လရောင်အောက်မှ စောင့်ဆိုင်းနေသူတစ်ဦး
Vol. 15 Ch. 141
လင်ဝမ်ယိက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
"ဒါဆိုရင်လည်း ညီမလေး လမ်းမှာ ဂရုစိုက်သွားပါဦး..."
ယင်းကွေ့ဖင်၏ ဘေးတွင် ရပ်နေသော မုလန်ချွမ်းကလည်း ပြုံးကာ ပြောလေသည်။
"နောက်ရက်ကျရင် ညီမလေးနဲ့ ယင်းကွေ့ဖင်မယ်မယ်တို့ အစ်မဆီ အတူတူ လာလည်ကြမယ်လေ..."
"အင်း..."
ထိုသို့ပြောပြီးနောက် လင်ဝမ်ယိသည် ရှအန်းကို ခေါ်ကာ ရှန့်ကျင့်စံအိမ်မှ ထွက်ခွာသွားတော့သည်။
အခြားတစ်ဖက်တွင်မူ ယီဖေးသည် မျက်လုံးများ နီရဲနေဆဲဖြစ်သော ပိုင်ဖင်ကို ကြည့်ကာ ခြိမ်းခြောက်လိုက်လေသည်။
"အပြင်မှာ အဲ့ဒီလို မျက်နှာထားမျိုး သိပ်မလုပ်နဲ့... နင် ဘယ်လောက်ပဲ မကြိုက်မကြိုက် သူက အရှင်မင်းကြီး သဘောကျတဲ့ မိန်းမပဲ... ကိုယ့်ကိုယ်ကိုယ် ဒုက္ခမရှာမိစေနဲ့..."
ယီဖေးအတွက်တော့ အရှင်မင်းကြီး၏ မျက်နှာသာပေးမှုက သိပ်အရေးမကြီးလှပေ။ သူမက သူမလုပ်သင့်လုပ်ထိုက်သည်များကိုသာ သေချာလုပ်ဖို့လိုသည်။ အမှားအယွင်းကြီးကြီးမားမားသာ မရှိခဲ့လျှင် ယနေ့ ယီဖေးဖြစ်နေသော သူမသည် မနက်ဖြန်တွင် ယီကွေ့ဖေး ဖြစ်လာနိုင်ပြီး သန်ဘက်ခါတွင် မိဖုရားခေါင်ကြီးပင် ဖြစ်လာနိုင်သည်လေ။
အကယ်၍ သူမက ဒီတစ်သက် အနောက်ဆောင်၏ အမြင့်ဆုံးနေရာကို တက်လှမ်းနိုင်ရန် ရေစက်မပါခဲ့လျှင်တောင်မှ ကြောက်စရာမလိုပေ။ တတိယမင်းသားသာ ဧကရာဇ်အဖြစ် ထီးနန်းတက်နိုင်မည်ဆိုလျှင် သူမသည် မယ်တော်ကြီး ဖြစ်လာမှာမဟုတ်လား။
ပိုင်ဖင်ကတော့ မကျေနပ်နိုင်သေးချေ။ သူမက ဒီလောက်ထိ ကြိုးစားထားတာတောင်မှ မယှဉ်နိုင်ခဲ့သည်လေ။ ဒီလိုအခြေအနေမှာ သူမက ဘယ်လိုလုပ် စိတ်အေးအေးထားနိုင်မည်နည်း။
ဟယ့်နျန်ဇစ်က ဘေးမှနေ၍ စကားအနည်းငယ်ဖြင့် ဝင်ရောက်ဖျောင်းဖျပေးသော်လည်း ပိုင်ဖင်က သူမကို တွန်းဖယ်ပစ်လိုက်သည်။
ရူးသွပ်လုမတတ် ဖြစ်နေသော ပိုင်ဖင်၏ ပုံစံကို ကြည့်ပြီး ယီဖေးမှာ ပို၍ပင် အမြင်ကတ်သွားလေ၏။
"ဘာမှတောင် မရှိသေးဘူး သေမလိုရှင်မလို ပုံစံဖမ်းနေတယ်... တကယ်လို့ အဲ့ဒီလောက်တောင် ကြည့်မရဖြစ်နေရင်လည်း ဆံထိုးကိုဆွဲထုတ်ပြီး သူ့ကိုသာ ထိုးသတ်ပစ်လိုက်... ဒါတောင် နင် လုပ်ရဲလို့လား..."
