← Chapters

မိန်းမသားတို့ရဲ့ ပဋိပက္ခ

Vol. 15 Ch. 146

မိန်းမသားတို့ရဲ့ ပဋိပက္ခ

Vol. 15 Ch. 146

"ဟွန့် တကယ်ကို ကျက်သရေမရှိတာပဲ"

တုချန်ကျိုက်က တိုးတိုးလေး ညည်းတွားလိုက်သော်လည်း သူမတို့နှစ်ယောက်ဘေးတွင် ရပ်နေသည့် မင်ချန်ကျိုက်ကတော့ အတိုင်းသား ကြားလိုက်ရပေသည်။

သို့သော်လည်း မင်ချန်ကျိုက်၏ မျက်နှာထက်တွင် မည်သည့်လှိုင်းဂယက်မှ ထမလာဘဲ ခပ်ဖျော့ဖျော့ အပြုံးလေးတစ်ခုကိုသာ ချိတ်ဆွဲထားဆဲ ဖြစ်၏။ ထိုအခါ ယဲ့ကွေ့ရန်၏ မျက်ဝန်းများက ရုတ်တရက် နက်ရှိုင်းသွားချေပြီ။ ထို့နောက် ယဲ့ကွေ့ရန်က ပြုံးကာ စကားဆက်လိုက်သည်။

"ရှေ့နားက ဥယျာဉ်ကို ညီမလေး ရောက်ဖူးလား"

"မရောက်ဖူးသေးဘူးမမ"

"အဲဒီမှာ ကွေ့ဟွားပန်းပင်တွေ အများကြီး စိုက်ထားတယ်လို့ ကြားတယ်… ရှစ်လပိုင်းတောင် မရောက်သေးပေမဲ့ ပန်းတချို့ ပွင့်နေပြီတဲ့… မမက ကွေ့ဟွားပန်းရနံ့ကို အကြိုက်ဆုံးမို့လို့ တုချန်ကျိုက်ကို အဖော်စပ်ပြီး သွားမလို့လေ… မင်ချန်ကျိုက်သာ အားမယ်ဆိုရင် မမတို့နဲ့ အတူတူ လိုက်ခဲ့လို့ရတယ်နော်"

ထိုစကားကို ကြားသောအခါ တုချန်ကျိုက်က ချက်ချင်းပင် မကျေမနပ် ဖြစ်သွားတော့သည်။ သူမက ယဲ့ကွေ့ရန်၏ လက်ကိုဆွဲကာ တစ်ခုခုပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ယဲ့ကွေ့ရန်က သူမ၏ လက်ခုံလေးကို ပြန်ပုတ်ပေးလာသည်ကို တွေ့လိုက်ရ၏။ ယဲ့ကွေ့ရန်က မျက်မှောင်ကြုတ်လျက် ခေါင်းခါပြလိုက်သည်။ ထိုလုပ်ရပ်က တုချန်ကျိုက်ကို အတော်လေး နှစ်သိမ့်ပေးလိုက်သလို ဖြစ်သွား၏။ ထို့ကြောင့် တုချန်ကျိုက်က နှုတ်ခမ်းဆူကာ ဘေးဘက်တွင် နှုတ်ဆိတ်လျက်သာ ရပ်နေလိုက်တော့သည်။

အမှန်တော့ မင်ချန်ကျိုက်မှာ သူမတို့နှင့် လိုက်လျောညီထွေ နေပြရန် စိတ်မကူးထားသော်လည်း ယခုလို နေမထိထိုင်မသာ ဖြစ်နေသည့် တုချန်ကျိုက်၏ ပုံစံကို မြင်လိုက်ရချိန်တွင်တော့ အကြံပြောင်းသွားလေ၏။ သူမက ဝမ်းသာအားရဖြင့်ပင် သဘောတူလိုက်ချေပြီ။

