← Chapters

မနက်ခင်း ကြာခူးခြင်း

Vol. 16 Ch. 151

မနက်ခင်း ကြာခူးခြင်း

Vol. 16 Ch. 151

"ဒါဆို ရှင်းသွားပြီမလား... မျှော်လင့်ချက်မထားရင် စိတ်ညစ်စရာလည်း ရှိလာမှာမဟုတ်ဘူး... အရှင်မင်းကြီးဆိုတာ ဟွေ့ဖန်းယာခြံဝင်း တစ်ခုတည်းအတွက် မဟုတ်ဘဲ နန်းတော်တစ်ခုလုံးရဲ့ အရှင်မင်းကြီးပဲ… နားလည်ပြီလား..."

ထိုစကားတစ်ခွန်းက ချွမ်ချီကို အသိဝင်သွားစေခဲ့ပေသည်။

အရင်နေ့ရက်တွေက ဖြတ်သန်းရလွယ်ကူခဲ့လို့ သူမတို့ သခင်မလေးရဲ့ ခင်ပွန်းသည်က တစ်လောကလုံးကို အုပ်ချုပ်ရတဲ့ ဧကရာဇ်မင်းမြတ်ဖြစ်ကြောင်း သူမတို့အားလုံး မေ့လျော့နေခဲ့ကြခြင်း ဖြစ်မည်။

သူမက ထိုအချက်ကို တွေးပြီး နားလည်ရန် တစ်ခဏသာ အချိန်ယူလိုက်ရ၏။

သူမတို့အားလုံးက အမတ်ချုပ်အိမ်တော်မှာ အခက်အခဲပေါင်းများစွာကို ဖြတ်သန်းခဲ့ရသူများ ဖြစ်ကြသည်။ အရင်တုန်းကလည်း အမတ်ချုပ်ကြီးအပေါ် မျှော်လင့်ချက်ထားပြီး အရှေ့ဆောင်ကို ပို၍ဂရုစိုက်ပေးလာရန် မျှော်လင့်ခဲ့ကြဖူးသည် မဟုတ်လား။

သို့သော် နောက်ပိုင်းတွင် အမတ်ချုပ်ကြီးက အရှေ့ဆောင်ကို လာရောက် စောင့်ရှောက်ခြင်း မရှိတော့သော်လည်း အရှေ့ဆောင်မှ လူများ၏ နေ့ရက်များက ပုံမှန်အတိုင်း ရှေ့ဆက်သွားနေရသည်ပင်။

တစ်ချိန်လုံး ကြောက်ရွံ့စိုးရိမ်ပြီး နေရမည့်အစား စိတ်ကို လျှော့ထားလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

အရှင်မင်းကြီး လာသည့်အချိန်တွင်လည်း သူမတို့ နေ့ရက်များကို ဖြတ်သန်းရမည်ဖြစ်ပြီး အရှင်မင်းကြီး မလာသည့်အချိန်တွင်လည်း နေ့ရက်များကို ဆက်လက် ဖြတ်သန်းရမည်သာ ဖြစ်ချေသည်။

ရည်ရွယ်ချက်ကို ပြန်လည်ရှာဖွေတွေ့ရှိသွားပြီးနောက် ချွမ်ချီ၏ စိတ်ထဲတွင် အတော်လေး ပေါ့ပါးသွားတော့၏။

သူမက လက်ထဲမှ အလုပ်များကို ချက်ချင်းချထားလိုက်ပြီး ရှအန်းဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"ကြာကန်ထဲက ကြာပန်းတွေလည်း တော်တော်လေး ပွင့်နေလောက်ပြီ... ကြာစေ့တွေလည်း စားလို့ရပြီ ထင်တယ်... မနက်ဖြန် မနက်စောစောသွားပြီး ကြာစေ့နည်းနည်းလောက် သွားခူးရအောင်… သခင်မလေးအတွက် ကြာစေ့ဆန်ပြုတ် ပြုတ်ပေးလို့ရတာပေါ့... ကြာစေ့ဆန်ပြုတ်က ရင်အေးစေပြီး အပူငြိမ်းစေတယ်လေ... ဘယ်လိုလဲ..."

ရှအန်းသည် ချွမ်ချီတစ်ယောက် အရင်လို တက်ကြွနေသည်ကို မြင်သောအခါမှသာ စိတ်အေးသွားရတော့သည်။

"ကောင်းပြီလေ... ငါ မနက်ဖြန် ထွေထွေထူးထူးကိစ္စမရှိရင် နင်နဲ့ လိုက်ခဲ့မယ်..."

