောက်ရဲ့ သစ္စာဖောက်မှုကလွဲပြီး တခြား ဘာမှ မဟုတ်ဘူး..."

အင်ပါယာက သူတို့ တစ်ဦးချင်းစီကို စူးရှသော အကြည့်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

"သူက တစ်ကိုယ်ကောင်းဆန်တဲ့ လောဘကြောင့် ငါတို့နိုင်ငံရဲ့ တည်ရှိမှု တစ်ခုလုံးကို အန္တရာယ်ထဲ တွန်းပို့ခဲ့တယ်..."

အင်ပါယာ၏ မျက်လုံးများ အီသန် အပေါ်သို့ ကျရောက်လာသော အခါ သူက တစ်ဝက်တစ်ပျက် စားလက်စ ပေါက်စီကို မြှောက်ကာ အလေးပြုလိုက်ရာ နာရူဟွမ် ၏ မျက်ခွံများ ခေတ္တမျှ တွန့်ခနဲ ဖြစ်သွားသည်ကို သူ ဖမ်းမိလိုက်လေသည်။

အင်ပါယာက အကြည့်လွှဲလိုက်ရင်း ညာဘက်လက်ဖြင့် ပြတ်သားသော အမူအရာတစ်ခုကို ပြုလုပ်လိုက်၏။ လေ အော်ရာ များ လှိုင်းထသွားပြီး လေဖိအားအခံတစ်ခုပေါ်တွင် သေတ္တာတစ်လုံး ပေါလောပေါ်လာလေသည်။ ၎င်းကို အစီအရင် စက်ဝိုင်းများ အထပ်ထပ်ဖြင့် ချိတ်ပိတ်ထားပြီး အင်ပါယာ ကိုယ်တိုင်ပင်လျှင် ဖွင့်ရန်အတွက် ကွဲပြားသော သော့သုံးချောင်းကို အသုံးပြုခဲ့ရသည်။

ခမ်းနားသော အခမ်းအနားတစ်ခုကဲ့သို့ပင် သူက သေတ္တာကို သူတို့ဘက်သို့ လှည့်ကာ အဖုံးကို မတင်လိုက်လေသည်။

ဖုံခင်းတစ်ခုပေါ်တွင် ရှိနေသော အာ့ချ်ကျောက်တုံး ကို မြင်လိုက်ရသောအခါ အခြားသူများထဲမှ အချို့မှာ အသက်ရှူမှားသွားကြပြီး အချို့မှာ တီးတိုးရေရွတ်လိုက်ကြ၏။ ၎င်း၏ အတွင်းမှ မှေးမှိန်သော အလင်းရောင်များက လှုပ်ရှားနေသကဲ့သို့ လှည့်ပတ်နေပြီး ထိုမျှ အဝေးမှနေ၍ပင် ၎င်း၏ ဆာလောင်မွတ်သိပ်မှုက သူတို့၏ စိတ်ဝိညာဉ် များကို ဆွဲငင်နေကြောင်း အီသန် အာရုံခံမိလေသည်။

တစ်စက္ကန့်၊ နှစ်စက္ကန့်ခန့် အကြာတွင်ပင် အင်ပါယာ က အဖုံးကို ပိတ်ချလိုက်သည်။ ၎င်း၏ မှော်သင်္ကေတ များ တောက်ပလာပြီး ၎င်း၏ စွမ်းအားများကို နောက်တစ်ဖန် ပြန်လည် ချိတ်ပိတ်သွားလေသည်။

"နဂါး မှတ်တမ်းတွေ ထဲမှာ ဖော်ပြထားတဲ့ အာ့ချ်ကျောက်တုံး ပဲ... အဲဒါကို အနောက်ဘက် ဝင်္ကပါ ရဲ့ အနက်ရှိုင်းဆုံး နေရာမှာ ချိတ်ပိတ်ထားခဲ့တာ၊ ကျင်းတိုင်ရှိုး က အဲဒီကနေ သွားယူလာခဲ့တာပဲ..."

