← Chapters

မောင်းမဆောင်မှ ကူညီဖေးမမှု

Vol. 15 Ch. 149

မောင်းမဆောင်မှ ကူညီဖေးမမှု

Vol. 15 Ch. 149

ပိုင်ဖင်က ပိုင်ကျိကို တစ်ချက်ကြည့်လိုက်ကာ သွန်သင်ရလွယ်ကူသည့် ကလေးတစ်ယောက်ကို ကြည့်လိုက်သည့် အမူအရာမျိုး ဖြစ်သွားလေသည်။

ပိုင်ကျိကလည်း ပိုင်ဖင်၏ သဘောကျနေသော အကြည့်ကို ရိပ်မိသဖြင့် ပွင့်လန်းနေသော ကွေ့ဟွားပန်းများကို လက်ညှိုးထိုးကာ မျက်နှာချိုသွေးလိုက်၏။

"သခင်မလေး ဟိုမှာကြည့်ပါဦး ကွေ့ဟွားပန်းတွေ ပွင့်နေတာ တကယ်ကို လှတာပဲ… ကျွန်မတို့ နန်းဆောင်ကို နည်းနည်းလောက် ရွှေ့စိုက်လိုက်ရင် သခင်မလေး အဆောင်ထဲကနေပဲ အေးအေးဆေးဆေး ထိုင်ကြည့်လို့ ရပြီ"

ပိုင်ဖင်က သဘောကျစွာ ရယ်မောလိုက်ပြီး ယွဲ့ပိုင်ကို တစ်ချက် ကြည့်လိုက်လေသည်။

"ဒီကောင်မလေးက တော်တော် ဉာဏ်ကောင်းတာပဲ… ဖန်လုံအိမ်အစေခံတွေကို လုပ်ခိုင်းလိုက်"

"ဟုတ်ကဲ့ပါ သခင်မလေး"

သူတို့ ကတော့ ပန်းများကို ကြည့်ရင်း ပျော်ရွှင်နေကြပေ၏။ သို့သော် ထိုအချိန်တွင် သူတို့ ထွက်သွားသည်နှင့် မင်ချန်ကျိုက်တို့ နှစ်ယောက်မှာ မြေပြင်ပေါ်သို့ ခွေကျသွားပြီး မျက်ရည်များ ကျဆင်းလာကြတော့သည်။

"သခင်မလေး အဆင်ပြေရဲ့လား"

မင်ချန်ကျိုက်က ငိုရင်း ခေါင်းခါပြလိုက်ပြီး ခဏအကြာတွင် ခေါင်းညိတ်ပြလာလေ၏။

"ဒူးတွေ အရမ်း နာနေတာပဲ… ပြီးတော့ ဒီသစ်ကိုင်းက ဒီနားကို ထိုးမိသွားပုံရတယ်"

ထို့နောက် သူမက အခြား တစ်ဖက်ရှိ ခြေထောက်ကို လက်ညှိုးထိုးပြလိုက်လေသည်။

ဖေ့အာက ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး လူသူကင်းရှင်းနေသော်လည်း နေ့ခင်းကြောင်တောင် ဥယျာဉ်ထဲတွင် ဝတ်ရုံကို လှန်ကြည့်ရန် မသင့်တော်ဟု တွေးလိုက်မိသည်။

ထို့ကြောင့် သူမကို ရှေ့တိုးကာ တွဲကူလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေ၏။

"သခင်မလေး ကျွန်မတို့ မြန်မြန် ပြန်ရအောင်… အဆောင်ရောက်မှ ဒီအစေခံက ဒဏ်ရာတွေကို သေချာ ကြည့်ပေးမယ်"

"အင်း… သွားကြတာပေါ့"

မင်ချန်ကျိုက်က မျက်ထောင့်မှ မျက်ရည်များကို သုတ်လိုက်ပြီး မိမိ၏ ခြံဝင်းဆီသို့ ခြေတရွတ်ဆွဲကာ လျှောက်သွားလေတော့သည်။

ပုံမှန်ဆိုလျှင် နန်းတွင်းသူများနှင့် မိန်းမစိုးများ ဖြတ်သွားဖြတ်လာ ရှိတတ်သော်လည်း ယနေ့တွင်မူ တစ်ယောက်မှ မတွေ့ရသဖြင့် ထူးဆန်းနေလေသည်။

