သီးသန့်ဆုံးမခြင်း
Vol. 15 Ch. 147
စည်းကမ်းပိုင်းအရကြည့်လျှင် မည်သည့်အမှားအယွင်းမျှ မရှိချေ။ သို့သော် မင်ချန်ကျိုက်က လက်ဖက်ရည်သောက်သည့်အခါ သူမ၏ လက်စွပ်ကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားလိုက်သည်။ သူမက တစ်ငုံမျှ မသောက်လိုက်ဘဲ လက်စွပ်အတွင်းရှိ ပဝါပေါ်သို့သာ သွန်ချလိုက်၏။
သူမက အသက်ငယ်သော်လည်း မိုက်မဲသူတော့ မဟုတ်ချေ။ ပိုင်ဖင်၏ လက်ဖက်ရည်ကို သောက်လိုက်လျှင် အထဲတွင် ဘာတွေ ထည့်ထားမှန်း မည်သူသိနိုင်မည်နည်း။ အကယ်၍ ခန္ဓာကိုယ်ကို ထိခိုက်စေမည့် အရာတစ်ခုခုသာ ပါဝင်နေလျှင် သူမ၏ တစ်ဘဝလုံးစာ အနာဂတ်က ဤနေရာတွင်ပင် ပြီးဆုံးသွားမှာပင်။
ထို့ကြောင့် သူမက အလွန်အမင်း သတိထားနေရသည်။ ယဲ့ကွေ့ရန်က မျက်လုံးထောင့်မှနေ၍ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သည်မင်ချန်ကျိုက်က သာမန်လူမဟုတ်ကြောင်း ပို၍ ယုံကြည်သွားတော့သည်။
ယဲ့ကွေ့ရန်က ခွက်ကို ချလိုက်စဉ် ပိုင်ဖင်ကို ကြည့်ကာ ချိုသာစွာ ပြုံးလျက် ပြောလိုက်သည်။
"သခင်မရဲ့ လက်ဖက်ရည်က တကယ်ကို ကောင်းတာပဲ… သောက်လိုက်တာနဲ့ ချိုမြိန်သွားပြီး လက်ဖက်ရည်ရနံ့ကလည်း မွှေးပျံ့နေတာပဲ"
"ယဲ့ကွေ့ရန်က ပစ္စည်းကောင်းကို သိတာပဲ… အရင်တုန်းက နန်းတွင်းရေးရာဌာနမှာ နန်းတွင်းသူ လုပ်ခဲ့တုန်းက လက်ဖက်ရည်ကောင်းကောင်းတွေ တွေ့ဖူးမြင်ဖူးမှာပေါ့"
ပိုင်ဖင် နန်းတော်ထဲ ဝင်လာသည့်အချိန်က ယဲ့ကွေ့ရန် မျက်နှာသာပေးခံရသည့်အချိန်ထက် တစ်နှစ် နောက်ကျပေသည်။ သို့သော် သူမက အတက်မြန်ခဲ့၏။ သားသမီးမရှိဘဲနှင့်ပင် ဖင်အဆင့်ထိ တက်လာနိုင်ခဲ့သည်ကို ကြည့်လျှင် သူမ အတိတ်က မည်မျှ မျက်နှာသာပေးခံခဲ့ရကြောင်း သိသာနိုင်ပေသည်။ နန်းတွင်းသူဘဝမှ ဧကရာဇ် အရှင်မင်းကြီး ၏ အနည်းငယ်သော သနားကြင်နာမှုဖြင့် ကွေ့ရန်ရာထူး ရခဲ့သည့် ယဲ့အမျိုးသမီးထက်တော့ သူမက ပို၍ မာနကြီးနိုင်သည်မှာ သဘာဝကျလေသည်။
ထိုစကားကို ကြားသော်လည်း ယဲ့ကွေ့ရန်က လုံးဝ ဒေါသမထွက်ခဲ့ချေ။ အခြားသူများက ဖုံးကွယ်ချင်နေကြမည့် အတိတ်ကို သူမကတော့ ဂရုမစိုက်ပုံရသည်။ နန်းတွင်းသူဘဝမှ လာရခြင်းကို ကြီးမားသည့် အရှက်ကွဲစရာတစ်ခုဟု မသတ်မှတ်ထားပုံပေါ်၏။ သူမက ပြုံးလျက်ပင် ပြန်ဖြေလိုက်သည်။
"သခင်မ ပြောတာ မှန်ပါတယ်"
