ကောယီနျန်
Vol. 16 Ch. 160
ဒုတိယသခင်ကြီးလင် ၏ အမိန့်များကို သခင်မဝမ် က ဘယ်သောအခါမျှ ငြင်းဆန်လေ့မရှိပေ။ ထို့ကြောင့် သူမက ခေါင်းညိတ်ပြီး ပြောလိုက်လေသည်။
"သခင်ကြီး စိတ်ချပါ... ကျွန်မ နားလည်ပါပြီ"
"အင်း... ဒါဆိုလည်း မင်း သေချာ အနားယူလိုက်ဦး... ငါ ကိစ္စရှိသေးလို့ သွားလိုက်ဦးမယ်"
ဒုတိယသခင်ကြီးလင်က ပြောပြီးနောက် ထွက်သွားလေ၏။
သူ ထွက်သွားပြီးနောက်မှ ရှူဆွေ့ က ရေနွေးခွက်ကို ကိုင်ကာ ရှေ့သို့ တိုးလာပြီး နှစ်သိမ့်သည့် လေသံဖြင့် ပြောလိုက်သည်။
"သခင်မ စိတ်မဆိုးပါနဲ့... ဒုတိယသခင်ကြီး က တကယ် ကိစ္စရှိလို့ ထွက်သွားတာ နေမှာပါ"
"ဟွန့်... ကိစ္စရှိလို့ ဟုတ်လား... ငါ ကြည့်ရတာ သူက ကောယီနျန် နဲ့ ဟိုကောင်မစုတ်လေး လင်ကျင့်ရှူ ဆီကို သွားတွေ့ဖို့ အလောတကြီး ထွက်သွားတာ နေမှာပါ"
သားအမိ နှစ်ယောက်လုံးက မြေခွေးမတွေလိုပဲ ဒုတိယသခင်ကြီး ရဲ့ စိတ်ကို ညှို့ယူထားကြတာ။
ရှူဆွေ့ က ဘေးတွင် ပြုစုပေးနေရင်း စကားပိုမပြောရဲပေ။ တစ်ချက်က သူမသည် မူလကတည်းက အလွန် သတိထားတတ်သူ တစ်ဦး ဖြစ်ပြီး ဒုတိယအချက်မှာ သူမသည် ဒုတိယသခင်မ ၏ အနားတွင် ခစားရသည်မှာ သိပ်မကြာသေးသဖြင့် အကျင့်စရိုက်ကို သေချာ မသိသေးသောကြောင့် ဖြစ်သည်။ အကယ်၍ စကားများပြီး ပြဿနာ တစ်ခုခု ဖြစ်လာခဲ့လျှင် ဒုက္ခရောက်ပေလိမ့်မည်။
သခင်မဝမ်မှာမူ တွေးလေတွေးလေ ပိုပြီး ဒေါသထွက်လေ ဖြစ်နေသော်လည်း ဘာမှ မတတ်နိုင်ပေ။ အပြင်ဘက်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသော ကျောပြင်ကို ကြည့်ရင်း တစ်ယောက်တည်း ဝမ်းနည်းနေရုံသာ ရှိတော့သည်။
သူမ ခန့်မှန်းချက်က မမှားပေ။ ဒုတိယသခင်ကြီးလင် သည် ဒုတိယသခင်မ ရှိသော ပင်မခြံဝင်းမှ ထွက်ခွာလာပြီးနောက် သူ၏ အချစ်တော် ကောယီနျန် ဆီသို့ တန်းတန်းမတ်မတ် သွားလေ၏။
သူ ရောက်သွားချိန်တွင် ကောယီနျန် ၏ ဘေးရှိ အစေခံက သူမကို ရေဓာတ်အားဖြည့်ဆေးရည် လိမ်းပေးနေသည်နှင့် အချိန်ကိုက် ကြုံလိုက်ရသည်။ သူမ၏ အသားအရေက နှင်းပွင့်များထက်ပင် ဖြူဖွေးနေပြီး နူးညံ့ကာ တောက်ပနေလေသည်။
၎င်းကို မြင်သောအခါ ဒုတိယသခင်ကြီးလင် ၏ စိတ်များ လှုပ်ရှားသွားပြီး မျက်လုံးများပင် ပြူးသွားရသည်။ သူက ချောင်းနှစ်ချက် ဟန့်လိုက်မှသာ သခင်နှင့် အစေခံ နှစ်ယောက်လုံး လူဝင်လာမှန်း သတိထားမိသွားကြသည်။
"ဒုတိယသခင်ကြီး... ဘယ်လိုလုပ် ရောက်လာတာလဲ"