ယီဖေးကသာ ဓားဆွဲတုတ်ဆွဲနှင့် ရက်စက်ကြမ်းကြုတ်သည့် တစ်ယောက်ဖြစ်သည်။ ယီဖေး၏ စကားကြောင့် ပိုင်ဖင်၏ မျက်နှာထား တင်းမာသွားရ၏။
သူမက မုန်းတော့မုန်းသည်... သို့သော် လူတစ်ယောက်ကို ဗြောင်ကျကျ သတ်ပစ်ရဲလောက်အောင်တော့ သူမတွင် သတ္တိမရှိချေ။ သူမတွင် ယီဖေးလောက် အားေကာင်းသည့် နောက်ခံအင်အားမှ မရှိတာလေ။ အကယ်၍ သူမက မင်ချန်ကျိုက်ကိုသာ တကယ်ထိုးသတ်လိုက်မည်ဆိုလျှင် သူမကိုယ်တိုင်လည်း အသက်ပျောက်ရဖို့ သေချာသလောက်ပင်။ ထို့ကြောင့် ပိုင်ဖင်က ဒေါသများကို ထိန်းချုပ်လိုက်ပြီး တိတ်ဆိတ်စွာပင် ထွက်ခွာသွားတော့သည်။
ပိုင်ဖင် ထွက်သွားသည်ကို ကြည့်ရင်း ချူကွေ့ရန်၏ ရိုင်းစိုင်းမောက်မာသည့် အကျင့်စရိုက်နှင့် ဘာများကွာခြားလို့လဲဟု ယီဖေး တွေးလိုက်မိသည်။ သူတို့အကုန်လုံးက အရူးတွေချည်းပဲ။
အစကတော့ ယီဖေးက ပိုင်ဖင်ရဲ့ အလှအပနဲ့ အရှင်မင်းကြီးဆီကနေ မျက်နှာသာပေးမှု တစ်စိတ်တစ်ပိုင်းလောက် ရလာနိုင်မယ်လို့ ထင်ထားခဲ့တာ။
ဒါပေမဲ့ ဘယ်သူမှန်းတောင် သေချာမသိရတဲ့ မင်ချန်ကျိုက်ကို ရှုံးသွားခဲ့တယ်လေ။
အလကားနေရင်း သူ့ရဲ့ အကြံအစည်တွေ အကုန်အချည်းနှီး ဖြစ်ခဲ့ရပြီ။
အဲ့ဒီအစား ဟယ့်နျန်ဇစ်ကမှ ပိုပြီး တည်ငြိမ်ပြီး ဦးနှောက်ရှိတဲ့ပုံ ပေါက်နေသေးတယ်။
ထို့ကြောင့် ယီဖေးက စိတ်ကူးတစ်ခု ရသွားကာ ဘေးတွင်ရပ်နေသော ဟယ့်နျန်ဇစ်ကို ပြောလိုက်လေသည်။
"ဒီအရှင်မဆီမှာ ရွှေစင်နဲ့လုပ်ထားတဲ့ ဆံထိုးနှစ်စုံ ကျန်သေးတယ်... ခဏနေ ငါနဲ့လိုက်ခဲ့ ငါ နင့်ကို ဆုချမယ်..."