အင်ပါယာက သူ၏ ဦးလေးတော်စပ်သူဘက်သို့ ခေါင်းညွတ်ပြလိုက်ရာ နာရူကွေ့ က ရှေ့သို့ ထွက်လာခဲ့၏။ အင်ပါယာ အတွင်း ဒုတိယ အဆင့်ရှိသော အဆင့်နိမ့် အရှင်သခင် သည် အမြန်ဆုံး ထွက်ခွာသွားနိုင်ရန် မျှော်လင့်နေသည့်အလား သူ၏နေရာကို တံခါးအနီးတွင် ယူထားလေသည်။ သူ၏ ဆံပင်များမှာ ယခင်ကထက်ပင် ပို၍ ရှုပ်ပွညစ်ပတ်နေပြီး ယခုတစ်ကြိမ်တွင် စိုစွတ်နေပုံပင်ရ၏။

သူသည် တစ်ပိုင်းတစ်စ ပျက်စီးနေသော စကိုင်းဆွန်း သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်သော်လည်း ဤတစ်ကြိမ်တွင်တော့ သူ၏ ဓားကို ယူဆောင်လာခဲ့ခြင်း မရှိပေ။ ဌာနချုပ် အလယ်ဗဟိုတွင် ရောက်နေသဖြင့် လုံခြုံသည်ဟု ခံစားရ၍လည်း ဖြစ်နိုင်လေသည်။ သူသည် အတောင်ပံများကိုလည်း ရုပ်သိမ်းထားသဖြင့် နာရူ ကလန် ၏ အကြီးအကဲများထဲမှ တစ်ဦးဖြစ်ကြောင်း မှတ်သားစရာ ဘာတစ်ခုမျှ မရှိချေ။

"ကျင်း ကလန် ရဲ့ အဆင့်နိမ့် အရှင်သခင် က သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ရန်ငြိုးကို ဖြေရှင်းနိုင်မယ့် လက်နက်တစ်ခု ရယူဖို့ အနောက်ဘက် ဝင်္ကပါ ထဲကို ဝင်ရောက်ခဲ့တယ်လို့ ငါတို့ ယုံကြည်တယ်..."

နာရူကွေ့ က ပျင်းစရာကောင်းသော ကျောင်းသုံးစာအုပ် တစ်အုပ်ကို ဖတ်ပြနေသည့်အလား ရွတ်ဆိုပြလေသည်။

"အဲဒီ ချိတ်ပိတ်မှုက ဘယ်လောက်ကြာကြာ ပွင့်သွားခဲ့သလဲ ဆိုတာကိုတော့ ငါတို့ အတည်မပြုနိုင်ဘူး... ဒါပေမဲ့ အဲဒီအချိန်က သွေးဖီးနစ် ကို သတိပေးဖို့တော့ လုံလောက်ခဲ့တယ်..."

သူတို့အားလုံး ထိုအကြောင်းကို အတော်လေး သိရှိထားပြီး ဖြစ်သော်လည်း အခန်းတွင်း၌ နောက်ထပ် တီးတိုးရေရွတ်သံများ ထွက်ပေါ်လာပြန်သည်။

အင်ပါယာ ၏ ညီမဖြစ်သူမှာ သူမ၏ ခွန်အားကို ထိန်းချုပ်မှု လွတ်ကင်းသွားသဖြင့် စားပွဲအစွန်းမှ အက်ကွဲသံ တစ်ချက် ထွက်ပေါ်လာလေသည်။

"သွေးနီလ ဂိုဏ်း ရဲ့ လှုပ်ရှားမှုတွေနဲ့ ဖီးနစ် ရဲ့ လွှမ်းမိုးမှုတွေအရ ဒီတစ်ကြိမ်မှာ အဲဒါက ငါတို့ရဲ့ တောင်ဘက် နယ်စပ်ကနေ မိုင်အနည်းငယ် အကွာလောက်မှာပဲ အသိုက်ဖွဲ့ထားတယ်လို့ ငါတို့ ယုံကြည်တယ်... ငါတို့ရဲ့ အိပ်မက်ဖတ်သူတွေရဲ့ အဆိုအရဆိုရင် အဲဒါကြီး အပြည့်အဝ သတိရလာပြီး လှုပ်ရှားနိုင်တဲ့ အချိန်အထိ ငါတို့မှာ ရက်သတ္တပတ်တွေ ဒါမှမဟုတ် လချီပြီး အချိန်ရနိုင်သေးတယ်...”