ကောယီနျန် က ဒုတိယသခင်ကြီးလင်ကို မြင်သောအခါ အဝတ်အစားကို အမြန် ကောက်ဝတ်လိုက်သော်လည်း ဆံပင်များကတော့ ကျောဘက်တွင် ဖရိုဖရဲ ကျနေဆဲဖြစ်ပြီး အိမ်ထောင်ရှင် အမျိုးသမီး တစ်ယောက်လို သေသပ်စွာ စည်းနှောင်ထားခြင်း မရှိပေ။
ကောယီနျန် ၏ အလှအပမှာ ခြံဝင်းအပြင်ဘက်တွင်လည်း နာမည်ကြီးလှသည်။ လွန်ခဲ့သော နှစ်များက သူမ ပြည့်တန်ဆာဘဝတွင် ရှိစဉ် အလွန်လှပသော ရုပ်ရည်နှင့် ထူးချွန်ပြောင်မြောက်သော ပီပါတီးခတ်သည့် ပညာတို့ကြောင့် လူအများ၏ ချီးကျူးအားပေးမှုကို ရရှိခဲ့သူ ဖြစ်သည်။
နောက်ပိုင်းတွင် ဒုတိယသခင်ကြီးလင် က သူမကို မြင်မြင်ချင်း သဘောကျသွားပြီး ရွေးငွေပေးကာ ပြည့်တန်ဆာဘဝမှ ခေါ်ထုတ်ခဲ့သည်။ နှစ်နှစ် ကြာပြီးနောက် သူမ ကိုယ်ဝန်ရလာမှသာ အိမ်တော်ထဲသို့ ခေါ်လာပြီး သူ၏ ယီနျန် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သူတို့နှစ်ဦး၏ သမီးမှာ အသက် ကိုးနှစ်ခန့် ရှိနေပြီ ဖြစ်သော်လည်း ကောယီနျန် ကတော့ ယခင်က ပုံစံအတိုင်းပင် ရှိနေဆဲဖြစ်သည်။ အချိန်ကာလက သူမ၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့် အမှတ်အသားမျှ ချန်မထားခဲ့သကဲ့သို့ပင်။ ထို့ပြင် သူမက ကိုယ်လုပ်တော်အဖြစ် နေရသော်လည်း ဒုတိယသခင်မ၏ နှိပ်စက်မှုကို မခံခဲ့ရပေ။
"ငါ စိတ်ရှုပ်နေလို့... မင်းဆီ လာတာ"
ကောယီနျန် ၏ ဘေးရှိ အစေခံ ရှန်းလျန် က ထိုအခြေအနေကို မြင်သောအခါ ခေါင်းငုံ့ပြီး ချက်ချင်း ထွက်သွားလေသည်။
ဒုတိယသခင်ကြီးလင် က ကုတင်ပေါ်သို့ ထိုင်လိုက်ကာ ကောယီနျန် ကို ဆွဲခေါ်ပြီး ရင်ခွင်ထဲ ဖက်ထားလိုက်သည်။ နူးညံ့သည့် ခန္ဓာကိုယ်လေး ရင်ခွင်ထဲ ရောက်လာမှသာ သူ၏ မူလက တင်းမာနေသော စိတ်များက ပြေလျော့သွားတော့သည်။ သူက လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
"အခြေအနေကောင်းနေတာကို ဝမ်ရှီ အဲဒီအရူးမက ဖျက်ဆီးပစ်လိုက်တာပဲ... ကွေ့ဖေးမယ်မယ် နဲ့ ကွမ်ကျစ် တို့ မျက်နှာကို ထောက်လို့သာ… မဟုတ်ရင် ငါ သူ့ကို ကွာရှင်းပစ်တာ ကြာပြီ... သူရှိနေတာ မျက်စိနောက်စရာပဲ"
ဤစကားကို ကောယီနျန် က အိမ်တော်ထဲ ရောက်လာကတည်းက မရေမတွက်နိုင်အောင် ကြားခဲ့ဖူးသည်။ သို့သော် သူမက တစ်ခါမှ နှလုံးမသွင်းခဲ့ပေ။
အမှန်တိုင်း ပြောရလျှင် သူမက ဒုတိယသခင်မ နေရာကို လုံးဝ သဘောမကျပေ။