ဝါဂွမ်းပေါ်ကို လက်သီးနဲ့ ထိုးလိုက်ရသလို ခံစားလိုက်ရသဖြင့် ပိုင်ဖင်မှာ အတော်လေး စိတ်ပျက်သွားတော့သည်။ ထို့ကြောင့် သူမ၏ ပစ်မှတ်ကို ပြောင်းလဲလိုက်ကာ မင်ချန်ကျိုက်ကို ကြည့်၍ အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
"မင်ချန်ကျိုက်အနေနဲ့ အရှင်မင်းကြီး ရဲ့ အနားမှာ သေချာလေး ခစားသင့်တယ်… ဒီလို မျက်နှာသာပေးခံရတာမျိုးက အရင်က သိပ်မတွေ့ရဖူးဘူးလေ… အခွင့်အရေးရတုန်းလေး မြန်မြန် နေရာယူထားမှ တော်ကာကျမယ်… မဟုတ်လို့ အသက်ကြီးလို့ အလှပျက်သွားတဲ့အခါ နန်းဆောင်သခင်မ မဖြစ်လာခဲ့ရင် နောင်ရေးက ရင်လေးစရာပဲ"
သူမ၏ စကားတစ်ခွန်းက ထိုနေရာရှိ လူသုံးယောက်လုံးကို အရိပ်အမြွက် လှမ်းပုတ်ခတ်လိုက်သည်။
ယဲ့ကွေ့ရန်ကတော့ ဘာမှမကြားရသလိုပင် တည်ငြိမ်စွာ နေမြဲနေဆဲ ဖြစ်၏။ တုချန်ကျိုက်၏ မျက်နှာကတော့ အေးစက်သွားပြီး ဒေါသထွက်နေသော်လည်း စကားမပြောရဲရှာချေ။ မင်ချန်ကျိုက်ကတော့ ဤစကားသည် မိမိကို ရည်ရွယ်ပြောဆိုခြင်းဖြစ်သလို ဘေးရှိ နှစ်ယောက်ကိုပါ သိစေရန် ပြောခြင်းဖြစ်ကြောင်း ကောင်းကောင်း သိနေသည်။ ယခုအချိန်က ထိပ်တိုက်ရင်ဆိုင်ရန် အချိန်ကောင်းမဟုတ်သဖြင့် ခေါင်းငုံ့ကာ အလွန် လိမ္မာရေးခြားရှိသည့် ဟန်ဖြင့် ပြန်ပြောလိုက်ရသည်။
"သခင်မ ပြောတာ အလွန်မှန်ပါတယ်… မှတ်သားထားပါ့မယ်"
ပိုင်ဖင်က လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ နောက်ထပ် ကြွက်ေလးတစ်ကောင်ပဲ… ခေါင်းပေါ်တက်နင်းခံရတာတောင် ပြန်မပြောရဲဘူးဟု ပိုင်ဖင်က တွေးလိုက်မိ၏။ အရှင်မင်းကြီး က သူမကို ဘာများသဘောကျနေတာလဲဟုလည်း တွေးတောနေမိသည်။
ရင်ထဲက အမုန်းတရားများကို ဖွင့်ထုတ်ခွင့် မရသေးသဖြင့် ပိုင်ဖင်မှာ ဘယ်လို ပျော်ရွှင်နိုင်မည်နည်း။ ဘေးနားရှိ ပိုင်ကျစ်ကို မျက်စောင်းထိုးကြည့်လိုက်ရာ နှစ်ယောက်၏ အကြံအစည်က ချက်ချင်း ပေါ်လွင်လာတော့သည်။ ပိုင်ဖင်က ဆံထုံးတွင် ပန်ဆင်ထားသည့် စန္ဒကူးပန်း ပုလဲဆံထိုးလေးကို လှမ်းကိုင်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
"ညီမလေးတို့ ကြည့်ကြပါဦး… ဒါက အရင်တုန်းက အရှင်မင်းကြီး က မမကို ပေးထားတာလေ… သေသပ်လှပတယ် မဟုတ်လား"
ထိုစန္ဒကူးပန်း ပုလဲဆံထိုး၏ လက်ရာက အလွန် ပညာသားပါလှပေသည်။ ပန်းပွင့်ဖတ်တိုင်းကို ရွှေကြိုးလေးများဖြင့် သေသေသပ်သပ် ရက်လုပ်ထားခြင်း ဖြစ်၏။ ထိုမျှမက အလယ်ရှိ ဝတ်ဆံကို အရှေ့တိုင်းပုလဲများဖြင့် စီခြယ်ထားသဖြင့် အလွန် လှပတင့်တယ်လှသည်။
