← Chapters

အန္တရယ်ကိုရှောင်ပြေးသူ

Vol. 34 Ch. 480

အန္တရယ်ကိုရှောင်ပြေးသူ

Vol. 34 Ch. 480

အခန်း (၄၈၀) အန္တရယ်ကိုရှောင်ပြေးသူ

စူးရှသည့်ပူလောင်မှုက သည်းခံနိုင်စရာ မရှိပေ။

ဤသည်က ရန်ကျောက်ကဲတစ်ယောက်တည်း ခံစားရခြင်းသာ ဖြစ်သည်။

သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရများ လောင်ကျွမ်းလုမတတ်ဖြစ်နေပြီး သူ့ခန္ဓာကိုယ်ထက်မှ အဝတ်အစားများက အပူဒဏ်ကို ကာကွယ်ပေးနိုင်စွမ်း မရှိခဲ့ပေ။ သူ့ခန္ဓာကိုယ်တစ်ခုလုံး အပ်ပေါင်းများစွာဖြင့် ထိုးစိုက်နေသည့်အလား နာကျင်ခံစားရသည်။

ယခုတော့ ဖန်းယွင်ရှန်းခံစားရသော ရိုးတွင်းခြင်ဆီအေးစိမ့်အပ်အကြောင်း ရန်ကျောက်ကဲ ရှင်းရှင်းလင်းလင်း နားလည်ခဲ့ပြီ ဖြစ်သည်။ သူမအတွက်တော့ အေးစိမ့်သောရေခဲအပ်များဖြင့် ထိုးစိုက်ခံရသည့်အလားဖြစ်ပြီး ယခု သူကတော့ ပူလောင်သောအပ်များနှင့် ထိုးစိုက်ခံရခြင်း ဖြစ်၏။

မည်သို့ပင်ဖြစ်စေ အပ်များက ခန္ဓာကိုယ်တစ်ခုလုံး နေရာလပ်မကျန်အောင် ထိုးစိုက်ထားသဖြင့် ပြင်းထန်သောနာကျင်မှုကို ခံစားရသည်သာ။

သူ့အသက်ရှူသံများပြင်းထန်လာပြီး ပူပြင်းသောဝေဒနာတစ်ခုက သူ့နှာသီးဝမှဖြတ်ကျော်ကာ ရင်ဘတ်ထဲသို့ ဝင်လာသည်။ ထိုအပူလှိုင်းက သူ၏ ခြေလက်များနှင့် အရိုးများထိတိုင် ပျံ့နှံ့သွားသည်။ အပူဒဏ်က အပေါ်ယံ အရေပြားထက်မှာသာ မဟုတ်ဘဲ ကိုယ်တွင်းအင်္ဂါများပင် တောက်လောင်လာသည့်အလား ဖြစ်၏။

ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့် ယခုထက်ပိုမိုမြင့်မားပါက နာကျင်မှုကို ထိုမျှ ခံစားရမည် မဟုတ်ပေ။ သူက နာကျင်မှုကို အတင်းအကျပ် သည်းခံလျှက် စိတ်ကိုတည်ငြိမ်အောင်ကြိုးစားရင်း ရှေ့ဆက်သွားနေခဲ့သည်။

ထို့နောက် နက်နဲသော ရွှေရောင် အင်းသင်္ကေတအမြောက်အမြားက သူ့ခန္ဓာကိုယ်မှ ပျံသန်းထွက်ခွာသွားပြီး ပတ်ဝန်းကျင်မှ ရွှေရောင်အလင်းတန်းများနှင့် ပေါင်းစပ်သွားသည်။ ဤသည်က ဒဏ္ဍာရီထဲမှ နေမင်းကျမ်းဂန်အမွေအနှစ်စွမ်းအားကို အသုံးပြုလိုက်ခြင်းဖြစ်ပြီး ရန်ကျောက်ကဲက ပြီးပြည့်စုံခြင်းမရှိသော နေမင်းကျမ်းဂန်အမွေအနှစ်ကို ရရှိထားခဲ့သည် မဟုတ်လား။