တံခါးဝသို့ ရောက်ခါနီးအချိန်တွင် အရိပ်ထဲမှ လူတစ်ယောက် ရုတ်တရက် ထွက်လာသဖြင့် သူတို့ နှစ်ယောက်လုံး လန့်ဖျပ်သွားကြပေ၏။

"ယဲ့ကွေ့ရန်… ဒီနေရာကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ"

"ညီမလေး တစ်ခုခု ဖြစ်သွားမှာ စိုးလို့ လာကြည့်တာပါ"

စိုးရိမ်တကြီး ပြောလိုက်သော်လည်း မင်ချန်ကျိုက်၏ စိတ်ထဲတွင်တော့ မည်သည့် ခံစားချက်မျှ မဖြစ်ပေါ်လာခဲ့ချေ။

တကယ်သာ စိုးရိမ်လျှင် စောစောကတည်းက ပိုင်ဖင်၏ လွယ်လွယ်ကူကူ ခေါ်ဆောင်သွားခြင်းကို ခံရမည် မဟုတ်ဟု တွေးလိုက်မိသည်။ ယခုမှ ရောက်လာပြီး လူကောင်းဟန်ဆောင်နေသည်ဟုသာ မြင်နေမိ၏။

ယဲ့ကွေ့ရန်မှာလည်း အရူးမဟုတ်သဖြင့် မင်ချန်ကျိုက်၏ စိတ်ထဲမှ အဓိပ္ပါယ်ကို ကောင်းကောင်း နားလည်လိုက်ပေသည်။ ထို့ကြောင့် သူမက သက်ပြင်းတစ်ချက်ချကာ ပြောလိုက်လေ၏။

"ညီမလေးနဲ့ ယှဉ်ရင် မမက ဒီနန်းတော်ထဲမှာ ပိုပြီး အားကိုးရာမဲ့နေတာပါ… ဒါကြောင့် ပိုင်ဖင်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ မရဲခဲ့ဘူး"

သူမက လုံးဝ မလိမ်ညာဘဲ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်း ဖြစ်ပေသည်။ ဤသို့ လုပ်ရပ်ကြောင့် မင်ချန်ကျိုက်လည်း သူမကို ရုတ်တရက် နားလည်သွားမိလေ၏။

ထို့ကြောင့် သူမက သေချာ စဉ်းစားလိုက်ပြီး ရန်သူ ထပ်မဖွဲ့သင့်ဟု ဆုံးဖြတ်လိုက်လေသည်။

"ဒီလိုအချိန်မျိုးမှာ မမယဲ့က လာကြည့်ပေးတာကို ဟန်ကျိက ကျေးဇူးတင်မဆုံး ဖြစ်ရပါတယ်"

ဟန်ကျိ ဆိုသည်မှာ မင်ချန်ကျိုက်၏ အမည်ရင်း ဖြစ်ပေသည်။ သူမနန်းတွင်းသို့ ဝင်လာကတည်းက မည်သူ့ကိုမျှ ပြောမပြခဲ့ဖူးချေ။

ယခု ယဲ့ကွေ့ရန်ကို ပြောပြလိုက်ခြင်းမှာလည်း ခင်မင်မှုကို ပြသလိုက်ခြင်းပင် ဖြစ်တော့သည်။

ယဲ့ကွေ့ရန်ကလည်း သဘောပေါက်သဖြင့် ပြုံးကာ သူမ၏ အခြားလက်တစ်ဖက်ကို တွဲကူရင်း ပြောလိုက်လေ၏။

"မမ ဆေးတွေ ယူလာတယ်… တန်ဖိုးကြီး ပစ္စည်းတွေ မဟုတ်ပေမယ့် တော်တော်လေး ကောင်းတယ်… ခဏနေရင် ဆေးထည့်ပေးမယ်"

ယခုအချိန်တွင် တော်ဝင်သမားတော်ကို ခေါ်လိုက်လျှင် ပြဿနာ ကြီးသွားနိုင်မည်မှာ သေချာလှပေသည်။ သို့သော် သူမ၏ ခြံဝင်းထဲတွင် ပွန်းပဲ့ဒဏ်ရာများကို ကုသသည့် ဆေးသာ ရှိပြီး အကြောအခြင် ထိခိုက်မှုများအတွက် အသုံးဝင်မည် မဟုတ်ချေ။

