ရှင်သန်ဖို့အတွက် အန္တရယ်ထဲဆင်းသက်ရမယ်
Vol. 34 Ch. 479
အခန်း (၄၇၉) ရှင်သန်ဖို့အတွက် အန္တရယ်ထဲဆင်းသက်ရမယ်
ရန်ကျောက်ကဲ မျက်ခုံးများ တွန့်ချိုးထားသည်။
အရှေ့တက်နေဝန်းအရှင်၏ အသွင်အပြင်က ထူးဆန်းသောမျက်လုံးများမှလွဲပြီး အခြားပြောင်းလဲခြင်း မရှိသော်လည်း စိတ်နေစိတ်ထားကတော့ လုံးဝကွဲပြားသွားပေပြီ။
"နတ်ဆိုးက ချိတ်ပိတ်ထားတဲ့ စည်းတံဆိပ်ကို ချိုးဖျက်လိုက်တာလား"
ရန်ကျောက်ကဲ တွေးလိုက်သည်။
"မဟုတ်သေးပါဘူး..."
အောက်ဘက်သို့ကြည့်လိုက်တော့ ချောက်နက်ထဲမှ အနက်ရောင်အခိုးအငွေ့များက ရွှေရောင်အလင်းတန်းများကို အဆက်မပြတ်တိုက်ခိုက်လျှက် ချိတ်ပိတ်ထားသည့်စည်းတံဆိပ်ကို ဖျက်ဆီးရန် ကြိုးစားနေဆဲ ဖြစ်၏။
သူတို့ရှေ့တွင်ရှိနေသော “အရှေ့တက်နေဝန်းအရှင်” က အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားဟန်ရှိသော်လည်း အောက်ဘက်ရှိချောက်နက်ထဲမှ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများဖြင့် နှိုင်းယှည်ပါက အလှမ်းဝေးနေဆဲ ဖြစ်သည်။
“ဒါက လှုပ်ခါနေတဲ့စည်းတံဆိပ်ထဲကနေ အခွင့်အရေးအသုံးချပြီးထွက်လာတဲ့ နတ်ဆိုးဝိညာဉ်ပဲ ၊ သူက ‘အရှေ့တက်နေဝန်းအရှင်’ ကို ဝင်ပူးပြီး သူ့ရဲ့ ကိုယ်ပွားလုပ်ထားတာပဲ”
ရန်ကျောက်ကဲ တွေးလိုက်သည်။
ဝင်ပူးထားသောကိုယ်ပွားတစ်ယောက်သာဖြစ်သော်လည်း အလွန်တရာကြီးမားသောစွမ်းအားကို ပိုင်ဆိုင်ထားသည်ပင်။
စောစောက သူ့အနားတွင်ရှိနေသော ကောင်းကင်မိုးကြိုးခန်းမမှ အမဝိညာဉ်အဆင့်သိုင်းဆရာသခင်အား တစ်ချက်တည်းဖြင့် လွင့်ထွက်သွားအောင် တိုက်ခိုက်ခဲ့သည် မဟုတ်လား။
ရန်ကျောက်ကဲ ပတ်ဝန်းကျင်ကိုလေ့လာလိုက်တော့ အနက်ရောင်အခိုးအငွေ့များထဲတွင် အသံမရှိ ၊ သဏ္ဌန်မရှိသော နတ်ဆိုးစွမ်းအား နစ်မြုပ်နေဆဲဖြစ်ကြောင်း တွေ့ရသည်။ တိုက်ပွဲဝင်နေသည့် သိုင်းကျင့်ကြံသူများအားလုံး၏မျက်နှာများက တည်ကြည်လေးနက်နေပြီး သူတို့အားလုံး ကြီးမားသည့်ဖိအားကို ရင်ဆိုင်နေရကာ မျက်ဝန်းများက တုန်လှုပ်နေကြသည်။
အရှေ့တက်နေဝန်းအရှင်က ကျယ်လောင်စွာရယ်မောရင်း...