သူတို့သုံးယောက်လုံးက ပိုင်ဖင်မှာ ယခင်က သူမရရှိခဲ့သည့် မျက်နှာသာပေးခံရမှုများကို ကြွားလုံးထုတ်ချင်နေသည်ဟု ထင်လိုက်ကြသဖြင့် အနည်းငယ် ရှက်ရွံ့နေသည့် အပြုံးများကို ဖန်တီးလိုက်ကြသည်။
"မင်ချန်ကျိုက်… ညီမလေးရော ဘယ်လိုထင်လဲ"
စကားလုံးများက သူမထံ တိုက်ရိုက် ရောက်လာသဖြင့် မတုံ့ပြန်လျှင် မကောင်းဟု မင်ချန်ကျိုက် တွေးလိုက်မိသည်။ ထို့ကြောင့် သေချာကြည့်နေဟန်ဆောင်ကာ အားကျသည့် မျက်ဝန်းများဖြင့် ပြန်ပြောလိုက်သည်။
"သခင်မက တကယ် ကံကောင်းတာပဲ… အရှင်မင်းကြီး က သခင်မကို တကယ် အရမ်းချစ်တာပဲနော်"
နောက်ဆောင်မှ အမျိုးသမီးတိုင်း ဤသို့သော စကားမျိုးကို မည်သူက မနှစ်သက်ဘဲ နေမည်နည်း။ လင်ကွေ့ဖေး သို့မဟုတ် ယီဖေးတို့ ရှေ့တွင် ရပ်နေရလျှင်ပင် ထိုကဲ့သို့သော ချီးကျူးစကားကို ငြင်းပယ်မည် မဟုတ်ချေ။
ထင်ထားသည့်အတိုင်းပင် ပိုင်ဖင်က အလွန် ကျေနပ်ဂုဏ်ယူသွားသည့် ဟန်ကို ပြသလိုက်တော့သည်။ သူမက မတ်တပ်ရပ်လိုက်ပြီး မဏ္ဍပ်အပြင်သို့ ထွက်ရန် ဟန်ပြင်လိုက်သည်။ သွားရင်းနှင့်ပင် စကားဆက်ပြောနေ၏။
"မင်ချန်ကျိုက်က တကယ် စကားပြောတတ်တာပဲ… ဒါကြောင့်လည်း အရှင်မင်းကြီး က ညီမလေးကို သဘောကျတာ နေမှာပါ… မမတောင် အခု ညီမလေးကို နည်းနည်း သဘောကျလာပြီ… လာပါဦး… မမနဲ့အတူတူ လမ်းလျှောက်လိုက်ခဲ့ပါဦး… ဥယျာဉ်ထဲမှာ ပန်းတွေ ဒီလောက်လှနေတာကို မခံစားရရင် နှမြောစရာကြီး"
မင်ချန်ကျိုက်ကို အဖော်အဖြစ် နာမည်တပ်ခေါ်လိုက်သဖြင့် သူမ အနည်းငယ် အံ့အားသင့်သွားရသည်။ အနောက်မှ ယဲ့ကွေ့ရန်နှင့် တုချန်ကျိုက်တို့ကလည်း အခြေအနေကို နားလည်သဖြင့် မတ်တပ်ရပ်ကာ ပြောလိုက်ကြသည်။
"သခင်မနဲ့ မင်ချန်ကျိုက်တို့ ဥယျာဉ်ကို ဆက်ကြည့်ကြပါ… ကျွန်မတို့ ဝင်မနှောင့်ယှက်တော့ပါဘူး… အဆောင်မှာ လုပ်စရာလေးတွေ ရှိသေးလို့ အရင် ပြန်ခွင့်ပြုပါဦး"
ယဲ့ကွေ့ရန်၏ စကားက ပိုင်ဖင်၏ ရည်ရွယ်ချက်နှင့် အတိအကျ ကိုက်ညီနေပေသည်။ သူမ ခေါင်းညိတ်ပြလိုက်ပြီး လှေကားထစ်များကို ဆင်းသွားတော့သည်။ ထို့နောက် မင်ချန်ကျိုက် လိုက်မလာသည်ကို မြင်သောအခါ လှည့်ကြည့်လိုက်ပြီး အနည်းငယ် ရန်စသည့်လေသံဖြင့် မေးလိုက်သည်။
"ဘာလဲ… ညီမလေးက သဘောမတူဘူးလား"
