← Chapters

လူမိခြင်း

Vol. 16 Ch. 152

လူမိခြင်း

Vol. 16 Ch. 152

သူမတို့ ပြန်လာချိန်တွင် သေးငယ်သော လှေလေးပေါ်၌ ကြာဂွက်များ အပြည့်ပါလာခဲ့လေပြီ။

ဒုတိယမင်းသားမှာ အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ချိုးမင်၏ ပခုံးကို အမြန်ပုတ်ကာ ပြောလိုက်လေသည်။

"ချိုးကုန်းကုန်း... ကျွန်တော့်ကို ချပေးပါတော့..."

"ဟုတ်ကဲ့ပါ..."

ခြေထောက် မြေကြီးနှင့် ထိသည်နှင့် တစ်ပြိုင်နက် သူက ထိုကြာဂွက်များရှိရာသို့ ခြေလှမ်းသွက်သွက်ဖြင့် ပြေးသွားလေတော့သည်။

နှင်းပေါက်လေးများ တွဲလွဲခိုနေသေးသော ကြာဂွက်လေးများ ငြိမ်သက်စွာ ရှိနေသည်ကို ကြည့်ရင်း ဒုတိယမင်းသားမှာ အခြားအချိန်များထက် ပို၍ စိတ်လှုပ်ရှားနေမိ၏။

"ဒါက ကျွန်တော် ကြာဂွက်ကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ... မယ်မယ်လင်... ကြာစေ့က အထဲမှာ ရှိတာလား..."

"အင်း... အိမ်ရောက်ရင် ငါတို့ အတူတူ ခွာကြမယ်လေ... ဘယ်လိုလဲ..."

"ကောင်းတာပေါ့ ကောင်းတာပေါ့... ကျွန်တော် ကြာစေ့ တစ်ခါမှ မခွာဖူးဘူး... မက်မွန်သီးယို လုပ်သလိုမျိုး လုပ်ရတာလား..."

"ဟုတ်ပေမဲ့ မဟုတ်သေးဘူး... ခဏနေရင် ချွမ်ချီ ဘယ်လိုလုပ်လဲဆိုတာကို ကြည့်ပြီး လိုက်လုပ်ကြည့်ပေါ့..."

"အင်း အင်း..."

ဒုတိယမင်းသားက ခေါင်းတစ်ဆတ်ဆတ် ညိတ်လိုက်သည်။ ယခုအချိန်တွင် သူ့တစ်ယောက်တည်းကိုသာ ဤကြာဂွက်များကို ဟွေ့ဖန်းယာခြံဝင်း သို့ ထမ်းသွားခိုင်းလျှင်တောင် သူက သဘောတူမည်မှာ အသေအချာပင်။

လင်ဝမ်ယိက တစ်ချက် ကြည့်လိုက်ရာ နေမင်းကြီးက ထွက်ပေါ်နေလေပြီ။ ကောင်းကင်ကြီး လင်းထိန်နေရုံသာမက မနက်ခင်း နေရောင်ခြည်၏ နွေးထွေးမှုကလည်း မြေပြင်အနှံ့ ဖြာကျနေပြီ ဖြစ်သည်။

"ငါတို့ အမြန် ပြန်ကြရအောင်... တစ်ယောက်ယောက်နဲ့ တွေ့သွားမှာ စိုးရတယ်..."

"အင်း..."

ချွမ်ချီနှင့် ရှအန်းတို့က ရှောင်လုကျစ်နှင့်အတူ ထိုကြာဂွက်များကို ခြင်းတောင်းထဲသို့ အမြန် ထည့်လိုက်ကြသည်။

ဒုတိယမင်းသားကလည်း ဝင်ရောက် ကူညီပေးလေသည်။ ခဏအကြာတွင် ခြင်းတောင်း ငါးလုံး အပြည့် ဖြစ်သွားတော့၏။

ရှောင်လုကျစ်က လူငယ်ပီပီ ခွန်အားရှိသူဖြစ်ရာ အရှေ့တစ်လုံး အနောက်တစ်လုံး လွယ်ထားလိုက်သည်။

ကျန်ရှိသော သုံးလုံးကိုတော့ ချွမ်ချီက တစ်လုံး၊ ရှအန်းက တစ်လုံးနှင့် ချိုးမင်က တစ်လုံး အသီးသီး သယ်ကြသည်။