ထို့ကြောင့် မူလက နှစ်ယောက်တည်း ရယ်မောပြောဆိုကာ ဥယျာဉ်ဆီသို့ သွားမည့်ခရီးမှာ ယခုအခါ သုံးယောက်တွဲ ဖြစ်သွားတော့သည်။ ထိုသုံးယောက်ထဲတွင် နှစ်ယောက်ကတော့ ပြုံးရွှင်နေကြဆဲဖြစ်ပြီး မကျေမနပ်ဖြစ်နေသော တုချန်ကျိုက် တစ်ယောက်သာ ပိုလာခြင်းပင်။

နန်းတော်အပြင်ဘက်ရှိ အပန်းဖြေစံအိမ်တော်တွင် ဥယျာဉ်များစွာ ရှိလေသည်။ နေရာတိုင်းကို ပန်းပညာရှင်များက ဂရုတစိုက် ပြုစုပျိုးထောင်ထားကြ၏။ ထို့ကြောင့် ကြည့်လိုက်သည်နှင့် အထူးတလည် ရှင်သန်လန်းဆန်းနေကြောင်း မြင်သာပေမည်။

ခဏလောက် လမ်းလျှောက်ပြီးသည်နှင့် ကွေ့ဟွားပန်း၏ ရနံ့က လွင့်ပျံလာတော့သည်။ လူတိုင်းက ရှစ်လပိုင်းဆိုလျှင် ကွေ့ဟွားပန်းရနံ့ သင်းပျံ့တတ်သည်ဟု ဆိုကြ၏။ သို့သော် နန်းတော်ဆိုသည်မှာ နန်းတော်ပင် ဖြစ်သည့်အတွက် ပန်းပွင့်ချိန်ကိုပင် တစ်လခန့် စောသွားအောင် လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။ ပန်းပွင့်နေသည့် နေရာက မများလှသော်လည်း သစ်ကိုင်းဖျားလေးများပေါ်တွင် အုံခဲနေသည့် ပုံစံလေးများက အလွန် ကြည့်ကောင်းလှသည်။

ပန်းမှာ ကွေ့ဟွားပန်းဆိုသည့် နာမည်နှင့်အညီ အဝါနှင့် အဖြူ ရောယှက်နေသော ပန်းအရောင်လေးများ ဖြစ်ချေသည်။ တစ်ပွင့်ချင်းစီက သေးငယ်လှပသော်လည်း ရနံ့ကတော့ ထူးထူးခြားခြား ပြင်းရှလှ၏။ စစရှူမိချိန်တွင် အနည်းငယ် မူးနောက်နောက် ဖြစ်သွားနိုင်သော်လည်း များများရှူမိလေ ချိုမြိန်သောရနံ့ထဲတွင် နစ်မွန်းသွားလေ ဖြစ်တော့သည်။

ယဲ့ကွေ့ရန်တစ်ယောက် ရှေ့သို့ခေါင်းလေးငိုက်ကာ ပန်းရနံ့ကို အားပါးတရ ရှူရှိုက်နေပုံကို ကြည့်ရင်း မင်ချန်ကျိုက်၏ စိတ်ထဲတွင် ဒီလူကို အကဲခတ်ရတော့မည်ဟု တွေးလိုက်မိသည်။ ကြည့်ရတာ ဒီအမျိုးသမီးက ဟန်ဆောင်ကောင်းတဲ့ လူလည်မတစ်ယောက် ဖြစ်ရမယ်ဟု မင်ချန်ကျိုက်က ကိုယ့်ဖာသာ တွေးနေမိ၏။

"ယဲ့ကွေ့ရန်က ဘယ်နှစ်တုန်းက နန်းတော်ထဲ ရောက်လာတာလဲဟင်… ညီမလေးက အခုမှ အသစ်ရောက်လာတာဆိုတော့ နန်းတော်ထဲက ကိစ္စတော်တော်များများကို သိပ်မသိသေးဘူး"

မင်ချန်ကျိုက်က စပ်စုချင်ဟန်ဆောင်ကာ စတင်မေးမြန်းလိုက်သည်။ တုချန်ကျိုက်ကတော့ ဘေးနားတွင် အတော်လေး မျက်နှာပျက်နေချေပြီ။