ထို့ကြောင့် ယဲ့ကွေ့ရန် ယူလာသော ပစ္စည်းမှာ အချိန်ကိုက်ပင် ဖြစ်နေတော့သည်။

ပင်မနန်းဆောင်ထဲသို့ ရောက်သောအခါမှ မင်ချန်ကျိုက်က ထိုင်ခုံဝိုင်းလေးပေါ်တွင် ထိုင်လိုက်လေ၏။ ဖေ့အာက ရေနွေးကို အမြန် သွားခပ်လာပြီး ယဲ့ကွေ့ရန်က သူမ၏ ဘောင်းဘီစကို လှန်ကာ သေချာ ကြည့်ရှုပေးလေသည်။

မကြည့်ခင်က မသိသာသော်လည်း ကြည့်လိုက်သောအခါ ဒူးဆစ်မှာ အတော်လေး ရောင်ရမ်းနေသည်ကို တွေ့လိုက်ရပေသည်။

အလယ်တည့်တည့်တွင် ပိုင်ဖင်၏ အားပါးတရ ကန်ချက်ကြောင့် ညိုမဲစွဲနေလေ၏။

ပိုင်ဖင်က အထိနာမည့် နေရာကို သေချာ သိနေပုံရပေသည်။

ဤဒဏ်ရာကြောင့် သူမအနေဖြင့် အနည်းဆုံး နှစ်လခန့် ကပြနိုင်မည် မဟုတ်ချေ။ အကယ်၍ ကလိုက်လျှင် ဒူးပေါ်မှ ဒဏ်ရာများ ပြန်ပေါ်လာမည် ဖြစ်ပေသည်။

ယခုတော့ အကဖြင့် မျက်နှာသာရမည့် သူမ၏ လမ်းကြောင်းမှာ ပိတ်သွားခဲ့လေပြီ။

"ဒီသွေးဆေးက မမ အရင်ကတည်းက သုံးနေကျ ဟာလေ… ရက်နည်းနည်းလောက် လိမ်းလိုက်ရင် အကုန် သက်သာသွားလိမ့်မယ်"

ယဲ့ကွေ့ရန်က ပြောရင်း အနက်ရောင် ပုလင်းလေး တစ်လုံးကို ယူလိုက်လေသည်။

ဝါးပြားလေးကို အသုံးပြု၍ အတွင်းရှိ ပန်းနုရောင် ဆေးနှစ်များကို မင်ချန်ကျိုက်၏ ဒူးခေါင်းပေါ်တွင် ထူထူလေး သုတ်လိမ်းပေးလိုက်၏။

အေးမြသော ခံစားချက်က တစ်ကိုယ်လုံးသို့ ချက်ချင်း ပြန့်နှံ့သွားပြီး ပူစပ်ပူလောင် ဖြစ်နေမှုများလည်း ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ဆေးလိမ်းပြီးနောက် ပတ်တီးဖြင့် တစ်ပတ် ပတ်လိုက်လေသည်။ ဖေ့အာက သူမ၏ ကျွမ်းကျင်စွာ ပတ်တီးစည်းနေပုံကို ကြည့်ရင်း ဝင်မကူတော့ဘဲ ဘေးမှသာ ရပ်နေလိုက်၏။

အကုန်လုံး ပြီးစီးသွားမှ ယဲ့ကွေ့ရန် လက်ဆေးရန် ရေနွေးပဝါကို ကမ်းပေးလိုက်လေသည်။ ထို့နောက် ကျေးဇူးတင်စကား ပြောလိုက်တော့သည်။

"ယဲ့ကွေ့ရန်ရဲ့ ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်… ယဲ့ကွေ့ရန်သာ မရှိရင် ကျွန်မတို့ သခင်မလေးတော့ အနိုင်ကျင့်ခံရပြီး သေရတော့မှာပဲ"

သူမက မူလကတည်းက သတ္တိနည်းပြီး ပြဿနာများကို ကြောက်ရွံ့သူ ဖြစ်ပေသည်။ နန်းတွင်းသို့ ဝင်လာကတည်းက သခင်မလေး နောက်မှ တိတ်ဆိတ်စွာ နေထိုင်ခဲ့သူ ဖြစ်၏။ ယနေ့မှသာ မောင်းမဆောင်၏ ကြောက်စရာကောင်းပုံကို ကိုယ်တွေ့ ကြုံလိုက်ရတော့သည်။