"မကောင်းပါဘူး... နင်ပါ လိုက်လာရင် သခင်မလေးကို ဘယ်သူ ပြုစုမှာလဲ..."

"အေးအေးဆေးဆေးသာ နေပါဟာ... သခင်မလေးသာ နင်ကြာစေ့သွားခူးမယ်ဆိုတာ သိရင် သေချာပေါက် လိုက်ချင်နေမှာ..."

ချွမ်ချီက တွေးကြည့်လိုက်ရာ ထိုစကားကလည်း မှန်နေပေသည်။

ရေထဲမဆင်းဘဲ ကန်ဘောင်ပေါ်ကနေ ရပ်ကြည့်နေရုံနှင့်ပင် စိတ်ကြည်နူးစရာ ကောင်းနေမည် ဖြစ်၏။

ထို့ကြောင့် သူမက ရှအန်းကို ပြောလိုက်လေသည်။

"မဆိုးဘူး မဆိုးဘူး... ဒါဆို ငါတို့ သခင်မလေးကို သွားမေးကြည့်ရအောင်... တကယ်လို့ လိုက်မယ့်သူ များရင် ခြင်းတောင်းပိုပြီး ယူသွားရမယ်... ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရမှာ စိုးလို့လေ..."

"ကောင်းပြီ..."

သူမတို့ နှစ်ယောက် တိုင်ပင်ပြီးနောက် လင်ဝမ်ယိဆီသို့ သွားကြလေသည်။

လင်ဝမ်ယိမှာ အလွန်တရာ ဝမ်းသာသွားပြီး သူမပါ လိုက်သွားချင်ကြောင်း ပြောလေတော့၏။

ဘေးနားရှိ ဒုတိယမင်းသားက ထိုအကြောင်းကို ကြားသောအခါ ခြံဝင်းထဲတွင် မည်သို့ ကျန်ခဲ့ချင်မည်နည်း။ ထို့ကြောင့် ဤကြာခူးမည့်ကိစ္စလေးမှာ ရုတ်တရက် ရှုပ်ထွေးသွားရတော့သည်။

သူတို့နှစ်ယောက်လုံးက နေမကောင်းဟု အကြောင်းပြကာ အနားယူနေသူများ ဖြစ်ကြသည်။ အကယ်၍ အတူတူ အပြင်ထွက်သွားသည်ကို တစ်ယောက်ယောက် မြင်သွားပါက ပြဿနာ အနည်းနှင့်အများ ရှိလာနိုင်ပေသည်။

သူမတို့က ဟိုတွေးဒီတွေး စဉ်းစားပြီးနောက် စောစောသွား၍ စောစောပြန်လာရန် ဆုံးဖြတ်လိုက်ကြသည်။

မိုးသောက်ယံအချိန် ကောင်းကင်ကြီး တဖြည်းဖြည်း လင်းလာမည့် အချိန်လောက်တွင် စထွက်ကြမည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ထိုအချိန်မျိုးတွင် ကိုယ်လုပ်တော်များ မပြောနှင့်၊ နန်းတွင်းသူနန်းတွင်းသားများပင် စောစောထလေ့မရှိကြပေ။ ထို့အပြင် သွားမည့်နေရာက ကြာကန်ဘေး ဖြစ်နေသောကြောင့် လူရှင်းနိုင်ပေသည်။

တုမားမားနှင့် ချိုးမင်ကုန်းကုန်းတို့က စင်္ကြံလမ်းတွင် ရပ်နေကြပြီး လင်ဝမ်ယိနှင့် ဒုတိယမင်းသားတို့ ဆွေးနွေးတိုင်ပင်နေကြသည်ကို သေသေချာချာ နားထောင်နေကြ၏။

လမ်းကြောင်းကို စီစဉ်လိုက်၊ ခြင်းတောင်း ဘယ်နှလုံးယူသွားမည်ကို တိုင်ပင်လိုက်နှင့် အလွန်ပင် တက်ကြွနေကြလေသည်။

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း ဝင်ရောက် တားဆီးခြင်း မပြုခဲ့ကြချေ။

အစောက စကားအတိုင်းပင်။ အရှင်မင်းကြီး လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သူတို့၏ နေ့ရက်များကို ဆက်လက် ဖြတ်သန်းရမည်သာ ဖြစ်သည်။

ဤနေရာလေးတစ်ခုတည်းကိုသာ စောင့်မျှော်ပြီး မျက်နှာသာပေးမှုကို နေ့စဉ်ရက်ဆက် တမ်း‌တနေပါက အချိန်ကြာလာသည်နှင့်အမျှ လူက ပန်းပွင့်လေးတွေထက်တောင် ပို၍ ညှိုးနွမ်းသွားနိုင်ပြီး စိတ်နှလုံးကလည်း တဖြည်းဖြည်း အားအင်ကုန်ခမ်း လာပါလိမ့်မည်။