ဒုတိယမင်းသားက သယ်ချင်သော်လည်း ဤခြင်းတောင်းက သူ့ခန္ဓာကိုယ်၏ တစ်ဝက်လောက် အလေးချိန်ရှိနေသဖြင့် သူ မည်သို့ သယ်နိုင်မည်နည်း။

အကယ်၍ သယ်နိုင်လျှင်တောင် လမ်းလျှောက်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူက လက်ထဲတွင် နှစ်ခုသာ ကိုင်ထားပြီး အားလုံး၏ ရှေ့မှနေ၍ တဟီးဟီးရယ်မောကာ လမ်းပြပေးနေတော့သည်။

ယခုတစ်ခေါက် သွားရသည်မှာ အကျိုးအမြတ် အတော်လေး များလှသည်။ တုမားမားသည် အပြန်လမ်းတွင် အသွားတုန်းက လမ်းဘေးတွင် ချထားခဲ့သော နန်းတွင်းမီးအိမ်ကို ပြန်လည် ကောက်ယူလာခဲ့သည်။

လူတစ်စုက ဟွေ့ဖန်းယာခြံဝင်း ဆီသို့ ခြေလှမ်းသွက်သွက်ဖြင့် ပြန်လာခဲ့ကြရာ အနည်းငယ်မျှပင် အချိန်မနှောင့်နှေးခဲ့ချေ။

တံခါးပေါက်သို့ ဝင်လိုက်မှသာ အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြတော့သည်။ ဘယ်သူမှ မတွေ့လိုက်သည်က အကောင်းဆုံးပင်။

"ကျွန်မ ရေတစ်ဇလုံ သွားခပ်လိုက်ဦးမယ်... ဒီလတ်ဆတ်တဲ့ ကြာစေ့တွေကို ထုတ်ပြီးရင် ရေထဲ ခဏစိမ်ထားရမယ်... သခင်မလေးနဲ့ ဒုတိယမင်းသား စားချင်ရင် နှစ်စေ့လောက် စားလို့ရတယ်... ဒါပေမဲ့ အများကြီးတော့ မစားနဲ့နော်..."

"အများကြီး စားရင် ဘာဖြစ်မှာမို့လို့လဲ..."

"ဗိုက်နာမှာပေါ့..."

သူမက ပြောပြီးသည်နှင့် သန့်စင်ခန်း ရှိရာဘက်သို့ လက်ညှိုးထိုးပြလိုက်ရာ ဒုတိယမင်းသားမှာ လန့်သွားပြီး စားချင်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

သူက သန့်စင်ခန်း သို့ အခေါက်ခေါက်အခါခါ သွားရမည်ကို မခံနိုင်သဖြင့် မစားဘဲ နေလိုက်ခြင်းကသာ ပိုကောင်းပေလိမ့်မည်ဟု တွေးမိသည်။

စကားပြောနေရင်းနှင့်ပင် သူတို့အားလုံး ခြံဝင်းထဲသို့ ဝင်သွားကြလေသည်။

သို့သော် အထဲတွင် လူတစ်ယောက်က ကြိုတင် ရပ်စောင့်နေပြီး သူမတို့ဘက်သို့ အနည်းငယ် ဒေါသထွက်နေသော မျက်နှာထားဖြင့် ကြည့်နေလေသည်။

ချိုးမင်နှင့် တုမားမားတို့က အရင်ဆုံး သတိဝင်လာပြီး ချက်ချင်းပင် ဒူးထောက်ကာ ဂါရဝပြုလိုက်ကြသည်။

"ဒီအစေခံက အရှင်မင်းကြီးကို ဂါရဝပြုပါတယ်... အရှင်မင်းကြီး ကျန်းမာပါစေ..."

သူတို့၏ ရင်ထဲတွင် ဗုံတီးနေသကဲ့သို့ တဒိတ်ဒိတ်ခုန်နေပြီး အလွန်အမင်း စိုးရိမ်ပူပန်နေကြတော့၏။

သူတို့ ဒူးထောက်လိုက်သည်ကို မြင်မှသာ အားလုံးလည်း သတိဝင်လာကြတော့သည်။

အကြံပေးခဲ့သော ချွမ်ချီမှာ အကြောက်ဆုံး ဖြစ်နေသည်။ အကယ်၍ အရှင်မင်းကြီး မနက်စောစောစီးစီး ရောက်လာမည်ကို သူမသာ သိခဲ့လျှင် သေချာပေါက် သူမ၏ သခင်မလေးနှင့် ဒုတိယမင်းသားကို အတူတူ လိုက်လာခိုင်းမည် မဟုတ်ပေ။