"အို… မင်ချန်ကျိုက်တစ်ယောက် အရှင်မင်းကြီး ရဲ့ မျက်နှာသာပေးမှုကို ရနေပြီဆိုတော့ ပိုလည်လာလောက်ပြီ ထင်နေတာ… ဒီနန်းတော်ထဲက ကိစ္စတွေကိုလည်း သေသေချာချာ စုံစမ်းထားသင့်ပြီလေ… အခုက ဘာလဲ ဒီနေရာမှာ လာပြီး ဟန်ဆောင်ပန်ဆောင်နဲ့ မသိချင်ယောင် ဆောင်နေတာလား"

အကြိမ်ကြိမ် ရန်စခံရပါများလျှင် မည်မျှပင် စိတ်သဘောထားကောင်းသူဖြစ်စေ ဒေါသအနည်းငယ်တော့ ထွက်လာမည်သာ ဖြစ်၏။ မင်ချန်ကျိုက်၏ မျက်နှာ အေးစက်သွားသော်လည်း ချက်ချင်းပင် အပြုံးတစ်ခုကို ပြန်လည် ဖန်တီးလိုက်ပြန်သည်။ သို့သော် သူမ၏ အကြည့်များက တုချန်ကျိုက်ထံတွင် မရှိဘဲ ယဲ့ကွေ့ရန်ဆီသို့သာ ရောက်နေပေသည်။ တုချန်ကျိုက်ကို လေဟာနယ်တစ်ခုလို သဘောထားကာ လျစ်လျူရှုထားလိုက်ခြင်း ဖြစ်တော့သည်။

"မမက အရင်တုန်းက နန်းတွင်းရေးရာဌာနက နန်းတွင်းသူလေ… နန်းတော်ထဲ ရောက်နေတာ မနည်းတော့ပေမဲ့ ကိုယ်လုပ်တော်ဘဝနဲ့ ဖြတ်သန်းလာတာကတော့ သိပ်မကြာသေးဘူး… ခြောက်နှစ်လောက်ပဲ ရှိဦးမယ်"

ငါးနှစ် ခြောက်နှစ်ဆိုလျှင် ယွမ်ဟယ်နန်းသက် ဆယ့်တစ်နှစ်ရောက်မှ မျက်နှာသာပေးခံရခြင်း ဖြစ်ပေမည်။ ဒါကြောင့်လည်း တုချန်ကျိုက်နှင့် သူမတို့ ရင်းနှီးနေကြခြင်း ဖြစ်မည်ဟု မင်ချန်ကျိုက်က တွေးလိုက်မိသည်။ သူတို့နှစ်ယောက်လုံးက နန်းတွင်းသူဘဝမှ တက်လာခဲ့ကြသူများ ဖြစ်ချေသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ တစ်ယောက်က စည်းမျဉ်းစည်းကမ်းများကို ရင်ထဲမှတ်ထားပြီး အရာရာကို သည်းခံကာ အပြိုင်အဆိုင် မလုပ်တတ်သူ ဖြစ်နေ၏။ နောက်တစ်ယောက်ကတော့ အတော်လေး ရဲတင်းလွန်းပြီး အရာရာတိုင်းတွင် ထိပ်ဆုံးက နေရာယူချင်နေသူ ဖြစ်လေသည်။

ဤအချက်များကို ကြားလိုက်ရချိန်တွင် မင်ချန်ကျိုက် သဘောပေါက်သွားတော့သည်။ ထို့ကြောင့် သူမက ပိုပြုံးလိုက်ရင်း ယဲ့ကွေ့ရန်ကို ကြည့်ကာ ပြောလိုက်သည်။

"မမက အကျင့်စရိုက်လေးရော စိတ်သဘောထားပါ ကောင်းလွန်းလို့ ညီမလေးက တကယ် သဘောကျသွားပြီ… မမကသာ အပြစ်မမြင်ဘူးဆိုရင် နောင်ကျရင် ညီမလေးက မကြာခဏ လာနှောင့်ယှက်ပါရစေ"