ဟယ့်နျန်ဇစ်မှာ ယီဖေး၏ မျက်နှာသာပေးမှုကို ဤမျှလွယ်လွယ်ကူကူ ရလာလိမ့်မည်ဟု တစ်ခါမျှ မတွေးထားခဲ့ဖူးပေ။ ပိုင်ဖင်နှင့် ချူကွေ့ရန်တို့၏ အထောက်အပံ့ကြောင့်လို့ပဲ ပြောရမည်။
ထို့ကြောင့် ဟယ့်နျန်ဇစ်က ချက်ချင်းပင် ဝမ်းသာအားရဖြင့် ဆိုလေသည်။
"ကျွန်တော်မျိုးမ မယ်မယ်ရဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်..."
အမှန်အတိုင်းပြောရလျှင် သည်ဆုလာဘ်က အရှင်မင်းကြီးပေးသည်ထက်ပင် ဟယ့်နျန်ဇစ်ကို ပို၍ စိတ်လှုပ်ရှားစေလေသည်။ အနောက်ဆောင်တွင် ယီဖေး၏ စောင့်ရှောက်မှုကို ရရှိခြင်းက အရှင်မင်းကြီး၏ အချစ်ကို ရရှိခြင်းထက် ပိုပြီး ယုံကြည်စိတ်ချရသည် မဟုတ်လား။
လရောင်လင်းလင်းနှင့် ကြယ်ရောင်ဖျော့ဖျော့အောက်တွင် ယနေ့ည၏ ကောင်းကင်ယံက လွန်ခဲ့သည့်ရက်များလောက်တော့ မလှပလှချေ။
ချိုးမင်နှင့် ရှောင်လုကျစ်တို့က ဘယ်ညာ နန်းတွင်းမီးအိမ်များကို ကိုင်ကာ လမ်းပြပေးနေပြီး ရှအန်းကမူ လင်ဝမ်ယိကို တင်းကြပ်စွာ တွဲပေးထားလေသည်။ ရှအန်းက သူမ မတော်တဆ ခလုတ်တိုက်မိမည်ကို စိုးရိမ်နေပုံရသည်။
နွေရာသီအပန်းဖြေနန်းတော်၏ အရှေ့နှင့် အနောက် ဆက်သွယ်ထားသော နေရာတွင် နန်းတော်တံခါးတစ်ခု ရှိပြီး ည ၇ နာရီမှ ၉ နာရီအတွင်း မင်တုံးထုလေ့ရှိသည်။ ယနေ့တွင် နန်းတွင်းပွဲတော် ရှိသောကြောင့် လင်ဝမ်ယိ ထိုတံခါးကို ဖြတ်ကျော်သွားပြီးမှသာ တာဝန်ကျသော မိန်းမစိုးများ ထွက်လာကြလေသည်။
သူမတို့ ရှေ့သို့ အနည်းငယ် ဆက်လျှောက်သွားလိုက်သည်နှင့် လင်းထိန်နေသော မီးရောင်များကို မြင်လိုက်ရသည်။
လင်ဝမ်ယိ၏ အကြည့်များက မီးရောင်အောက်တွင် မတ်မတ်ရပ်နေသော ထိုကျော့ရှင်းသည့် ကိုယ်ဟန်ပိုင်ရှင်ဆီသို့ ချက်ချင်း ရောက်သွားတော့၏။
"အရှင်မင်းကြီး..."
အရှင်မင်းကြီး လှည့်ကြည့်လာပြီး လင်ဝမ်ယိကို မြင်လိုက်ရမှသာ သူ၏နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားလေသည်။
"ကိုယ်တော် မင်းကို စောင့်နေတာ ကြာလှပြီ... ဘာလို့ ဒီလောက်တောင် နှေးနေရတာလဲ..."
အရှင်မင်းကြီးက သူမကို စောင့်နေတာလား...
ပြီးတော့ သူက သူ့ကို ခြေလှမ်းနှေးတယ်လို့တောင် အပြစ်တင်နေသေးတာပေါ့လေ...