"သွေးနီလ ဂိုဏ်း ကို တားဆီးဖို့ စကိုင်းဆွန်း တွေ လုံလောက်ပါ့မလား..."

အစားအစာများကို ပါးစပ်အပြည့် ငုံထားလျက် အီသန် က မေးလိုက်သည်။ ဤနေရာတွင် သူ ပရိယာယ် သုံးနေရန် မလိုအပ်ပေ။ အခြားသူများထဲမှ အနည်းငယ်ကသာ သူ့ကို အရေးပါသူဟု သတ်မှတ်ထားကြပြီး သူဘာလုပ်နေသည်ကို ဂရုစိုက်ကြ၏။ ဂရုစိုက်သော သူများကလည်း သူ့ကို တားဆီးကြမည် မဟုတ်ချေ။

နာရူကွေ့ က သူ့ကို လှမ်းကြည့်လိုက်သည်။ သို့သော် သူ၏ အသက်ကင်းမဲ့နေသော မျက်နှာကြောင့် ထိုအကြည့်က သိပ်ပြီး ထိရောက်မှု မရှိခဲ့ပေ။ ထိုမျက်နှာအမူအရာက ဘာကို ဆိုလိုချင်မှန်း အီသန် တိတိကျကျ မသိခဲ့ချေ။

"ငါတို့က အင်ပါယာ ကို ဂုဏ်သိက္ခာရှိရှိ အလုပ်အကျွေး ပြုမှာပါ..."

နာရူကွေ့ က သူ၏ ဘယ်ဘက်ပါးပြင်ပေါ်ရှိ မီးလောင်ဖေး အမာရွတ်များကို လက်ချောင်းများဖြင့် ပွတ်သပ်ရင်း ပြောလိုက်သည်။

"ပြီးတော့ အခုလည်း ငါတို့ တပ်သားသစ်တွေ စုဆောင်းနေပါတယ်... ဒါပေမဲ့ တကယ့် တိုက်ပွဲကြီးကို ငါတို့ အာရုံစိုက်နေချိန်မှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားနိုင်ဖို့ အတွက်ကိုပဲ လျှောက်ထားသူ တတ်နိုင်သမျှ အများကြီး ငါတို့ အသုံးချနိုင်ပါတယ်..."

အီသန်က စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး ဖန်ခွက်ဖြင့် ထည့်ထားသော မီးတောက်ရေ ကို တစ်ငုံ သောက်လိုက်၏။ ၎င်းမှာ အရှေ့ဘက် အရပ်တွင် နာမည်ကြီးသော သောက်စရာတစ်ခု ဖြစ်ပြီး ထိုဆန်းသစ်မှုကို သူ သဘောကျလေသည်။ သူ သောက်လိုက်သည့် တစ်ငုံချင်းစီက သူ၏ ပါးစပ်ထဲတွင် မီးလောင်နေသကဲ့သို့ ခံစားရစေသော်လည်း အမှန်တကယ် နာကျင်မှုတော့ မရှိခဲ့ပေ။ ၎င်းတွင် ဝိညာဉ် သစ်သီးများ နှင့် အိပ်မက် အော်ရာ တို့ကို ပေါင်းစပ် ထည့်သွင်းထားသည်ဟု သူ ကြားဖူးထား၏။ အချို့သော လမ်းစဉ် များက ၎င်းကို ကျင့်ကြံခြင်း အတွက် အလွန် တန်ဖိုးရှိသည်ဟု သတ်မှတ်ကြလေသည်။

နာရူဟွမ်က အဆင့်သုံး နေရာရှိ အဆင့်နိမ့် အရှင်သခင် ထံသို့ သူ၏ အင်ပါယာ အကြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်။

"အဆင့်နိမ့် အရှင်သခင် ကိုတိုင်... ငါတို့ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မင်းရဲ့ သုံးသပ်ချက်က ဘယ်လိုရှိသလဲ..."

