← Chapters

နွေးထွေးသော်လည်း အေးစက်သည်ဟု ခံစားရခြင်း

Vol. 16 Ch. 154

နွေးထွေးသော်လည်း အေးစက်သည်ဟု ခံစားရခြင်း

Vol. 16 Ch. 154

သို့သော် အရှင်မင်းကြီး၏ မျက်နှာထားမှာ ကြည့်ကောင်းမနေသည်ကို မြင်သောအခါ လင်ဝမ်ယိက ရင်ထဲမှ နားမလည်နိုင်မှုများကို ဖိနှိပ်ထားလိုက်ပြီး သူ့ကို အရင်ချော့မော့ရန်သာ ဆုံးဖြတ်လိုက်လေ၏။

"အမေက ကျွန်တော်မျိုးမကို ပြောဖူးတယ်… ဒီအိမ်ခေါ်နာမည်ကို အရင်းနှီးဆုံးလူကလွဲရင် ခေါ်ခွင့်မရှိဘူးတဲ့… အခု အရှင်မင်းကြီးက ကျွန်တော်မျိုးမရဲ့ နာမည်ကို ခေါ်လိုက်ပြီဆိုတော့… အရှင်မင်းကြီးက ကျွန်တော်မျိုးမရဲ့ အရင်းနှီးဆုံးလူ ဖြစ်သွားပြီပေါ့"

လင်ဝမ်ယိက ဤနည်းလမ်း သေချာပေါက် အလုပ်ဖြစ်မည်ဟု ထင်နေသည်။ ဒီရက်ပိုင်းအတွင်း အရှင်မင်းကြီးက အပျော့ဆွဲမှ ရတတ်ကြောင်း သူမ ရိပ်မိနေခဲ့ပြီ ဖြစ်၏။ ရှေ့လျှောက် နေ့ရက်များ ပိုမိုအဆင်ပြေစေရန် သူမအနေဖြင့် ချိုသာသော စကားများကို ပိုပြောသင့်ပေသည်။

ထင်သည့်အတိုင်းပင် သူမ၏ စကားကို ကြားပြီးနောက် အရှင်မင်းကြီးကို မျက်နှာထားမှာ စောစောကထက် အနည်းငယ် ကြည်လင်လာခဲ့ပြီ ဖြစ်၏။

"ကိုယ်တော် မင်ချန်ကျိုက်ကို အိပ်ဆောင်ဝင်ခိုင်းတာ ဘယ်နှရက်တောင် ရှိနေပြီလဲ… မင်းက လူတစ်ယောက်လွှတ်ပြီးတောင် လာမမေးဘူး… ကိုယ်တော် တခြားလူရဲ့ မြှူဆွယ်တာကို ခံလိုက်ရပြီး… မင်းလို သံယောဇဉ်ကင်းတဲ့ ကောင်မလေးကို မေ့သွားမှာ မကြောက်ဘူးလား"

လင်ဝမ်ယိက ပြုံးလိုက်သည်။ ဒါကို အရှင်မင်းကြီး မကျေနပ်နေတာကိုးဟု သူမ တွေးလိုက်မိ၏။ ခဏစဉ်းစားပြီးနောက် သူမက အရှင်မင်းကြီးကို အလိုက်တသိ လှမ်းဖက်လိုက်ပြီး သူ၏ ကိုယ်ပေါ်သို့ မှီချလိုက်လေသည်။ ထို့နောက် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်ချေသည်။

"အဲဒီညက အရှင်မင်းကြီး ကျွန်တော်မျိုးမကို ပြောခဲ့တဲ့ စကားတွေကို ကျွန်တော်မျိုးမ မှတ်ထားပါတယ်… အရှင်မင်းကြီးရဲ့ ဂရုစိုက်မှုကို ရတာနဲ့တင် ကျွန်တော်မျိုးမ ရင်ထဲမှာ အရမ်းကို ဝမ်းသာပြီး ကျေနပ်နေပါပြီ… ဒါပေမဲ့ အရှင်မင်းကြီးက ကျွန်တော်မျိုးမ တစ်ယောက်တည်းရဲ့ ခင်ပွန်း မဟုတ်ဘဲ မောင်းမဆောင်က ညီအစ်မတွေ အားလုံးရဲ့ ခင်ပွန်း ဖြစ်နေတယ်လေ… တကယ်လို့ ကျွန်မက ဒီကိစ္စကြောင့် ပြဿနာရှာမယ်ဆိုရင်… အခက်တွေ့မှာက အရှင်မင်းကြီးပဲ မဟုတ်ဘူးလား"

