← Chapters

လူနှစ်ဦးကြားရှိ သံယောဇဉ်

Vol. 16 Ch. 155

လူနှစ်ဦးကြားရှိ သံယောဇဉ်

Vol. 16 Ch. 155

လင်ဝမ်ယိက ထိုစကားများကို ကြားသိပြီးနောက် ရုတ်တရက် မည်သို့ လုပ်ရမည်ကို မသိတော့ချေ။ မူလက အလွန်ကောင်းမွန်နေသော စိတ်ခံစားချက်များက ဤကိစ္စကြောင့် တိမ်မည်းများ ဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်သွားရလေသည်။

အပြင်ဘက်ရှိ ကောင်းကင်ကြီးက တစ်စထက်တစ်စ ပို၍ လင်းထိန်လာပြီး နေရောင်ခြည်က ဟွေ့ဖန်းယာခြံဝင်း တစ်ခုလုံးသို့ ဖြာကျလာသည်အထိပင် လင်ဝမ်ယိက စင်္ကြံလမ်းတွင် ရပ်ကာ အနီရောင် ဆေးသုတ်ထားသော တိုင်ကို မှီပြီး မလှုပ်မယှက် ရှိနေဆဲပင်။ ပုံမှန် အချိန်မျိုးဆိုလျှင် သူမက ပန်းပင်များကို ရေလောင်းနေလောက်ပြီ ဖြစ်၏။ ယနေ့လိုမျိုး တစ်ကိုယ်လုံး နေရထိုင်ရ ခက်ခဲနေမည် မဟုတ်ပေ။

သုန်ယွီကျုံး မထွက်သွားခင် သူမကို ပြောခဲ့သော စကားများက သူမ၏ ရင်ကို အလွန်ထိမိစေခဲ့ကြောင်း ဝန်ခံရမည် ဖြစ်သည်။ သူမ၏ အတွေးထဲတွင် အရှင်မင်းကြီးက သူမကို ဤမျှ‌လောက် အလေးထားလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မမျှော်လင့်ခဲ့ဖူးချေ။

ငယ်စဉ်ကတည်းက သူမ ထိတွေ့ဆက်ဆံခဲ့ဖူးသော လူများထဲတွင် မိဘနှစ်ပါးနှင့် ဘိုးဘိုးတို့ မိသားစုမှလွဲ၍ ဤကဲ့သို့ ဇနီးမောင်နှံ သံယောဇဉ်မျိုး သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

သူမက လက်ရှိ ဧကရာဇ်မင်းမြတ်နှင့် ဇနီးမောင်နှံ သံယောဇဉ် အကြောင်း ပြောဆိုရန် မည်သည့် အရည်အချင်းများ ရှိနေ၍နည်း။ တကယ်ဆိုလျှင် ယခု နန်းတော် တစ်ခုလုံးရှိ ကိုယ်လုပ်တော်များအားလုံးက သူ၏ မယားငယ်များသာ ဖြစ်ကြသည်။ သူနှင့် အမှန်တကယ် ဇနီးမောင်နှံဟု ခေါ်ဆိုနိုင်သူမှာ ကွယ်လွန်သွားသော မိဖုရားခေါင်ကြီးရွှီ တစ်ဦးတည်းသာ ရှိပေသည်။

သို့သော် နန်းတွင်း ဝင်လာကတည်းက အရှင်မင်းကြီးက သူမကို သူ၏ ရင်တွင်းစကားများ အကြိမ်ကြိမ် ပြောပြခဲ့သည်။ တစ်ကြိမ်က သူမ၏ မောင်လေး အရိုက်ခံရသည်ကို သိလိုက်ရချိန် လင်ကွေ့ဖေးကို ရှင်းလင်းပြီးနောက် သူမကို လာရောက် နှစ်သိမ့်ပေးချိန် ဖြစ်၏။ နောက်တစ်ကြိမ်က လရောင်အောက်တွင် သူမနှင့် စကားပြောရင်း အတိတ်အကြောင်းများကို ရင်ဖွင့်ခဲ့ချိန် ဖြစ်သည်။ နောက်ထပ် တစ်ကြိမ်ကတော့ ယနေ့ပင် ဖြစ်ချေသည်။