ဒုတိယနေ့ မိုးမလင်းခင်မှာပင် အားလုံး အိပ်ရာမှ နိုးနေကြပြီ ဖြစ်၏။

ဟွေ့ဖန်းယာခြံဝင်းအတွင်း၌ နန်းတွင်းမီးအိမ်လေးများ တစ်လုံးစ နှစ်လုံးစ လင်းထိန်လာခဲ့လေသည်။

အချိန်သိပ်မကြာလိုက်ခင်မှာပင် လူအနည်းငယ်က အဝတ်အစားများ သပ်သပ်ရပ်ရပ် လဲလှယ်ပြီး ထွက်ခွာရန် အသင့်ဖြစ်နေကြလေပြီ။

ယနေ့တွင် ဒုတိယမင်းသားက အတက်ကြွဆုံး ဖြစ်နေပေသည်။

သူက နေ့တိုင်းဝတ် မိုးပြာရောင် အင်္ကျီလေးကို ဝတ်ဆင်ထားပြီး ခါးတွင် လိုတရ တိမ်တိုက်ပုံစံများ ထိုးထားသော ရေပြာရောင် ပိုးချည်ခါးပတ်လေးကို ပတ်ထားလေသည်။

ခြေထောက်တွင် သမင်ရေဖိနပ်လေး တစ်ရံကို စီးထားသဖြင့် ရေနှင့်ထိလျှင်တောင် လွယ်လွယ်နှင့် စိုစွတ်သွားမည် မဟုတ်ပေ။

သူ၏ ကိုယ်ပေါ်တွင် ခေါင်းစွပ်ပါသော အရောင်ရင့် ခြုံထည်တစ်ထည်ကိုလည်း ဝတ်ဆင်ထားသေးရာ အကယ်၍ အေးလာပါက ချက်ချင်း ခြုံလိုက်ရုံသာ ဖြစ်၏။

သူက ထိုကဲ့သို့ ပြင်ဆင်ပြီး ထွက်လာသောအခါ လင်ဝမ်ယိက အတော်လေး သဘောကျသွားတော့သည်။

"တုမားမားက တကယ့်ကို ဂရုတစိုက်ရှိတာပဲ... မင်းအတွက် ပြင်ဆင်ပေးထားတာတွေ အကုန်လုံးက အကောင်းစားတွေချည်းပဲ..."

ထိုစကားသည် အမှန်ဖြစ်‌သောကြောင့် ဒုတိယမင်းသားက ပြုံးလိုက်ပြီး အနည်းငယ်မျှပင် ပြန်လည် မချေပခဲ့ချေ။

တုမားမား ရောက်လာပြီး သူ့ကို ပြုစုစောင့်ရှောက်ပေးကတည်းက သူ၏ နေ့ရက်များဟာ မျှော်လင့်ချက် ရောင်ခြည်သန်းလာခဲ့ခြင်း ဖြစ်၏။

လင်ဝမ်ယိကလည်း ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်ထားလေသည်။ သူမ ယနေ့ ရွေးချယ်ထားသော ဝတ်စုံကလည်း အစိမ်းနုရောင် ဖြစ်နေသဖြင့် ဒုတိယမင်းသားနှင့် ဘေးချင်းယှဉ်ရပ်လိုက်သောအခါ အလွန်ပင် လိုက်ဖက်ညီနေတော့သည်။

နွေရာသီဖြစ်၍ မိုးလင်းတာ မြန်ဆန်လှရာ သူမတို့ ရှေ့ဆက်လျှောက်လေလေ လမ်းကို ပို၍ ရှင်းရှင်းလင်းလင်း မြင်ရလေလေ ဖြစ်သည်။

အစပိုင်းတွင် ရှောင်လုကျစ်က နန်းတွင်းမီးအိမ်ကို ကိုင်ထားသေးသော်လည်း နောက်ပိုင်းတွင် လက် အလုပ်မရှုပ်စေရန် အပြန်လမ်းရှိ သစ်ပင်အနီးတွင် ချထားခဲ့လေသည်။ အပြန်လမ်းကျမှသာ ပြန်ယူရန် စဉ်းစားထားခြင်း ဖြစ်၏။

တစ်လမ်းလုံး လျှောက်လာခဲ့ရာ လင်ဝမ်ယိ ခန့်မှန်းထားသည့်အတိုင်းပင် လူတစ်ယောက်ကိုမျှ မတွေ့ရချေ။