တစ်ခဏမျှ သူမ အလွန်အမင်း ကြောက်လန့်သွားခဲ့သည်။ အကယ်၍ ပိုင်ဖင်သာ ပိုရက်စက်ခဲ့လျှင် သူတို့ကို တိုက်ရိုက် သတ်ပစ်နိုင်သည်ဟု တွေးမိပြီး တွေးလေတွေးလေ ပို၍ ထိတ်လန့်လာလေ ဖြစ်တော့သည်။

သူမကဲ့သို့ပင် မင်ချန်ကျိုက်သည်လည်း အလားတူ ခံစားနေရပေသည်။ စောစောက သေရမှာ မကြောက်သကဲ့သို့ ဟန်ဆောင်ခဲ့ခြင်းမှာ လုံးဝ ရွေးချယ်စရာ မရှိသောကြောင့်သာ။

အကယ်၍ ထိုဆံထိုးက သူမ၏ မျက်နှာကို တကယ် ခြစ်မိသွားလျှင် အရှင်မင်းကြီးက သူမအတွက် ဝင်ရောက် ဖြေရှင်းပေးမည် မဟုတ်ကြောင်း သူမ ကောင်းကောင်း သိထားလေသည်။ သူမတွင် မည်သည့် ခွန်အားမျှ မရှိချေ။

"ညီမလေးတို့ ဘယ်လို လွတ်လာတာလဲ"

သူတို့ နှစ်ယောက်လုံး ကြောက်လန့်နေသည်ကို မြင်သောအခါ ယဲ့ကွေ့ရန်က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"ညီမ မျက်နှာကို သုံးပြီး ပိုင်ဖင်ကို ပြန်ခြိမ်းခြောက်လိုက်တာ… တကယ်လို့ မျက်နှာမှာ ဒဏ်ရာရသွားရင် အရှင်မင်းကြီး အပြစ်ပေးတာ ခံရပြီး သူပါ ဒုက္ခရောက်မယ်လို့ ပြောလိုက်တာပါ"

"ဒီလိုနဲ့ပဲ ပိုင်ဖင်က ညီမလေးကို လွှတ်ပေးလိုက်တာလား"

ယဲ့ကွေ့ရန်၏ မျက်ဝန်းများတွင် အံ့ဩမှုများ ရှိနေပြီး ပိုင်ဖင်၏ လုပ်ရပ်ဆိုသည်ကို လုံးဝ မယုံကြည်နိုင်သည့် ပုံပေါ်နေလေသည်။ မင်ချန်ကျိုက်ကလည်း ထိုအရာကို ရိပ်မိသဖြင့် တံတွေးမြိုချကာ မေးလိုက်လေ၏။

"မမ… တစ်ခုခု မှားနေလို့လား"

ယဲ့ကွေ့ရန်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

"သူ စောင့်နေတာ အဲဒီ စကားပဲ နေမှာ… တကယ်လို့ ညီမလေးက အရှင်မင်းကြီးဆီ သွားတိုင်လိုက်ရင်တောင် ညီမလေး ကံကောင်းမှာမဟုတ်ဘူး… ဘာလို့လဲဆိုတော့ အဲဒီမှာ ရှိနေတာ ညီမလေးတို့ နှစ်ယောက်တည်းလေ… ညီမလေးက အမှန်ဖြစ်နေရင်တောင် သူက အမှားလို့ သက်သေပြလို့ မရဘူး"

ထိုအခါ မင်ချန်ကျိုက်၏ နဖူးမှ ချွေးစေးများ ထပ်မံ ထွက်ကျလာတော့သည်။

"တကယ်လား"

"သူ့အကြောင်း သိထားသလောက်တော့ များသောအားဖြင့် အဲဒီလိုပဲ"

မိမိ၏ အကြံက သူတစ်ပါး၏ ထောင်ချောက် ဖြစ်နေမည်ကို မင်ချန်ကျိုက် လုံးဝ ထင်မှတ်မထားခဲ့ပေ။ အစကတော့ အရှင်မင်းကြီး၏ ရှေ့တွင် ဟန်ဆောင်ပြရန် တွေးထားခဲ့သေး၏။ ယခုမူ သူမ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားပြီး ကြက်သီးမွေးညင်းများပင် ထသွားရတော့သည်။