မည်သည့်သိုင်းပညာကိုမဆို လွယ်ကူစွာလက်ခံနိုင်စွမ်းရှိသော ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ ကို ကျင့်ကြံခဲ့ခြင်းအတွက် ကျေးဇူးတင်ရပေမည်။ မဟုတ်ပါက ရန်ကျောက်ကဲအနေဖြင့် အချိန်တိုအတွင်း နေမင်းကျမ်းဂန်၏ မရှိမဖြစ်လိုအပ်သောအချက်များကို နားလည်နိုင်စွမ်းရှိမည် မဟုတ်ပေ။

ရန်ကျောက်ကဲ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ရွှေရောင်အင်းသင်္ကေတများက ပတ်ဝန်းကျင်ရှိ ရွှေရောင်အလင်းတန်းများဖြင့် အဆက်မပြတ် ပေါင်းစပ်သွားသည့်အခါ သူခံစားနေရသော ပူလောင်မှု အနည်းငယ် လွင့်စင်သွားသည်။

စိတ်မကောင်းစရာမှာ ရန်ကျောက်ကဲ သိရှိထားသော နေမင်းကျမ်းဂန်က ပြီးပြည့်စုံခြင်း မရှိပေ။ ထို့ကြောင့် သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်သည့် ရွှေရောင်အင်းသင်္ကေတများက သူ့အရှေ့မှ ရွှေရောင်နေဝန်းကြီးနှင့် အယူအဆ အနည်းငယ် ကွဲလွဲနေသည်။

ကြောက်မက်ဖွယ်ရာ ရွှေရောင်အလင်းတန်းများက ကြီးမားသောအန္တရယ်ကို ဆောင်ကြည်းထားဆဲဖြစ်ပြီး ရန်ကျောက်ကဲကတော့ အံကိုတင်းတင်းကြိတ်လျှက် ရှေ့သို့ခြေတစ်လှမ်းချင်းတိုးကာ ရွှေရောင်နေဝန်းကြီးဆီသို့ သွားရောက်နေဆဲ ဖြစ်၏။

ရုတ်တရက်...

ရန်ကျောက်ကဲ အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသလို ခံစားလိုက်ရပြီး မိုးမြေတစ်ခုလုံး တုန်ခါသွားသည်။

ဤရွှေရောင်နေဝန်းကြီးက သီးခြားကမ္ဘာငယ်တစ်ခုပမာ ခွဲထွက်နေပြီး ငရဲကိုးထပ်နှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာကို ပိုင်းခြားလျှက် ချိတ်ပိတ်ထားခြင်း ဖြစ်သည်။ သီးခြားကမ္ဘာငယ်အတွင်း လှမ်းဝင်လိုက်သည်နှင့် သူ့မျက်စိရှေ့မှ ကမ္ဘာလောကတစ်ခုလုံး ရုတ်ချည်းမှေးမှိန်သွားသလို ခံစားရသည်။

ဤသို့ဖြစ်ရသည်က ရွှေရောင်းအလင်းတန်းများပျောက်ကွယ်သွားခြင်းလည်းမဟုတ်သလို ရွှေရောင်နေဝန်းကြီး အားပျော့သွားသွားခြင်းလည်း မဟုတ်ပေ။ ဆန့်ကျင်ဘက်ဖြစ်သော အလင်းနှင့်အမှောင် အမြင့်ဆုံးအဆင့်သို့ လွန်ကဲစွာရောက်ရှိသွားသောကြောင့် အခြေအနေ ပြောင်းလဲသွားခြင်း ဖြစ်၏။

မိုးမြေတစ်ခွင်ရှိ ရွှေရောင်အလင်းတန်းများ လေထုထဲတွင် ယောင်ဝါးဝါးဖြစ်နေပြီး အမှောင်ထုသည်လည်း ဆုတ်ခွာသွားဟန်ရှိသည်။ သို့ပေသိ ရန်ကျောက်ကဲ ခေါင်းငုံ့ကြည့်လိုက်တော့ သူ့နောက်တွင် နက်ရှိုင်းသောချောက်နက်ကြီး ရှိမနေတော့သလို သူ့အထက် မိုင်တစ်ထောင်ကျော်အဝေးတွင်လည်း ကောင်းကင်ပြင်ကြီးအား တွေ့မြင်ရခြင်း မရှိတော့ပေ။