ကြာကန်ဘေးသို့ ရောက်ချိန်မှာပင် ကောင်းကင်ကြီး၌ ဖြူဝါဝါ အလင်းရောင်လေး သန်းလာခဲ့လေပြီ။ သေချာကြည့်မည်ဆိုလျှင် နေမင်းကြီး၏ မနက်ခင်း အလင်းရောင်က တိမ်တိုက်များအောက်တွင် ပုန်းအောင်းနေဆဲပင်။

ချွမ်ချီက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

"ကြာစေ့ဆိုတာ မနက်ခင်းမှာ ခူးတာ အကောင်းဆုံးပဲ... နှင်းပေါက်လေးတွေတောင် တွဲလွဲခိုနေတုန်းပဲ... သခင်မလေးနဲ့ ဒုတိယမင်းသား ဒီမှာပဲ စောင့်နေကြ... ကျွန်မ အခုပဲ ဆင်းလိုက်ဦးမယ်..."

သူမက ပြောပြီးသည်နှင့် အဝတ်စဖြင့် ဖိနပ်၊ ခြေအိတ်နှင့် အင်္ကျီလက်များကို တင်းကျပ်စွာ ချည်နှောင်လိုက်သည်။ ထို့နောက် ရှောင်လုကျစ်၊ ရှအန်းတို့နှင့်အတူ အသင့်ပြင်ထားသော လှေငယ်လေးပေါ်သို့ တက်ကာ ကြာများ ရှိရာဆီသို့ လှော်ခတ်သွားကြလေတော့သည်။

နွေရာသီအပန်းဖြေနန်းတော် အတွင်းရှိ ကြာကန်များမှာ ဤတစ်နေရာတည်းသာ မဟုတ်ဘဲ အခြားနေရာများတွင်လည်း ရှိသေးသည်။ သို့သော် ဤနေရာက အကြီးဆုံး ဖြစ်နေခြင်းသာတည်း။

လှေငယ်လေးတစ်စင်းက ကြာများ ရှိရာဆီသို့ လှော်ခတ်သွားရာ တစ်ခဏအတွင်းမှာပင် ကြာရွက်များကြား ပျောက်ကွယ်သွားတော့သည်။

လင်ဝမ်ယိ၏ အရပ်က အတော်လေး ရှည်သဖြင့် ခြေဖျားထောက်ကြည့်လိုက်လျှင် အဝေးသို့ ရောက်သွားပြီဖြစ်သော လူသုံးယောက်ကို မြင်ရနိုင်သေးသည်။

သို့သော် ဒုတိယမင်းသားမှာမူ ထိုသို့မဟုတ်ပေ။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်လျှင်တောင် ကြာရွက်များကိုသာ မြင်ရပြီး လူရိပ်ကို မတွေ့ရတော့ပေ။ ထို့ကြောင့် သူက စိတ်ပူလာပြီး ခြေဆောင့်နေတော့၏။

"မယ်မယ်လင်... သူတို့ ဘယ်ရောက်သွားပြီလဲ... ကျွန်တော် ဘာမှ မမြင်ရဘူး..."

သူ၏ မျက်နှာငယ်လေးမှာ မူလက စိတ်လှုပ်ရှားမှုများ အပြည့်ရှိနေသော်လည်း ယခုအခါတွင်မူ စိုးရိမ်ပူပန်မှုများသာ ကျန်ရှိနေတော့သည်။

လင်ဝမ်ယိက သူ့ဘက်သို့ လှည့်ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။

"နောက်မဆုတ်နဲ့တော့... ဆက်ဆုတ်လည်း မြင်ရမှာ မဟုတ်ဘူး... အဲဒီအစား မင်း ချိုးကုန်းကုန်းရဲ့ ပခုံးပေါ် တက်ကြည့်ပါ့လား... ဒါဆိုရင် မြင်ရပြီပေါ့..."

"အကြံကောင်းပဲ... ဒါပေမဲ့ ချိုးကုန်းကုန်းက ကျွန်တော့်ကို ထမ်းနိုင်ပါ့မလား..."

ဒုတိယမင်းသားက မျက်လုံးလေး ပြူးကာ ချိုးမင်ကို ကြည့်လိုက်သည်။ ချိုးမင်က လူခြောက်ကြီးလို ပိန်လှီနေသော်လည်း ယခုအချိန်တွင်တော့ သူ ငြင်းဆန်နိုင်စွမ်း မရှိတော့ပေ။

ထို့အပြင် သူက လေတိုက်ရုံနှင့် လဲကျသွားမည့် အားနည်းသူမျိုးလည်း မဟုတ်ပေ။ ခဏလောက် ထမ်းထားရုံနှင့် ပြဿနာ ရှိမည်မဟုတ်ချေ။

ထို့ကြောင့် သူက ခန္ဓာကိုယ်ကို ကိုင်းညွတ်ကာ မြေကြီးပေါ်တွင် ဒူးထောက်လိုက်ပြီး ဒုတိယမင်းသားကို ပြောလိုက်လေသည်။

"ဒုတိယမင်းသား စိတ်ချပါ... ဒီအစေခံ သေချာပေါက် ဂရုစိုက်ပါ့မယ်..."