သူက မောင်းမဆောင်၏ အခက်အခဲများကို ဖြေရှင်းရသော်လည်း သူမ၏ လက်ကို လွှတ်ပေးခြင်းမျိုး မရှိပေ။ တစ်ကြိမ်ပြီးတစ်ကြိမ် အရှင်မင်းကြီးက ရှေ့သို့ တစ်လှမ်းတိုးလာတိုင်း သူမက အမြဲတမ်း တုံ့ဆိုင်းနေပြီး ရှေ့သို့ တိုးရန် ငြင်းဆန်နေခဲ့သည်။ တုံ့ပြန်ရန် မစွမ်းသာခြင်း သို့မဟုတ် တစ်ခုခုကို စိုးရိမ်နေခြင်းကြောင့် ဖြစ်ပေမည်။

တွေးလေတွေးလေ ပို၍ ခံစားရခက်လေ ဖြစ်လာပြီး ရင်ထဲမှ အဖုအထစ်က ဖြေရှင်း၍ မရနိုင်သလို ဖြစ်လာတော့သည်။ သူမက သက်ပြင်း အကြိမ်အကြိမ် ချနေသဖြင့် သူမ၏ အနောက်တွင် ပြုစုနေသော ရှအန်းကိုပင် အလွန်အမင်း စိတ်ပူသွားစေခဲ့လေသည်။

တုမားမား ရောက်လာချိန်တွင် မြင်တွေ့လိုက်ရသည်မှာ ဤမြင်ကွင်းပင် ဖြစ်သည်။ ဘေးမှ ကြည့်လိုက်လျှင် လက်ရှိ လင်ချန်ကျိုက်နှင့် ထိုစဉ်က ရှန်းဖေးမယ်မယ်တို့ မည်သို့ ကွာခြားမှု ရှိပါသနည်း။ ဤနန်းတော်ကြီးထဲတွင် အချစ်မေတ္တာ အနည်းငယ်မျှပင် နေရာမရှိနိုင်တော့ဘူးလား။ အနည်းငယ် သံယောဇဉ် ရှိနေသော မိန်းမတိုင်းက နောက်ဆုံးတွင် အချစ်ကြောင့် အခက်တွေ့ပြီး အသက်ဆုံးရှုံးရမည်လား။

သူမ၏ အတွေးများက အတိတ်က အမှတ်တရ မြောက်မြားစွာကြောင့် ပြတ်တောက်သွားခဲ့ရသည်။ ခဏအကြာတွင် သူမက စဉ်းစားလိုက်ပြီးနောက် မျက်ဝန်းများတွင် ပြတ်သားမှုများ ပေါ်လွင်လာကာ ရှေ့သို့ လျှောက်သွားပြီး လင်ဝမ်ယိကို ဂါရဝပြုလိုက်လေသည်။

"ဒီအစေခံ သခင်မလေးကို ဂါရဝပြုပါတယ်"

"တုမားမား… ဘယ်လိုလုပ် ရောက်လာတာလဲ"

လင်ဝမ်ယိမှာ သူမ၏ နှောင့်ယှက်မှုကြောင့်သာ ကိုယ့်အတွေးထဲမှ ရုန်းထွက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

"ဒုတိယမင်းသားက စောစောထထားလို့ ထင်တယ်… အခု ပြန်အိပ်ပျော်သွားပြီ… ဒီအစေခံရဲ့ လက်ထဲမှာ ပစ္စည်းတစ်ခု ရှိတယ်… စဉ်းစားကြည့်လိုက်တော့ သခင်မလေးလင်ကို ပြလိုက်တာ ပိုကောင်းမယ်လို့ ထင်လို့ပါ"

ပစ္စည်း ဟုတ်လား။

လင်ဝမ်ယိ အတော်လေး စိတ်ဝင်စားသွားသည်။ သို့သော် တုမားမားက ငြိမ်နေသေးသည်ကို မြင်သောအခါ လင်ဝမ်ယိက ရှအန်းကို ပြောလိုက်လေသည်။

"နင် ခြံဝင်းအပြင်ဘက်မှာ စောင့်နေလိုက်… တုမားမား ကျွန်မနဲ့ အထဲဝင်ပြီး စကားပြောရအောင်"

"ဟုတ်ကဲ့ပါ"

သူတို့နှစ်ယောက် အခန်းထဲသို့ ဝင်သွားပြီးနောက် ရှအန်းက တံခါးကို ပိတ်ပေးလိုက်သည်။ ထို့နောက် အသိစိတ်ဖြင့် စင်္ကြံသို့ ထွက်လာခဲ့ရာ အတွင်းမှ စကားပြောသံများကို ကြားရတော့မည် မဟုတ်ပေ။ လင်ဝမ်ယိက ထိုင်ခုံဝိုင်းပေါ်တွင် ထိုင်လိုက်ပြီး တုမားမားကို တိတ်ဆိတ်စွာ ကြည့်နေလိုက်၏။