“ဒီလောက်ကောင်းတဲ့ကမ္ဘာကို ငါ့ကိုပေးစမ်းပါ”
သူ့အသံက ကျယ်လောင်လွန်းသလို သူ့မျက်ဝန်းများထဲမှ အနက်ရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး သူနှင့်အနီးဆုံး သိုင်းသမားတစ်ယောက်ဆီသို့ ဝင်ရောက်သွားလေရာ ထိုသူ၏ခန္ဓာကိုယ်က တုန်ခါသွားသည်။ ထိုသူက နေသူတော်စင်ဂိုဏ်းမှ သိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်၏။
ထိုသိုင်းသမားက စိတ်တည်ငြိမ်အောင်ကြိုးစားရင်း သူ၏လက်များကို ဝှေ့ယမ်းကာ အနက်ရောင်အလင်းတန်းကို ကာကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော် အရှေ့တက်နေဝန်းအရှင်က နှုတ်ခမ်းထောင့်စွန်းများကို တွန့်ချိုးကာ ထူးဆန်းစွာ ပြုံးလိုက်သည်။
အနက်ရောင်အလင်းတန်းက နေသူတော်စင်ဂိုဏ်းမှ အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်၏ခန္ဓာကိုယ်ကိုထိမှန်သွားပြီး ထိုအဘိုးအိုမှာ မည်သို့မှ ရှောင်တိမ်းနိုင်စွမ်း မရှိခဲ့ပေ။ တစ်ချိန်တည်းမှာပင် အနက်ရောင်အခိုးအငွေ့များထဲမှ အနက်ရောင်ချီစွမ်းအားစီးကြောင်းများထွက်ပေါ်လာပြီး ထိုသိုင်းဆရာသခင်၏ခန္ဓာကိုယ်ထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားကြသည်။
တုန်လှုပ်နေသည့် နေသူတော်စင်ဂိုဏ်းမှအကြီးအကဲ၏ခန္ဓာကိုယ် ပြန်လည်ရပ်တန့်သွားသည်။
သူ၏ အိုမင်းသောမျက်နှာထက်တွင် ထူးဆန်းသော အပြုံးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ထိုအပြုံးက ‘အရှေ့တက်နေဝန်းအရှင်’ ပြုံးသည့်အပြုံးနှင့် တစ်ပုံစံတည်းပင်။
ထိုအဘိုးအို ခေါင်းမော့လိုက်သည်နှင့် သူ့မျက်ဝန်းအိမ်များက ပကတိနက်မှောင်နေပြီး မျက်သားအဖြူနှင့်မျက်ဆံကို မတွေ့မြင်ရတော့ပေ။
သူနှင့် အရှေ့တက်နေဝန်းအရှင်တို့နှစ်ယောက်လုံး ပါးစပ်များကို တစ်ပြိုင်တည်းဖွင့်ဟလိုက်ပြီး ခံစားချက်ရော အသံပါ ထပ်တူညီသည့်အသံဖြင့် တစ်သံတည်းထွက်ပေါ်လာသည်။
“ဒီကမ္ဘာတစ်ခုလုံး ငါတို့ကိုပေး...”