ထိုစကားကို ကြားသောအခါ ဒုတိယမင်းသားမှာ ပြုတ်ကျလျှင်တောင် ပျော်ရွှင်နေမည့်ပုံပင်။ သူက တဟီးဟီးရယ်မောလျက် ချိုးမင်၏ ပခုံးပေါ်သို့ တက်သွားလေတော့သည်။

တုမားမားက ဘေးမှနေ၍ တွဲကူပေးထားပြီး ချိုးမင်ကို အထူးဂရုစိုက်ရန် ထပ်တလဲလဲ မှာကြားနေ၏။

ဒုတိယမင်းသားက သေချာ မြဲမြံအောင် ကိုင်ထားပြီးသည်နှင့် ချိုးမင်က ချက်ချင်း မတ်တပ်ရပ်လိုက်သည်။ ယခုမှသာ မြင်ကွင်းက အတော်လေး ကျယ်ပြန့်သွားတော့၏။

လူသုံးယောက်စီးသွားသော လှေငယ်လေးကို မမြင်ရလျှင်တောင် ပို၍ ဝေးကွာသော နေရာများကိုပင် သူ မြင်တွေ့နိုင်နေပြီ ဖြစ်သည်။

ဒုတိယမင်းသားမှာ အလွန်အမင်း စိတ်လှုပ်ရှားပျော်ရွှင်နေပြီး ဘယ်ကြည့်လိုက် ညာကြည့်လိုက်နှင့် အလွန်ပင် သဘောကျနေတော့သည်။

"ဒုတိယမင်းသား... ဖြည်းဖြည်း... ဖြည်းဖြည်း လုပ်ပါ..."

တုမားမားက ရပ်ဖို့ မပြောသော်လည်း သူ့ကျောကို တွဲကူပေးထားသော လက်ကိုတော့ အနည်းငယ်မျှပင် မလျှော့ချခဲ့ချေ။

ချိုးမင် တစ်ချက်ကလေး မတော်တဆဖြစ်ပြီး လူပြုတ်ကျသွားမည်ကို သူမက အလွန်စိုးရိမ်နေမိသည်။ ထိုသို့ဖြစ်သွားလျှင် ပြဿနာတက်ပေလိမ့်မည်။

ချိုးမင်ကတော့ ရှားရှားပါးပါး ပြုံးလိုက်ရင်း ပြောလေသည်။

"မားမား စိတ်ချပါ... ဒီအစေခံ သတိထားနေပါတယ်..."

ဒုတိယမင်းသား၏ ကိုယ်သည် သူထင်ထားသလောက် မလေးပေ။ အစပိုင်းတွင် သူက အတော်လေး အားစိုက်ရမည်ဟု ထင်ထားခဲ့သော်လည်း ဤမျှလောက် ပေါ့ပါးနေမည်ဟု မထင်ထားခဲ့မိချေ။

သူ၏ စိတ်ထဲတွင် ရုတ်တရက် သနားသွားမိသည်။ အသက် ခြောက်နှစ်အရွယ် ကလေးတစ်ယောက် ဖြစ်နေပါလျက်နှင့် ခန္ဓာကိုယ် ဖွဲ့စည်းပုံက သုံးလေးနှစ်အရွယ် ကလေးငယ်တစ်ယောက်နှင့်သာ တူနေသေးသည် မဟုတ်လား။

ဒုတိယမင်းသား၏ စိတ်လှုပ်ရှားမှုကို မြင်ရင်း အောက်က ချိုးမင်ပင် လိုက်ပါပျော်ရွှင်နေမိလေသည်။

လင်ဝမ်ယိမှာ ချွမ်ချီကို ကြည့်လိုက်၊ ဒုတိယမင်းသားကို ကြည့်လိုက်နှင့် အလုပ်ရှုပ်သွားရတော့သည်။

ချွမ်ချီတို့ကလည်း လက်မြန်ခြေမြန် ရှိလှသည်။ ကန်အလယ်ရှိ အကောင်းဆုံး ကြာဂွက်များကို အမြန်ဆုံး ခူးယူလိုက်ကြလေသည်။

All Chapters