ထို့နောက်မှသာ တုမားမားက တစ်ခုခုကို ဆုံးဖြတ်လိုက်သကဲ့သို့ ရင်ခွင်ထဲမှ ပိုးပဝါ တစ်ထည်ကို ထုတ်ယူလိုက်လေသည်။ ဤပိုးပဝါက သာမန် လက်ကိုင်ပဝါများထက် အနည်းငယ် ပိုကြီးပြီး အသားက ကြည့်လိုက်ရုံနှင့် အကောင်းစား ဖူကွမ်းပိုးချည် မှန်း သိသာလှသည်။

လင်ဝမ်ယိ လှမ်းယူပြီး ကြည့်လိုက်ရာ အပေါ်တွင် ရေတံခွန်နှင့် တောင်တန်း ပန်းချီကားတစ်ချပ်ကို ပန်းထိုးထားကြောင်း တွေ့လိုက်ရသည်။ ထိုပန်းချီကားက အရင်က အရှင်မင်းကြီး သူမအတွက် ဆွဲပေးခဲ့သော ပန်းချီကားနှင့် အနည်းငယ် ဆင်တူနေသယောင် ရှိ၏။ မတူညီသည်မှာ တစ်ခုက ပို၍ ခံ့ညားထည်ဝါပြီး နောက်တစ်ခုကတော့ ပို၍ သိမ်မွေ့နူးညံ့နေခြင်းသာ ဖြစ်သည်။

လင်ဝမ်ယိ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရသည်။ ဒါက မိဖုရားခေါင်ကြီးရွှီရဲ့ အသုံးအဆောင်ဟောင်းများ ဖြစ်နေမလား။ တုမားမား က ဒီပစ္စည်းကို သူမဆီ ယူလာတာက သူမကိုယ်သူမ အစားထိုးခံတစ်ခုသာ ဖြစ်ကြောင်း သတိပေးချင်လို့များလား။ ရုတ်တရက် စိတ်ခံစားချက်များက ရှုပ်ထွေးသွားရသည်။ သူမ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုနေရမည်ကိုပင် မသိတော့ချေ။

သို့သော် လင်ဝမ်ယိ ထိုအရာများကို သေချာ မတွေးရသေးခင်မှာပင် တုမားမားက စကားစပြောလာခဲ့လေပြီ။

"ဒီအစေခံက အရင်တုန်းက ရှန်းဖေးမယ်မယ်ကို ပြုစုပေးခဲ့တဲ့ နို့ထိန်းပါ… အရှင်မင်းကြီး မွေးကတည်းက ရှန်းဖေးမယ်မယ်က ဒီအစေခံကို အရှင်မင်းကြီးကို ပြုစုစောင့်ရှောက်ဖို့ စေလွှတ်ခဲ့တာပါ… အခုဆိုရင် အနှစ် ၂၀ ကျော်လောက် ရှိပါပြီ"

ဤကိစ္စကို လင်ဝမ်ယိက စောစောကတည်းက သိထားခဲ့ပြီး ဖြစ်သည်။ အရှင်မင်းကြီးက သူမကို တစ်စွန်းတစ်စ ပြောပြဖူးခဲ့သည် မဟုတ်လား။ သို့သော် ဤနှစ်လချို့ အတိတ်ဇာတ်လမ်းများနှင့် ဤပဝါက ဘာများ သက်ဆိုင်နေသည်ကို လင်ဝမ်ယိ နားမလည်နိုင်ပေ။ သို့သော် သူမက စိတ်ရှည်လက်ရှည်ဖြင့် တုမားမား ဆက်ပြောမည့် စကားများကို နားထောင်နေလိုက်၏။

"ဒီပိုးပဝါက ရှန်းဖေးမယ်မယ်ရဲ့ အသုံးအဆောင်ဟောင်းပါ… အဲဒီတုန်းကသာ ပန်းထိုးလို့ ပြီးခဲ့မယ်ဆိုရင်… ရှန်းဖေးမယ်မယ် ကွယ်လွန်သွားတာနဲ့အတူ တော်ဝင်ဂူဗိမာန်ထဲကို အတူတူ မြှုပ်နှံလိုက်လောက်ပြီ"

