← Chapters

တင်းမာသောမာန

Vol. 16 Ch. 156

တင်းမာသောမာန

Vol. 16 Ch. 156

တုမားမားက မျက်ထောင့်မှ မျက်ရည်များကို သုတ်လိုက်ပြီးနောက် ခဏမျှ စိတ်ခံစားချက်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ ထို့နောက်မှ ဖြည်းဖြည်းချင်း ဆက်ပြောလာတော့၏။

"ပြောရမယ်ဆိုရင် ယခင်ဧကရာဇ်က ရှန်းဖေးမယ်မယ် အပေါ်ထားတဲ့ သံယောဇဉ်က တကယ်ကို နက်ရှိုင်းပါတယ်… ရှန်းဖေးမယ်မယ် ကွယ်လွန်ပြီးနောက် ယခင်ဧကရာဇ်လည်း ဖျားနာသွားခဲ့တယ်… ခန္ဓာကိုယ်က တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာပြီး အရှင်မင်းကြီး အသက် ရှစ်နှစ်ရောက်တဲ့နှစ်မှာ တကယ်ကို တောင့်မခံနိုင်တော့ဘူး… ဒါကြောင့် အရာအားလုံးကို သေချာ မှာကြားခဲ့ပြီး သူလည်း နတ်ရွာစံသွားခဲ့တယ်"

"အဲဒီနောက်ပိုင်းကစပြီး အရှင်မင်းကြီးမှာ ဆွေမျိုးဆိုလို့ တစ်ယောက်မှ မရှိတော့ဘူး… မယ်တော်ကြီးက အရှင်မင်းကြီးအပေါ် ချစ်ခင်တာထက် တင်းကျပ်တာက ပိုများတယ်… ညီလာခံက အမတ်တွေကလည်း သူတို့ရဲ့ ရာထူးကို အားကိုးပြီး အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်တွေကို အမြဲ ဝင်စွက်ဖက်ကြတယ်… အဲဒီလို နေ့ရက်တွေကို နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရပြီး မိဖုရားခေါင်ကြီးရွှီ နန်းတွင်း ဝင်လာပြီး လက်ထပ်ပြီးမှသာ အရှင်မင်းကြီးလည်း အနည်းငယ် သက်သာသွားခဲ့တာပါ"

လင်ဝမ်ယိက အသံတစ်ချက်မျှ မထွက်ဘဲ တိတ်ဆိတ်စွာ နားထောင်နေလိုက်သည်။

"မိဖုရားခေါင်ကြီးရွှီက အရင်က ရှန်းဖေးမယ်မယ်နဲ့ အရမ်းတူတယ်… ဒါပေမဲ့ သူက နယ်စားမင်းအိမ်တော်မှာ မွေးဖွားလာတာဆိုတော့ တစ်တိုင်းပြည်လုံးရဲ့ မိခင်ဆိုတဲ့ အသွင်အပြင် ပိုရှိတယ်… သူက အရည်အချင်းရော ရုပ်ရည်ပါ ပြည့်စုံပြီး မောင်းမဆောင်ကို အုပ်ချုပ်ရာမှာလည်း အရမ်းကို တော်တယ်… အရင်ဆုံး အရှင်မင်းကြီးကို တကယ့် အာဏာရလာအောင် ကူညီပေးခဲ့ပြီး နောက်တော့ အကြီးဆုံးမင်းသားကို မွေးဖွားပေးခဲ့တယ်"

"အရှင်မင်းကြီး ဆင်းရဲဒုက္ခတွေ ပြီးဆုံးပြီး ချမ်းသာသုခ ရလာပြီလို့ ထင်ရပေမဲ့… ကံကြမ္မာက မျက်နှာသာ မပေးဘူးလို့ ဘယ်သူက ထင်မှာလဲ… သာမန် အအေးမိရောဂါလေး တစ်ခုက အကြီးဆုံးမင်းသားကို ခေါ်ဆောင်သွားခဲ့တယ်… အဲဒီနောက် နယ်စားမင်းရွှီလည်း ရောဂါနဲ့ ကွယ်လွန်သွားပြန်ရော… ဒီလို ဆက်တိုက် ရိုက်ခတ်လာတဲ့ ဒဏ်တွေကြောင့် မိဖုရားခေါင်ကြီးရွှီရဲ့ ခန္ဓာကိုယ်က ရုတ်တရက် အင်အား ကျဆင်းသွားခဲ့တယ်… အဲဒီအချိန်ကစပြီး ချန်လဲ့နန်းဆောင် ထဲမှာ ဆေးနံ့တွေ မပြတ်တော့ဘူး… မိဖုရားခေါင်ကြီးရွှီ ကွယ်လွန်သွားတဲ့အထိပဲ"