သူ မြင်ရသောအရာက ရွှေရောင်အလင်းတန်းများကြားတွင် အနီရောင် တောက်ပလျှက်ရှိသော တောက်ပသောနေဝန်းကြီးသာဖြစ်သည်။ သူက နေဝန်းကြီး၏မျက်နှာပြင်ထက်တွင် မတ်တတ်ရပ်နေပုံရပြီး ကြီးမားသောစကြာဝဠာ အလယ်ဗဟိုတွင် တည်ရှိနေဟန်ပင်။

အရှေ့ဆီလှမ်းကြည့်လိုက်တော့ နေဝန်းက မီးလျှံများနှင့်ပြည့်နက်နေပြီး မီးတောက်များက အော်မြည်သံများအဆက်မပြတ်ထွက်ပေါ်လျှက် နေပျောက်များကိုပင် တွေ့မြင်ရသည်။ နေမျက်နှာပြင်နှင့် အနီးပတ်ဝန်းကျင်ရှိ ဗလာနယ်က ပုံပျက်နေပြီး နေဝန်း၏ ကြောက်မက်ဖွယ်ရာစွမ်းအားကြောင့် တုန်လှုပ်နေဟန် ရှိသည်။

ဤလောက၏ မိုးမြေသ‌န္ဓေတည်ခြင်း အခြေခံသဘောတရားများကို ရန်ကျောက်ကဲ နားလည်ခံစားလာရသည်။

သူ့ခန္ဓာကိုယ်ထဲမှ ပရမ်းပတာချီစွမ်းအားအစုအဝေးများ လှည့်ပတ်သွားပြီး သူ့ခန္ဓာကိုယ်ထဲမှ ရွှေရောင်အလင်းတန်းများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ရန်ကျောက်ကဲက ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောဆုံချက်များမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး ပြင်းထန်ပြီး ထိတ်လန့်စရာခံစားချက်ကိုဖြစ်ပေါ်စေသည့် နက်နဲသောအင်းသင်္ကေတများစွာ လေထဲတွင် ထွက်ပေါ်လာသည်။

လေထဲတွင်ရှိနေသော အင်းသင်္ကေတများက အစီအစဉ်မကျစွာ ပျံ့ကျဲလျှက် ရှိသည်။ သို့သော် ပတ်ဝန်းကျင်မှ ရွှေရောင်အလင်းတန်းများနှင့် ထိတွေ့မိသည့်အခါ ထိုအင်းသင်္ကေတများ တစ်ခုပြီးတစ်ခု စွမ်းအားကြီးမားလာပြီး ရန်ကျောက်ကဲ သင်ယူခဲ့သည့် သိုင်းပညာအယူအဆများ ပေါင်းစပ်သွားသည်။

ထို့နောက် ရန်ကျောက်ကဲရှေ့တွင် ကျမ်းစာများထွက်ပေါ်လာသည်။ ထိုကျမ်းစာများစုစည်းမှုက အလွန်တရာလျှို့ဝှက်ဆန်းကျယ်ပြီး ‌လေးနက်လွန်းသဖြင့် လူအများနားလည်ရန် ခက်ခဲ၏။

ရန်ကျောက်ကဲမျက်နှာအမူအရာက လေးနက်သွားပြီး ရှေ့သို့ ဖြည်းညင်းစွာခြေတစ်လှမ်းလှမ်းလိုက်သည်။ သို့သော် ရွှေ‌ရောင်အလင်းတန်းများစွာက သူ့ကို နေဝန်း၏မျက်နှာပြင်ထက်ဆီသို့ ပျံသန်းခေါ်ဆောင်သွားသည်။