စကားဆုံးသည်နှင့် လင်ဝမ်ယိက ထိုပဝါကို ယူကာ ထပ်မံ၍ သေချာစွာ ကြည့်လိုက်လေသည်။ တကယ်ပင် တောင်နှင့် ရေတံခွန် နေရာအချို့နှင့် အရောင်စပ်ထားမှုများတွင် မပြီးပြတ်သေးကြောင်း သိသာနေပေသည်။

ထို့ကြောင့် သူမက မေးလိုက်တော့၏။

"ဒါဆို ရှန်းဖေးမယ်မယ်က ပန်းထိုးလည်း ကျွမ်းကျင်တာပေါ့"

"အင်း… ပန်းထိုးတာ တစ်ခုတည်း မဟုတ်ပါဘူး"

ရှန်းဖေးမယ်မယ် အကြောင်းကို ပြောလိုက်ချိန်တွင် တုမားမား၏ အမြဲတမ်း တည်ကြည်နေသော မျက်နှာထားက ရုတ်တရက် နူးညံ့သွားလေသည်။ သူမက အမှတ်တရများကို တွေးတောရင်း စကားစပြောလာတော့၏။

"ရှန်းဖေးမယ်မယ်က တစ်ချိန်တုန်းက ဒီလောကမှာ အကောင်းဆုံး မိန်းကလေးပါ… သူက စိတ်ထားဖြူစင်ပြီး ရုပ်ရည်ရော အရည်အချင်းပါ ပြည့်စုံတယ်… စောင်းတီးတာ၊ စစ်တုရင်ထိုးတာ၊ စာရေးတာ၊ ပန်းချီဆွဲတာ၊ သီချင်းဆိုတာ၊ ကတာ၊ ပန်းထိုးတာတွေ အားလုံးကို ကျွမ်းကျင်တယ်… အဲဒီတုန်းက သခင်ကြီးနဲ့ သခင်မ ရှိနေသေးတဲ့ အချိန်မှာ သူ့ကို လိမ္မာအောင် ပြုစုပျိုးထောင်ပေးခဲ့တာ…"

"ဒီအစေခံက ရှန်းဖေးမယ်မယ် ကို အရပ်ထဲက သာမန် မိသားစုတစ်ခုက ဂုဏ်သရေရှိတဲ့ ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ပြီး တစ်သက်လုံး အေးအေးချမ်းချမ်း ဖြတ်သန်းသွားမယ်လို့ ထင်ခဲ့တာ… ဒါပေမဲ့ ယခင်ဧကရာဇ်ရဲ့ အရှေ့ဘက်ကို တိုင်းခန်းလှည့်လည်တဲ့ အချိန်မှာ သူ့ဘဝရဲ့ အကြီးမားဆုံး မမျှော်လင့်ထားတဲ့ အရာ ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး"

"ရှန်းဖေးမယ်မယ်ကို ယခင်ဧကရာဇ်က မြင်မြင်ချင်း သဘောကျသွားပြီး ချက်ချင်းပဲ နန်းတွင်းကို ရွေးချယ်ခေါ်ဆောင်သွားခဲ့တာ… အဲဒီအချိန်ကစပြီး သုံးနှစ်အတွင်းမှာပဲ သာမန် မယ်မယ်လေး တစ်ယောက်ဘဝကနေ တစ်ဦးတည်း မျက်နှာသာပေးခံရတဲ့ ရှန်းဖေးမယ်မယ် ဖြစ်လာခဲ့တယ်… မောင်းမဆောင်ထဲမှာ မနာလိုမဖြစ်တဲ့သူ မရှိဘူး… ဒါပေမဲ့ သူတို့ မနာလိုလည်း ဘာမှမတတ်နိုင်ဘူးလေ… ဘာလို့လဲဆိုတော့ ယခင်ဧကရာဇ်က မယ်မယ့် အပေါ်မှာပဲ သံယောဇဉ်ရှိပြီး သစ္စာရှိခဲ့လို့ပဲ"

"အစပိုင်းမှာတော့ နေ့ရက်တွေက စိတ်အေးချမ်းစရာ ကောင်းခဲ့ပါတယ်… အခက်အခဲလေးတွေ ရှိပေမဲ့ ယခင်ဧကရာဇ်က ရှန်းဖေးမယ်မယ်ကို အမြဲတမ်း ကာကွယ်ပေးခဲ့တယ်… အရှင်မင်းကြီး မွေးဖွားလာတဲ့အချိန်အထိပဲ… အရာအားလုံးက ပြောင်းလဲသွားခဲ့တယ်"