"အဲဒီအချိန်ကျရင် အရှင်မင်းကြီးက ကျွန်မကို အကျိုးအကြောင်း မသင့်ဘဲ ပြဿနာရှာတတ်တဲ့ မိန်းမလို့ ထင်ပြီး စိတ်ပျက်သွားမှာကို ကျွန်မ မလိုလားဘူး… အဲဒီလိုဆိုရင် ဘယ်လောက်ပဲ နက်ရှိုင်းတဲ့ သံယောဇဉ်ဖြစ်ဖြစ် တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားလိမ့်မယ်"

ပြောရင်းဆိုရင်းနှင့်ပင် လင်ဝမ်ယိ၏ နာမ်စားက 'ကျွန်တော်မျိုးမ' မှ 'ကျွန်မ' သို့ ပြောင်းလဲသွားခဲ့လေသည်။ အရှင်မင်းကြီးမှာလည်း စကားထဲတွင် နစ်မြောနေသဖြင့် ထိုအချက်ကို သတိမထားမိလိုက်ပေ။ အပြန်အလှန်အားဖြင့် သူက သူမကို ပို၍ တင်းကျပ်စွာ ဖက်ထားလိုက်ပြီး အချိန်အတော်ကြာမှ စကားဆိုလာတော့၏။

"တော်ဝင်မိသားစုရဲ့ လမ်းခရီးက စည်းစိမ်ဥစ္စာတွေ ပြည့်နှက်နေတယ် ထင်ရပေမဲ့ တကယ်တမ်းကျတော့ ရွှံ့နွံတွေနဲ့ ပြည့်နေတာပဲ… မင်း ကိုယ်တော်နဲ့အတူ ဒီဆူးချုံတွေကို ရှင်းလင်းပေးဖို့ ကိုယ်တော် မတောင်းဆိုပါဘူး… ဒါပေမဲ့ ကိုယ်တော့်ရဲ့ ပေးဆပ်မှုတွေကို မင်းဘက်က ဘာမှတုံ့ပြန်မှု မရှိတာမျိုးလည်း မဖြစ်စေချင်ဘူး… ချန်ချန်… ဒီမောင်းမဆောင်ကြီးက အေးစက်နေပါပြီ… ဟွေ့ဖန်းယာခြံဝင်းလေးပါ ဒီလိုမျိုး အေးစက်သွားမှာကို ကိုယ်တော် မလိုလားဘူး"

အရှင်မင်းကြီး ဤစကားကို ပြောနေချိန်တွင် သူ၏ ခန္ဓာကိုယ် အပူချိန်က ယခင်ကအတိုင်းပင် ရှိနေသေးသော်လည်း ဘာကြောင့်မှန်းမသိ လင်ဝမ်ယိမှာ သူ၏ ရင်ထဲမှ အေးစက်မှုကို ခံစားလိုက်ရပေသည်။ သူမ၏ ရင်ထဲ၌တွင်လည်း အေးစက်မှုကို ခံစားရ‌၏။

အရင်တုန်းက အမတ်ချုပ်အိမ်တော်မှာ ရှိစဉ်ကလည်း အေးစက်ခဲ့သည်။ ယခု နန်းတော်ထဲ ရောက်လာပြန်တော့လည်း ထိုနည်းတူ အေးစက်နေဆဲပင်။ မတူညီသည်မှာ အမတ်ချုပ်အိမ်တော်တွင် မိသားစုများ ရှိနေချိန်၌ သူမ နွေးထွေးခဲ့ရခြင်း ဖြစ်သည်။ သို့သော် နန်းတော်ထဲတွင်တော့…။

အကယ်၍ သူမက နွေးထွေးနေသာ နှလုံးသားကို အရှင်မင်းကြီးအား ပေးလိုက်လျှင် နောင်တစ်ချိန် အရှင်မင်းကြီးက အအေးမိနေသော နှလုံးသားတစ်ခုကို သူမထံ ပြန်ပေးလာလျှင် ဘယ်လိုလုပ်မည်နည်း။ နှလုံးသားဟူသည် တစ်ကြိမ် အေးစက်သွားပြီးပါက ပြန်လည် နွေးထွေးလာရန် မလွယ်ကူကြောင်း သိထားရမည် ဖြစ်၏။ ထိုအကြောင်းကို တွေးမိသောအခါ သူမက တိတ်ဆိတ်စွာပင် စကားမဆိုဘဲ နေလိုက်တော့သည်။