နန်းတော်ထဲ ရောက်နေသည့် အချိန်ကာလ ကြာမြင့်ပြီဆိုသည်မှာ နောက်ဆောင်ရေးရာ ကိစ္စများစွာကို သူမ သေသေချာချာ သိထားလောက်သည်ဟု အဓိပ္ပာယ်ရပေသည်။ ထို့ကြောင့် ဤကဲ့သို့သော သူနှင့် ရင်းနှီးအောင် ပေါင်းသင်းထားခြင်းက အကျိုးသာရှိပြီး အပြစ်မရှိနိုင်ချေ။ ယဲ့ကွေ့ရန်ကလည်း ငြိမ်းချမ်းပြီး သက်သောင့်သက်သာရှိသော အပြုံးဖြင့် မင်ချန်ကျိုက်ကို ကြည့်လိုက်သည်။ ထို့နောက် ယခင်ကအတိုင်းပင် ပုံမှန်လေသံဖြင့် ပြန်ပြောလာ၏။

"ဒါပေါ့ ညီမလေးရဲ့"

သူမတို့နှစ်ယောက် ရုတ်တရက် ညီအစ်မတွေလို ရင်းနှီးသွားကြသည်ကို မြင်လိုက်ရသောအခါ တုချန်ကျိုက်၏ ရင်ထဲတွင် ဒေါသတွေ ပေါက်ကွဲလာတော့သည်။ သူမက လက်ကိုခါပြီး ထွက်သွားချင်သော်လည်း သူမရှေ့ရှိ လူများက အလွယ်တကူ ရန်စ၍ရမည့်သူများ မဟုတ်ကြောင်း သိနေပေသည်။

မူလကတည်းက သူမတွင် အနောက်ဆောင်၌ အခြေမတည်ခဲ့ချေ။ လင်ကွေ့ဖေးနောက်သို့ လိုက်ခဲ့သော်လည်း ကောင်းသောနေ့ရက်များကို ရက်အနည်းငယ်မျှပင် မဖြတ်သန်းရသေးခင် ထိုအရှင်မမှာ အကျယ်ချုပ် ကျသွားခဲ့လေသည်။ တုမားမားထံ သွားရောက် မှီခိုချင်သော်လည်း ထိုအဘွားကြီး၏ စိတ်နှလုံးက ကျောက်တုံးတစ်တုံးလို မာကျောလွန်းလှသဖြင့် သူမကို လုံးဝ အဖက်မလုပ်ခဲ့ပေ။

ယခုတော့ အတိတ်က သံယောဇဉ်ကို ထောက်ထားပြီး ယဲ့ကွေ့ရန်နှင့် ပေါင်းသင်းနေရခြင်း ဖြစ်၏။ သို့တိုင် မင်ချန်ကျိုက်က ဝင်ရှုပ်လာပြန်သည်။ ဤအပန်းဖြေစံအိမ်တော်သို့ ရောက်လာခြင်းက သူမအတွက် ကိစ္စအဝဝ အဆင်မပြေဖြစ်စေသည်ဟု တုချန်ကျိုက်က အမှန်တကယ် ခံစားနေရချေပြီ။

သူမက စောင်းမြောင်း ပြောရဲသော်လည်း ကြီးကြီးမားမားတော့ မလုပ်ရဲချေ။ မည်သို့ပင်ဖြစ်စေ ဤမင်ချန်ကျိုက်မှာ သူမနှင့် အဆင့်အတန်းတူသော်လည်း မိသားစုနောက်ခံက များစွာသာလွန်နေပေသည်။ ပို၍အရေးကြီးသည်မှာ ယခုအခါ မင်ချန်ကျိုက်က အရှင်မင်းကြီး ၏ မျက်နှာသာပေးမှုကို ရရှိနေခြင်းပင် ဖြစ်၏။ အကယ်၍ အပြင်းအထန် ရန်ငြိုးဖွဲ့မိလျှင် သူမကိုယ်တိုင် သေတွင်းတူးသလို ဖြစ်သွားမည်ကို တုချန်ကျိုက် ကောင်းကောင်းသိနေသည်။

