လွတ်လပ်စွာ နေထိုင်ခြင်း
Vol. 15 Ch. 150
ယဲ့ကွေ့ရန် ထွက်သွားပြီးနောက် မင်ချန်ကျိုက်နှင့် ဖေ့အာတို့ နှစ်ယောက်လုံးမှာ မည်သည့် စိတ်ကူးမှ မရှိတော့ချေ။
ဝမ်းနည်းနေသလား ဆိုလျှင် အမှန်တကယ်ပင် ဝမ်းနည်းနေမိပေ၏။
သို့သော် နန်းတော်ထဲတွင် အပေါဆုံးအရာမှာ ဝမ်းနည်းစရာ ကိစ္စများသာ ဖြစ်လေသည်။ ယနေ့ ပိုင်ဖင်က ဤကဲ့သို့ လုပ်နိုင်လျှင် မနက်ဖြန်တွင်လည်း အခြားလူများက ပြဿနာ လာရှာနိုင်ပေသည်။
အားကိုးရာ မရှိလျှင် သူမအနေဖြင့် မောင်းမဆောင်ထဲတွင် ခြေတစ်လှမ်း လှမ်းရန်ပင် ခက်ခဲလှပေမည်။
လင်ကွေ့ဖေးကိုသာ ဆုပ်ကိုင်ထားရမည် ဖြစ်ကြောင်း သူမ သေချာ သိထားလေသည်။ ထိုသို့မှသာ အကာအကွယ် ရရှိနိုင်မည် ဖြစ်တော့သည်။
ယခု နန်းတော်ထဲတွင် ယီဖေးမယ်မယ်က အာဏာရှိနေသော်လည်း ပိုင်ဖင်မှာ သူမ၏ လက်အောက်ငယ်သား ဖြစ်နေသဖြင့် မိမိအနေဖြင့် ဝင်ရောက် နေရာယူရန် မဖြစ်နိုင်ကြောင်း တွေးမိသည်။
ထိုအကြောင်းကို တွေးမိပြီး သူမကိုယ်သူမ မလန့်ဖို့ သတိပေးလိုက်လေ၏။ ရှေ့ဆက်ရမည့် လမ်းအတွက် သူမ သေချာ စဉ်းစားရပေမည်။
တောအုပ်ထဲမှ ပြဿနာမှာ မင်ချန်ကျိုက်၏ နှုတ်ဆိတ်နေမှုကြောင့် အတိတ်တစ်ခု ဖြစ်သွားခဲ့ချေပြီ။
ဟွေ့ဖန်းယာခြံဝင်း ထဲမှ လင်ဝမ်ယိမှာမူ ပုံမှန်ရက်များထက်ပင် ပိုမို စိတ်အေးချမ်းစွာ နေထိုင်နေလေသည်။
ဤရက်ပိုင်းအတွင်း အရှင်မင်းကြီးသည် ထိုနေရာသို့ မလာခဲ့ပေ။ အခြားလူများမှာ အကြောင်းစုံကို မသိကြသဖြင့် အနည်းငယ် စိုးရိမ်နေကြပေ၏။
သို့သော် သူမကတော့ ဘာမှ မဖြစ်သကဲ့သို့ ပန်းထိုးလိုက် အစားအသောက်များကို လေ့လာလိုက်နှင့် အချိန်ဖြုန်းနေတော့သည်။ မကြာသေးမီကမှ ပန်းပင်များကို ဂရုစိုက်ရသည်ကိုပါ သဘောကျလာခဲ့လေ၏။
နွေရာသီအပန်းဖြေနန်းတော် အတွင်းရှိ ပန်းပင်များမှာ ဖြစ်ထွန်းနေသဖြင့် ပြုစုရသည်မှာ သိပ်မခက်ခဲလှပေ။
ဒုတိယမင်းသားက ဤရက်ပိုင်းအတွင်း သူမထံမှ မည်သည့် တုံ့ပြန်မှုမျှ မရှိသည်ကို သေချာ အကဲခတ်နေလေသည်။ သူ၏ စိတ်ထဲတွင်တော့ ဇာတ်လမ်းပေါင်းများစွာကို တွေးတောနေမိ၏။
လင်မယ်မယ်သည် လူရှေ့တွင်သာ ဘာမှ မဖြစ်သကဲ့သို့ ဟန်ဆောင်နေပြီး ကွယ်ရာတွင်တော့ တိတ်တဆိတ် ငိုကြွေးနေမည်လားဟု တွေးနေမိသည်။