တရားဝင် ဇနီး တစ်ယောက်အနေဖြင့် အထက်တွင် ယောက္ခမများကို ပြုစုရပြီး အောက်တွင် သားသမီးများကို သွန်သင်ဆုံးမရသည်။ အပြင်လူများနှင့် ဆက်ဆံရာတွင် လိမ္မာပါးနပ်ရပြီး အတွင်းလူများနှင့် ဆက်ဆံရာတွင်လည်း အကြောက်တရားနှင့် ကျေးဇူးတရားကို မျှတအောင် လုပ်ရသည်။ ဘယ်အချိန်မှာ ခင်ပွန်းဖြစ်သူက အလှအပလေးများကို အိမ်ပေါ် ခေါ်လာဦးမည်နည်း ဆိုတာကိုလည်း မသိနိုင်ပေ။ မနာလို ဖြစ်၍လည်း မရသလို ဝမ်းနည်း၍လည်း မရပေ။ အကယ်၍ ကလေးတစ်ယောက်ယောက် မွေးလာခဲ့လျှင်လည်း ကိုယ့်နာမည်အောက်တွင် စာရင်းသွင်းပြီး မွေးစားရဦးမည်။
ဤကဲ့သို့ ပင်ပန်းပြီး အကျိုးမရှိသော ကိစ္စများကို သူမ လုပ်ချင်စိတ် မရှိပေ။ ယခု သူမ၏ နေထိုင်ရသော ဘဝလေးက ပို၍ သက်တောင့်သက်သာ ရှိလှသည်။
ဒုတိယသခင်ကြီး ၏ စိတ်ထဲတွင် သူမက အမြဲ ရှိနေသဖြင့် နေထိုင်စားသောက်ရသည်မှာ အကောင်းဆုံးပင် ဖြစ်သည်။ သမီးဖြစ်သူကလည်း လွန်ခဲ့သော နှစ်အနည်းငယ်က သူမနှင့်အတူ ကြီးပြင်းခဲ့သဖြင့် သံယောဇဉ်များ သေချာ တည်ဆောက်ထားပြီး ဖြစ်သည်။ ယခုအခါ ရုံဟယ့်ဆောင် သို့ ပို့ပြီး ပညာသင်စေသော်လည်း နောင်တစ်ချိန်တွင် သူမနှင့် ရန်သူများ ဖြစ်သွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
ထို့ပြင် ဤနှစ်များအတွင်း နောက်ထပ် သားတစ်ယောက် ထပ်မမွေးနိုင်ခဲ့သဖြင့် ဒုတိယသခင်မ၏ မျက်စိထဲတွင်လည်း သိပ်ပြီး မရှုက်တော့ပေ။
ထို့ကြောင့် နေ့စဉ်နေ့တိုင်း သူမက ပီပါတီးခတ်သည့် ပညာကို တိုးတက်အောင် လေ့ကျင့်ပြီး မဟုတ်လျှင် မိမိ၏ အလှအပကို သေချာ ထိန်းသိမ်းဖို့သာ ပြင်ဆင်လေ့ရှိသည်။
တဖြည်းဖြည်းနှင့် သူမ၏ နေရာလေးသည် ဒုတိယသခင်ကြီးလင် ၏ စိတ်အပန်းဖြေရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။ သူ တစ်ခါလာတိုင်း အချိန်ကြာမြင့်ရှိနေတတ်ပြီး နှစ်ယောက်သား နီးနီးကပ်ကပ် နေကြသည်။ ထို့ကြောင့် သူတို့နှစ်ဦး၏ အချစ်က တစ်နေ့တခြား ပိုမို နက်ရှိုင်းလာပြီး ဒုတိယသခင်ကြီးလင် လည်း အိမ်တော်ထဲသို့ နောက်ထပ် ကိုယ်လုပ်တော် ထပ်ခေါ်လာသည်ကို မတွေ့ရတော့ပေ။
"ဒုတိယသခင်မ ကလည်း ခက်ခဲရှာပါတယ်... နေ့တိုင်း ဒီလို ပင်ပန်းဆင်းရဲခံနေတာကလည်း ဒီအိမ်တော်ကြီး ကောင်းဖို့ မဟုတ်ဘူးလား... ဒုတိယသခင်ကြီး စိတ်လျှော့ပါဦး... ကျွန်တော်မျိုးမ သီချင်းအသစ်လေး တစ်ပုဒ် ဆိုပြမယ်လေ"
ပထမအဆောင် အိမ်ခွဲသွားသည့် ကိစ္စမှာ သူမ အပြင်ထွက်ပြီး မစုံစမ်းလျှင်တောင် အိမ်တော်ထဲတွင် ကောလာဟလ အများအပြား ပြန့်နှံ့နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ဒုတိယသခင်ကြီးလင် ဘာကြောင့် ဒေါသထွက်နေသည် ဆိုသည်ကို သူမ တွေးကြည့်ရုံဖြင့် သိနိုင်သည်။
