← Chapters

ယုတ်မာသော အကောက်ကြံမှု

Vol. 15 Ch. 148

ယုတ်မာသော အကောက်ကြံမှု

Vol. 15 Ch. 148

ကွေ့ဟွားပန်းပင်များအကြားတွင် ပိုင်ဖင်နှင့် သူမနောက်ရှိ အစေခံမလေး နှစ်ယောက်က မောက်မာစွာ ရပ်နေကြသည်။ မင်ချန်ကျိုက်နှင့် အစေခံမလေး ဖေ့အာကမူ မြေပြင်ပေါ်တွင် ဒူးထောက်နေရ၏။ တစ်ယောက်က နာကျင်လွန်းသဖြင့် စကားမပြောနိုင်ဖြစ်နေပြီး နောက်တစ်ယောက်ကမူ အလွန်အမင်း ကြောက်ရွံ့နေသဖြင့် ငိုပင် မငိုနိုင်တော့ချေ။

အကယ်၍ ဖြတ်သွားဖြတ်လာ တစ်ယောက်ယောက်သာ ဤမြင်ကွင်းကို မြင်တွေ့သွားလျှင် သူတစ်ပါးကိစ္စကို ဝင်မစွက်ဖက်ရဲဘဲ အမြန် ထွက်ပြေးသွားမည်မှာ သေချာလှပေသည်။

မင်ချန်ကျိုက်က လေကို အကြိမ်ကြိမ် ပြင်းပြင်း ရှူသွင်းလိုက်သည်။ ခြေထောက်မှ ဒဏ်ရာက သာမန်မဟုတ်ကြောင်း မကြည့်ဘဲနှင့်ပင် သိနေ၏။ သို့သော် ယခုအချိန်က ပိုင်ဖင်နှင့် ရန်ဖြစ်နေရမည့် အချိန်မဟုတ်သဖြင့် နာကျင်မှုကို ကြိတ်မှိတ်သည်းခံကာ တောင်းပန်သည့် လေသံဖြင့် ပြောလိုက်ရသည်။

"သခင်မ အထင်လွဲနေပါပြီ… ညီမလေး မတော်တဆ ချော်လဲပြီး ခြေထောက်ဒဏ်ရာရသွားလို့ ဒီလိုဖြစ်သွားရတာပါ… သခင်မ ပန်းကြည့်မယ့် အစီအစဉ်ကို နှောင့်နှေးစေခဲ့တာ ညီမလေး အမှားပါ"

ထိုစကားကို ပြောပြီးသည်နှင့် သူမ၏ မျက်မှောင်များ ပြန်လည် ကြုတ်သွားပြန်သည်။ ခြေထောက်မှ ဒဏ်ရာကို တင်းတင်းကျပ်ကျပ် ဖိထားသော်လည်း နာကျင်မှုကြောင့် ညည်းတွားသံ အချို့ ထွက်ပေါ်လာတော့သည်။

ပိုင်ဖင်က သူမ၏ သနားစရာကောင်းလှသော အခြေအနေကို ကြည့်လိုက်သော်လည်း သနားညှာတာသည့် အရိပ်အယောင် လုံးဝ မပြခဲ့ချေ။ သူမက ချက်ချင်းပင် ဆက်ပြောလိုက်သည်။

"ပိုင်ကျစ်… ပိုင်လင်း"

"ကျွန်တော်မျိုးမ ရှိပါတယ်"

"အရှင်မင်းကြီး က ငါ့ကို ပေးထားတဲ့ စန္ဒကူးပန်း ပုလဲဆံထိုးလေး ဘယ်ရောက်သွားပါလိမ့်… မြန်မြန် ရှာကြည့်ကြစမ်းပါဦး… ကောက်ကျစ်စဉ်းလဲတဲ့ လူယုတ်မာတွေက မျက်စိကျပြီး သူတို့ဖာသာ ပန်ဖို့ ခိုးသွားတာများလား မသိဘူး"

ထိုစကား ထွက်လာသည်နှင့် အစေခံမလေး နှစ်ယောက်က အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး ပိုင်ဖင်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားကြတော့သည်။

စဉ်းစားကြည့်လျှင် အတော် ထူးဆန်းလှပေသည်။ စောစောလေးကတင် သူမ၏ လက်ထဲတွင် ဆော့ကစားနေသည့် ဆံထိုးလေးက မျက်စိတစ်မှိတ်အတွင်းမှာပင် မည်သို့ ပျောက်ကွယ်သွားရမှာနည်း။ ဒီလို ရည်ရွယ်ချက်ရှိရှိ စွပ်စွဲလိုက်ခြင်းကြောင့် ဘေးရှိ ဖေ့အာမှာ အလွန် ကြောက်လန့်သွားပြီး အကြိမ်ကြိမ် ခေါင်းဘယ်ခါညာခါဖြင့် တောင်းပန်တော့သည်။