အရှင်မင်းကြီးအတွက်တော့ သူမက ရပ်နားရာ ဆိပ်ကမ်းတစ်ခု ဖြစ်နိုင်ပေသည်။ သို့သော် ဤသင်္ဘောကြီးက ဤနေရာတွင် ထာဝရ ရပ်နားနေမည် မဟုတ်ချေ။ လှိုင်းလေများကို ဖြတ်သန်းပြီး ပိုကောင်းမွန် ပိုသင့်တော်သော ဆိပ်ကမ်းနှင့် တွေ့ဆုံသွားချိန်တွင် သူမ ဤနေရာ၌ တည်ဆောက်ထားခဲ့သော တံတားများနှင့် ဆိပ်ခံများက အသုံးမဝင်တော့ပေ။

လင်ဝမ်ယိက ထိုသို့ဖြစ်လာမည်ကို မလိုလားသလို မနှစ်သက်ပေ။ ထို့ကြောင့် အရှင်မင်းကြီး၏ ဤစိတ်ကူးအပေါ် သူမ မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ချေ။ တစ်ယောက်၏ နှလုံးခုန်သံကို တစ်ယောက်က နားထောင်ရင်း နှစ်ယောက်သား စကားအများကြီး ထပ်မပြောဖြစ်ကြတော့ပေ။

သမားတော် အပြေးအလွှား ရောက်လာချိန်မှသာ အရှင်မင်းကြီးက လင်ဝမ်ယိကို ကုတင်ပေါ်သို့ အသာ ချပေးကာ အနားယူစေလိုက်သည်။ ရောက်လာသူမှာ တော်ဝင်သမားတော်သို့ ပင် ဖြစ်ပြီး အခန်းထဲ ဝင်လာချိန်တွင် အမောတကော ဖြစ်နေသေး၏။ အပြင်ဘက်ရှိ ရှောင်လုကျစ် မှာလည်း တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီး သူ၏ မျက်ဝန်းထဲရှိ စိုးရိမ်ပူပန်မှုများက အနည်းငယ်မျှ လျော့နည်းမနေခဲ့ပေ။

တော်ဝင်သမားတော်သို့က အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် အရှင်မင်းကြီးကို ဂါရဝပြုကာ ပြောလိုက်လေသည်။

"ဒီအောက်လက်ငယ်သားက အရှင်မင်းကြီးကို ဂါရဝပြုပါတယ်… အရှင်မင်းကြီး ကျန်းမာပါစေ… သခင်မလေးလင်ကိုလည်း ဂါရဝပြုပါတယ်… သခင်မလေး ကျန်းမာပါစေ"

"အင်း… ထပါတော့… လင်ချန်ကျိုက်ရဲ့ ခန္ဓာကိုယ်ကို သေချာစစ်ဆေးကြည့်လိုက်ဦး… ကုသဖို့ လိုတဲ့နေရာရှိရင် သေချာလေး ကုသပေးလိုက်ပါ"

တော်ဝင်သမားတော်သို့က ထိုစကားကို ကြားသောအခါ အနည်းငယ် နားမလည်နိုင် ဖြစ်သွားရသည်။ ရှောင်လုကျစ် သူ့ကို လာခေါ်စဉ်က မူးမေ့သွားသည်ဟု ပြောခဲ့သည် မဟုတ်လား။ ယခု အရှင်မင်းကြီးက ဘာကြောင့် စိုးရိမ်နေသည့်ပုံ မပေါ်ရသနည်း။

"ဟုတ်ကဲ့ပါ"

သူက ကုတင်ရှေ့သို့ ခြေလှမ်းသွက်သွက်ဖြင့် လျှောက်သွားလိုက်ပြီး ပိုးပဝါခံကာ လင်ဝမ်ယိ၏ သွေးခုန်နှုန်းကို သေချာစွာ စမ်းသပ်ကြည့်လိုက်သည်။ ခဏအကြာမှသာ သူက ပြောလာ၏။

"သခင်မလေးရဲ့ ခန္ဓာကိုယ်က တော်တော်လေး ကောင်းမွန်နေပါပြီ… အဆိပ်တွေလည်း တော်တော်များများ ကင်းစင်သွားပါပြီ… နန်းတော်ပြန်ရောက်တဲ့အချိန်ကျရင် လုံးဝ ပျောက်ကင်းသွားလောက်မှာပါ… အဲဒီအချိန်ကျရင် ဒီအောက်လက်ငယ်သားက သခင်မလေးအတွက် ခန္ဓာကိုယ် အားဖြည့်ပေးမဲ့ ဆေးညွှန်းတွေ ထပ်ရေးပေးပါ့မယ်… ရောဂါဆိုတာ တောင်ပြိုသလို ရုတ်တရက် ဝင်လာတတ်ပေမဲ့ ပျောက်ကင်းသွားဖို့ကတော့ ပိုးချည်ငင်သလို အချိန်ယူရပါတယ်… တကယ်လို့ နည်းနည်းပါးပါး ပြန်ဖြစ်လာရင်လည်း အရမ်းကြီး စိုးရိမ်ဖို့ မလိုပါဘူး"