မင်ချန်ကျိုက်မှာ ယခုအချိန်တွင် ပိုင်ဖင်ကို တိုက်ရိုက် မဆန့်ကျင်ရဲသဖြင့် နောက်မှ လိုက်သွားရတော့သည်။ သူတို့ကို ပြုစုနေသည့် အစေခံမလေးများလည်း အတူတူ လိုက်သွားကြသဖြင့် ယိရန်မဏ္ဍပ်ထဲတွင် ယဲ့ကွေ့ရန်နှင့် တုချန်ကျိုက်တို့သာ ကျန်ရစ်ခဲ့တော့သည်။
ယခုမှသာ တုချန်ကျိုက်က အချိန်အကြာကြီး အောင့်အည်းထားရသော စကားများကို ဖွင့်ဟပြောဆိုလာတော့သည်။
"ပိုင်ဖင် စကားပြောတာ တကယ် နားခါးတာပဲ… ငါတို့က နန်းတွင်းသူဘဝက လာတာ မှန်ပေမဲ့ သူကရော ဘာများ မြင့်မြတ်နေလို့လဲ… ကျန်းနန်ကနေ ဆက်သလိုက်တဲ့ အလှမယ်လေးပဲဟာကို… မိသားစု နောက်ခံကလည်း ဘာမှ မရှိဘဲနဲ့ ကိုယ့်မျက်နှာကိုယ် ရွှေချဖို့ပဲ သိတယ်"
"တော်ပါတော့… ညီမလေးလည်း သူနဲ့ တွဲလာတာ နှစ်တော်တော် ကြာနေပြီပဲ… သူ့အကျင့်ကို မသိတာမှ မဟုတ်တာ… လာ သွားရအောင်… အဆောင်ကို အရင်ပြန်ကြစို့"
"နောက်ကနေ လိုက်မကြည့်တော့ဘူးလား"
"ဘာကို လိုက်ကြည့်ရမှာလဲ"
ယဲ့ကွေ့ရန်က တုချန်ကျိုက်ကို တည်ငြိမ်အေးဆေးစွာ ကြည့်လိုက်သည်။ သူမကတော့ အတော်လေး ဝမ်းသာနေပုံရ၏။
"ဟွန့်… ပိုင်ဖင်က မင်ချန်ကျိုက်ကို အလွယ်တကူ လွှတ်ပေးလိုက်မယ် ထင်နေလား… ငါတော့ မယုံဘူး… နောက်ကနေ လိုက်ကြည့်တာက ဘာလုပ်ဖို့လဲဆိုတော့ ပြဇာတ်ကို ကြည့်ဖို့ပေါ့"
"အပြစ်ပေးခံရမှာကို မကြောက်ဘူးဆိုရင်တော့ သွားကြည့်လေ… ပိုင်ဖင်က မင်ချန်ကျိုက်ကို သီးသန့် ခေါ်သွားတာက တခြားသူတွေ မမြင်အောင် ရှောင်သွားတာကို သိသိကြီးနဲ့ အခုမှ သွားပြီး ဝင်ရှုပ်မယ်ဆိုရင် သက်သေဖြစ်သွားမှာပေါ့… အဲဒီအခါကျရင် အရှင်မင်းကြီး ရှေ့ ရောက်သွားတဲ့အခါ ပိုင်ဖင်ကို အပြစ်တင်မလား… ဒါမှမဟုတ် မင်ချန်ကျိုက်ကို အပြစ်တင်မလား"
ယဲ့ကွေ့ရန်၏ စကားက အချက်ကျသွားပေသည်။ တုချန်ကျိုက်လည်း တွေးကြည့်လိုက်ရာ အတော်လေး အဓိပ္ပာယ်ရှိကြောင်း သဘောပေါက်သွားသည်။ ထို့ကြောင့် သူမလည်း စကားနှစ်ခွန်းလောက် တီးတိုးလေး ပြောပြီးနောက် ယဲ့ကွေ့ရန်နောက်သို့ မကျေမချမ်းဖြင့် လိုက်သွားရတော့သည်။
ဥယျာဉ်ထဲတွင်တော့ ပိုင်ဖင်က ပန်းကြည့်မည်ဟု အကြောင်းပြကာ မင်ချန်ကျိုက်ကို သစ်တောအုပ်ထဲသို့ ခေါ်သွားလေသည်။ မင်ချန်ကျိုက်က ကြောက်ရွံ့သည့် အရိပ်အယောင်များ သိသာသွားမည် စိုးရိမ်သဖြင့် သူမလက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်မိသည်။
