← Chapters

ဟန်ဆောင်မူးမေ့ပြီး အပြစ်ပေးခံရခြင်းမှ ရှောင်လွှဲခြင်း

Vol. 16 Ch. 153

ဟန်ဆောင်မူးမေ့ပြီး အပြစ်ပေးခံရခြင်းမှ ရှောင်လွှဲခြင်း

Vol. 16 Ch. 153

သူက ခဏစဉ်းစားလိုက်ပြီးနောက် အားလုံးကို ပြောလိုက်လေသည်။

"အကုန်လုံး ထွက်သွားကြတော့..."

"ဟုတ်ကဲ့ပါ..."

ရှအန်းက စိတ်ပူစွာဖြင့် သူမ၏ သခင်မလေးကို အနီးကပ် သွားကြည့်ချင်နေမိသည်။ အအေးမိရောဂါ ပြန်ထလာတာမည်ကို သူမ စိုးရိမ်နေမိသည်။

သို့သော် သူမကို သုန်ယွီကျုံး က အတင်းဆွဲခေါ်သွားလေသည်။ မထွက်သွားခင် အခန်းတံခါးကိုပါ ပိတ်သွားခဲ့သေးသည်။

သူတို့နှစ်ယောက် အပြင်ရောက်သည်နှင့် တစ်ပြိုင်နက် ဒုတိယမင်းသားနှင့် တုမားမားတို့က အနားသို့ ဝိုင်းအုံလာကြသည်။

"မယ်မယ်လင် ဘာမှမဖြစ်ပါဘူးနော်... ခမည်းတော်က ဘာလို့ မင်းတို့ကို နှင်ထုတ်လိုက်တာလဲ... ဒါဆို ဘယ်သူက မယ်မယ်လင့်ကို ပြုစုမှာလဲ..."

ပြောနေရင်းနှင့်ပင် ဒုတိယမင်းသားက အထဲသို့ ဝင်ရန် ပြင်လိုက်လေသည်။

"ဒုတိယမင်းသား စိတ်ချပါ... သခင်မလေးလင် ဘာမှမဖြစ်ပါဘူး... အရှင်မင်းကြီးက အထဲမှာ အဖော်ပြုပေးနေပါတယ်... ခဏနေ သမားတော် လာမှ အထဲဝင်ကြတာပေါ့..."

ထိုသို့ ပြောဆိုနေစဉ်မှာပင် သူက တုမားမားနှင့် ချိုးမင်တို့ကို မျက်ရိပ်ပြလိုက်လေသည်။

ယနေ့ကိစ္စက အစကတည်းက သူတို့ကြောင့် ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် ကျားမြီးကို သွားဆွဲရန် မဝံ့ရဲကြသဖြင့် ရှောင်နေခြင်းကသာ အကောင်းဆုံး ဖြစ်ပေမည်။

လင်ဝမ်ယိ အတွက်ကတော့ သူမတွင် ကိုယ်ပိုင် ဖြေရှင်းနည်း ရှိပြီးသား ဖြစ်လိမ့်မည်။ သို့သော် စောစောက အရှင်မင်းကြီး၏ စိုးရိမ်နေသော ပုံစံကို ကြည့်ရလျှင် ဘာပြဿနာမှ ရှိလာမည် မဟုတ်ကြောင်း သိသာလှသည်။

ထို့ကြောင့် တုမားမားက ရှေ့တိုးလာပြီး ဒုတိယမင်းသားကို ပြောလိုက်လေသည်။

"သခင်မလေးလင် ကို အရှင်မင်းကြီး ကိုယ်တိုင် စောင့်ရှောက်ပေးနေပါတယ်... ဒုတိယမင်းသား စိတ်မပူပါနဲ့တော့... အနောက်ဆောင်ကို အရင်ပြန်ကြရအောင်ပါ... ဒီအစေခံက ဒုတိယမင်းသားကို မျက်နှာသစ်ပေးပြီး မနက်စာ စားဖို့ ပြင်ဆင်ပေးပါ့မယ်..."