"သခင်မ အသက်ချမ်းသာပေးပါ… သခင်မ အသက်ချမ်းသာပေးပါ… ကျွန်မတို့ သခင်မလေး ခိုးတာ မဟုတ်ပါဘူးရှင်… တကယ် မဟုတ်ပါဘူး"

"အို… မမေးဘဲနဲ့ ဝန်ခံနေပါလား"

ထိုစကားကို ပြောပြီးနောက် ပိုင်ကျစ်ကို တစ်ချက် ကြည့်လိုက်သည်။ ပိုင်ကျစ်က ခေါင်းညိတ်ပြလိုက်ပြီး ချက်ချင်းပင် မင်ချန်ကျိုက်ကို ကြိုးတုပ်ကာ ကောင်းကောင်းကြီး ဆုံးမရန် ပြင်ဆင်လိုက်တော့သည်။ သို့သော် ဖေ့အာက အသေအလဲ ဝင်တားလိုက်လေ၏။

"မဟုတ်ပါဘူး… မဟုတ်ပါဘူးရှင်… ကျွန်မတို့ သခင်မလေးက အပြစ်ကင်းပါတယ် သခင်မရယ်"

ဖေ့အာသည် ပိုင်ကျစ်နှင့် လုံးထွေးသတ်ပုတ်နေရင်း ငိုယိုကာ အော်ဟစ်နေတော့သည်။ သူမမှာ လမ်းသွားလမ်းလာ တစ်ယောက်ယောက် ကြားသွားပြီး လာရောက် ကယ်တင်ပေးပါစေဟု ဆုတောင်းနေမိ၏။

"အပြစ်ကင်းတယ် ဟုတ်လား"

ပရိယာယ်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် လှောင်ပြုံးပြုံးကာ လှမ်းကြည့်လာသည်။

"ခိုးသလား မခိုးဘူးလားဆိုတာ ငါ့လူတွေကို ရှာခိုင်းလိုက်ရင် သိရမှာပေါ့… နင့်လို အောက်တန်းစားက ဒီနေရာမှာ လာပြီး တားနေတာက နင့်သခင်မလေး ပစ္စည်းဝှက်ထားတာကို ကူညီပေးနေတာများလား"

သူမက ပြောပြီးသည်နှင့် ဘေးရှိ အစေခံမလေး ပိုင်ကျစ်ထံသို့ မျက်ရိပ်ပြလိုက်သည်။ သခင်မဖြစ်သူ၏ အရိပ်အကဲကို ရိပ်မိသော ထိုအစေခံမလေးက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

"သခင်မ စိတ်ချပါ… ကျွန်တော်မျိုးမတို့ မင်ချန်ကျိုက်ရဲ့ တစ်ကိုယ်လုံးကို သေသေချာချာ ရှာဖွေလိုက်ပါ့မယ်… တကယ်လို့ သခင်မရဲ့ ဆံထိုးကို သူ ခိုးတာမဟုတ်ဘူးဆိုရင်လည်း သူ့အပြစ်ကင်းကြောင်း သက်သေပြလို့ ရတာပေါ့"

စကားဆုံးသည်နှင့် ပိုင်လင်းနှင့် ပိုင်ကျစ်တို့က တစ်ပြိုင်နက်တည်း ဝင်လုံးကြတော့သည်။ မင်ချန်ကျိုက်၏ အင်္ကျီစကို ဆွဲဖြဲခံရတော့မည့် ဆဲဆဲတွင် ဖေ့အာက စိုးရိမ်တကြီးဖြင့် သူတို့နှင့် ဝင်ရောက် လုံးထွေးသတ်ပုတ်တော့သည်။ လုံးထွေးနေစဉ်အတွင်း ဖေ့အာမှာ အကြိမ်ကြိမ် အရိုက်ခံရသဖြင့် ယခုအခါ တစ်ကိုယ်လုံး နာကျင်နေချေပြီ။ သို့တိုင် သူမကမင်ချန်ကျိုက်၏ ရှေ့တွင် ရဲရဲဝံ့ဝံ့ ဝင်ကာကွယ်ပေးထားဆဲ။