နေဝန်းကြီး ပြင်းပြင်းထန်ထန်လှုပ်ခါသွားပြီး အတွင်းထဲတွင် တံခါးတစ်ချပ်ပွင့်သွားပြီး လမ်းကြောင်းတစ်ခု ပေါ်လာသည်။

ရန်ကျောက်ကဲသည် နေဝန်း၏မျက်နှာပြင်ထက်တွင် ထင်ဟပ်နေသော “တံခါး” အတွင်းသို့ စူးစိုက်ကြည့်နေသည်။ အတွင်းထဲမှမြင်ကွင်းက သူ့စိတ်အာရုံကို အပြည့်အဝ ဆွဲဆောင်သွားသည်။ ရန်ကျောက်ကဲ၏အကြည့်ကိုသာမက ဤစကြာဝဠာတစ်ခုလုံးရှိ အဆုံးမရှိသောအလင်းရောင် ၊ အဆုံးမရှိသောအပူရှိန် ၊ အရာအားလုံးက ထိုတံခါးအတွင်းစိမ့်ဝင်သွားသည်။

ထို့နောက် တံခါးအတွင်းထဲတွင် အနီရောင်စည်းတံဆိပ်တစ်ခုပေါ်လာပြီး ထိုစည်းတံဆိပ်မှ ရွှေ‌ရောင်အလင်းတန်းများ တောက်ပနေသည်။ ထိုစည်းတံဆိပ်က နေရာတွင် တိတ်ဆိတ်စွာပျံဝဲနေသော်လည်း စကြာဝဠာဗဟိုချက်အလား အလင်းရောင် ၊ အပူလှိုင်း ၊ မီးတောက်များနှင့် ဝိညာဉ်စွမ်းအားများအားလုံးကို ဆွဲငင်လျှက်ရှိ၏။

ထိုခဏတွင် စကြာဝဠာနှင့် အာကာသတစ်ခုလုံး ပုံရိပ်ယောင်တစ်ခုပမာ မှေးမှိန်သွားပြီး ဤနေရာရှိ တစ်ခုတည်းသော အမှန်တရား ၊ အမြင့်ဆုံးသော နိယာမသည် ဤစည်းတံဆိပ်တစ်ခုတည်းသာလျှင် ဖြစ်၏။

ရန်ကျောက်ကဲက ထိုစည်းတံဆိပ်အနား ချဉ်းကပ်ရန်ကြိုးစားစဉ်မှာပင် ထိုအရာက သူ့ကို ဆွဲခေါ်သွားသည်။

ရုတ်တရက်... သူရောက်ရှိနေရာမှ မိုးမြေတစ်ခွင့် ပြင်းပြင်းထန်ထန် တုန်ခါသွားသလို ခံစားလိုက်ရသည်။ သူ့အရှေ့မှ နေဝန်းသည်လည်း တစ်စုံတစ်ခု အနားမကပ်နိုင်ရန်တားဆီးသည့်အလား ချက်ချင်းလှုပ်ခါသွားသည်။

အပြင်ဘက်တွင်တော့ ချောက်နက်ကြီးအောက်ဘက်ရှိ အမှောင်ထုက ရွှေရောင်နေမင်းကြီးကို တရွေ့ရွေ့ တွန်းထုတ်နေသည်။ ချိတ်ပိတ်ထားသောစည်းတံဆိပ် ပိုမိုအားနည်းလာသည်နှင့် ယွမ်ကျန်းဖုန်းရော ချန်လီပါ အကြီးအကျယ် မျက်နှာပျက်နေကြသည်။

ရွှေရောင်နေဝန်းကြီးကို ဖြတ်ကျော်ပြီး အပေါ်ဘက်သို့တက်လာသည့် အနက်ရောင်အခိုးအငွေ့များက ပိုမိုထူထပ်လာသည်။ ငရဲကိုးထပ်မှရောင်ဝါကြောင့် ဤနေရာမှ လေထုတစ်ခုလုံး ပြင်းထန်စွာ ပုံပျက်လျှက် ရှိ၏။