သူတို့ အပြင်ထွက်လာသည်မှာ စောလွန်းသဖြင့် မနက်စာပင် မစားရသေးပေ။ မူလက ပြန်ရောက်မှသာ အတူတူ စားရန် စီစဉ်ထားခဲ့သော်လည်း ရုတ်တရပ် အရှင်မင်းကြီး ရောက်လာမည်ဟု မည်သူက သိထားမည်နည်း။

ဒုတိယမင်းသားက စိုးရိမ်တကြီးဖြင့် အခန်းထဲသို့ ကြည့်လိုက်သော်လည်း လှုပ်ရှားမှု အနည်းငယ်မျှပင် မတွေ့ရချေ။

ထို့ပြင် သုန်ယွီကျုံး နှင့် တုမားမားတို့ နှစ်ယောက်လုံးက အေးအေးလူလူ ဖျောင်းဖျနေကြသဖြင့် သူလည်း မချင့်မရဲဖြင့် ထွက်သွားရတော့သည်။

မထွက်သွားခင် သူက ပြောသွားခဲ့သေးသည်။

"တကယ်လို့ မယ်မယ်လင် နိုးလာရင်... ကျွန်တော့်ကို လာခေါ်ဖို့ လူလွှတ်လိုက်ပါဦး..."

"ဟုတ်ကဲ့ပါ... ဒီအစေခံ သိပါပြီ..."

ပြန်ဖြေလိုက်သူမှာ ချိုးမင် ဖြစ်ပြီး ယခုအချိန်တွင် သူ၏ မျက်နှာထားက ယခင်ကလိုပင် ပြုံးရယ်ခြင်း မရှိသော ပုံစံသို့ ပြန်လည် ရောက်ရှိသွားလေပြီ။

ရှအန်းကလည်း မအပေ။ ယခု အခြေအနေကို ကြည့်ရုံနှင့် သခင်မလေးက ဟန်ဆောင် မူးမေ့သွားခြင်း ဖြစ်မှန်း သိသာလှသည်။ ပြောရမည်ဆိုလျှင် သူမတို့အတွက် လုပ်ပေးခြင်း မဟုတ်လား။

သို့မဟုတ်လျှင် ကြိမ်ဒဏ် ဆယ်ချက် အရိုက်ခံရပါက ဒဏ်ရာက သက်သာမည် မဟုတ်ပေ။ သူမက ခဏစဉ်းစားလိုက်ပြီးနောက် သုန်ယွီကျုံး ကို ပြောလိုက်လေသည်။

"ကျွန်မ အရင်သွားပြီး သခင်မလေးအတွက် မနက်စာ နည်းနည်းလောက် ပြင်ဆင်လိုက်ပါ့မယ်... ဒီနေရာကိုတော့ သုန်ကုန်းကုန်း ကိုပဲ အပ်ခဲ့ပါရစေ..."

"သွားလေ သွားလေ..."

သုန်ယွီကျုံး က ဤအဆောင်ရှိ လူများကို ကြည့်လိုက်ရာ တစ်ယောက်စီက ဉာဏ်ကောင်းသည့် ပုံပေါက်သော်လည်း တကယ်တမ်းကျတော့ တုံးအလှသည်ဟု သုံးသပ်လိုက်လေသည်။ အရှင်မင်းကြီး ဘာကြောင့် ဤမျှ ဒေါသထွက်နေရသည်ကိုပင် နားမလည်ကြချေ။

ထို့ကြောင့် ချိုးမင်ကို မျက်ရိပ်ပြလိုက်ပြီးနောက် ဆရာတပည့် နှစ်ယောက်သား ခြံဝင်းထဲသို့ ထွက်သွားကာ တိတ်တဆိတ် စကားပြောနေကြတော့သည်။

"အရှင်မင်းကြီး ဟွေ့ဖန်းယာခြံဝင်း ကို မလာတာ ရက်ဘယ်လောက် ကြာနေပြီလဲ... ဘာဖြစ်လို့ မင်းတို့ထဲက တစ်ယောက်မှ လာမမေးရတာလဲ..."

သုန်ယွီကျုံး ၏ ထိုစကားကို ကြားသည်နှင့် ချိုးမင် ချက်ချင်း နားလည်သွားတော့သည်။

ပြဿနာက ဒီကနေ စတာကိုး။ အရှင်မင်းကြီးက သူတို့အားလုံးကို ကြည့်မရဖြစ်နေတာ မဆန်းပါဘူးလေ။ ဒါပေမဲ့ အရှင်မင်းကြီး အနားမှာ မင်ချန်ကျိုက် ပြုစုပေးနေတာ မဟုတ်ဘူးလား။ ဘာဖြစ်လို့များ...