သမားတော်၏ စကားကို ကြားပြီးနောက် အရှင်မင်းကြီးရော လင်ဝမ်ယိပါ တိတ်ဆိတ်သွားကြလေသည်။ လင်ဝမ်ယိ တိတ်ဆိတ်သွားခြင်းမှာ ဟန်ဆောင်ထားသည်မို့ သမားတော်ကို အပြေးအလွှား လာခိုင်းရသဖြင့် အားနာစိတ်ကြောင့် ဖြစ်၏။ အရှင်မင်းကြီး တိတ်ဆိတ်သွားခြင်းမှာမူ သူ လိုချင်သော အဖြေကို မရခဲ့သောကြောင့်သာတည်း။

ထို့ကြောင့် သူက ထိုနေရာတွင် ရပ်နေရင်း မျက်နှာထားက မှုန်မှိုင်းနေတော့သည်။ တော်ဝင်သမားတော်သို့မှာ သူတို့နှစ်ယောက်ကြားတွင် ညပ်နေသဖြင့် ချွေးအေးများ ထွက်လာခဲ့ရ၏။ ခန္ဓာကိုယ်ရှိ ရောဂါဝေဒနာများကို သူ ကုသနိုင်သော်လည်း ယောကျ်ားနှင့် မိန်းမကြားက ပြဿနာများကို ဖြေရှင်းပေးရန်မှာ သူ၏ စွမ်းဆောင်ရည်ပြင်ပတွင် ရှိနေပေသည်။

ထို့ကြောင့် သူက အတင်းသတ္တိမွေးကာ ပြောလိုက်ရလေသည်။

"ဒီအောက်လက်ငယ်သား အရင်သွားပြီး သခင်မလေးရဲ့ ဆေးညွှန်းထဲမှာ ပြင်ဖို့လိုတာ ရှိမရှိ သွားကြည့်လိုက်ပါဦးမယ်… ပြီးရင် သခင်မလေးအတွက် အားဖြည့်ဆေး နှစ်မျိုးလောက် ထပ်ထည့်ပေးလိုက်ပါ့မယ်… ဒါမှ ခန္ဓာကိုယ်ကို ပိုပြီး သေချာ ဂရုစိုက်နိုင်မှာပါ"

သူ ထိုစကားကို ပြောပြီးသည်နှင့် အရှင်မင်းကြီးထံမှ ခပ်ဖျော့ဖျော့ 'အင်း' ဟူသော အသံကိုသာ ရရှိလိုက်လေသည်။ တော်ဝင်သမားတော်သို့မှာ သေဒဏ်ကင်းလွတ်ခွင့် ရလိုက်သကဲ့သို့ ချက်ချင်းပင် အပြင်သို့ ထွက်ခွာသွားတော့၏။

သူ ထွက်သွားပြီးနောက် မူလကတည်းက တိတ်ဆိတ်နေသော အခန်းလေးမှာ အပ်ကျသံကိုပင် ကြားရလောက်အောင် ပို၍ တိတ်ဆိတ်သွားတော့သည်။ နှစ်ယောက်လုံးက အရင်စကားမပြောချင်ကြဘဲ အရင်စပြောသူက ရှုံးနိမ့်သွားမည်ကို စိုးရိမ်နေကြသည့်အလားပင်။

အချိန်ကိုက်ပင် သုန်ယွီကျုံး၏ အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာခဲ့လေသည်။

"အရှင်မင်းကြီး… သခင်မလေး… မနက်စာ ပြင်ဆင်ပြီးပါပြီ… အခု စားသုံးပါတော့မလား"

ဤစကားက သူတို့နှစ်ဦး၏ တိတ်ဆိတ်နေသော လေထုကို ပြေလျော့သွားစေခဲ့သည်။ အရှင်မင်းကြီးက ခဏစဉ်းစားလိုက်ပြီးနောက် အပြင်ဘက်သို့ လှမ်းပြောလိုက်လေ၏။

"ဝင်လာခဲ့"

"ဟုတ်ကဲ့ပါ"

