ကျန်းမင်းသားအိမ်တော်မှ မုန်တိုင်း
Vol. 15 Ch. 144
ဤနှစ်များအတွင်း ကျန်းမင်းသားအိမ်တော် ၏ တဖြည်းဖြည်း ကြီးထွားလာသော ရည်မှန်းချက်များကို သူ မသိသည်တော့ မဟုတ်ပေ။ သို့သော် မိသားစုအတွင်းတွင် အဆက်အသွယ်များစွာ ရှိနေသဖြင့် ရုတ်တရက် အဆက်အသွယ် ဖြတ်လိုက်မည် ဆိုလျှင် အကျိုးအမြတ် မရဘဲ အရှုံးပေါ်သွားမည်ကို စိုးရိမ်ရသည်။
ထို့ကြောင့် အိမ်တွင်းရေးနှင့် အမျိုးသမီးများ၏ ကိစ္စရပ်များကို အသုံးချကာ တစ်ဆင့်ချင်းစီ ခွဲထုတ်ပစ်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။ ဤသို့ဆိုလျှင် သူများမျက်စိတွင်လည်း မပေါ်လွင်ဘဲ ဤကိစ္စကို အေးအေးဆေးဆေး အောင်မြင်အောင် လုပ်ဆောင်နိုင်မည်။
ဤနေရာအထိ တွေးမိသောအခါ သူ၏ အကြံကြီးသော မျက်လုံးများထဲတွင် ဉာဏ်နီဉာဏ်နက်များ ပေါ်လွင်နေတော့၏။ ဘေးတွင် ရပ်နေသူကတော့ အမတ်ချုပ်လင် ၏ ဤကဲ့သို့သော အမူအကျင့်များကို ရိုးအီနေပြီ ဖြစ်သည်။
ထို့ကြောင့် သူက စကားတစ်ခွန်းမျှ ဝင်မပြောဘဲ တိတ်ဆိတ်စွာသာ စောင့်ဆိုင်းနေလိုက်သည်။
"သွားစီစဉ်လိုက်တော့… ငါတို့လူတွေကို အမြန်ဆုတ်ခိုင်းလိုက်… ကျန်းမင်းသားအိမ်တော် နဲ့ စတုတ္ထမင်းသား တို့ရဲ့ ရန်ငြိုးထဲမှာ ငါတို့ ဝင်ပါလို့ မဖြစ်ဘူး"
"ဟုတ်ကဲ့… ဒီလက်အောက်ငယ်သား နားလည်ပါပြီ"
ယခုအချိန်တွင် ရထားလုံးစီးကာ မိဘအိမ်သို့ ပြန်နေသော မင်းသမီးရုံခန့် ကတော့ ဤကိစ္စများကို လုံးဝ မသိရှာပေ။ သူမ ကျောထောက်နောက်ခံပြုထားသော ခင်ပွန်းဖြစ်သူက သူမ သေမင်းဆီသို့ တစ်လှမ်းချင်း လျှောက်သွားနေသည်ကို ထိုင်ကြည့်နေမှန်း မသိရှာ။
သူမ၏ စိတ်ထဲတွင်တော့ သူမ ခန့်မှန်းထားသည့် ကိစ္စများကို မောင်ဖြစ်သူအား ပြောပြရန်သာ အပြည့်အဝ တွေးတောနေတော့၏။
ကျန်းမင်းသားအိမ်တော် တွင် တံခါးစောင့် အစေခံက ရောက်လာတာ အမတ်ချုပ်လင် အိမ်တော်၏ ရထားလုံးဖြစ်ကြောင်း မြင်လိုက်သည်နှင့် မင်းသမီးရုံခန့် ပြန်လာမှန်း ချက်ချင်း သိလိုက်သည်။ သူက အတွင်းသို့ သတင်းပို့ရန် လူလွှတ်လိုက်ရင်း တစ်ဖက်မှလည်း ဆီးကြိုရန် ထွက်လာခဲ့သည်။