ထိုအချိန် အနက်ရောင်အလင်းတန်းနှစ်စင်း ချောက်နက်အတွင်းမှထွက်ပေါ်လာပြီး အခြားသူများထံသို့ ဝင်ရောက်လာသည်။ ညနေခင်းအရှင်နှင့် အခြားသူများက ထိုအလင်းတန်းကို ကမန်းကတန်း နောက်ဆုတ်ရှောင်တိမ်းလိုက်ကြသည်။ သို့သော် ရန်သူများက ထူးဆန်းပြီးအစွမ်းထက်သူများဖြစ်လေရာ သူတို့အနေဖြင့် ခက်ခက်ခဲခဲ တွန်းလှန်ကြရ၏။
သွေးနီရောင်စွန်းထင်းနေသော အနက်ရောင်အခိုးအငွေ့များကြားမှ သွေးဆာ ရက်စက်ကြမ်းတမ်းသော နတ်ဆိုးများသည်လည်း အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး လူသားသိုင်းသမားများကို ဦးတည်တိုက်ခိုက်လာသည်။
အရှေ့တက်နေဝန်းအရှင်က ရန်ကျောက်ကဲထံ ဝင်ရောက်လာသည့်အခါ ရန်ကျောက်ကဲလက်ထဲတွင် ကျောက်သားတုတ်တိုလေးတစ်ချောင်းပေါ်လာပြီး သူ့မျက်နှာကလည်း တည်ကြည်လေးနက်နေသည်။ ထိုကျောက်သားတုတ်တိုလေးက လေထုနှင့်ထိတွေ့သည့်အခါ ကြီးမားသော ကျောက်တိုင်ကြီးတစ်ခုဖြစ် ကြီးမားကျယ်ပျံ့သွားပြီး ‘အရှေ့တက်နေဝန်းအရှင်’ ၏ဦးခေါင်းဆီသို့ ဆင်းသက်သွားသည်။
ထိုကျောက်တိုင်လုံးကြီးက ကြီးကျယ်ခမ်းနားပြီး မျက်နှာပြင်ထက်တွင် ရောင်စဉ်ခုနစ်မျိုးတောက်ပနေသည်။ အတိအကျဆိုရလျှင် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးပင် ဖြစ်၏။
ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့်မလုံလောက်မှုကြောင့် ကောင်းကင်ဘုံနန်းတော်ထောက်တိုက်ကြီးက ငရဲကိုးထပ်တစ်ခုလုံး ရပ်တန့်သွားစေရန် မဖြစ်နိုင်ပေ။ သို့သော် နတ်ဆိုးပူးခံထားရသည့် အရှေ့တက်နေဝန်းအရှင်ကို ရင်ဆိုင်ရာတွင်တော့ ရှင်းလင်းစွာပင် သက်ရောက်မှုရှိခဲ့၏။
ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ဖြင့် ဖိနှိပ်ခံရသည်နှင့် အရှေ့တက်နေဝန်းအရှင်၏မျက်ဝန်းများတွင် တောက်ပနေသော အနက်ရောင်အလင်းတန်းများက မှိန်ဖျော့သွားပြီး လှုပ်ရှားမှုများသည်လည်း နှေးကွေးသွားသည်။
ပတ်ဝန်းကျင်တွင် နတ်ဆိုးများက အကြမ်းပတမ်း တိုက်ခိုက်နေကြဆဲ ဖြစ်၏။
စိတ်တည်ငြိမ်မှုပြိုပျက်သွားကြသူများသည် ချောက်နက်ကြီးအတွင်းမှထွက်ပေါ်လာသော အနက်ရောင်ချီစွမ်းအားစီးကြောင်းများ၏ သက်ရောက်ခြင်းကိုခံရပြီး တစ်ယောက်ပြီးတစ်ယောက် နတ်ဆိုးပူးခြင်းခံရပြီး နတ်ဆိုးကိုယ်ပွားအဖြစ် ပြောင်းလဲသွားကြသည်။
အချို့သူများက သူတို့စိတ်ထဲတွင် ခေါင်းမာသောအစွဲများရှိကြသဖြင့် အမှောင်ဘက်သို့ကျဆင်းသွားကြပြီး အဝါရောင်မျက်လုံးများအဖြစ် ပြောင်းလဲသွားကြသည်။