"သခင်မ သေချာ စုံစမ်းပေးပါ… နေ့ခင်းကြောင်တောင် ဒီအချိန်မှာ ကျွန်မတို့ သခင်မလေးက ဘယ်လိုလုပ် သခင်မရဲ့ ဆံထိုးကို ခိုးရဲမှာလဲ"

ပိုင်ဖင်မှာ သူမနှင့် ဤနေရာတွင် အကျိုးမရှိသော စကားများ ပြောနေရန် အချိန်မရှိချေ။ ပိုင်ကျစ်တို့ကို မင်ချန်ကျိုက်၏ အဝတ်အစားများ ချွတ်ပစ်ရန် အလျင်အမြန် အမိန့်ပေးလိုက်တော့သည်။ ဤမျှ လူမြင်ကွင်းတွင် သူတို့အကြံအစည် အောင်မြင်သွားပြီး သူမတို့အဝတ်အစားများ ဆုတ်ပြဲသွားလျှင် မင်ချန်ကျိုက် တစ်ယောက် တိုင်ကို ခေါင်းနှင့်ဆောင့်ကာ သတ်သေသွားလောက်ပေသည်။

"တော်လောက်ပြီ"

ရုတ်တရက်ဆိုသလို တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော မင်ချန်ကျိုက်က ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

မူလက ကြမ်းတမ်းစွာ ပြုမူနေခဲ့ကြသော အစေခံမလေးများမှာ သူမ၏ အေးစက်စက် မျက်လုံးများကို မြင်လိုက်ရချိန်တွင် အနည်းငယ် လန့်သွားကြ၏။ သူတို့၏ လှုပ်ရှားမှုများ အနည်းငယ် နှေးကွေးသွားသည်။

ထိုအခိုက် မင်ချန်ကျိုက်က သူတို့ကို တွန်းဖယ်လိုက်ပြီး နာကျင်မှုကို ကြိတ်မှိတ်ကာ မတ်တပ်ရပ်လိုက်သည်။ သူမ၏ အဝတ်အစားများမှာ ဖရိုဖရဲ ဖြစ်နေပြီး ရွှံ့များပင် ပေကျံနေချေပြီ။ သို့သော် သူမ၏ မျက်ဝန်းများတွင်တော့ စောစောကလို အလျှော့ပေးမည့် အရိပ်အယောင်များ မရှိတော့ချေ။ အထက်စီးမှ ရပ်နေသော ပိုင်ဖင်ကို တည်ငြိမ်ပြတ်သားစွာ ကြည့်ကာ ပြောလိုက်သည်။

"ပိုင်ဖင်သခင်မရဲ့ ဆံထိုး ပျောက်သလား မပျောက်ဘူးလားဆိုတာ သခင်မရော ကျွန်မပါ ရင်ထဲမှာ ရှင်းရှင်းလင်းလင်း သိကြပါတယ်… ဒါပေမဲ့ သခင်မက လူသူကင်းမဲ့တဲ့ အချိန်ကို အခွင့်ကောင်းယူပြီး ကျွန်မကို နှိပ်စက်ချင်တယ်ဆိုရင်တော့ သခင်မ စိတ်ပျက်ရလိမ့်မယ်"

ပြောပြီးသည်နှင့် သူမ၏ ဆံထုံးပေါ်မှ မန်ကျည်းပင်ပန်း ဆံထိုးတစ်ခုကို ဆွဲဖြုတ်လိုက်ပြီး နုနယ်ဖြူဝင်းနေသော သူမ၏ ပါးပြင်ကို ထိုးချရန် ဟန်ပြင်လိုက်တော့သည်။ သူမ၏ ဤလုပ်ရပ်ကြောင့် ပိုင်ဖင်၏ မျက်နှာမှာ ချက်ချင်းပင် အကျည်းတန်သွားရသည်။ သူမက မင်ချန်ကျိုက်ကို အံကြိတ်ကာ ကြည့်လိုက်သော်လည်း မင်ချန်ကျိုက်၏ မျက်နှာပေါ်တွင် သေရမည်ကိုပင် မကြောက်သည့် အသွင်အပြင်ကို တွေ့လိုက်ရ၏။

"နင် ဘာလုပ်မလို့လဲ… ငါ့ကို ခြိမ်းခြောက်နေတာလား"