"ဒီအစေခံ မင်းသမီးကို ဂါရဝပြုပါတယ်… မင်းသမီး ကျန်းမာပါစေ"
"အင်း… မင်းသား အိမ်မှာ ရှိလား"
"ရှိပါတယ် မင်းသမီး"
"ကောင်းပြီ… ငါ့ကိုလိုက်ပို့စမ်း"
"ဟုတ်ကဲ့ပါ"
သူတို့နှစ်ဦး၏ စကားဝိုင်းမှာ တိုတောင်းပြတ်သားလှပြီး တန်းတန်းမတ်မတ်ပင် ခြံထဲသို့ ဝင်သွားကြလေ၏။
ဤ ကျန်းမင်းသားအိမ်တော် သည် သာမန်နှင့်မတူဘဲ အိမ်တော်အတွင်းတွင် အရှေ့အနောက်တောင်မြောက် အိမ်ဆောင်ပေါင်း များစွာရှိပြီး စုစုပေါင်း အခန်းပေါင်း လေးရာကျော်ရှိကာ ရှန်းကျင်းမြို့တော် ၏ မြေနေရာ အတော်များများကို ယူထားလေသည်။ အိမ်တော်အတွင်းတွင် မဏ္ဍပ်များ၊ စံအိမ်များနှင့် အထပ်မြင့်အဆောက်အအုံများ ပြည့်နှက်နေပြီး နေရာတိုင်းတွင် ကွေ့ကောက်နေသော စင်္ကြံလမ်းများ ရှိနေသည်။ ပထမဆုံးအကြိမ် လာသူဆိုလျှင် လမ်းပျောက်သွားနိုင်သည်မှာ အသေအချာပင်။
အလယ်ဗဟိုတွင် ရှိသော ရွေ့အန်းစံအိမ် မှာ ကျန်းမင်းသား နေထိုင်ရာ ပင်မအဆောင် ဖြစ်သည်။ စင်္ကြံလမ်းများနှင့် ခြံဝင်းများကို ဖြတ်ကျော်ပြီးနောက် မင်းသမီးရုံခန့် သည် ထိုခြံဝင်းထဲသို့ ခြေချလိုက်တော့၏။
အတွင်းတွင်တော့ ကျန်းမင်းသား က ကြင်ရာတော်ဝေ့ နှင့်အတူ ပန်းကြည့်နေလေသည်။ မင်းသမီးရုံခန့် ကို မြင်လိုက်သောအခါ သူ၏ မျက်နှာပေါ်တွင် သိချင်စိတ်များ အပြည့်ပေါ်လာ၏။
သူက ချက်ချင်းပင် မေးလိုက်သည်။
"အစ်မကြီး ဘယ်လိုလုပ် ရောက်လာတာလဲ… လူတစ်ယောက်လောက်တောင် ကြိုမလွှတ်ဘူး… မြန်မြန် လာထိုင်ပါဦး"
ပြောရင်းနှင့် သူ့ဘေးရှိ ထိုင်ခုံကို လက်ညှိုးထိုးပြလိုက်သည်။ အရှေ့ဘက်တွင်တော့ ခြံဝင်းအနောက်ဘက်ရှိ ကြာကန် တစ်ခုရှိပြီး ထိုအထဲတွင် ကြာပန်းများ အများအပြား ပွင့်လန်းနေလေသည်။ ကြာရွက်များက ကောင်းကင်နှင့် ထိစပ်မတတ် စိမ်းလန်းနေပြီး နေရောင်အောက်တွင် ကြာပန်းများက တစ်မူထူးခြားစွာ ရဲရဲနီနေသည့် အချိန်ကောင်းလေးပင် ဖြစ်ပေသည်။
ကြင်ရာတော်ဝေ့ သည် မင်းသမီးရုံခန့် ကို မြင်သောအခါ မတ်တပ်ရပ်ပြီး သူမကို ဂါရဝပြုလိုက်ကာ စည်းကမ်းတကျ နှုတ်ဆက်လိုက်သည်။