ထို့ကြောင့် သူမ၏ လက်ထဲမှ ပဝါလေးကိုသာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ရင်း သူတို့နှစ်ယောက်နောက်မှ လိုက်ပါသွားရတော့သည်။ သူမ၏ မျက်ဝန်းများထဲတွင် မကျေချမ်းမှုများ ပြည့်နှက်နေပေသည်။

သူမတို့ ဆက်လျှောက်လာရင်း မလှမ်းမကမ်းရှိ ယိရန်စံအိမ်ထဲတွင် ထိုင်နေသော ပိုင်ဖင်ကို တွေ့လိုက်ရ၏။ သူမက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဒေါသအတော်ထွက်နေခဲ့ပြီး အပြင်သို့ပင် မထွက်ခဲ့ချေ။ ခြံဝင်းထဲတွင် နေ့တိုင်း ပစ္စည်းများ ရိုက်ခွဲနေသည်ဟု သတင်းထွက်နေခဲ့သည်။ ယနေ့တော့ ဘယ်လိုစိတ်ကူးပေါက်ပြီး ဥယျာဉ်ထဲထွက်ကာ ထိုင်နေရသနည်း။

မင်ချန်ကျိုက်လည်း မအလှပေ။ သူမကိုယ်တိုင် ပိုင်ဖင်ကို အကြီးအကျယ် စော်ကားမိထားကြောင်း ကောင်းကောင်း သိနေသည်။ ထို့ကြောင့် အရာရာကို အထူးသတိထားရန် ပြင်ဆင်လိုက်၏။ သူမက လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ယဲ့ကွေ့ရန်၊ တုချန်ကျိုက်တို့နှင့်အတူ ယိရန်စံအိမ်သို့ သွားကာ အရိုအသေပေးရန် ဆုံးဖြတ်လိုက်တော့သည်။ ဖင်အဆင့် ရာထူးက ထိုနေရာတွင် ရှိနေသဖြင့် သူမ ရှောင်ပြေးချင်လျှင်ပင် ရှောင်လွှဲ၍ မရနိုင်ချေ။

"သခင်မပိုင်ဖင်ကို အရိုအသေပေးပါတယ်… သခင်မ ကျန်းမာချမ်းသာပါစေ"

သူမတို့သုံးယောက်လုံး၏ ရာထူးက ပိုင်ဖင်အောက်တွင် ရှိနေသဖြင့် သဘာဝကျကျပင် အရိုအသေပေးရသည်။ မူလက ပိုင်ဖင်အနေဖြင့် သူတို့ကို အဖက်လုပ်ရန် စိတ်ကူးမရှိခဲ့သော်လည်း မင်ချန်ကျိုက်ကို မြင်လိုက်ရချိန်တွင်တော့ သူမ၏ ဒေါသများ ပြန်ထလာတော့သည်။

သူမ အချိန်အကြာကြီး အပင်ပန်းခံ ပြင်ဆင်ထားခဲ့သည့် ဖျော်ဖြေမှုက နာမည်မရှိသည့် ချန်ကျိုက်လေးတစ်ယောက်ကို ရှုံးနိမ့်သွားခဲ့ရသည် မဟုတ်လား။ ချီချောင်နန်းဆောင် ညစာစားပွဲ ပြီးကတည်းက ဧကရာဇ် အရှင်မင်းကြီး က မင်ချန်ကျိုက်ကို အကြိမ်ကြိမ် ခေါ်ယူတွေ့ဆုံခဲ့လေသည်။ ထို့ကြောင့် ပိုင်ဖင်၏ ဒေါသတရားများက မင်ချန်ကျိုက်အပေါ်သို့သာ စုပြုံကျရောက်နေတော့သည်။

ယခုတော့ ဒီကောင်မလေး ကံဆိုးဖို့ အကြောင်းဖန်လာပြီဟု ပိုင်ဖင်က တွေးလိုက်သည်။ ကိုယ့်လက်ထဲ လာပြီး အသေခံတာပဲဟု မှတ်ယူလိုက်၏။ ထို့ကြောင့် ပိုင်ဖင်က အပေါ်ယံအပြုံးဖြင့် ပြောလိုက်သည်။