မင်ချန်ကျိုက်က အေးစက်စွာ ပြုံးလိုက်သည်။

"အရှင်မင်းကြီး က ညီမလေးကို အပြစ်မမြင်ဘဲ မကြာသေးခင်ရက်ပိုင်းကစပြီး အနားမှာ ခစားဖို့ ခဏခဏ ခေါ်ယူနေတယ်ဆိုတာ သခင်မလည်း အသိပဲလေ… သာမန် အတင်းအဖျင်းစကားတွေက အရှင်မင်းကြီး ရဲ့ နားထဲကို မရောက်နိုင်ပေမဲ့ ဒီအမာရွတ်က မျက်နှာပေါ်မှာ ထင်ကျန်နေခဲ့ရင်တော့ သခင်မ အနေနဲ့ ဖြေရှင်းရ ခက်သွားလိမ့်မယ်… နောက်ဆုံး ဘယ်သူ ဒုက္ခရောက်မလဲဆိုတာ ပိုင်ဖင်သခင်မ ကိုယ်တိုင်ပဲ စဉ်းစားကြည့်ပေါ့"

ပိုင်ဖင်မှာ စကားတစ်ခွန်းမျှပင် မပြောနိုင်တော့လောက်အောင် ဆွံ့အသွားရတော့သည်။ ကိုယ်လုပ်တော်များအချင်းချင်း ရန်ဖြစ်စကားများခြင်း၊ စောင်းမြောင်းပြောဆိုခြင်းများက သဘာဝပင် ဖြစ်၏။ သို့သော် လူတစ်ဦး၏ ရုပ်ရည်ကို ပျက်စီးစေသည့် အဆင့်ထိ ရောက်သွားလျှင် ရည်ရွယ်ချက်ရှိရှိ အနိုင်ကျင့်ခြင်း ဖြစ်သွားပေမည်။

ယခုလက်ရှိ အရှင်မင်းကြီး ၏ ရှေ့မှောက်တွင် စကားနှစ်ခွန်း သုံးခွန်းလောက် ပြောနိုင်စွမ်းရှိနေသော မင်ချန်ကျိုက်၏ အနေအထားအရ ဤကိစ္စကို အလွယ်တကူ ပြီးဆုံးသွားအောင် လုပ်နိုင်လိမ့်မည် မဟုတ်ကြောင်း သိသာလှပေသည်။

ယခုက ခုနစ်လပိုင်းဖြစ်ပြီး အပူပြင်းဆုံး အချိန်ဖြစ်သော်လည်း ပိုင်ဖင်၏ ကျောပြင်တွင် ချမ်းစိမ့်စိမ့် ခံစားလိုက်ရသည်။ မင်ချန်ကျိုက်နှင့် သူမလက်ထဲရှိ ဆံထိုးချွန်ချွန်ကို စိုက်ကြည့်ရင်း မင်ချန်ကျိုက် အမှားလုပ်မိကာ သူမမျက်နှာသူမဖျက်ဆီးပစ်လိုက်ပါစေဟုသာ ဆုတောင်းနေမိသည်။

သို့သော် မင်ချန်ကျိုက်၏ စကားများက အဓိပ္ပာယ်ရှိနေပေသည်။ ပိုင်ဖင်မှာ မောက်မာသော်လည်း အနောက်ဆောင်တွင် အခိုင်အမာ ခြေကုပ်ယူထားနိုင်သူတော့ မဟုတ်ချေ။ ဖင်အဆင့် ရာထူးရှိသူက ရာထူးနိမ့်သည့် ချန်ကျိုက်ကို ဆုံးမခြင်းမှာ အပြစ်ရှာ၍ မရနိုင်သော်လည်း ယင်းကြောင့် အရှင်မင်းကြီး ကို အမျက်တော်ရှစေလျှင် သူမကိုယ်ကို ဒုက္ခရှာခြင်းသာ ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် ပိုင်ဖင်၏ မျက်ဝန်းများထဲတွင် အလျှော့ပေးချင်သည့် အရိပ်အယောင်များ ပေါ်လာတော့သည်။ မင်ချန်ကျိုက်က ထိုယိမ်းယိုင်မှုကို သတိထားမိလိုက်သောအခါ ဆက်လက် ဖိအားမပေးတော့ဘဲ ချက်ချင်း ဒူးထောက်ချလိုက်ကာ အလွန် ရိုးသားဖြောင့်မတ်သည့် လေသံဖြင့် ပြောလိုက်သည်။

"သခင်မရဲ့ ဆံထိုး ပျောက်သွားတယ်ဆိုတော့ ညီမလေးက ကူရှာပေးရမှာပေါ့… သခင်မလည်း ဒေါသထွက်တာလေး လျှော့ပါဦး… ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြရအောင်ပါ"