လင်ဝမ်ယိက နောက်ပိုင်း ကိစ္စများကိုတော့ လင်ကွေ့ဖေး ပြောပြဖူးသဖြင့် ကြားဖူးထားပြီး ဖြစ်သည်။ ယခုအချိန်တွင် ကြားလိုက်ရတော့မှသာ သူမက အလွန် တိုက်ဆိုင်လွန်းနေသည်ဟု ခံစားလိုက်ရ၏။ ရွှီမိသားစု၏ ညီလာခံနှင့် မောင်းမဆောင် အတွင်းရှိ အခြေခံအုတ်မြစ်များက တစ်ခုပြီးတစ်ခု နုတ်ပယ်ခံလိုက်ရသဖြင့် ပြန်လည် မထူမတ်နိုင်တော့သည်မှာ မဆန်းတော့ပေ။ ဖြစ်နိုင်သည်မှာ မိဖုရားခေါင်ကြီးရွှီ ကလည်း ထိုအထဲမှ ပြဿနာကို နားလည်သွားပြီး မိသားစုကို ဤပဋိပက္ခများထဲတွင် မပါဝင်စေရန် ကာကွယ်လိုသောကြောင့် သူမတို့ မိသားစုမှ မိန်းကလေးများကို နန်းတွင်း ရွေးချယ်ပွဲသို့ မဝင်ခိုင်းရန် သေတမ်းစာ ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

တုမားမားက ပြောနေရင်းနှင့် လင်ဝမ်ယိ၏ မျက်နှာထားကို အကဲခတ်ကြည့်နေလေသည်။ သို့သော် သူမက အေးဆေးတည်ငြိမ်စွာပင် ရှိနေသေးသည်ကို မြင်သောအခါ ရင်ထဲတွင် အနည်းငယ်တော့ စိတ်သက်သာရာ ရသွားတော့၏။ သူမက နောက်ဆုံးတော့ ရှန်းဖေးမယ်မယ် နှင့် မိဖုရားခေါင်ကြီးရွှီ တို့နှင့် မတူညီပေ။ ဤမိန်းကလေးများ၏ ငယ်ဘဝဟာ အလွန် ချောမွေ့လွန်းခဲ့‌သော်လည်း ကောင်းသောအရာတော့ မဟုတ်ပေ။ ထိုကဲ့သို့ ရိုက်ခတ်မှုများကို တောင့်မခံနိုင်ခြင်းက ပထမဆုံး ပြဿနာပင် ဖြစ်၏။

ရှန်းဖေးမယ်မယ် နှင့် မိဖုရားခေါင်ကြီးရွှီ တို့က ထိုကဲ့သို့ပင် ဖြစ်ကြသည်။ ငယ်စဉ်ကတည်းက အချစ်ခံခဲ့ရလွန်းသဖြင့် သူတို့၏ စိတ်နေစိတ်ထားက လုံလောက်အောင် မကြံ့ခိုင်သည့် ပြဿနာကို ဖြစ်ပေါ်စေခဲ့သည်။ အရှေ့မှ လင်ချန်ကျိုက် ကတော့ မတူညီပေ။ ရောဂါဝေဒနာ ခံစားနေရသူ ဖြစ်ပါလျက်နှင့် သူမက အသံတိတ် တက်ကြွနေသည့် အသက်ဝင်မှုကို ပြသနေသည်။ ထင်ပေါ်ကျော်ကြားခြင်း မရှိသလို စည်ကားသိုက်မြိုက်ခြင်း မရှိသော်လည်း ကိုယ့်ကိုယ်ကိုယ် သနားနေခြင်းမျိုး မရှိသလို တိတ်တဆိတ် ညှိုးနွမ်းသွားခြင်းမျိုးလည်း မရှိပေ။ ဆောင်းရာသီမှ တရုတ်စံပယ်ပန်းလေးလိုပင် မာနကြီးပြီး အအေးဒဏ်ကို မကြောက်ရွံ့ပေ။

ဤအချက်တစ်ခုတည်းနှင့်ပင် ယနေ့ ဤစကားများကို ပြောရန် ဆုံးဖြတ်ချက်မှာ မှန်ကန်လှသည်။ ထို့ကြောင့် စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး တုမားမားက ဆက်ပြောလေသည်။