ထိုနေ့က ခြံဝင်းထဲတွင် လင်ဝမ်ယိနှင့်အတူ ပန်းပင်များကို ရေလောင်းပေးနေစဉ် သူက မနေနိုင်တော့ဘဲ စကားစလိုက်လေတော့သည်။
"လင်မယ်မယ် မကြောက်ဘူးလား"
"ကြောက်ရမယ်… ဘာကို ကြောက်ရမှာလဲ"
လင်ဝမ်ယိမှာ သူ၏ ရုတ်တရက် အမေးကြောင့် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရလေသည်။
"အပြင်က လူတွေ ပြောနေကြတယ်… ခမည်းတော်က… ခမည်းတော်က လတ်တလော မင်ချန်ကျိုက် ဆိုတဲ့ မိန်းမလှလေး တစ်ယောက်ကို ထပ်ရထားတယ်တဲ့… ပြီးတော့ အရမ်းလည်း အလိုလိုက်ထားတယ်လို့ ကြားတယ်"
"အပြင်က လူတွေ ဟုတ်လား… ဒီသတင်းကို ဘယ်ကနေ ကြားလာတာလဲ… အစအဆုံးလည်း မသိဘဲနဲ့ အကုန်လုံးက အလကား သတင်းတွေချည်းပဲ"
"အလကား သတင်းတွေ"
ဒုတိယမင်းသားမှာ ဤအဖြေကြောင့် ပို၍ပင် အံ့ဩသွားပုံရလေသည်။
"ဟုတ်တာပေါ့ ဘယ်လိုလုပ်ပြီး အသစ်ရတဲ့သူ ဖြစ်မှာလဲ… မင်ချန်ကျိုက် ဆိုတာ သုံးလပိုင်းကတည်းက နန်းတွင်းကို ရောက်လာတဲ့ မိန်းမပျိုလေ… အစကတည်းက အရှင်မင်းကြီး အနားမှာ ခစားခဲ့ဖူးတဲ့သူပဲ"
ထိုရှင်းပြချက်ကို ကြားပြီးနောက် ဒုတိယမင်းသားမှာ မပြောဘဲ နေလိုက်လျှင် ပိုကောင်းမည်ဟု တွေးလိုက်မိသည်။ သူပြောချင်သည့် လိုရင်းကို လုံးဝ မရောက်နိုင်ဖြစ်နေသည်။
"လင်မယ်မယ် သားတော်က အတည် ပြောနေတာနော်"
သူ၏ မျက်နှာလေး ရှုံ့မဲ့သွားသည်ကို မြင်သောအခါမှ လင်ဝမ်ယိက ရယ်ချင်စိတ်ကို ထိန်းကာ လက်ထဲမှ သစ်သားရေမှုတ်ကို ချလိုက်လေ၏။ ဒုတိယမင်းသားကို စိုက်ကြည့်လိုက်ပြီး ခဏအကြာတွင် အေးဆေးတည်ငြိမ်စွာ ပြောလိုက်လေသည်။
"မယ်မယ်က ကြောက်နေရင်ရော မင်းရဲ့ ခမည်းတော်က တခြား ကိုယ်လုပ်တော်တွေ ထပ်မယူတော့ဘူးတဲ့လား"
"မယ်မယ်က ကြောက်နေရင်ရော မင်းရဲ့ ခမည်းတော်က တခြားလူတွေ သေချင်သေ ရှင်ချင်ရှင်ဆိုပြီး နေ့တိုင်း ဟွေ့ဖန်းယာခြံဝင်း မှာပဲ လာအိပ်တော့မှာလား"
"တခြား ဟာတွေ မပြောနဲ့ဦး… နန်းတော်ထဲမှာ မီးဖွားခါနီး ဖြစ်နေတဲ့ ကိုယ်လုပ်တော် နှစ်ယောက်တောင် ရှိသေးတယ်… တကယ်လို့ မင်းရဲ့ ခမည်းတော်က သူတို့ကိုပါ လျစ်လျူရှုထားမယ် ဆိုရင်… နောင်တစ်ချိန်ကျရင် မယ်မယ့်ကိုရော အရင်ကလို ဆက်ပြီး ဆက်ဆံမယ်လို့ ဘယ်လိုလုပ်ပြီး သေချာပေါက် သိနိုင်မှာလဲ"