"ကျွန်တော်မျိုးမ မင်းသမီးကို ဂါရဝပြုပါတယ်"
ရာထူးအဆင့်အတန်း အရ ပြောရလျှင် ဝေ့သခင်မ သည် မင်းသားအိမ်တော်၏ ကြင်ရာတော် တစ်ယောက်သာ ဖြစ်သဖြင့် မင်းသမီးရုံခန့် နှင့် ယှဉ်၍မရပေ။ ထို့ကြောင့် သူမ၏ ရှေ့တွင် အမြဲတမ်း ရိုရိုသေသေ နေထိုင်လေ့ရှိသည်။ ဤအချက်ကြောင့်ပင် မင်းသမီးရုံခန့် သည် မောင်ဖြစ်သူ၏ ဤကြင်ရာတော် မယ်မယ်ကို အတော်လေး သဘောကျလေသည်။
(T/N မင်းသားအိမ်ေတာ်ရဲ့ ကြင်ရာတော်ဆိုတာ အမ် မယားကြီး မျိုးမဟုတ်ဘဲ ဒုတိယဇနီး တတိယဇနီး ဒီလိုရာထူးမျိုးပါ )
သူမက အခြေအနေကို နားလည်ပြီး အလိုက်သိသူ တစ်ယောက် ဖြစ်ပေသည်။
သူမ ရောက်လာသည်ကို မြင်ပြီးနောက် ကြင်ရာတော်ဝေ့ က ပြုံးရင်း ပြောလိုက်သည်။
"မီးဖိုချောင်လေးထဲမှာ မုန့်အသစ်လေးတွေ လုပ်ထားတယ်… မင်းသမီး မြည်းကြည့်ရအောင် ကျွန်တော်မျိုးမ သွားယူလိုက်ပါ့မယ်"
ပြောပြီးသည်နှင့် မတ်တပ်ရပ်ကာ ထွက်သွားလေ၏။ ထွက်သွားချိန်တွင်လည်း တွန့်ဆုတ်တွန့်ဆုတ် ဖြစ်မနေဘဲ ချက်ချင်းပင် ထွက်သွားလေသည်။ ဤအချက်ကို မင်းသမီးရုံခန့် က အလွန် သဘောကျမိသည်။
ကျန်းမင်းသား သည် မင်းသမီးရုံခန့် ထက် နှစ်နှစ်သာ ငယ်သော်လည်း ကြည့်ရသည်မှာ မင်းသမီးရုံခန့် လောက် နုပျိုပုံ မပေါ်ပေ။ မည်သို့ပင်ဖြစ်စေ အမျိုးသမီးများက အလှအပ ထိန်းသိမ်းရာတွင် ပိုမို တတ်ကျွမ်းကြသဖြင့် မောင်နှမ ဖြစ်သော်လည်း ကြည့်ရသည်မှာ အစ်ကိုနှင့် ပိုတူနေလေ၏။
သူမက ထိုင်ပြီးနောက် ဘေးလူများကို ထွက်သွားခိုင်းလိုက်သည်။ မင်းသမီးရုံခန့် ၏ ဤမျှ လေးနက်တည်ကြည်နေသော အမူအရာကို မြင်သောအခါ ကျန်းမင်းသား သည်လည်း စောစောက ပြံးနေရာမှ တည်ကြည်သွား၏။
"ဘာဖြစ်လို့လဲ အစ်မကြီး… အမတ်ချုပ်အိမ်တော် မှာ ပြဿနာ တစ်ခုခု တက်လို့လား"
"အင်း… နန်းတော်ထဲက သတင်းပို့လာတာ ချီချောင်ပွဲတော် ကို ယီဖေး ဦးစီးမယ်တဲ့"
နန်းတွင်းပွဲတော်ကို ယီဖေး က ဦးစီးမည် ဟူသော သတင်းပင်။
"ဒါဆို ကွေ့ဖေးမယ်မယ် ကရော… ဘာလို့ သူမဟုတ်တာလဲ"