ကိုတိုင်ရှိုးသည် စားပွဲဆီသို့ လျှောက်လာပြီး သူ၏ လက်သီးနှစ်ဖက်ကို ပူးကာ အလေးပြုလိုက်၏။ သူ၏ လက်သီးတစ်ဖက်မှာ အခြားတစ်ဖက်ထက် ငါးဆခန့် ပို၍ ကြီးမားနေလေသည်။ ထို့နောက် သတင်းပို့ရန်အတွက် လက်နှစ်ဖက်ကို ဘေးတွင်ချကာ မတ်မတ် ရပ်လိုက်သည်။

ရှိုး သည် နားရွက်တစ်ဖက်စီ၏ အရှေ့တွင် တွဲလောင်းကျနေသော မီးခိုးရောင် ဆံပင်ကျစ်ဆံမြီးများမှလွဲ၍ ခေါင်းတုံးတုံးထားသော ဆံပင်ဖြူနေသည့် ပင်လယ်ကပ္ပတိန်အိုကြီး တစ်ဦး ဖြစ်လေသည်။ သူ၏ အသားအရေမှာ မုန်တိုင်းကဲ့သို့ မည်းမှောင်နေပြီး ကလေးဘဝက တိုက်ပွဲတစ်ခုတွင် သူ၏ ဘယ်ဘက်လက် ဆုံးရှုံးခဲ့ရကာ ဧရာမ ကျောက်သား မာဒြာ ဝိညာဉ်အကြွင်းအကျန် တစ်ကောင်၏ ခြေလက်ဖြင့် အစားထိုးထားခဲ့ခြင်း ဖြစ်၏။

"ငါတို့မှာ ပြဿနာ သုံးခု ရှိတယ်..."

သူက ကြမ်းတမ်းစွာ ပြောလိုက်သည်။

"သွေးလူတွေက ပထမဆုံး ပြဿနာပဲ... သူတို့က ဖီးနစ် ရဲ့ စွမ်းအား တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့အတွက် အသိုက် ပတ်လည်က အနီရောင် ဇုန် အတွင်းမှာပဲ ပေါ်လာမှာပါ... ဒါပေမဲ့ မိစ္ဆာ နတ်ဘုရား နိုးလာတာနဲ့အမျှ သူတို့က ပိုပြီး ပျံ့နှံ့လာလိမ့်မယ်... နောက်ဆုံး မိုင်တစ်ရာ အတွင်းမှာရှိတဲ့ သွေးတစ်စက်ချင်းစီကနေ မိစ္ဆာကောင်တွေ ပေါက်ဖွားလာတဲ့ အထိပဲ... ဒါကိုက ဒေသတစ်ခုလုံးရဲ့ အရေးပေါ် အခြေအနေလို့ ငါ ခေါ်ဆိုရလိမ့်မယ်..."

"ဒုတိယ အချက်က သွေးနီလ ဂိုဏ်း ပဲ... သူတို့ဆီမှာ အဆင့်နှစ်ဆင့် ရှိတယ်... လက်အောက်ခံ တွေက သူတို့ရဲ့ သွေးအရိပ် တွေကို ထိန်းချုပ်ခွင့် ပေးလိုက်တဲ့ သူတွေပဲ... သူတို့ကိုတော့ ထိန်းချုပ်နိုင်ပါတယ်... သူတို့လိုချင်ရင် သွေးလူတွေကို မွေးမြူနိုင်တယ်၊ ဒါပေမဲ့ သူတို့က အစကတည်းက လွှမ်းမိုးခံလိုက်ရလောက်အောင် အသိဉာဏ်ကင်းမဲ့ပြီး အားနည်းကြတယ်လေ... သူတို့ကို ငါတို့ ဖြေရှင်းနိုင်ပါတယ်... ပြီးတော့ သူတို့က ဖီးနစ် ကိုယ်တိုင် ဒါမှမဟုတ် သံတမန် တွေရဲ့ အနားမှာပဲ ရှိနေကြမှာပါ..."