ထို့နောက် ချိုးမင်၊ ရှအန်း၊ ချွမ်ချီနှင့် ရှောင်လုကျစ်တို့က တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြလေသည်။ သူတို့၏ လက်ထဲတွင် ပူနွေးနေသော မနက်စာများကို ကိုင်ဆောင်ထားကြ၏။ ပဲနို့၊ ပုစွန်ဖက်ထုပ်၊ နို့ကိတ်မုန့်နှင့် ကြွက်နားရွက်ဆန်ပြုတ်တို့ ပါဝင်လေသည်။

အရှင်မင်းကြီးက သူတို့အားလုံး ကြောက်ရွံ့တုန်လှုပ်နေကြသည့် ပုံစံကို မြင်ပြီး စောစောက လင်ဝမ်ယိ သူတို့ကို ကာကွယ်ရန်အတွက် ဟန်ဆောင်မူးမေ့ခဲ့သည်ကိုလည်း ပြန်လည် သတိရသွား၏။ သူ၏ ရင်ထဲတွင် ဒေါသထွက်နေဆဲ ဖြစ်သော်လည်း အပြစ်မတင်ချင်တော့ပေ။

"ဒီတစ်ခေါက် ကြိမ်ဒဏ်ကို မင်းတို့ မှတ်တမ်းမှာ မှတ်ထားလိုက်မယ်… နောက်တစ်ခါ လင်ချန်ကျိုက် သူ့ခန္ဓာကိုယ်သူ ဂရုမစိုက်တာကို ဒီလိုမျိုး ထပ်ပြီး အလိုလိုက်ထားဦးမယ်ဆိုရင် အားလုံး ယဲ့ယိုနန်းဆောင်ကို သွားပြီး အပြစ်ပေးခံဖို့သာ ပြင်ထားကြ"

"ဟုတ်ကဲ့ပါ"

ယဲ့ယိုနန်းဆောင်ကို ဖော်ပြလိုက်ချိန်တွင် အားလုံးသည် ကျောရိုးထဲမှ စိမ့်တက်သွားရသည်။ အထူးသဖြင့် ချွမ်ချီမှာ သူမ၏ လုပ်ရပ်အတွက် အလွန်အမင်း နောင်တရနေမိ၏။ တော်သေးသည်က အရှင်မင်းကြီးက ဆက်ပြီး အပြစ်မရှာတော့ခြင်းပင်။ သို့မဟုတ်လျှင် သူမ၏ အသက်လေး လုံခြုံပါမည်လား ဆိုသည်မှာ ပြောရခက်ပေသည်။

လင်ဝမ်ယိမှာလည်း ကုတင်ပေါ်တွင် ဆက်ပြီး ဟန်ဆောင်နေရန် မကောင်းတော့သဖြင့် ထလာကာ ယခင်ကအတိုင်း အရှင်မင်းကြီးအား မနက်စာ သုံးဆောင်ရန် ပြုစုပေးလိုက်လေသည်။ သို့သော် ယခုတစ်ခေါက်တွင်တော့ သူတို့နှစ်ယောက်ကြားရှိ လေထုက ယခင်ကလို ရင်းနှီးမှု မရှိတော့ဘဲ စိမ်းသက်မှု အနည်းငယ် တိုးလာခဲ့လေပြီ။

သုန်ယွီကျုံးက အားလုံးကို မြင်နေရသော်လည်း ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး မည်သည့်စကားမျှမဆိုခဲ့ပေ။ အရှင်မင်းကြီး စားသောက်ပြီး ဟွေ့ဖန်းယာခြံဝင်းမှ ထွက်ခွာမည့် အချိန်ရောက်မှသာ သူက အခွင့်အရေးရှာပြီး လင်ဝမ်ယိကို စကားအနည်းငယ် ဝင်ပြောလိုက်လေသည်။

"သခင်မလေး… ဒီအစေခံ စကားများတာကို ခွင့်လွှတ်ပါ… မင်ချန်ကျိုက်က အမိန့်တော်ရပြီး နေ့တိုင်း ချီချင်းဆောင်ကို သွားနေရပေမဲ့… အရှင်မင်းကြီးရဲ့ အနားကိုတောင် သိပ်မကပ်ရပါဘူး… စာရေးကိရိယာလေး တစ်ခါပဲ ပြင်ပေးဖူးတာပါ… နေ့တိုင်း ဘေးဘက်ဆောင်မှာ ထိုင်နေပြီး ချက်ချင်း ပြန်အပို့ခံရတာချည်းပါပဲ"

သူက ထိုစကားကို ပြောပြီးနောက် လင်ဝမ်ယိကို နက်နက်နဲနဲ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် အရှင်မင်းကြီး၏ နောက်သို့ အပြေးအလွှား လိုက်သွားတော့၏။

All Chapters