လွန်ခဲ့သော ရက်အနည်းငယ်က သွမ့်ဝူပွဲတော် တွင် သူမ အတော်လေး နာမည်ရသွားသည် မဟုတ်လား။ ဘယ်လိုလုပ်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပြောင်းလဲသွားရသည်ကို နားမလည်နိုင် ဖြစ်ရသည်။
"ခေါင်းကိုက်ရောဂါ ထလို့ ယောင်ထိုင်စံအိမ် ထဲမှာ အနားယူနေရတယ်လို့တော့ ပြောတာပဲ… ဟွန်း… လင်ဝမ်ကျိုး မှာ တစ်ခါမှ ခေါင်းကိုက်ရောဂါ မရှိခဲ့ဘဲ ဘယ်ကနေ ဘယ်လို ရောဂါထပြီး အနားယူရတာလဲဆိုတာ စဉ်းစားလို့တောင် မရဘူး"
မင်းသမီးရုံခန့်မှာ ထိုအကြောင်းကို ပြောသည့်အခါ သူမ နှာခေါင်းပေါက်များပင် ပွစိပွစိ ဖြစ်သွားရသည်။ ထိုသတင်းကို အလွန် မကျေနပ်ဖြစ်နေမှန်း သိသာလှသည်။ သို့သော် တော်ဝင်မိသားစု ကိစ္စဖြစ်နေသဖြင့် ပါးစပ်ပိတ်ထားရုံမှလွဲ၍ မတတ်နိုင်ပေ။
"ဒါဆို အစ်မကြီးက ကွေ့ဖေးမယ်မယ် နန်းတော်ထဲမှာ အခက်အခဲ တွေ့နေတယ်လို့ သံသယဝင်နေတာပေါ့"
"အင်း… ပထမသခင်ကြီး အိမ်တော်က လူတွေ ပါဝင်ပတ်သက်နေတာ သေချာတယ်"
"ပထမသခင်ကြီး အိမ်တော် ဟုတ်လား… လင်မိသားစုရဲ့ ပထမသခင်ကြီး အိမ်တော်က လူတွေလား"
ကျန်းမင်းသား သည် ထိုစကားကို ကြားသောအခါ လှောင်ရယ် ရယ်လိုက်လေသည်။
"အဲဒီလူတွေ အားလုံးက နောက်ခံမရှိတဲ့လူတွေချည်းပဲ… သူတို့က ကြားထဲကနေ ကလန့်တိုက်တယ်ဆိုတာ ဒီမင်းသားတော့ မယုံဘူး"
ဤနှစ်များအတွင်း သူ ကြားနေရသည်များကို ထောက်ရှုရုံဖြင့် ပထမသခင်ကြီး အိမ်တော်က မည်မျှ အနိုင်ကျင့်ရ လွယ်ကူကြောင်း သိနိုင်ပေသည်။ အိမ်ထဲက ကျန်းမင်းသမီး မိသားစုလိုပဲ ပျော့ညံ့ပြီး အရည်အချင်း မရှိကြပေ။ သူတို့မှာ ဤကဲ့သို့ လုပ်နိုင်စွမ်း ဒါမှမဟုတ် သတ္တိမျိုး ရှိနေမည်ဆိုလျှင်ပင် လင်မိသားစု၏ ပထမသခင်ကြီး အိမ်တော်မှ လူများကို သူ အထင်ကြီးရပေတော့မည်။
မောင်ဖြစ်သူက မယုံသည်ကို မြင်သောအခါ မင်းသမီးရုံခန့် လည်း လွန်ခဲ့သော ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ပြောပြလိုက်ရတော့သည်။