အံ့ဩသွားကြသော်လည်း လင်ဝမ်ယိနှင့် ဒုတိယမင်းသားတို့က တည်ငြိမ်စွာပင် ရှေ့သို့ တစ်လှမ်းတိုးကာ ထုံးစံအတိုင်း ဂါရဝပြုလိုက်ကြသည်။

"သားတော်က ခမည်းတော်ကို ဂါရဝပြုပါတယ်... ခမည်းတော် ကျန်းမာပါစေ..."

"ကျွန်တော်မျိုးမက အရှင်မင်းကြီးကို ဂါရဝပြုပါတယ်... အရှင်မင်းကြီး ကျန်းမာပါစေ..."

အနောက်ထဲရှိ ရှောင်လုကျစ်နှင့် အခြားသူများမှာမူ မြေကြီးပေါ်တွင် ပျပ်ဝပ်နေကြပြီး အသက်ပင် ပြင်းပြင်းမရှူရဲကြပေ။

အရှင်မင်းကြီး ဒေါသထွက်သွားပါက သူတို့ ဒုက္ခရောက်မည် ဖြစ်သောကြောင့် အလွန် စိုးရိမ်နေကြခြင်း ဖြစ်သည်။

အရှင်မင်းကြီးသည် မူလက ပျော်ရွှင်စွာ စကားပြောဆိုနေကြပြီး ယခု ချက်ချင်းပင် ဆောင်းရာသီမှ ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်သွားသော ထိုလူစုကို ကြည့်လိုက်သည်။

ဒေါသထွက်ချင်နေသော စိတ်ကို သူမနည်း ချုပ်တည်းထားလိုက်ရသည်။

"မနက်စောစောစီးစီး မင်းတို့တွေ ဘယ်သွားနေကြတာလဲ... ဒီအဆောင်တစ်ခုလုံးမှာ အစေခံ တစ်ယောက်မှ မရှိဘူး..."

အရှင်မင်းကြီး ပြောသကဲ့သို့ တစ်ယောက်မှ မရှိသည်တော့ မဟုတ်ပေ။ ပြုစုစောင့်ရှောက်မည့်သူ အနည်းငယ်တော့ ရှိပါသေးသည်။ သို့သော် သူတို့အားလုံးက အနောက်ဆောင်တွင် တုမားမား၏ ကြီးကြပ်မှုအောက်၌ အလုပ်ကြမ်းများ လုပ်နေကြရခြင်းသာ ဖြစ်သည်။ ပုံမှန်အားဖြင့် အရှေ့ဆောင်သို့ လာရောက် မျက်နှာပြရဲကြသူများ မဟုတ်ပေ။

လင်ဝမ်ယိက လူတိုင်း ကြောက်လန့်နေကြသည်ကို မြင်သောအခါ သူမကိုယ်တိုင်သာ သတ္တိမွေးပြီး ရှေ့ထွက်ကာ ပြောလိုက်ရတော့သည်။

"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... ကြာကန်ထဲက ကြာပန်းတွေ အတော်လှနေလို့... လတ်ဆတ်တဲ့ ကြာစေ့တွေကို ဆန်ပြုတ်ပြုတ်သောက်ရင် ကောင်းမယ်လို့ ကျွန်တော်မျိုးမ တွေးမိတာပါ... ဒါကြောင့် ဒုတိယမင်းသားကို ခေါ်ပြီး အတူတူ သွားခူးလိုက်တာပါ... အကုန်လုံးက ကျွန်တော်မျိုးမရဲ့ အမှားပါ... ကျွန်တော်မျိုးမ ဆင်ခြင်တုံတရား နည်းပါးသွားလို့ပါ..."

"ဆင်ခြင်တုံတရားနည်းတယ် ဟုတ်လား... မင်းလိုလူမျိုးကတောင် ဆင်ခြင်တုံတရား နည်းတဲ့ အချိန်တွေ ရှိသေးတာလား..."