နတ်ဆိုးပူးခံရသူများနှင့် အမှောင်ဘက်ခြမ်းကျဆင်းသွားသည့် ကျင့်ကြံသူများ၏ ပြင်းထန်စွာတိုက်ခိုက်ခြင်းကို ခံရသဖြင့် လူသားကျင့်ကြံသူများ ကြေကွဲဖွယ်ဆုံးရှုံးမှုများကို ခံစားကြရသည်။
ဤနေရာရှိကျင့်ကြံသူတိုင်းက ရန်ကျောက်ကဲမှလွဲပြီး အမတလက်ဖွဲ့အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ထိပ်တန်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ရန်ကျောက်ကဲ တစ်ယောက်သာလျှင် အမတဝိညာဉ်အဆင့် ကျင့်ကြံသူဖြစ်၏။
သို့သော် ထိုသူများ အမှောင်ဘက်ခြမ်းပြောင်းလဲသွားသည့်အခါ ဤနေရာက တကယ့်အဆုံးမဲ့ငရဲ သက်ဆင်းလာသည့်ပမာ ဖြစ်သည်။
အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်များ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားကြသည် ၊ မဟုတ်လျှင်လည်း နတ်ဆိုးပူးခြင်းခံရပြီး အချို့ကလည်း အမှောင်ဘက်ခြမ်းသို့ ကျရောက်သွားကြသည်။
ထိုအချိန် ရွှေရောင်အလင်းတန်းများကြားမှ ထိုးဖောက်ထွက်လာသော အနက်ရောင်အင်းသင်္ကေတကြိုးများက ယွမ်ကျန်းဖုန်းနှင့် ချန်လီတို့ရှိရာသို့ ဝင်ရောက်ထိုးနှက်လေသည်။
ယွမ်ကျန်းဖုန်းက မျက်မှောင်တစ်ချက်ကြုတ်ရင်း လက်ဖဝါးတစ်ဖက်ဖြင့် အောက်သို့ဖိချလျှက် ရွှေရောင်နေဝန်းကြီးကို ဆက်လက်အားဖြည့်ထားသည်။ ကျန်လက်တစ်ဖက်က ဓားဝိညာဉ်တစ်ခုဖန်ဆင်းကာ ထို အနက်ရောင်ကြိုးများကို ခုတ်ပိုင်းချလိုက်သည်။
ခမ်းနားသောဓားအလင်းတန်းက လေထုထဲတွင် လင်းလက်နေပြီး သွေးနီရောက်ယှက်သမ်းနေသည့် အနက်ရောင်အင်းသင်္ကေတကြိုးများကို တစ်ခုပြီးတစ်ခု ဖြတ်တောက်ပစ်လိုက်သည်။
ချန်လီက နှာတစ်ချက်မှုတ်ရင်း ရွှေရောင်နေဝန်းကြီးကို အားဖြည့်ထားသော သူ၏စွမ်းအားများကို ပြန်လည်ဆွဲယူကာ လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်လိုက်၏။ သူ့လက်နှစ်ဖက်လုံးတွင် ခရမ်းရောင်လျှပ်စီးများလင်းလက်လာပြီး အမှာင်ထုကို ဆုတ်ဖြဲပစ်ကာ အနက်ရောင်ကြိုးများကို ပြတ်တောက်သွားစေသည်။
စွမ်းအားမြင့်မားသောသိုင်းသူတော်စင် (၂)ယောက်မှာ သူတို့ပတ်ဝန်းကျင်မှ နတ်ဆိုးပူးသူများနှင့် အမှောင်ဘက်ခြမ်းကျနေသော နတ်ဆိုးများကို သုတ်သင်ရန်လည်း တွန်းအားပေးနေရသည်။
ရန်သူများကို သုတ်သင်မပစ်ပါက များပြားလာသည့်အခါ အခြေအနေကို ထိန်းချုပ်သွာမည် ဖြစ်သည်။
ယခုဆိုလျှင် မြေကမ္ဘာနယ်မြေအတွင်းဝင်ရောက်လာသည့် ထိပ်သီးသိုင်းဂိုဏ်းများမှ သိုင်းသမားတစ်ဝက်ကျော် အသက်ဆုံးခဲ့ရပြီဖြစ်လေရာ အသေအပျောက် အလွန်များပြားသည်ဟု ဆိုနိုင်သည်။ ဆုံးရှုံးမှုများစွာအပြင် အောက်ဘက်မှ စည်းတံဆိပ်သည်လည်း မတည်မငြိမ်ဖြစ်လျှက် ရှိ၏။