"ဆရာ... အဲဒါက... သခင်မလေးက ကျွန်တော်တို့ကို မသွားခိုင်းလို့... ဒါကြောင့်ပါ..."

"အရှင်မင်းကြီး ဆီမှာ အမှုထမ်းလာတာ ဘယ်လောက်ကြာပြီလဲ... အရှင်မင်းကြီးရဲ့ စိတ်ကို မင်း နားမလည်သေးဘူးလား... သခင်မလေး ရှေ့မှာ နည်းနည်းပါးပါးလေးတောင် သတိမပေးဘူး... ငါပြောရရင်တော့ မင်းတို့ ဒီကြိမ်ဒဏ်ကို တကယ် အရိုက်ခံရရင်တောင် မမှားပါဘူးကွာ..."

ချိုးမင်မှာ ငြိမ်သက်သွားရသည်။ ယခုအချိန်တွင် ဆရာဖြစ်သူ သုန်ယွီကျုံး ၏ စကားက အမှန်တကယ် ယုတ္တိရှိလှသည်ဟု ခံစားနေရ၏။

သူက အခန်းသို့ တစ်ချက် ကြည့်လိုက်ပြီး စိတ်ထဲတွင်တော့ သခင်မလေး အဆင်ပြေပါစေဟုသာ တိတ်တဆိတ် ဆုတောင်းပေးနေရတော့သည်။

အခန်းထဲတွင် လူများ အကုန်ထွက်သွားသည်ကို မြင်မှသာ အရှင်မင်းကြီးက အေးစက်စက် နှာမှုတ်လိုက်ပြီး ပြောလေသည်။

"ဟန်ဆောင်မနေနဲ့တော့... ထတော့... ကိုယ်တော် အပြစ်မပေးတော့ဘူး..."

ထိုစကားကို ကြားသောအခါမှသာ လင်ဝမ်ယိက မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လာခဲ့သည်။ မျက်နှာပေါ်တွင် အားနာနာ အပြုံးလေးတစ်ခု ပေါ်လာပြီး အရှင်မင်းကြီးကို ကြည့်လိုက်သော်လည်း အရှင်မင်းကြီး၏ မျက်နှာထားကတော့ အတော်လေး ဆိုးရွားနေဆဲပင်။

မျက်ဝန်းထဲတွင် ဒေါသများလည်း ရှိနေသလို စိတ်ဆိုးနေမှုများလည်း ပါဝင်နေသည်။ သို့သော် အစကတည်းက ချုပ်တည်းထားပြီး ပေါက်ကွဲမထွက်လာခဲ့ခြင်းသာ ဖြစ်၏။

"အရှင်မင်းကြီး... ကျွန်တော်မျိုးမ နောက်မလုပ်ရဲတော့ပါဘူး... အရှင်မင်းကြီး စိတ်မဆိုးပါနဲ့တော့နော်..."

သူ့ရှေ့တွင် လင်ဝမ်ယိက ဤကဲ့သို့ ချွဲနွဲ့သည့်ပုံစံမျိုး လုပ်ပြခဲလှသည်။ ရုတ်တရက် အရှင်မင်းကြီး၏ ဒေါသများက ပေါက်ကွဲရမလိုလို မပေါက်ကွဲရမလိုလို ဖြစ်သွားတော့သည်။

ထို့ကြောင့် သူက မျက်နှာကို တင်းထားလိုက်ပြီး စကားတစ်ခွန်းမျှ မပြောတော့ချေ။ လင်ဝမ်ယိမှာလည်း အရှင်မင်းကြီးနှင့် တစ်ခါမှ ဤကဲ့သို့ စစ်အေးတိုက်ပွဲ မဆင်နွှဲဖူးပေ။

တစ်ချက်က အချိန်မရှိ၍ ဖြစ်ပြီး ဒုတိယအချက်က အခွင့်အရေး မရခဲ့၍ ဖြစ်သည်။ သို့သော် အရှင်မင်းကြီးက သူမ၏ ပြောစကားကို ဂရုမစိုက်ကြောင်း တွေ့သောအခါ သူမကလည်း ဆက်ပြောနေလျှင် အကျိုးမရှိနိုင်ဟု တွေးလိုက်မိသည်။