သူက တစ်ဆယ့်ငါးမိနစ်လောက်စောပြီး ထွက်သွားတဲ့အပြင် အရှင်မင်းကြီးစီးတဲ့ မြင်းလှည်းနဲ့ဆိုတော့ သဘာဝကျကျ ပိုမြန်နေမှာပေါ့။
သို့သော် ယခုအချိန်တွင် လင်ဝမ်ယိ၌ ဤကိစ္စများကို ငြင်းခုံနေရန် အချိန်မရှိပေ။ လင်ဝမ်ယိက ရှေ့သို့တိုးကာ ဂါရဝပြုရင်း မေးလိုက်သည်။
"လမ်းမှာ နည်းနည်းမှောင်နေလို့ ကျွန်တော်မျိုးမ လျှောက်တာ နှေးသွားတာပါ... အရှင်မင်းကြီးက ဒီမှာ ကျွန်မကိုစောင့်နေတာ ဘာကိစ္စများရှိလို့လဲ..."
လင်ဝမ်ယိ၏ ကြည်နူးစရာမကောင်းလှသောစကားကြောင့် မေးခွန်းကြောင့် အရှင်မင်းကြီးမှာ ရင်ထဲကနေကို ဆွံ့အသွားရလေသည်။
အားလုံးရဲ့အထွတ်အထိပ်ဖြစ်တဲ့ သူလိုလူက ဒီလိုနေရာမျိုးမှာ သာမန် ချန်ကျိုက်လေး တစ်ယောက်ကို တစ်နာရီနီးပါးလောက် စောင့်နေခဲ့တာလေ။
ဒါကို သူမက စိတ်မလှုပ်ရှားတဲ့အပြင် ဒီလို အရူးလို မေးခွန်းမျိုးကိုပါ မေးနေသေးတယ်ပေါ့။
ထို့ကြောင့် အရှင်မင်းကြီးက သုန်ယွီကျုံးကို တစ်ချက် ကြည့်လိုက်ရာ သုန်ယွီကျုံးကလည်း ပါးနပ်စွာဖြင့် ချက်ချင်း ရှင်းပြလေတော့သည်။
"သခင်မလေး... အရှင်မင်းကြီးက အပြန်လမ်းမှာ ကျောက်ခဲတွေများလို့ သခင်မလေး ခလုတ်တိုက်မိမှာစိုးလို့ ဒီမှာ သီးသန့် စောင့်နေပေးတာပါ..."
ထိုစေတနာကို ထုတ်ပြောလိုက်ပြီးမှသာ အရှင်မင်းကြီး၏ စိတ်ထဲတွင် အတော်လေး ပေါ့ပါးသွားတော့သည်။ သူက တိတ်တဆိတ် မေတ္တာပေးလို့တော့ ရပေမည်။ သို့သော် သူက လင်ဝမ်ယိကိုလည်း ထိုအရာအား ခံစားသိရှိစေချင်သည်လေ။ ဤသည်အပြင် သူက သူမကို ပြောစရာကိစ္စတစ်ခုလည်း ရှိနေသေးသဖြင့် ဤနေရာတွင် စောင့်နေခဲ့ခြင်း ဖြစ်သည်။
လင်ဝမ်ယိကတော့ တိတ်ဆိတ်နေလေ၏။
အရှင်မင်းကြီးက ခုနကတင် မင်ချန်ကျိုက်ကို မျက်တောင်မခတ်တမ်း ကြည့်နေခဲ့တာ မဟုတ်ဘူးလား...။
ဘာလို့ သူက အခုမှ ဒီမှာလာပြီး ချစ်တတ်တဲ့ ခင်ပွန်းသည်ပုံသံ ဖမ်းနေရတာလဲ...။
အရှင်မင်းကြီး၏ စိတ်ကို လင်ဝမ်ယိ တကယ်ကို ခန့်မှန်း၍ မရနိုင်ချေ။ သို့သော် သူမက မျက်နှာပေါ်တွင်တော့ မကြိုက်သည့်ပုံစံ မပြရဲပေ။
ထို့ကြောင့် လင်ဝမ်ယိက အပြုံးတစ်ခုကို ဆင်မြန်းလိုက်ပြီး အရှင်မင်းကြီးအား ပြန်ပြောလိုက်လေသည်။
"အရှင်မင်းကြီးရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်..."