"ညီမလေးသုံးယောက် ထကြပါဦး… တိုက်ဆိုင်လိုက်တာနော်… မမလည်း အခုမှ အပြင်ကို ပထမဆုံးအကြိမ် ထွက်လာတာ… ချက်ချင်းပဲ ဆုံကြတော့တာပဲ"

စကားက သာမန်ကာလျှံကာဟု ထင်ရသော်လည်း လေသံတွင်တော့ အေးစက်စက် အငွေ့အသက်များ ပါဝင်နေပေသည်။ ဤအေးစက်မှုက မည်သူ့ကို ရည်ရွယ်နေသည်ကို ထိုနေရာရှိ လူတိုင်းက ကောင်းကောင်း နားလည်နေကြ၏။

တုချန်ကျိုက်က ဘေးတွင် ခေါင်းကို အနည်းငယ် ငုံ့ကာ ရပ်နေသော်လည်း ပြဇာတ်ကောင်း တစ်ပုဒ်ကို ကြည့်ရတော့မည်ဟု ဟန်ရေးပြနေချေပြီ။ မင်ချန်ကျိုက်ကမူ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်ကိုမျှ ဖော်ပြမနေသော်လည်း ရင်ထဲတွင်တော့ ထိတ်လန့်နေမိသည်။ အကယ်၍ သူမသာ အရှင်မင်းကြီး ထံမှ အမှန်တကယ် အချစ်ခံရသူဖြစ်လျှင် တော်သေး၏။ အနည်းဆုံးတော့ ရင်ဘတ်ကော့ပြီး ရပ်တည်နိုင်မည် ပင်။

ယခုမူ ပိုင်ဖင်က အမှန်တကယ် ပြဿနာရှာလာလျှင် သူမအနေဖြင့် မည်သို့ ရင်ဆိုင်ရမည်နည်း။ သူမ တွေးနေစဉ်မှာပင် ပိုင်ဖင်၏ စကားသံကို ကြားလိုက်ရတော့သည်။

"အို… မမကလည်း မေ့တတ်လိုက်တာ… ညီမလေးသုံးယောက်ကို အပေါ်တက်ပြီး လက်ဖက်ရည်သောက်ဖို့ ဖိတ်ရမှာကို မေ့နေတာပဲ"

အကြောင်းမရှိဘဲ မျက်နှာချိုသွေးလာလျှင် မကောင်းသော ရည်ရွယ်ချက် ရှိနေ၍သာ ဖြစ်ပေမည်။ သို့သော် ပိုင်ဖင်၏ စိတ်ရင်းမမှန်ကြောင်း သိနေသော်လည်း ယခုအချိန်တွင် သူတို့သုံးယောက်အနေဖြင့် ဆင်ခြေပေးကာ ထွက်ခွာသွားရန် မဖြစ်နိုင်ချေ။ ထိုသို့လုပ်လျှင် ပိုင်ဖင်နှင့် အမှန်တကယ် ရန်သူဖြစ်သွားပေလိမ့်မည်။

အနည်းဆုံးတော့ တုချန်ကျိုက်က သဘောကျနေပုံရသည်။ ထို့ကြောင့် ပြုံးရွှင်ကာ လှေကားထစ်များကို အရင်တက်သွားပြီး မဏ္ဍပ်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားတော့သည်။ တကယ်ပင် မဏ္ဍပ်အလယ်ရှိ ကျောက်စားပွဲပေါ်တွင် လက်ဖက်ရည်ပန်းကန်အချို့ကို တင်ထားလေသည်။

ပိုင်ဖင်ရှေ့တွင် တစ်ခွက်ချထားပြီး ကျန်သည့်ခွက်များကိုမူ သူမ၏ အစေခံမလေး ပိုင်ကျစ်က လက်ဖက်ရည်ငဲ့ကာ သူတို့သုံးယောက်ရှေ့သို့ တစ်ခွက်စီ ချပေးလိုက်တော့သည်။

---

All Chapters