သို့သော် တချို့စကားများနှင့် တချို့ကိစ္စများက ကိုယ်လုပ်တော် တစ်ယောက်ဖြစ်သော သူမ ဝင်ပါခွင့် ရှိသည့် အရာများ မဟုတ်ပေ။
မကြာမီမှာပင် ခြံဝင်းထဲတွင် ပီပါသံ ထွက်ပေါ်လာလေသည်။ တစ်ခါတစ်ရံ တိုးတိုးလေး ညည်းတွားသလို ဖြစ်နေပြီး တစ်ခါတစ်ရံ ကြည်လင်ပြတ်သားကာ နားဝင်ချိုလှသည်။ ဒုတိယသခင်ကြီးလင် ၏ စိတ်ထဲတွင် ငှက်မွှေးနဲ့ ထိတွေ့သကဲ့သို့ ယားယံလာစေသည်။
အခန်းအပြင်ဘက်တွင် ရှိနေသော ရှန်းလျန်သည်လည်း အမျိုးသားနှင့် အမျိုးသမီးတို့ သံယောဇဉ် နက်ရှိုင်းနေချိန်တွင် ထွက်ပေါ်လာသော အသံများကို ကြားလိုက်ရသည်။ သူမက ကျင့်သားရနေသည့်ပုံစံဖြင့် အခန်းအထဲသို့ တစ်ချက် ကြည့်လိုက်ပြီးနောက် မိမိ၏ အခန်းထဲသို့ ပြန်သွားကာ နေလိုက်တော့သည်။
ဒုတိယသခင်ကြီးလင် စိတ်ကြည်လင်လန်းဆန်းစွာဖြင့် ထွက်သွားပြီးနောက်မှသာ သူမက ရေနွေးတစ်ဇလုံ ခပ်ပြီး အထဲသို့ ယူသွားလေသည်။
အခန်းထဲ ဝင်လိုက်သည်နှင့် ရမ္မက်ဆန်သော အငွေ့အသက်များကို ရလိုက်သည်။ ကုတင်ပေါ်တွင်လည်း အလွန် ရှုပ်ပွနေလေ၏။
ကုတင်ပေါ်တွင် စောင်းအိပ်နေသော ကောယီနျန် ၏ ပါးပြင်နှစ်ဖက်မှာ နီရဲနေပြီး မျက်ဝန်းများက ဆွဲဆောင်မှု အပြည့် ရှိနေသည်။ သူမက ရှန်းလျန် ကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
"ဆေးရော"
"ယီနျန် အရင်ဆုံး လက်သုတ်လိုက်ပါဦး... ဒီအစေခံ အခုပဲ သွားယူလိုက်ပါ့မယ်"
"အင်း"
ရှန်းလျန် က ပဝါကို ကောယီနျန် ထံသို့ ကမ်းပေးလိုက်ပြီးနောက် ဗီရိုရှေ့သို့ လျှောက်သွားလိုက်သည်။ လျှို့ဝှက်အံဆွဲထဲတွင် ဝှက်ထားသော ကြွေပုလင်းလေး တစ်လုံးကို ထုတ်ယူလိုက်ပြီး ဆေးတစ်လုံးကို ယူလိုက်သည်။ ထို့နောက် မူလနေရာသို့ ပြန်ထားလိုက်သည်။
ဆေးလုံးကို ရေခွက်ထဲသို့ ထည့်လိုက်ပြီး အနည်းငယ် လှုပ်ယမ်းလိုက်သည်နှင့် ဆေးက အရည်ပျော်သွားတော့သည်။
ကောယီနျန် က တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက်ပြီးနောက် ပြောလိုက်လေသည်။
"နောက်လ ချိုးမားမား ဆွေမျိုးတွေဆီ သွားလည်တဲ့ အချိန်ကျရင်... မင်း သူဆီ သွားပြီး နည်းနည်း ထပ်ဝယ်ခဲ့ဦး"
"ဟုတ်ကဲ့ပါ... ဒီအစေခံ သိပါပြီ... ဒါပေမဲ့ ယီနျန်... ဒီဆေးကို ကျွန်မတို့ သောက်နေတာ လပေါင်းများစွာ ရှိနေပြီလေ... တကယ်ရော အသုံးဝင်ရဲ့လား"