သူမ၏ စကားမှာ အမှန်တကယ်ပင် မှန်ကန်လှပေသည်။ ဧကရာဇ် တစ်ပါး အနေဖြင့် မောင်းမဆောင်တွင် ကိုယ်လုပ်တော်များစွာ ရှိရန် သတ်မှတ်ထားပြီးသား ဖြစ်လေ၏။ ဂရုစိုက်မှု ပိုသည်နှင့် လျော့သည်သာ ကွာခြားပေမည်။
"တခြား ကိုယ်လုပ်တော်တွေနဲ့ ယှဉ်ရင် မင်းရဲ့ ခမည်းတော်က မယ်မယ့်အပေါ် တော်တော်လေး ကောင်းနေပါပြီ… တကယ်လို့ မယ်မယ်က ဒီထက်ပိုပြီး လောဘတက်နေမယ် ဆိုရင်… ကိုယ့်ဘာသာကိုယ်တောင် လွတ်လွတ်လပ်လပ် နေရမှာ မဟုတ်တော့ဘူး"
စကားကို အဆုံးထိ မပြောလိုက်သော်လည်း ဒုတိယမင်းသားမှာ နောက်ကွယ်မှ အဓိပ္ပါယ်ကို ကောင်းကောင်း နားလည်သွားခဲ့လေပြီ။
သို့သော် လင်ဝမ်ယိ ပြောသကဲ့သို့ တကယ် ဖြစ်နိုင်မည်လားဟု သူတွေးမိသည်။ ရောင့်ရဲနိုင်ရုံဖြင့် လွတ်လပ်မှုကို ရနိုင်မည်လား ဆိုသည်ကိုပေါ့။
ဒုတိယမင်းသားသည် သူမ၏ စကားကို ကြားပြီးနောက် မနေနိုင်တော့ဘဲ တွေးတောနေမိတော့သည်။ ခဏအကြာတွင် သူ၏ ကိုယ်ပိုင် အဖြေတစ်ခုကို ရရှိသွားလေ၏။
"ဒါပေမယ့် နန်းတော်ထဲက လူတွေက အဲဒီလောက် စိတ်ထားမကောင်းကြဘူး… လင်မယ်မယ်က ပြဿနာ သွားမရှာရင်တောင် ပြဿနာက မယ်မယ့်ဆီ ရောက်လာလိမ့်မယ်"
ဒုတိယမင်းသား၏ နန်းတွင်း ဖြတ်သန်းမှု သက်တမ်းမှာ လင်ဝမ်ယိထက် များစွာ ကြာမြင့်လေသည်။ သူ ကြုံတွေ့ခဲ့ရသော ကိစ္စများမှာလည်း လင်ဝမ်ယိထက် ပိုမို အန္တရာယ်များပေ၏။ ထို့ကြောင့် ကိုယ်က သူများကို မထိခိုက်လျှင် သူများကလည်း ကိုယ့်ကို မထိခိုက်ဘူး ဆိုသည့် စကားကို သူ လုံးဝ မယုံကြည်ချေ။
နန်းတော်ထဲတွင် လင်ဝမ်ယိကဲ့သို့ ရောင့်ရဲတင်းတိမ်နိုင်သူမှာ အလွန် ရှားပါးလှပေသည်။ အာဏာ ပြိုင်ဆိုင်မှုများနှင့် ချမ်းသာကြွယ်ဝမှု၏ မြှူဆွယ်မှုများကို မည်သူမှ မက်မောခြင်း ကင်းနိုင်မည် မဟုတ်ချေ။
လင်ဝမ်ယိက ဒုတိယမင်းသား၏ ပြတ်သားသော အကြည့်ကို ကြည့်ရင်း သူပြောသည်မှာလည်း အတော်လေး ယုတ္တိရှိကြောင်း ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။ ထို့ကြောင့် သစ်သားရေမှုတ်ကို ပြန်ယူလိုက်ပြီး သူ့ကို ဆက်မပြောတော့ချေ။ ရေလောင်းရင်းဖြင့်သာ ဒုတိယမင်းသား စောစောက ပြောသွားသော စကားများကို သေချာ စဉ်းစားနေမိတော့သည်။
တုမားမားက သူတို့ နှစ်ယောက်နှင့် မလှမ်းမကမ်းတွင် ရပ်နေလေသည်။ ထို့ကြောင့် သူတို့ နှစ်ယောက်၏ စကားဝိုင်းကို သဘာဝကျကျ ကြားနေရပေ၏။