နှမြောစရာကောင်းသည်မှာ အရှင်မင်းကြီးက သူမနှင့် အချိန်များစွာ အတူနေလာခဲ့သည်ဖြစ်၍ သူမ ဘယ်အချိန်မှာ အစစ်အမှန်ဖြစ်ပြီး ဘယ်အချိန်မှာ ဟန်ဆောင်ပြုံးနေသလဲဆိုတာကို သူက စောစောစီးစီးကတည်းက သိနေခဲ့ပြီဖြစ်သည်။ ချက်ချင်းပင် အရှင်မင်းကြီးက သူမအား ပြောလိုက်လေ၏။
"အဲဒီဟန်ဆောင်ပန်ဆောင်အပြုံးတွေကို ပြန်သိမ်းစမ်း... ကိုယ်တော် ကြည့်မရဘူး..."
ချိုးမင်တို့အဖွဲ့ ထိုစကားကို ကြားလိုက်ရသောအခါ သူတို့အားလုံး ရင်ထိတ်သွားကြသည်။ အထူးသဖြင့် ရှအန်းဆိုလျှင် မြေပြင်ပေါ် ဒူးထောက်ကာ သူမ သခင်မလေးအတွက် အသနားခံတော့မတတ်ပင်။
လင်ဝမ်ယိ တစ်ယောက်သာလျှင် အရှင်မင်းကြီး၏ မျက်လုံးများမှတစ်ဆင့် သူ၏ ရင်တွင်းအထိ တိုက်ရိုက် မြင်နိုင်ခဲ့လေသည်။ အရှင်မင်းကြီးက ဒေါသထွက်နေခြင်းမဟုတ်ဘဲ သူ၏ အတွေးကို ရိုးရိုးရှင်းရှင်း ထုတ်ပြောလိုက်ခြင်းသာဖြစ်ကြောင်း သိလိုက်ရသောအခါမှ လင်ဝမ်ယိမှာ တကယ်ကို စိတ်အေးသွားတော့သည်။
လင်ဝမ်ယိက ရှင်းလင်းပြတ်သားစွာ ပြန်ဖြေလိုက်လေသည်။
"ကောင်းပါပြီ..."
ထို့နောက် သူတို့နှစ်ဦးသား ပခုံးချင်းယှဉ်ကာ လျှောက်သွားကြလေသည်။
အနောက်မှ ရှအန်းနှင့် ရှောင်လုကျစ်တို့မှာ သက်ပြင်းကြီးကြီး ချလိုက်မိကြသည်။ သူတို့က အရှေ့မှ သခင်မလေးနှင့် အရှင်မင်းကြီးတို့ ထွက်သွားသည်ကို မြင်မှသာ နောက်မှ လိုက်သွားကြတော့သည်။
လမ်းတစ်လျှောက်လုံး အရှင်မင်းကြီး၏ ကိုယ်ရံတော်အဖွဲ့ ပါလာသောကြောင့် အရှေ့ဘက်တွင် လင်းထိန်နေပြီး ညဉ့်နက်နေသည်ဟူသော ခံစားချက်မျိုး လုံးဝမရချေ။
လင်ဝမ်ယိမှာ လျှောက်သွားရင်း ရုတ်တရက် အေးစက်သော လေပြေတစ်ချက် တိုက်ခတ်လာသည်ကို ခံစားလိုက်ရပြီး ထိုအချိန်မှာပဲ သူမ၏ ကိုယ်ပေါ်သို့ အဝါရောင်တောက်တောက် ခြုံထည်တစ်ထည် ရောက်ရှိလာလေသည်။
"အရှင်မင်းကြီး..."
"နောက်ဆို အပြင်ထွက်ရင် အဝတ်အစားများများ ဝတ်ခဲ့... မင်းက ကိုယ်ခံအားနည်းတယ် အအေးပက်ပြီး ဖျားနေဦးမယ်..."