ကျန်းမင်းသား သည် အစပိုင်းတွင် ထိုအကြောင်းကို နားထောင်ရသည်မှာ ကောင်းကင်ဘုံက စာအုပ်ကို ဖတ်နေရသလို နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။ သို့သော် နားထောင်လေလေ သူ၏ မျက်နှာထားက ပို၍ မှောင်မိုက်လာလေလေ ဖြစ်တော့သည်။
"ဒါဆို အစ်မကြီး ထင်တာက ပထမသခင်ကြီး အိမ်တော်က လူတွေ အခုလိုမျိုး ရဲတင်းလာတာ ကျောထောက်နောက်ခံအဖြစ် စတုတ္ထမင်းသား ရှိနေလို့ပေါ့"
မင်းသမီးရုံခန့် က ခေါင်းညိတ်လိုက်သည်။
ရာထူးအဆင့်အတန်း အရ ပြောရလျှင် လက်ရှိ အရှင်မင်းကြီး နှင့် အရင်းနှီးဆုံးမှာ မယ်တော်ကြီး မှလွဲ၍ စတုတ္ထမင်းသား ဆိုသည့် ထိုဦးရီးတော်ပင် ဖြစ်လေသည်။
ကျန်းမင်းသားအိမ်တော် သည် ယခုကဲ့သို့ အာဏာကို ရရှိလာခြင်းမှာ... တစ်ဝက်က ယခင် ကျန်းမင်းသားကြီး က ယခင်ဧကရာဇ် ၏ အသက်ကို ကယ်တင်ခဲ့ဖူးသောကြောင့် ဖြစ်ပြီး... ကျန်တစ်ဝက်ကတော့ ကျန်းမင်းသား က အမတ်ချုပ်ကြီး ဖြစ်လာပြီးနောက်မှ အင်အားကို ဤမျှအထိ တိုးချဲ့နိုင်ခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း အရှင်မင်းကြီး က ကျန်းမင်းသားအိမ်တော် အပေါ် ထားရှိသော သဘောထားမှာ တဖြည်းဖြည်း အေးစက်လာခဲ့သည်။ တောင်တစ်တောင်တွင် ကျားနှစ်ကောင် အောင်း၍မရပေ။
ကျန်းမင်းသားအိမ်တော် ၏ ချမ်းသာကြွယ်ဝမှုနှင့် ငြိမ်းချမ်းမှုကို ထာဝရ ထိန်းသိမ်းထားချင်လျှင် စတုတ္ထမင်းသား သည် ပထမဆုံး ဖယ်ရှားရမည့် အဟန့်အတားပင် ဖြစ်သည်။ ထို့အပြင် စတုတ္ထမင်းသား လက်ထဲရှိ အင်အားကို မည်သူကများ မျက်စိမကျဘဲ နေမည်နည်း။
သို့မဟုတ်လျှင် သူ၏ သားအကြီးဆုံးကို ယောက္ခမ ဖြစ်သူ ကျန်းနန်စစ်သူကြီး ၏ လက်အောက်သို့ စေလွှတ်ကာ အတွေ့အကြုံ ယူခိုင်းမည် မဟုတ်။ စောစောက ကျန်းမင်းသား သည် အိမ်တွင် ချစ်ရသော ကိုယ်လုပ်တော်နှင့်အတူ ပန်းကြည့်နေသည့် ချမ်းသာပြီး အားလပ်နေသူ တစ်ယောက်နှင့် တူနေသော်လည်း ယခုအချိန်တွင်တော့ ညီလာခံကိုပင် ကိုင်လှုပ်နိုင်သော တောင်တန်းစောင့် မင်းသားကြီး တစ်ပါးနှင့် တူနေလေပြီ။
"အစ်မကြီး စိတ်ချပါ… ဒီကိစ္စကို ကျွန်တော် သဘောပေါက်ပါပြီ… အစ်မကြီး အရင် ပြန်နှင့်ပါ… နောက်ဆုံး သီတင်းကျွတ်ပွဲတော် မိသားစု စားပွဲ ရောက်တဲ့အထိ ကွေ့ဖေးမယ်မယ် ကို အာဏာ ပြန်ရအောင် ဒီမင်းသား နည်းလမ်း ရှာပေးပါ့မယ်"