ရွှီမိသားစုက သူမအပေါ် ထားရှိသည့် မျှော်လင့်ချက်များကို တွေးမိသွားပြီး တစ်ချက် တုန်လှုပ်သွားမိလေသည်။ ယဲ့ကွေ့ရန်ကတော့ သူမဟာ ပိုင်ဖင်၏ လက်စားချေမည်ကို ကြောက်ရွံ့နေသည်ဟု ထင်မှတ်သွားပေ၏။ ထို့ကြောင့် နှစ်သိမ့်စကား ပြောလိုက်လေသည်။

"ဒီမောင်းမဆောင်ထဲမှာ အေးအေးချမ်းချမ်း နေချင်တယ်ဆိုရင် ကိုယ့်အသက်ကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို များများ လေ့လာထား… ဥပမာ ပြောရရင် အရမ်းကြီး ထင်ပေါ်အောင် မလုပ်နဲ့ပေါ့"

ထိုစကားက ရည်ရွယ်ချက် တစ်ခုခု ရှိနေကြောင်း မင်ချန်ကျိုက် ကောင်းကောင်း သိထားပေသည်။ သို့သော် ယခု သူမလည်း နောက်ဆုတ်၍ မရသော အခြေအနေသို့ ရောက်နေပြီ ဖြစ်ရာ အရှင်မင်းကြီးက သူမကို လာခေါ်သည့် အချိန်တွင် နေမကောင်းဟန်ဆောင်နေ၍ မဖြစ်နိုင်ကြောင်း တွေးမိသည်။

ထို့ပြင် မိဖုရားခေါင်ကြီးရွှီ အတွက် လက်စားချေမည့် ကိစ္စကလည်း အလှမ်းဝေးသွားမည်မှာ အသေအချာပင်။ ထိုစကားများကို သူမ၏ ရင်ထဲတွင်သိမ်းထားရပြီး အလွန်အမင်း အကျပ်ရိုက်နေတော့သည်။

ယဲ့ကွေ့ရန်သည် သူမ၏ ပုံစံကို ကြည့်ပြီး ဆက်မပြောတော့ချေ။ အချို့သော စကားများသည် တစ်ခါပြောလျှင် သတိပေးခြင်း ဖြစ်သော်လည်း အကြိမ်ကြိမ် ပြောလျှင် အဓိပ္ပါယ် ပြောင်းသွားနိုင်သည်ကို သိထားလေသည်။ ထို့ကြောင့် စကားလမ်းကြောင်း လွှဲလိုက်တော့သည်။

"ကဲပါ ညီမလေးလည်း ဒီနေ့ ပင်ပန်းနေလောက်ပြီ… သေချာ အနားယူလိုက်ပါဦး မမ နောက်နေ့မှ ထပ်လာခဲ့မယ်"

ယဲ့ကွေ့ရန်၏ စကားကြောင့် မင်ချန်ကျိုက် ခေါင်းညိတ်လိုက်လေ၏။ ယခုတစ်ကြိမ် သူမ၏ ကျေးဇူးတင်မှုမှာ စောစောကထက် အများကြီး ပိုမို ရိုးသားနေပေသည်။

"မမရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်… နောက်ဆိုရင်လည်း ဒီနေ့လိုမျိုး ညီမလေးကို များများ သင်ပြပေးပါဦး"

"စိတ်ကို ပေါ့ပေါ့ပါးပါး ထားပေါ့… ဒီနန်းတော်ထဲက နေ့ရက်တွေက ဖြတ်သန်းရ ခက်တယ်ဆိုရင်လည်း ခက်တယ် လွယ်တယ်ဆိုရင်လည်း လွယ်ပါတယ်… မမကိုပဲ ကြည့်လေ ဒီမှာ နေလာတာ နှစ်တွေ တော်တော် ကြာနေပြီပဲ"

သူမ၏ လေသံမှာ အေးဆေးတည်ငြိမ်နေသော်လည်း သေချာ နားထောင်ကြည့်လျှင် ရွေးချယ်စရာ မရှိသော အခြေအနေများ ပြည့်နှက်နေသည်ကို ခံစားရနိုင်ပေသည်။

---

All Chapters