လင်ဝမ်ယိ ထိုစကားများကို ပြောလိုက်ချိန်တွင် သူမ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရသည်။ အတိတ်က အဖြစ်အပျက်များ ပြန်လည် ထပ်မံ ဖြစ်ပေါ်လာမည်ကို သူမ တွေးမိပြီး စိုးရိမ်သွားမိသည်။ အရှင်မင်းကြီး အနေဖြင့် နောက်ထပ် တစ်ကြိမ် ရှင်ကွဲ ကွဲရခြင်းကို ခံနိုင်ရည် ရှိပါဦးမည်လား ဆိုသည်ကို သူမ မသိနိုင်ချေ။
အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော သူမ၏ မျက်ဝန်းများထဲတွင် ဖော်ပြ၍မရနိုင်သော ရှုပ်ထွေးမှုများ ပြည့်နှက်နေတော့သည်။
မီးဖိုချောင်ငယ်ထဲတွင် ချွမ်ချီမှာ ဤရက်ပိုင်းအတွင်း ထမင်းဟင်း ချက်ပြုတ်ရန် စိတ်မပါလှချေ။ လက်ထဲမှ အလုပ်များ မရပ်နားသော်လည်း သူမ ခေါင်းထဲတွင်တော့ အတွေးပေါင်းများစွာ ဝင်ရောက်နေလေ၏။
မရရှိခဲ့လျှင်လည်း ကိစ္စမရှိလှသလို ထိုမျှလောက်ထိလည်း ခံစားရမည် မဟုတ်ချေ။ သို့သော် ရရှိပြီးမှ ပြန်လည် ဆုံးရှုံးသွားရခြင်းကတော့ စိတ်ခံစားချက်ချင်း မတူညီနိုင်ပေ။
အရင်တုန်းကတော့ သူတို့သည် အရှင်မင်းကြီး နည်းနည်းလောက် လာမှုနည်းလျှင် ပိုပြီး သက်တောင့်သက်သာ နေရမည်ဟု တွေးခဲ့ကြသည်။ ထိုသို့ တွေးနိုင်ခြင်းမှာ အရှင်မင်းကြီးက သခင်မလေးအပေါ် အလွန်အမင်း အလိုလိုက်ထားသောကြောင့်ပင် ဖြစ်လေသည်။
သို့သော် ယခုမူ အရှင်မင်းကြီးကို များများ လာစေချင်နေကြပြီ ဖြစ်သည်။ မဟုတ်လျှင် အပြင်ဘက်မှ သတင်းဆိုးများက ဟွေ့ဖန်းယာခြံဝင်း အတွင်းရှိ လူအားလုံး၏ စိတ်ကို ဖိစီးလာစေမည်မှာ အသေအချာပင်။
သူမ၏ စိတ်ထဲမှ သံသယများကို မည်သူ့ကိုမျှ မပြောပြရဲချေ။ ရှအန်းကိုပင် ပြောပြဖို့ သူမ စိုးရိမ်နေမိသည်။
မိမိ၏ ပါးစပ်ဖွာမှုကြောင့် သခင်မလေးအတွက် ပြဿနာ ဖြစ်လာမည်ကို သူမ အလွန်အမင်း ကြောက်ရွံ့နေခြင်း ဖြစ်ပေ၏။
အချိန်ကိုက်ပင် ရှအန်းက ဆေးလာယူရာ ချွမ်ချီ၏ မျက်နှာမကောင်းသည်ကို တွေ့လိုက်ရသဖြင့် ဒီရက်ပိုင်း ပင်ပန်းနေသည်ဟု ထင်မှတ်သွားလေသည်။ ထို့ကြောင့် ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး လူမရှိသည်ကို သေချာမှ သူမ၏ လက်ကို ဆွဲယူကာ သွေးခုန်နှုန်းကို သေချာ စမ်းသပ်ကြည့်လိုက်၏။
"ဘာမှတော့ မဖြစ်ပါဘူး… အရမ်း ပူနေလို့ အိုက်စပ်ပြီး နေမကောင်း ဖြစ်ချင်နေတာလား"