"စိတ်ချပါ... ချိုးမားမား ရဲ့ အရည်အချင်းကို ငါ သိပါတယ်... သူက ဒီလောက်ထိ အာမခံရဲမှတော့ ငါ့ဆန္ဒတွေ ပြည့်ဝဖို့ သေချာပေါက် ကူညီပေးနိုင်မှာပါ"
ထို့နောက် သူမ၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှု အနည်းငယ် ပေါ်ထွက်လာလေသည်။
နောက်ထပ် ကလေး မမွေးနိုင်ခဲ့ခြင်းမှာ အမှန်တကယ်တော့ သူမ တိတ်တဆိတ် သောက်ခဲ့သော ကိုယ်ဝန်တားဆေးများကြောင့် ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် ထိခိုက်လာစေခဲ့သည်။
သို့သော် ယခုအခါ သူမ၏ သမီးဖြစ်သူကလည်း ကြီးလာပြီ ဖြစ်ပြီး ရုံဟယ့်ဆောင် တွင် မင်းသမီးရုံခန့် ၏ အချစ်ကို အတော်လေး ရနေပြီ ဖြစ်သည်။
ဒုတိယသခင်မ ဝမ်ရှီ ကလည်း မင်းသမီး နှင့် ဒုတိယသခင်ကြီးလင် တို့၏ ယုံကြည်မှုကို ဆက်တိုက် ဆုံးရှုံးနေခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် သူမက ယခုမှ ခန္ဓာကိုယ်ကို သေချာ ပြန်လည် ပြုစုဖို့ စဉ်းစားလာခြင်း ဖြစ်သည်။ အကယ်၍ အခွင့်အရေး ရခဲ့လျှင် သားယောက်ျားလေး တစ်ယောက် မွေးနိုင်သည်က အကောင်းဆုံးပင်။
ပထမအဆောင် အိမ်ခွဲသွားချိန်တွင် ငွေကြေး အမြောက်အမြား ရသွားခဲ့သည်ဟု ကြားလိုက်ရသည်။ သူမ မွေးလာမည့် ကလေးက ကိုယ်လုပ်တော်မှ မွေးသော သားဖြစ်သော်လည်း မိသားစု ပိုင်ဆိုင်မှုတွင်တော့ ဝေစု တစ်စု ရသင့်သည် မဟုတ်လား။ ဤသို့ တွေးလေလေ သူမ၏ စိတ်ထဲတွင် ပို၍ပင် ပေါ့ပါးလွတ်လပ်လာလေလေ ဖြစ်တော့သည်။
အနောက်ဆောင် ၏ အေးချမ်းသော နေ့ရက်များမှာ ဤမျှလောက် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ လှိုင်းလုံး အနည်းငယ် ထစေမည့် အချိန် ရောက်လာပြီပင်။
ယောင်ထိုင်စံအိမ် အတွင်းတွင် လင်ကွေ့ဖေး ၏ အခြေအနေမှာ ခြေတစ်လှမ်း လှမ်းဖို့ပင် ခက်ခဲလွန်းသည်ဟု မဆိုနိုင်သော်လည်း သက်တောင့်သက်သာတော့ မရှိလှပေ။
အာဏာ သိမ်းခံလိုက်ရသော်လည်း လက်အောက်ငယ်သားများက ထို့ကြောင့်နှင့်တော့ ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ရဲကြပေ။ သို့သော် အတိတ်က အထက်ဆုံးနေရာတွင် ထိုင်ကာ ကိုယ်လုပ်တော်များကို အပေါ်စီးမှ ကြည့်ရသော နေ့ရက်များ လျော့နည်းသွားသဖြင့် သူမ၏ စိတ်ထဲတွင် ရှိနေသော ဒေါသများကို ဖြေဖျောက်စရာ နေရာမရှိ ဖြစ်နေရသည်။
ထို့ကြောင့် ချင်ဟယ့် နှင့် ချင်လျို တို့ နှစ်ယောက်လုံးမှာ အလွန် သတိထားကာ ပြုစုပေးနေရပြီး အနည်းငယ်မျှပင် ပေါ့ပေါ့ဆဆ မနေရဲကြပေ။ နောက်ထပ် အပြစ်ပေးခံရမည့်သူမှာ သူတို့ ဖြစ်သွားမည်ကို အလွန် ကြောက်ရွံ့နေကြလေသည်။