ထိုစကားကို ပြောလိုက်ပြီးချိန်တွင် အရှင်မင်းကြီး အနည်းငယ် နောင်တရသွားမိသည်။ လင်ဝမ်ယိကတော့ အလွန်အမင်း ထူးဆန်းနေသည်ဟု ခံစားရလေ၏။ ရက်အနည်းငယ်လောက် မတွေ့ရသည်နှင့်ပင် အရှင်မင်းကြီးရဲ့ ဒေါသက ပိုကြီးလာသလားဟု တွေးမိသွားသည်။

မင်ချန်ကျိုက် က ပြုစုတာ မကောင်းလို့များလား။ ဒါကြောင့် သူက ဟွေ့ဖန်းယာခြံဝင်း ကို လာပြီး သူမတို့ကို အပြစ် လာရှာတာလား။

ထိုသို့ တွေးမိလိုက်သောအခါ သူမက ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်ပြီး တခြားသူကို အပြစ်မတင်တော့ချေ။ ရှေးစကားတွင် မိန်းမနှင့် လူယုတ်မာကို ပြုစုရတာ အခက်ခဲဆုံးဟု ဆိုကြသည်။ သူမ အမြင်မှာတော့ ဧကရာဇ်မင်းမြတ်ကို ပြုစုရတာက အခက်ခဲဆုံးပင် ဖြစ်လေသည်။

သို့သော် သူမ၏ မျက်နှာပေါ်တွင်တော့ ဆုံးမစကားကို နာခံမည့်ပုံစံ ဖမ်းထားပြီး အရှင်မင်းကြီးကို ဆက်ပြောလိုက်လေသည်။

"ကျွန်တော်မျိုးမ မှားမှန်း သိပါပြီ အရှင်မင်းကြီး... ခန္ဓာကိုယ် ထိခိုက်တဲ့အထိ ဒေါသထွက်မနေပါနဲ့တော့..."

အရှင်မင်းကြီးက မြေကြီးပေါ်တွင် ဒူးထောက်နေသော သူမ၏ ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးကို ကြည့်လိုက်ရာ သူမက ခေါင်းပင် မမော့ရဲသည်ကို မြင်သောအခါ ရင်ထဲ ဒေါသတွေ ဘယ်လောက်ပဲ ထွက်နေပါစေ ယခုအချိန်တွင်တော့ ဆက်မဆူရက်တော့ပေ။

သူက လက်လှမ်းကာ သူမကို ဆွဲထူလိုက်ပြီး လက်ဖဝါးနှင့် ပါးပြင်ကို စမ်းကြည့်လိုက်သည်။ တကယ်ကို ရေခဲလို အေးစက်နေတော့၏။

ထိုအခါမှ မနည်း ဖိနှိပ်ထားရသော ဒေါသမီးက ချက်ချင်း တောက်လောင်လာတော့သည်။

"မင်းကို ခန္ဓာကိုယ် ကောင်းကောင်း အနားယူဖို့ ကိုယ်တော် ပြောထားတယ် မဟုတ်ဘူးလား... မနက်စောစောစီးစီး အပြင်ထွက်နေတော့ အအေးမိပြီး ရောဂါထပ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ..."

ထို့နောက် သူက မြေကြီးပေါ်တွင် ဒူးထောက်နေကြသော လူများကို အထက်စီးမှနေ၍ ဝေ့ကြည့်လိုက်သည်။ သူတို့အားလုံးမှာ တစ်ကိုယ်လုံး ကြက်သီးထလာပြီး ပို၍ပင် ပျပ်ဝပ်သွားကြလေသည်။

"ဟွန်း... လင်ချန်ကျိုက် ကို ဒီလောက်တောင် ဂရုမစိုက်တတ်ကြတာ... ကြည့်ရတာ ကြိမ်ဒဏ် နည်းနည်းလောက် အပေးခံရမှ စည်းကမ်းကို နားလည်ကြတော့မယ်ထင်တယ်..."

ထို့နောက် သူက သုန်ယွီကျုံး ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်လေသည်။

"သုန်ယွီကျုံး..."

"ဒီအစေခံ ရှိပါတယ်..."

"တုမားမား ကလွဲလို့ ကျန်တဲ့လူတွေကို တစ်ယောက် ကြိမ်ဒဏ် ဆယ်ချက်စီ ပေးလိုက်..."