သူ၏ မီးခိုးရောင် အသားအရေရှိသော မျက်နှာမှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း သူ၏ လက်တုမှာမူ အလွန် တင်းကျပ်စွာ ဆုပ်ကိုင်ထားသဖြင့် မာဒြာ များပင် အက်ကွဲသံ ထွက်လာလေသည်။

"သံတမန်တွေကမှ သွေးနီလ ဂိုဏ်း ရဲ့ အစစ်အမှန် ခြိမ်းခြောက်မှုပဲ... သူတို့က သူတို့ရဲ့ ကပ်ပါးကောင် တွေကို မထိန်းချုပ်ခင် ကတည်းက စွမ်းအားကြီးမားတဲ့ ကျင့်ကြံသူ တွေ ဖြစ်ခဲ့ကြတာ... သွေးအရိပ် တစ်ခုနဲ့ ဆိုရင် သူတို့ တစ်ယောက်ချင်းစီက ကိုယ့်အဆင့်ထက်တောင် ကျော်လွန်ပြီး တိုက်ခိုက်နိုင်ကြတယ်... အင်ပါယာ အပြင်ဘက်မှာ သွေးနီလ ဂိုဏ်း နဲ့ ရင်ဆိုင်ခဲ့ရတဲ့ အာကူရာ ကလန် ဆီကနေ ရရှိခဲ့တဲ့ တိုက်ပွဲ အစီရင်ခံစာတွေအရ အဆင့်နိမ့် အရှင်သခင် အဆင့်ရှိတဲ့ သံတမန် တွေ အများကြီး ရှိတယ်လို့ အတည်ပြုထားတယ်..."

အခြားသူများထဲမှ အချို့မှာ နောက်တစ်ကြိမ် တီးတိုးရေရွတ်လာကြပြန်သည်။ သို့သော် သူ စကားမဆုံးသေးကြောင်းကိုတော့ အီသန် သိနေခဲ့၏။

"...ပြီးတော့ အနည်းဆုံး အလယ်အလတ် အရှင်သခင် တစ်ပါးလည်း ပါဝင်တယ်..."

တီးတိုး ရေရွတ်သံများမှာ ပို၍ ဆူညံလာလေသည်။

"နောက်ပြီးတော့ ပြောရရင် အနီရောင် ယုံကြည်မှု သူတော်စင် လည်း ပါဝင်နိုင်သေးတယ်..."

ဤတစ်ကြိမ်တွင်တော့ အခန်းတစ်ခုလုံး အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့လေသည်။

"ဒါဆိုရင် ငါတို့မှာ တတိယ နဲ့ နောက်ဆုံး ပြဿနာ ရှိလာပြီ..."

အဆင့်နိမ့် အရှင်သခင် ကိုတိုင် က ဆက်ပြောသည်။

"အဲဒါက မိစ္ဆာ နတ်ဘုရား ကိုယ်တိုင်ပဲ..."

ဆက်တိုက်ဖြစ်ပေါ်လာသော တိတ်ဆိတ်မှု အတွင်း၌ ကိုတိုင်ရှိုးသည် အင်ပါယာ ကို နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြီး နောက်သို့ ဆုတ်သွားလေသည်။

"အဲဒီ ပြဿနာ တစ်ခုချင်းစီကို ဖြေရှင်းဖို့ ငါတို့မှာ အစီအစဉ်တွေ ရှိပြီးသားပါ..."