မင်းသမီးရုံခန့် က ခေါင်းညိတ်လိုက်သည်။
မောင်ဖြစ်သူ၏ အရည်အချင်း အပေါ် သူမ တစ်ခါမှ သံသယ မဝင်ခဲ့ဖူးပေ။ သူမက ခဏမျှ ထိုင်ပြီးနောက် ကျန်းမင်းသားအိမ်တော် မှ ထွက်သွားလေသည်။ ထွက်သွားချိန်အထိ သူမ၏ ပါးစပ်မှ နေမကောင်းဖြစ်နေသည်ဟု ဆိုသော ကျန်းမင်းသမီး အကြောင်းကို တစ်ခွန်းမျှပင် မဟခဲ့ပေ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ကျန်းမင်းသမီး သည် အနောက်ဆောင်တွင် မည်မျှ အဖိနှိပ်ခံရသော ဘဝမျိုးဖြင့် နေထိုင်နေရမည်ကို ခန့်မှန်းကြည့်၍ ရနိုင်သည်။
မင်းသမီးရုံခန့် ထွက်သွားပြီးမှသာ ထို ကြင်ရာတော်ဝေ့ က ဖြည်းဖြည်းမှန်မှန် ပြန်ရောက်လာလေ၏။ သူမက စောစောက နေရာတွင် ပြန်ထိုင်လိုက်ပြီး လက်ထဲတွင်လည်း မုန့်ပန်းကန် တစ်ခုကို ကိုင်ထားသေးသည်။
"မင်းသမီးက ပြန်သွားတာ မြန်လိုက်တာ… နှမြောစရာပဲ… ဒီမုန့်လေးတောင် မြည်းမသွားရဘူး"
"ကိစ္စမရှိပါဘူး… ဒီမင်းသားပဲ စားလိုက်မယ်"
ပြောပြီးသည်နှင့် လူရော ပန်းကန်ပါ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်တော့သည်။ သူက ပြုံးရယ်ရင်း ကြင်ရာတော်ဝေ့ ကို သူမလက်ဖြင့် ကိုယ်တိုင် မုန့်ခွံ့ကျွေးခိုင်းပြီးမှ အရေးကြီး ကိစ္စကို စတင် ပြောတော့သည်။
"စောစောက အစ်မကြီး လာပြောသွားတာ… နန်းတော်ထဲမှာ ပြဿနာ တက်နေတယ်တဲ့… လင်မိသားစု ပထမသခင်ကြီး အိမ်တော်က အိမ်ခွဲမယ်ဆိုပြီး ပြဿနာ ရှာလို့ လင်ကွေ့ဖေး အခက်တွေ့သွားတာ နေမယ်… အခု အာဏာ လက်လွှတ်ရရုံတင် မကဘူး ယောင်ထိုင်စံအိမ် ထဲမှာပါ အကျယ်ချုပ် ကျနေတယ်တဲ့"
ကြင်ရာတော်ဝေ့ ၏ ရှေ့တွင် ကျန်းမင်းသား သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားလေ့ မရှိပေ။ ငယ်စဉ်ကတည်းက ယခုအချိန်ထိ မြတ်နိုးလာခဲ့ရသော ဤအမျိုးသမီး သည် သူ့အတွက်တော့ အသည်းနှလုံးပမာ အရေးကြီးလှသည်။
ထို့ကြောင့် မည်သည့်စကားကိုမဆို သူမအား ပြောပြရန် ဝန်မလေးပေ။
---