ကြိမ်ဒဏ် ဆယ်ချက် ဆိုသည်မှာ ရိုက်၍ လူမသေနိုင်သော်လည်း ရက်အနည်းငယ်တော့ အနားယူရပေမည်။

ထိုနေရာတွင် ရှိနေသူများအားလုံးက ပုံမှန်အချိန်တွင် လင်ဝမ်ယိကို ပြုစုစောင့်ရှောက်နေကြသော နန်းတွင်းသူများနှင့် မိန်းမစိုးများ ဖြစ်ကြသည်။ အကယ်၍ သူတို့အားလုံးသာ လဲကျသွားပါက ဤဟွေ့ဖန်းယာခြံဝင်းမှာ ရှုပ်ယှက်ခတ်သွားမည် မဟုတ်လား။

မည်သို့ ပြန်ပြောရမည်ကို စဉ်းစားနေစဉ်မှာပင် လင်ဝမ်ယိ၏ ခန္ဓာကိုယ်လေး ရုတ်တရက် ပျော့ခွေသွားပြီး အရှင်မင်းကြီး၏ ရင်ခွင်ထဲသို့ လဲကျသွားပြီး သူမ သတိလစ်သွားတော့၏။

"ချန်ချန်..."

အရှင်မင်းကြီးက သူမ ဤသို့ ဖြစ်သွားသည်ကို မြင်သောအခါ အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်းပင် သူမကို ပွေ့ချီကာ အခန်းထဲသို့ ဝင်သွားလေသည်။

ထို့နောက် တည်ကြည်လေးနက်ပြီး အနည်းငယ် စိုးရိမ်နေသော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"သမားတော် ခေါ်ခဲ့..."

"ဟုတ်ကဲ့..."

လင်ဝမ်ယိ ဤသို့ သတိလစ်သွားသဖြင့် ကျန်လူများ၏ ကြိမ်ဒဏ်များမှာလည်း သေချာပေါက် မခံရတော့ပေ။

သမားတော် သွားခေါ်သည့်သူက ခေါ်၊ ရေနွေး သွားတည်သည့်သူက တည်၊ အိပ်ရာ ခင်းသည့်သူက ခင်းနှင့် ချက်ချင်းပင် အလုပ်များသွားကြတော့သည်။

သို့သော် လင်ဝမ်ယိမှာ ယခုအချိန်တွင် ကျားစီးမိလျက် ဖြစ်နေပြီး အရှင်မင်းကြီး၏ ရင်ခွင်ထဲတွင် ပိတ်မိကာ အနည်းငယ်မျှပင် မလှုပ်ရှားရဲပေ။

သူမ ဤသို့ သတိလစ်ဟန်ဆောင်လိုက်ခြင်းက ယာယီဖြေရှင်းနည်း တစ်ခုသာ ဖြစ်သည်။

ကြာစေ့ သွားခူးရုံလေးနဲ့ တစ်အိမ်လုံးက လူတွေကို ကြိမ်ဒဏ်ပေးလိုက်မယ်ဆိုရင် နောက်ဆို ဘယ်သူက သူမကို အပြင်ပေးထွက်ရဲတော့မည်နည်း။

ထိုသို့ တွေးမိလိုက်သောအခါ သူမ၏ နှုတ်ခမ်းထောင့်များ မသိမသာ တွန့်ကွေးသွားလေသည်။

မူလက စိတ်ပူနေသော အရှင်မင်းကြီးမှာ ချက်ချင်းပင် ပုံမှန်မဟုတ်မှန်း သတိထားမိလိုက်သည်။

သတိလစ်နေတဲ့သူရဲ့ မျက်ခွံက ဘယ်လိုလုပ်ပြီး လှုပ်နေရတာလဲ...

ကြည့်လိုက်သည်နှင့် ဟန်ဆောင်နေမှန်း သိသာလွန်းနေသည်။

သူက ဒေါသထွက်ရန် ပြင်လိုက်စဉ်မှာပင် ရင်ခွင်ထဲမှ လူက တစ်ချက် တုန်သွားသည်ကို ခံစားလိုက်ရပြီး သူ့ကို ပို၍ တင်းကျပ်စွာ ဖက်တွယ်လာသည်။ ကြည့်ရသည်မှာ ကြောက်လန့်နေသည့် ပုံစံပင်။

သူမက ယခုလိုအချိန်မျိုးတွင်တော့ ငှက်ငယ်လေးတစ်ကောင်လို မှီခိုတတ်လွန်းနေပြီး ပုံမှန်အချိန်တွင်တော့ အေးစက်စက်နိုင်သော မိန်းမတစ်ယောက် ဖြစ်နေသည် မဟုတ်လား။

All Chapters