နာရူဟွမ် က လူတိုင်းကို ယုံကြည်စိတ်ချစေရန် ပြောလိုက်သည်။

"ပထမဆုံးအနေနဲ့ သွေးနီလ ဂိုဏ်း ရဲ့ သံတမန် တစ်ယောက်ကို တိုက်ခိုက်ဖူးတဲ့ တစ်ဦးတည်းသော သူဆီကနေ ငါတို့ နားထောင်ကြည့်ကြရအောင်... အဆင့်နိမ့် အရှင်သခင် အာရီလီယပ်... မင်း ပြောပြပေးနိုင်မလား..."

အီသန်သည် ရှေ့သို့ လျှောက်လာခဲ့ပြီး နာကျင်နေသည့်အလား ပိုမို ချဲ့ကားကာ မျက်နှာမဲ့လိုက်ပြီး သူ၏ ပခုံးကို ကိုင်လိုက်လေသည်။ အမှန်တကယ်တွင်တော့ အနည်းငယ်မျှသာ နာကျင်နေခြင်း ဖြစ်၏။ ကျောက်စိမ်း မျက်လုံး ကျောင်းတော် မှ အဆင့်နိမ့် အရှင်သခင်မ ကိုယ်တိုင် သူ့ကို ကုသပေးထားခဲ့သဖြင့် သူသည် တိုက်ပွဲမတိုင်ခင်ကထက်ပင် ပို၍ ကျန်းမာနေလေပြီ။ အမှန်တော့ ထိုအမျိုးသမီးမှာ အခန်းထဲတွင် ရှိနေပြီး သူ့ကို မျက်စောင်းထိုးနေမည်မှာ သေချာသည်ဟု သူ တွေးမိ၏။ ကံမကောင်းစွာဖြင့် အဆိုပါ အဘွားအို၏ ထူထဲသော မည်းနက်သည့် မျက်နှာဖုံးအောက်မှ မျက်နှာအမူအရာကိုတော့ မည်သို့မျှ အကဲခတ်၍ မရနိုင်ခဲ့ပေ။

"ပြောရမယ် ဆိုရင်တော့ မနေ့ကမှ သွေးနီလ ဂိုဏ်း ရဲ့ သံတမန် တစ်ယောက်နဲ့ ကျွန်တော် ဓားချင်း ယှဉ်ခဲ့ရပါတယ်..."

အီသန် က အတည်ပြုလိုက်သည်။

"သူက တကယ့်ကို အဆင့်နိမ့် အရှင်သခင် တစ်ပါး ဖြစ်တယ် ဆိုတာကို ကျွန်တော် အတည်ပြုနိုင်ပါတယ်... ကျွမ်းကျင်ပြီး စွမ်းအားလည်း ကြီးမားတဲ့ သူတစ်ယောက်ပါပဲ..."

သူသည် သူ၏ သွေးအရိပ် ၏ စွမ်းအားကိုပင် အားမကိုးခဲ့ဘဲ အီသန် ကို တောင်ပေါ်တစ်ခွင် လွင့်စဉ်သွားအောင် တိုက်ခိုက်နိုင်ခဲ့သေးသည်။

ထိုကိစ္စက နာကျင်ရသည့်အပြင် အရှက်ရစရာလည်း ကောင်းလှသည်။ မရဏသည် အီသန် ကို အရေးပေါ် အစီအစဉ် တစ်ခုအထိ ရွေးချယ် အသုံးပြုရလုနီးပါး ဖိအားပေးနိုင်ခဲ့လေသည်။

"သူ့လိုလူက ဒီတစ်ယောက်တည်းပဲ ရှိမယ်ဆိုရင်တော့ ငါတို့ ဖြေရှင်းနိုင်မှာပါ... ချန်မာ ဆိုရင်တော့ သူ့ကို သေချာပေါက် ချေမှုန်းနိုင်မှာပါ..."

မဟူရာ မီးတောက် အင်ပါယာ ၏ နံပါတ်တစ် အဆင့်နိမ့် အရှင်သခင် ထံသို့ ခေါင်းဆတ်ပြလိုက်ရင်း အီသန် က ပြောလိုက်လေသည်။

***

All Chapters