ပိုင်ဖင် လှောင်ပြောင်ခံရမည်ကို မဆိုထားနှင့်၊ သူမ၏ အမှားတစ်ခုခု ရှာတွေ့သွားမည်ကိုပင် စိုးရိမ်နေရ၏။ သူမနောက်မှ လိုက်လာသည့် အစေခံမလေး ဖေ့အာကလည်း အလွန် စိုးရိမ်ပူပန်နေသည်။ အကယ်၍ ပိုင်ဖင်က ဤနေရာတွင် ပြဿနာရှာမည်ဆိုလျှင် သူတို့သခင်မလေးမှာ ကောင်းကင်ကို တမ်းတလည်း မရ၊ မြေကြီးကို တမ်းတလည်း မရ ဖြစ်သွားမည် မဟုတ်လား။
သူမ အကူအညီတောင်းရန် မည်သို့ ထွက်ပြေးရမည်ကို စဉ်းစားနေစဉ်မှာပင် ပိုင်ဖင်က စန္ဒကူးပန်း ပုလဲဆံထိုးကို ကိုင်ဆောင်ကာ လျှောက်လာသည်ကို မြင်လိုက်ရသည်။ မင်ချန်ကျိုက်က ပိုင်ဖင်သည် ထိုဆံထိုးဖြင့် သူမ၏ မျက်နှာကို ခြစ်ပစ်တော့မည်ဟု ထင်လိုက်သဖြင့် လန့်ဖျပ်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။
သတိလက်လွတ်ဖြစ်သွားသဖြင့် သစ်ကိုင်းခြောက်အချို့ကို တက်နင်းမိကာ ကျိုးပဲ့သွားလေသည်။ ခြေချော်ပြီး နောက်သို့ လဲကျသွားတော့မည့် ဆဲဆဲပင်။ မင်ချန်ကျိုက်က ခန္ဓာကိုယ်၏ တုံ့ပြန်မှုအရ ရှေ့သို့ အားကုန် ရုန်းထလိုက်သည်။
ထိုသို့ ရုန်းထလိုက်သဖြင့် ခြေစုံရပ်မိသွားသော်လည်း ပိုင်ဖင်က သူမ၏ ဒူးခေါင်းကို ခြေထောက်ဖြင့် ပြင်းပြင်းထန်ထန် ကန်ချလိုက်တော့သည်။ နာကျင်လွန်းသဖြင့် မင်ချန်ကျိုက်မှာ အေးစက်သော လေကိုပင် ရှိုက်သွင်းလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့သည်။
တိုက်ဆိုင်လွန်းလှစွာ မြေပြင်ပေါ်ရှိ ချွန်ထက်နေသော သစ်ကိုင်းခြောက်တစ်ခုက သူမ၏ ခြေထောက်ကို ထိုးမိသွားပြန်ရာ ဒဏ်ရာအပေါ် ဒဏ်ရာဆင့်သွားတော့သည်။
"အို… မင်ချန်ကျိုက်က အရမ်း ယဉ်ကျေးနေပါလား… စောစောလေးကတင် အရိုအသေပေးပြီးပြီလေ… အခု ဘာလို့ ထပ်ပြီး ဒူးထောက်နေရတာလဲ… မမကို သနားခံချင်လို့လား… ဒါမှမဟုတ် တခြားအကြောင်း ရှိသေးလို့လား"
ပိုင်ဖင်က အားရပါးရ ရယ်မောလိုက်သော်လည်း မြေပြင်ပေါ်တွင် ဒူးထောက်နေရသည့် မင်ချန်ကျိုက်မှာမူ နာကျင်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။ ဘေးတွင် ပါလာသည့် အစေခံမလေး ဖေ့အာလည်း ချက်ချင်း ဒူးထောက်ချလိုက်ပြီး ပိုင်ဖင်ကို ငိုယိုကာ တောင်းပန်တော့သည်။
"သခင်မ အသက်ချမ်းသာပေးပါ… သခင်မ အသက်ချမ်းသာပေးပါ"
ပိုင်ဖင်က သူမကို တစ်ချက်ကြည့်လိုက်ပြီး လှောင်ပြောင်သည့် အပြုံးဖြင့် ပြောလိုက်သည်။
"ငါက ဘာလုပ်နေလို့လဲ… နင်က ဒီမှာ လာပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်နေရတာလဲ… အပြင်လူတွေ ကြားသွားရင် ငါက မင်ချန်ကျိုက်ကို ပြဿနာရှာနေတယ်လို့ ထင်ကုန်တော့မှာပဲ"
---