တုမားမားက ပြောနေရင်းနှင့် သူမ၏ မျက်ဝန်းများက နူးညံ့နေရာမှ စူးရှထက်မြက်လာလေသည်။

"အရှင်မင်းကြီးက ယခင်ဧကရာဇ်ရဲ့ ပထမသားတော်လေ… အဲဒီတုန်းက မိဖုရားခေါင်ကြီးက နန်းတွင်း ဝင်လာတာ နှစ်အတော်ကြာပြီဖြစ်ပေမဲ့ မင်းသမီး နှစ်ပါးပဲ မွေးဖွားခဲ့တာ… အခု မနည်း မျှော်လင့်ထားရတဲ့ မင်းသားတစ်ပါး ရလာတော့ သူ့ရဲ့ တရားဝင်သားတော် အဖြစ် မွေးစားချင်တာ သဘာဝပဲလေ… သနားစရာ ရှန်းဖေးမယ်မယ် က ကလေးမွေးပြီးကတည်းက ခန္ဓာကိုယ်က သိပ်မကောင်းတော့ဘူး… အဲဒါအပြင် မိဖုရားခေါင်ကြီးရဲ့ အမေဘက်က ဆွေမျိုးတွေနဲ့ တစ်တိုင်းပြည်လုံးက အမတ်တွေက ဆက်တိုက် တင်ပြတောင်းဆိုကြတော့… နောက်ဆုံးတော့ အရှင်မင်းကြီးကို သူ့ရဲ့ နန်းဆောင်ကို ပို့ပြီး မွေးစားခိုင်းလိုက်ရတယ်"

"အဲဒီလို မွေးစားလိုက်တာ နှစ်ပေါင်းများစွာ ကြာခဲ့တယ်… ရှန်းဖေးမယ်မယ်မှာ နာမည်ဂုဏ်သတင်းနဲ့ ယခင်ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုတွေ ရှိပေမဲ့… အတူတူ အိုမင်းသွားတဲ့အထိ နေရမယ့် ကံမပါခဲ့ဘူး… ဒါကြောင့် အရှင်မင်းကြီး အသက် ငါးနှစ် ပြည့်တဲ့အချိန်မှာ ကွယ်လွန်သွားခဲ့တယ်… သူ မကွယ်လွန်ခင် ဒီအစေခံရဲ့ လက်ကို ဆွဲပြီး အထပ်ထပ်အခါခါ မှာကြားခဲ့တယ်… အရှင်မင်းကြီးကို သေချာ စောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့တာ"

"ဒီအစေခံက… ဒီအစေခံကလည်း အရှင်မင်းကြီးကို အသက်နဲ့ရင်းပြီး ကာကွယ်ပေးရမှာပေါ့"

ဤနှစ်ကာလကြာရှည်ခဲ့ပြီဖြစ်သော အတိတ်ဇာတ်လမ်းများက တုမားမား၏ ပါးစပ်မှ တရဟော ထွက်ကျလာခဲ့သည်။ ဝေးကွာလွန်းလှပြီဖြစ်သော ခံစားချက်မျိုး ရှိနေသော်လည်း တစ်ချိန်တည်းမှာပင် နောင်တတရားများဖြင့် ပြည့်နှက်နေပေသည်။

အော်… မိခင်ကို ဖယ်ရှားပြီး သားကို ထားရစ်ခဲ့တဲ့ ဇာတ်ကွက်က သူမ တစ်ယောက်တည်း အပေါ်မှာတင် ဖြစ်ပေါ်လာတာ မဟုတ်ပါလား။ ရှန်းဖေးမယ်မယ် လို မျက်နှာသာပေးခံရသူတောင်မှ ဒီလိုအခြေအနေမျိုးကို ဖြတ်သန်းခဲ့ရသေးတာ… မဆန်းပါဘူးလေ။ အရှင်မင်းကြီးက နန်းတွင်း ဝင်လာကတည်းက သူမအပေါ် အမြဲတမ်း တခြားသူများနှင့် မတူကွဲပြားနေခဲ့တာ။ ဖြစ်နိုင်တာက သူက သူမဆီမှာ ရှန်းဖေးမယ်မယ် ရဲ့ အတိတ်က အားကိုးရာမဲ့မှုနဲ့ ရုန်းကန်ခဲ့ရမှုတွေကို မြင်ယောင်နေလို့များလား။ ဟင်း…။

All Chapters