"အင်း ငါက ကိစ္စမရှိပါဘူး အလုပ်လုပ်ရတာ အကျင့်ပါနေပါပြီ… နင်သာ သခင်မလေးကို ဂရုစိုက်လိုက်ပါဦး နေက ဒီလောက် ပူနေတာကို အပြင်မှာ ပန်းတွေကို ရေလောင်းနေတုန်းပဲ"
ချွမ်ချီ၏ စကားကို ကြားသောအခါ ရှအန်းက ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ လင်ဝမ်ယိ၏ အဖြေကို ပြန်လည် ပြောပြလိုက်လေသည်။
"သခင်မလေးက ပြောတယ်… ဒီလောက် ပူတဲ့ ရာသီဥတုမှာ လူတောင် မခံနိုင်တာ ပန်းပင်တွေဆို ပိုဆိုးမှာပေါ့တဲ့… ဒါကြောင့် သူတို့ကို ရေများများ လောင်းပေးမှ ရေငတ်ပြေမှာတဲ့လေ"
ရှအန်းက သူမနှင့် နောက်ပြောင်နေနိုင်သေးသည်ကို မြင်သောအခါ ချွမ်ချီ၏ စိုးရိမ်မှုများ အနည်းငယ် လျော့ကျသွားလေ၏။ သို့သော် ရှအန်းကတော့ သူမ၏ မျက်ဝန်းထဲမှ ဝမ်းနည်းရိပ်များကို သတိထားမိလိုက်ပေသည်။
"ဘာဖြစ်လို့လဲ… ဒီနေ့ ဘာလို့ စိတ်မပါသလို ဖြစ်နေရတာလဲ"
"အင်း… အပြင်က ကောလာဟလတွေကြောင့်ပါပဲ… နင်ပဲ စဉ်းစားကြည့်လေ အရှင်မင်းကြီးက ဒီကို မလာတာ တော်တော်ကြာနေပြီဆိုတော့… တစ်ခုခုများ…"
ဤစကားကို ပြောချိန်တွင် ချွမ်ချီက အပြင်ဘက်သို့ လည်ပင်းဆန့်ကာ ကြည့်လိုက်သေးသည်။ လူမရှိမှန်း သေချာမှ တိုးတိုးလေး ဆက်ပြောလိုက်လေ၏။
ရှအန်းသည် သူမ၏ စကားကို ကြားလိုက်သည်နှင့် သူမ ဘာကို စိုးရိမ်နေသလဲ ဆိုတာကို ချက်ချင်း သဘောပေါက်သွားလေသည်။
အမှန်တော့ သူမကိုယ်တိုင်လည်း ချွမ်ချီကဲ့သို့ အတိတ်က မျက်နှာသာပေးမှုများ ပျောက်ကွယ်သွားမည်ကို တစ်ခဏမျှ စိုးရိမ်ခဲ့ဖူးသည်။ သို့သော် လင်ဝမ်ယိ အနားတွင် ခစားရသည့် အချိန်များလာသည်နှင့်အမျှ သူမ၏ တည်ငြိမ်မှုများက ရှအန်းထံသို့ တဖြည်းဖြည်း ကူးစက်လာခဲ့ပေပြီ။ ယခုအချိန်တွင် သူမ၏ စိတ်များလည်း အတော်လေး တည်ငြိမ်နေသည်။
ထို့ကြောင့် သူမက ချွမ်ချီကို ကြည့်ကာ ပြောလိုက်လေသည်။
"အရင်တုန်းက ငါတို့ အမတ်ချုပ်အိမ်တော်မှာ နေခဲ့ရတုန်းက ရုံဟယ့်ဆောင်နဲ့ ဒုတိယအိမ်တော်အပေါ် မျှော်လင့်ချက်တွေ ထားခဲ့ဖူးလို့လား"
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
သူတို့အကြောင်းကို ပြောလိုက်သည်နှင့် ချွမ်ချီ၏ နွမ်းနယ်နေသော စိတ်များမှာ ချက်ချင်းပင် ပြန်တက်ကြွလာတော့သည်။ သူမ၏ မျက်ဝန်းများထဲတွင် ဒေါသများပင် ထင်ပေါ်လာတော့လေသည်။