အကယ်၍ စကားမှားသွားလျှင် ဘယ်သူက ဒုက္ခရောက်မည်ကို မပြောနိုင်ပေ။ ထို့ကြောင့် သူမက လုံးဝ ပါးစပ်ပိတ်ထားလိုက်ပြီး အရှင်မင်းကြီး၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာသာ လှဲလျောင်းနေလိုက်တော့သည်။

သူမက စကားတစ်ခွန်းလေးတောင် ထပ်မပြောတော့သည်ကို မြင်သောအခါ အရှင်မင်းကြီးမှာ တကယ့်ကို ဒေါသလည်းထွက် သက်ပြင်းလည်းချရသည့် အခြေအနေ ဖြစ်သွားရသည်။

ထိုည‌တုန်းက သူက မိဖုရားခေါင်ကြီးရွှီ ၏ အတိတ်အကြောင်းများကို လင်ဝမ်ယိအား ပြောပြခဲ့သည်။ မူလကတော့ လင်ဝမ်ယိ တစ်ယောက် သူ့စိတ်ကို နားလည်ပြီး သူ့အနား ပို၍ နီးနီးကပ်ကပ် လာလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် သူမက အနည်းငယ်မျှပင် တုံ့ပြန်မှု မရှိချေ။ ထို့အပြင် ရွှီမိသားစု နောက်ကွယ်မှ ဘာတွေ ကြံစည်နေသည်ကို စုံစမ်းရဦးမည် ဖြစ်သဖြင့် သူက မင်ချန်ကျိုက် ကို ချီချင်းဆောင် သို့ မကြာခဏ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အပြင်ဘက်တွင် သတင်းများ ပျံ့နှံ့နေသည်မှာ ရက်အတော်ကြာနေပြီ ဖြစ်ရာ ကိုယ်လုပ်တော်တိုင်း စိတ်လှုပ်ရှားနေကြသည်သာတည်း။ သို့သော် ဤဟွေ့ဖန်းယာခြံဝင်း ထဲတွင်တော့ ထိုကိစ္စကို မသိသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

လူလွှတ်၍ လာမေးမြန်းခြင်း တစ်ကြိမ်မျှပင် မရှိခဲ့ပေ။ လင်ဝမ်ယိကို သူ အထင်သေးမိသွားပြီ။ အေးစက်စက်နိုင်ပြီး သွေးအေးလွန်းလှသည်။ ဘယ်လိုပဲ အနွေးဓာတ်ပေးပေး နွေးမလာတဲ့ မိန်းမပါလား။

ထိုအကြောင်းကို တွေးမိသောအခါ အရှင်မင်းကြီးက ပြောမည့်စကားကို မျိုချလိုက်ပြန်သည်။ နောက်တော့လည်း အတော်လေး မကျေမနပ်ဖြစ်လာသဖြင့် ပါးစပ်ဟကာ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်တော့သည်။

"ကိုယ်တော် ဒီရက်ပိုင်း မင်ချန်ကျိုက် ကို အိပ်ဆောင်ဝင်ခိုင်းခဲ့တယ်..."

လင်ဝမ်ယိမှာ ထူးဆန်းသွားရသည်။ အချိန်အကြာကြီး အောင့်ထားပြီးမှ ထွက်လာသည့်စကားက ဤတစ်ခွန်းတည်းသာ။

အရှင်မင်းကြီး၏ ဆိုလိုရင်းကို နားမလည်သဖြင့် သူမက စကားကို အလိုက်အထိုက်ပြောလိုက်လေသည်။

"မင်ချန်ကျိုက် က ညစာစားပွဲမှာ ကသွားတဲ့ အကက တကယ်ကို ကောင်းပါတယ်... အရှင်မင်းကြီး သဘောကျတာလည်း မဆန်းတော့ပါဘူး..."

"ကိုယ်တော်က သူ့ကို သဘောကျတယ်လို့ ဘယ်အချိန်က ပြောဖူးလို့လဲ... မိဖုရားခေါင်ကြီးရွှီ ကိစ္စကြောင့်လို့ မင်းကို စောစောကတည်းက ပြောထားတယ် မဟုတ်ဘူးလား..."