ပုံပျက်နေသောလေထုထဲမှ ကြီးမားသောလက်ကြီးနှစ်ဖက် အပြင်သို့ ရုတ်တရက် ထွက်လာသည်။

“နတ်ဆိုးတွေရဲ့ ရုပ်ခန္ဓာတွေ ဖြတ်သန်းလာလို့ မရသေးပေမယယ့် နတ်ဆိုးလက်သည်းတွေတော့ ဖြတ်သန်းလာနိုင်ပြီထင်တယ်”

အတွေးနှင့်အတူ လူသားသိုင်းသမားများအားလုံး အကြီးအကျယ် မျက်နှာပျက်သွားကြသည်။

ကြီးမားသောနတ်ဆိုးလက်တစ်ဖက်က မှင်ကဲ့သို့နက်မှောင်နေပြီး အဆုံးမရှိသော မိစ္ဆာချီစွမ်းအားများ ဖြာထွက်နေလေရာ လူများ၏စိတ်နှလုံးကို လှည့်ဖြားရန် ပိုမိုလွယ်ကူသည်။ မိစ္ဆာချီစွမ်းအားများက ပုံသဏ္ဌန်မရှိသည့်တိုင် ဤနေရာတွင်ရှိနေသော သိုင်းကျင့်ကြံသူများအတွက် ခုခံရန် ခက်ခဲစေသည်။

အခြားနတ်ဆိုးလက်တစ်ဖက်ကတော့ ခရမ်းရောင်ဖြစ်ပြီး လက်ဖဝါးပြင်ထက်တွင် အနီရောင်ယှက်သမ်းသောအနက်ရောင်ကြိုးများ ထူထပ်ရစ်သိုင်းချည်နှောင်ထားသည်။

ထိုနတ်ဆိုးလက်သည်းများထွက်လာသည်နှင့် အချိန်မီမရှောင်တိမ်းနိုင်သော သိုင်းဆရာသခင်အချို့ကို ချက်ချင်းပင် ကုတ်ခြစ်သတ်ဖြတ်ပစ်လိုက်သည်။

တောင်များကိုဖြို ၊ ပင်လယ်ကိုကျော်ဖြတ်နိုင်စွမ်းရှိပြီး လူ့လောကတွင် အထွတ်ထိပ်အဆင့် ရပ်တည်ကြသော အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်များသည် ယခုတော့ အလွန်တရာ အားနည်းသောအနေအထားသို့ ရောက်ရှိသွားကြ၏။

ကြောက်မက်ဖွယ်ရာ နတ်ဆိုးဟိန်းသံများ ချောက်နက်ကြီးထဲတွင် လှိုင်းထန်စွာထွက်ပေါ်လျှက် အလွန်တရာဝေးကွာသည့်တိုင် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ မိုးမြေတစ်ခုလုံးအား တုန်ခါသွားစေသည်။

ယွမ်ကျန်းဖုန်းနှင့် ချန်လီတို့မှာ မျက်နှာပျက်လျှက်ဖြင့်ပင် အန္တရယ်ကိုတွန်းလှန်ရန် အလျှင်အမြန် လှုပ်ရှားကြရသည်။

ချောက်နက်အတွင်းမှ မိစ္ဆာစွမ်းအားများ ရွှေရောင်နေဝန်းကို တိုက်ထုတ်လိုက်ချိန် အစိမ်းရောင်မိုးကြိုးသိုင်းသူတော်စင်’ချန်လီ’ သွေးတစ်ပွက်အန်ချလိုက်သည်။ ယွမ်ကျန်းဖုန်း၏ ခန္ဓာကိုယ်မှာလည်း တုန်ခါသွားပြီး စည်းတံဆိပ်ကို ခဏမျှ အားဖြည့်မပေးနိုင် ဖြစ်သွားရ၏။

ငရဲကိုးထပ်မှ ဆိုးရွားသောမိစ္ဆာချီနှင့် ရွှေရောင်အလင်းတန်းများ အရှိန်အဟုန်ဖြင့် ရိုက်ခတ်သွားသည်။