ချောက်နက်ကြီးအတွင်းမှ ကြောက်မက်ဖွယ်ရာစွမ်းအားတစ်ခုထွက်ပေါ်လာပြီး ရွှေရောင်နေဝန်းကြီးကို တွန်းထုတ်လိုက်သဖြင့် အဆုံးမရှိသောအမှောင်ထုက ပိုမိုကျယ်ပြန့်လာသည်။
ချောက်နက်ကြီးအပြင်ဘက်မှ မြေကမ္ဘာနယ်မြေကို ငုံ့ကြည့်မည်ဆိုလျှင် နေရာအနှံ့ ပင့်ကူမျှင်များပမာ ယှက်သမ်းနေသော ရွှေရောင်အလင်းတန်းများနှင့် အနက်ရောင်အခိုးအငွေ့များ ထူထပ်ပြည့်ကျပ်နေသည်ကို တွေ့မြင်ရပေမည်။ ရွှေရောင်အလင်းတန်းများ ပြန်လည်တောက်ပလာသည့်တိုင် အနက်ရောင်အလင်းတန်းများက ယခင်နှင့်မတူ များပြားစွာထွက်ပေါ်လာသည်။
ချောက်နက်ကြီးအတွင်းမှ ရွှေရောင်နေဝန်းစည်းတံဆိပ်က အားနည်းလာသည့်အခါ အနက်ရောင်အခိုးအငွေ့များက ရွှေရောင်နေဝန်းကိုဖြတ်ကျော်ပြီး ယွမ်ကျန်းဖုန်းနှင့် ချန်လီထံသို့ အဆက်မပြတ် လှိမ့်ဝင်လာသည်။
ယွမ်ကျန်းဖုန်းနှင့် ချန်လီတို့နှစ်ယောက် အနက်ရောင်မြူခိုးများကို လက်ဖဝါးဖြင့် ရိုက်ချလိုက်ကြပြီး ဓားဝိညာဉ်အသီးသီးထုတ်ဖော်ကာ ခုခံလိုက်ကြသည်။
ရန်ကျောက်ကဲစိတ်ထဲ အတွေးတစ်ခု ဝင်ရောက်လာသည်။
“ဒီနေရာမှာ ငါတို့တွေရှင်သန်ဖို့အတွက် ငါတို့ကိုယ်တိုင်ပဲ အန္တရယ်ထဲကိုဆင်းသက်ရလိမ့်မယ်”
ထို့နောက် အသက်တစ်ချက်ရှူထုတ်လိုက်ပြီး သူ့မျက်ဝန်းများက ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကြီးမားသောရွှေရောင်နေဝန်းကြီးဆီသို့ ဦးတည်ထွက်ခွာသွားလေသည်။
ရွှေရောင်နေဝန်းကြီးနှင့်နီးကပ်လာသည့်အခါ ရန်ကျောက်ကဲခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်းလုနီးပါး အလွန်ပြင်းထန်သောပူလောင်မှုကို ခံစားလိုက်ရ၏။ နေဝန်းကြီး၏ ချီစွမ်းအားနှင့် ဝိညာဉ်စွမ်းအားများက တဖြည်းဖြည်းလျော့နည်းလာသည့်တိုင် အထဲတွင်ပါဝင်သည့်စွမ်းအားက ရင်သပ်ရှုဖွယ်ရာကောင်းနေဆဲပင်။
၎င်း၏စွမ်းအားများကို ဖုံးကွယ်ထားသည့်အတွက်သာ ပြင်ပလောကမှ ထင်ရှားစွာ မခံစားရခြင်း ဖြစ်၏။
ထိုနေဝန်းကြီးနှင့် နီးကပ်လာသည်နှင့်အမျှ ကောင်းကင်ထက်မှ တကယ့်နေတစ်စင်းအလားထင်မှတ်ရပြီး ဟွမ်ကွမ်လီထက်ပင် ပိုမိုအားကောင်းကြောင်း ရန်ကျောက်ကဲ ရိပ်မိလိုက်သည်။
ထိုနေဝန်းအနားရောက်လာလေ အရည်ပျော်မတတ် ခံစားရလေ ဖြစ်သည်။
ရန်ကျောက်ကဲ စိတ်ကိုတည်ငြိမ်အောင်ကြိုးစားရင်း နက်နဲသော အင်းသင်္ကေတများစွာကို လေထုထဲတွင် ရေးဆွဲလိုက်သည်။
ထိုအင်းသင်္ကေတများမှ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး ကြီးကျယ်ခမ်းနားသော နေမင်း၏စွမ်းအားများကို ထုတ်ဖော်ပြသလိုက်လေ၏။