လင်ဝမ်ယိက အားနာနာဖြင့် ပြုံးလိုက်သည်။ သူမက စကားအလိုက်အထိုက် ပြန်ပြောလိုက်ခြင်းသာ မဟုတ်လား။ အရှင်မင်းကြီး၏ ဒေါသက တကယ်ကို ခန့်မှန်းရခက်ပြီး ပြုစုရ အလွန်ခက်ခဲလှသည်။

"ကျွန်တော်မျိုးမ သိပါတယ်... ဒါနဲ့... အရှင်မင်းကြီး ဘာတွေများ စုံစမ်းလို့ရပြီလဲ..."

"လောလောဆယ်တော့ ဘာမှ မရသေးဘူး..."

"အော်..."

စကားနည်းနည်းပါးပါးဖြင့်ပင် ဤအကြောင်းအရာက အဆုံးသတ်သွားပြန်သည်။

တစ်ခါတရံ အရှင်မင်းကြီးက သူမ တကယ်ပဲ နားမလည်တာလား၊ ဟန်ဆောင်နေတာလားဟုပင် သံသယဝင်မိသည်။ သူမက အလွန် ဉာဏ်ကောင်းသူ တစ်ယောက်ဖြစ်ပြီး ပုံမှန်အချိန်တွင် ဘာပြောပြော ချက်ချင်း သဘောပေါက်လွယ်သူ မဟုတ်လား။

ယနေ့တွင်တော့ ကော်ရည်လိုပင် ပို၍ပို၍ စေးကပ်နေလေသည်။ ထိုအချိန်တွင် လင်ဝမ်ယိက ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"အရှင်မင်းကြီး စောစောက ကျွန်တော်မျိုးမရဲ့ အမည်ရင်းကို ခေါ်လိုက်တာလား..."

"အင်း..."

"အရှင်မင်းကြီးက ဘယ်လိုလုပ် သိတာလဲ..."

အမှန်တကယ်တော့ အရှင်မင်းကြီးက နှစ်ကြိမ် ကြားဖူးခဲ့ခြင်း ဖြစ်သည်။ တစ်ကြိမ်က လင်ဝမ်ယိ ရေထဲကျသွားတုန်းက လင်ရှင်းကျစ် ကယ်ဆယ်စဉ် ယောင်ပြီး ခေါ်လိုက်ခြင်း ဖြစ်၏။

နောက်တစ်ကြိမ်ကတော့ ပထမသခင်ကြီးလင် သည် လင်ဝမ်ယိ အဆိပ်မိသွားကြောင်း သိလိုက်ရချိန်တွင် စိုးရိမ်တကြီးဖြင့် ခေါ်လိုက်ခြင်း ဖြစ်လေသည်။

စောစောကတော့ အရှင်မင်းကြီးကိုယ်တိုင်လည်း စိတ်ပူသွားပြီး သူမ သတိလစ်သွားသည်ကို မြင်သောအခါ ခန္ဓာကိုယ် တစ်ခုခု ဖြစ်သွားပြန်ပြီဟု ထင်ကာ အော်ခေါ်လိုက်ခြင်းသာ ဖြစ်သည်။

ယခု ရုတ်တရက် အမေးခံရသောအခါ အနည်းငယ်တော့ အနေရခက်သွားရသည်။ သို့သော် သူက မည်သို့ ဝန်ခံမည်နည်း။ ထို့ကြောင့် သူက ပြောလိုက်လေသည်။

"ဒီနန်းတော်ထဲက ကိစ္စတွေကို ကိုယ်တော်သာ သိချင်တယ်ဆိုရင်... ဘာမဆို လွယ်လွယ်သိနိုင်တာပဲ..."

ဧကရာဇ်မင်းမြတ်၏ အရှိန်အဝါနှင့် ဂုဏ်သိက္ခာများက ယခုအချိန်တွင် အကုန်အစင် ထုတ်ဖော်ပြသလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။

လင်ဝမ်ယိမှာ ဆွံ့အသွားရသည်။ အရှင်မင်းကြီး၏ တစ်လွဲမာနတွေက တကယ်ကို များပြားလှပေသည်။ နာမည်တစ်ခုလေးကို သူမက သိချင်လို့ မေးရုံသာ ရှိသေးသည်ကို ဧကရာဇ်မင်းမြတ်၏ စွမ်းဆောင်ရည်အထိတောင် ဆွဲထည့်သွားရသလား။

All Chapters