ထိုအချိန် ခရမ်းရောင်နတ်ဆိုးလက်ကြီး တုန်ခါသွားပြီး ထိုလက်ကြီးကို ရစ်ပတ်ထားသည့် အနက်ရောင်ကြိုးများ ပွင့်ထွက်သွားကာ ပိုက်ကွန်တစ်ခုပမာ ကြောက်မက်ဖွယ်ရာ အမှောင်ကမ္ဘာတစ်ခု ဖြစ်တည်လာပြီး ယွမ်ကျန်းဖုန်းနှင့် ချန်လီတို့ကို ဖုံးအုပ်လိုက်သည်။

ထိုအချိန် အနက်ရောင်နတ်ဆိုးလက်ကြီးက ချန်လီဆီသို့ ဦးတည်သွားပြီး လက်သည်းရှည်များဖြင့် ကုတ်ဆွဲချလိုက်သည်။  နတ်ဆိုးလက်ကြီး၏ တိုက်ခိုက်မှုကို ခုခံလိုက်ရသော ချန်လီမှာ လဲပြိုကျလုမတတ် ခံစားလိုက်ရ၏။

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အထွတ်ထိပ်အဆင့်ရပ်တည်နေသော သိုင်းသူတော်စင်တစ်ယောက်သည် သူ့အပေါ် ကျရောက်လာသည့် သေခြင်းတရားကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

ယွမ်ကျန်းဖုန်းက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ကြယ်တာရာသန့်စင်ချီဝတ်ရုံ၏ စွမ်းအားကိုအသုံးပြုကာ ရွှေရောင်နေဝန်းကို ပြင်းပြင်းထန်ထန် ဖိနှိပ်လျှက် အားဖြည့်ပေးလိုက်သည်။

အားနည်းပြိုကျလုနီးပါး စည်းတံဆိပ်သည် နောက်တစ်ကြိမ် နိုးကြွလာပြီး ရွှေရောင်အလင်းတန်းများ ထွန်းလင်းလျှက် အောက်ဘက်ရှိ ငရဲကိုးထပ်ရောင်ဝါကို ဖိနှိပ်လိုက်သည်။ ချက်ချင်းပင် နတ်ဆိုးလက်ကြီးနှစ်ဖက် အေးခဲရပ်တန့်သွားသလို ရွှေရောင်နေဝန်း၏ အရှိန်အဟုန်သည်လည်း နှေးကွေးသွားသည်။

“ငါ သည်းမခံနိုင်တော့ဘူး ၊ သွားတော့မယ်”

ပြောပြီးသည်နှင့် ချန်လီသည် အစိမ်းရောင်လျှပ်စီးအဖြစ်ပြောင်းလဲကာ သူ့ထံဝင်ရောက်လာသော အနက်ရောင်အခိုးအငွေ့များကို ရှောင်တိမ်းလျှက် ကောင်းကင်ထက်သို့ ပျံသန်းသွားသည်။

ယွမ်ကျန်းဖုန်းက...

“မင်း အခုပြေးရင်လည်း ဒီပြဿနာကနေ ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ဘူး”

“ဘာပဲဖြစ်ဖြစ် ငါ ဒီနေ့ မသေချင်သေးဘူး”

ချန်လီထံမှ ထွက်ပေါ်လာသော အစိမ်းရောင်လျှပ်စီးအလင်းတန်းများက ကောင်းကင်ထက်သို့ ဖောက်ထွက်သွားပြီး တစ်ခဏအတွင်း ဝေးကွာသွားသည်။

ယွမ်ကျန်းဖုန်းမှာ ဒေါသလည်းထွက်သလို ထိတ်လည်းထိတ်လန့်သွား၏။

ထိုအချိန် ခဏတာအေးခဲရပ်တန့်သွားသော နတ်ဆိုးလက်ကြီးများနှစ်ဖက်က နောက်တစ်ကြိမ် အသက်ဝင်လာပြီး တိုက်ခိုက်မှုစတင်လိုက်လေသည်။

All Chapters