ဤသို့ ရုတ်တရက် အလျှော့ပေးလိုက်ခြင်းက ပိုင်ဖင်အတွက် လှေကားထစ်က ဆင်းနိုင်ရန် မျက်နှာရစေခဲ့သည်။ မင်ချန်ကျိုက်၏ အနည်းငယ် ကိုင်းညွတ်နေသော ကျောပြင်ကို ကြည့်ရင်း ပိုင်ဖင်၏ မကျေချမ်းမှုများက လျှပ်တစ်ပြက် ပေါ်လာသော်လည်း ဆက်လက်၍ ဒုက္ခပေးရန် မဖြစ်နိုင်တော့ချေ။

ထို့ကြောင့် အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည်။

"ထားလိုက်ပါတော့… ဆံထိုးတစ်ချောင်းပဲဟာ… မမက အဲဒီလောက်လေးတော့ အဆုံးရှုံးခံနိုင်ပါသေးတယ်"

ပြောပြီးသည်နှင့် မလှမ်းမကမ်းရှိ အခြား ကွေ့ဟွားပန်းပင်တောဆီသို့ လှည့်ကာ ပြောလိုက်သည်။

"နင်နဲ့ စကားပြောနေရတာ အချိန်ကုန်တယ်… မမ ပန်းကြည့်မယ့် စိတ်ကူးလေးတောင် ပျက်သွားပြီ… ပိုင်ကျစ် ပိုင်လင်း… သွားကြစို့"

"ဟုတ်ကဲ့ပါ"

ပိုင်ကျစ်က ဘေးတွင် ဒူးထောက်နေဆဲဖြစ်သော ဖေ့အာကို မျက်စောင်းထိုးကြည့်လိုက်ပြီး ဟွန့်ခနဲ နှာခေါင်းရှုံ့ကာ ပိုင်ဖင်ကို တွဲလျက် ထိုနေရာမှ ထွက်ခွာသွားကြတော့သည်။

အတော်လေး ဝေးဝေးရောက်သွားပြီးမှ ပိုင်ကျစ်က တိုးတိုးလေး မေးလိုက်သည်။

"သခင်မ… ဒီမင်ချန်ကျိုက်က တကယ်ပဲ အရှင်မင်းကြီး ရှေ့သွားပြီး တိုင်လိုက်ရင် ဘယ်လိုလုပ်မလဲ"

သူမက ပိုင်ဖင် နန်းတော်ထဲ ဝင်လာကတည်းက ယခုအချိန်အထိ ပြုစုလုပ်ကျွေးခဲ့သူ ဖြစ်သဖြင့် ပိုင်ဖင်နှင့် တစ်စိတ်တစ်ဝမ်းတည်း ရှိနေပေသည်။ ယနေ့ကိစ္စသာ အမှန်တကယ် ပြဿနာကြီးသွားလျှင် သူမ၏ သခင်မလေးအတွက် အကျိုးမရှိနိုင်ကြောင်း သိသဖြင့် ဤသို့ စိုးရိမ်တကြီး မေးမြန်းလိုက်ခြင်း ဖြစ်၏။

ပိုင်ဖင်က အေးစက်စွာ နှစ်ချက်ရယ်မောလိုက်ပြီး ကျောက်စိမ်းရောင် လက်ချောင်းလေးများဖြင့် ဆံပင်များကို ဖွဖွလေး သပ်တင်လိုက်ကာ ယုံကြည်မှုအပြည့်ရှိသော လေသံဖြင့် ပြောလိုက်သည်။

"စိတ်ချပါ… ငါက သူ သွားတိုင်မှာကို စောင့်နေတာ… တကယ်လို့ သူသာ အရှင်မင်းကြီး ရှေ့ကို သွားတိုင်လိုက်ရင် ငါ အရှင်မင်းကြီး နဲ့ တွေ့ဖို့ အခွင့်အရေး ရသွားပြီ မဟုတ်လား… အဲဒီအချိန်ကျရင် အဖြူလား အမည်းလားဆိုတာ သူ တစ်ယောက်တည်း ပြောတဲ့စကားအပေါ်မှာ မူတည်တော့မှာ မဟုတ်ဘူး"

သူမသခင်မ၏ စကားကို ကြားလိုက်ရမှ ပိုင်ကျစ်လည်း စိတ်အေးသွားတော့သည်။

"ဟုတ်သားပဲ… ဒီနန်းတော်ထဲက ကိစ္စတွေဆိုတာ လူတွေရဲ့ နှုတ်ခမ်းကနေ ထွက်လာတဲ့ စကားတွေချည်းပဲ မဟုတ်လား"

All Chapters