လင်ဝမ်ယိက ခေါင်းညိတ်ပြလိုက်ပြီး အရှင်မင်းကြီးကို ကြည့်ရင်း သူ၏ စိတ်ထားက တကယ်ကို သိမ်မွေ့နက်နဲလှသည်ဟု အကြောင်းပြချက်မရှိ ခံစားလိုက်ရသည်။ ယနေ့ နန်းတွင်းပွဲတော်တွင် သူ့မှာ ခြုံထည်ပါလာသည်ကို သူမ မတွေ့ခဲ့ပေ။ ယခုမှ ဒီခြုံထည်က ဘယ်ကနေ ရောက်လာမှန်း မသိပေ။ တကယ်ကို တော်ပါပေတယ်လို့ သူမ မချီးကျူးဘဲ မနေနိုင်တော့ပေ။
အရှေ့နှင့် အနောက်ရှိ နန်းတွင်းအစေခံများသည်လည်း သူတို့နှစ်ဦးနှင့် ခြေလှမ်းအနည်းငယ်ခွာ၍ စနစ်တကျ လိုက်ပါလာကြပြီး မနှောင့်ယှက်ကြပေ။
အရှင်မင်းကြီးက လင်ဝမ်ယိအတွက် ခြုံထည်ကြိုးကို သေချာချည်ပေးပြီးနောက် ဖြည်းညင်းစွာ မေးလိုက်လေသည်။
"ဒီနေ့ သေချာလေး ပြင်ဆင်လာခဲ့ဖို့ ပြောထားတယ် မဟုတ်ဘူးလား... ဘာလို့ ဒီလောက်တောင် ရိုးရိုးရှင်းရှင်းလေး ဖြစ်နေရတာလဲ..."
"အရှင်မင်းကြီး အမှန်အတိုင်း ကြားချင်လို့လား..."
"အင်း..."
"ဒီနေ့ နန်းတွင်းပွဲတော်က ပန်းပေါင်းစုံ ပွင့်လန်းနေတဲ့ အခြေအနေမျိုး ဖြစ်နေမှာ သေချာတယ်လေ... ကျွန်တော်မျိုးမက သေချာပြင်ဆင်သွားရင်တောင် အဲ့ဒီအထဲမှာ ထူးခြားပေါ်လွင်လာမှာ မဟုတ်ဘူး... ဒါကြောင့် ကိုယ့်စိတ်ကြိုက်ပဲ နေလိုက်တာ ပိုကောင်းတယ်လို့ တွေးမိလို့ပါ..."
လင်ဝမ်ယိ၏ စကားကတော့ အလကားပြောနေခြင်း မဟုတ်ပေ။ ဤကာလများအတွင်း လင်ဝမ်ယိကို တွေ့ရတိုင်း သူမ တမင်တကာ သေချာပြင်ဆင်ထားသည်ကို မြင်ရခဲကြောင်း အရှင်မင်းကြီး တွေးမိသွားသည်။ သို့သော် သူမ၏ ဤကဲ့သို့ သဘာဝအတိုင်း ရိုးရှင်းနေမှုကပင် လူကို စိတ်အေးလက်အေး ဖြစ်စေသည် မဟုတ်လား။
အရှင်မင်းကြီးက ဆက်ပြောလိုက်သည်။
"ဒီနေ့ နန်းတွင်းပွဲတော်မှာ မင်း တော်တော်လေး ပျော်နေတဲ့ပုံပဲ... ပိုင်ဖင်နဲ့ မင်ချန်ကျိုက်တို့ ကနေတာကို အတော်သဘောကျခဲ့တယ်ပေါ့..."
"အရှင်မင်းကြီးရော သူတို့ ကတာကို သဘောကျတာပဲ မဟုတ်ဘူးလား... အလှအပကို မြတ်နိုးတဲ့စိတ်ဆိုတာ လူတိုင်းမှာ ရှိတတ်တာပဲလေ..."
---