"မိဖုရားခေါင်ကြီးရွှီ ကွယ်လွန်သွားပြီးနောက်တော့… အရှင်မင်းကြီး တစ်နေ့ထက်တစ်နေ့ ပိုအေးစက်လာတာကို ဒီအစေခံ သတိထားမိခဲ့တယ်… ခွန်အားအပြည့်ရှိပြီး အရွယ်ရောက်သူ ဖြစ်ပေမဲ့ မောင်းမဆောင်ထဲမှာ သားသမီး ထွန်းကားမှုက ရှားပါးနေတယ်… အရင်နှစ်တွေက မွေးဖွားခဲ့တဲ့ ဒုတိယမင်းသား၊ တတိယမင်းသား နဲ့ ပထမမင်းသမီး ကလွဲရင်… ဘယ်ကိုယ်လုပ်တော်မှ ကိုယ်ဝန်မရှိကြတော့ဘူး… နေ့စဉ်မှတ်တမ်း စာအုပ်ပေါ်မှာ ဆယ်ရက်လောက်နေမှ အရှင်မင်းကြီးက မောင်းမဆောင်က ကိုယ်လုပ်တော် တစ်ယောက်လောက်ကို အိပ်ဆောင်ဝင်ခိုင်းတာ တွေ့ရတယ်"

"လန်ဖေးမယ်မယ် နဲ့ ယင်းကွေ့ဖင်မယ်မယ် တို့ ကိုယ်ဝန်ရှိလာမှသာ ဒီနန်းတော်ထဲမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အေးခဲနေတဲ့ အခြေအနေကို ဖြိုခွဲနိုင်ခဲ့တာပါ… ဒါပေမဲ့ အရာအားလုံးက သခင်မလေး နန်းတွင်း ဝင်လာပြီးနောက်မှာ မတူတော့ဘူး… သခင်မလေး ဝင်လာပြီးနောက် အရှင်မင်းကြီးက တခြား ကိုယ်လုပ်တော်တွေကို ဘယ်တော့မှ အိပ်ဆောင်ဝင်မခိုင်းတော့ဘူး… အစပိုင်းတုန်းက ဒီအစေခံက တစ်ခဏတာ စိတ်ဝင်စားမှုလို့ပဲ ထင်ခဲ့တာ… ဒါပေမဲ့ အခုကြည့်ရတာတော့ အရှင်မင်းကြီးက နစ်မြောသွားပြီ… အမှန်အတိုင်း ပြောရရင် ဒီအစေခံက အရှင်မင်းကြီး အနားမှာ ပြုစုလာတာ နှစ်အတော်ကြာပြီ… သူ ဘယ်အရာကိုမှ ဒီလောက် စွဲလမ်းနေတာမျိုး မတွေ့ဖူးသေးဘူး… ဒါပေမဲ့ သခင်မလေးအပေါ်တော့ ခံစားနေပြီထင်တယ်"

ဧကရာဇ်မင်းမြတ် တစ်ပါးအနေဖြင့် အရေးကြီးဆုံးအရာမှာ မိမိ၏ ခံစားချက်ကို အခြားသူများ ခန့်မှန်း၍ မရစေရန်ပင် ဖြစ်သည်။ ဝမ်းသာခြင်း၊ ဒေါသထွက်ခြင်းတို့ကို မပြသရသလို တစ်ယောက်တည်းကိုသာ မျက်နှာသာမပေးရဘဲ မောင်းမဆောင် ခြောက်ခုလုံးကို အညီအမျှ ဂရုစိုက်ရမည် ဖြစ်၏။ သို့သော် ထိုအရာများက လင်ဝမ်ယိ နန်းတွင်း ဝင်လာပြီးနောက် တဖြည်းဖြည်းနှင့် ပျက်စီးသွားခဲ့လေပြီ။

ယခု လင်ဝမ်ယိ အနိုင်ကျင့်မှုများ မကြုံတွေ့ရသေးခြင်းမှာ အရှင်မင်းကြီးက ကြားမှနေ၍ အများအပြား ဝင်ရောက် စွက်ဖက်ပြီး ဖြေရှင်းပေးထားသောကြောင့် ဖြစ်သည်။ သို့သော် စက္ကူက မီးကို မနိုင်‌ပေ။ တစ်စုံတစ်ယောက်က ရိပ်မိသွားသည်နှင့် တစ်ပြိုင်နက် လင်ဝမ်ယိ ရင်ဆိုင်ရမည်မှာ မောင်းမဆောင်၏ ပြိုင်ဆိုင်မှုများ သာမကဘဲ ညီလာခံ၏ ဖိအားပေးမှုများပါ ဖြစ်လာပေလိမ့်မည်။ ထိုကဲ့သို့ လှိုင်းလုံးကြီးများ ရိုက်ခတ်လာချိန်တွင် သူမ၏ စိတ်နေစိတ်ထားက မခိုင်မာပါက ရှန်းဖေး ကဲ့သို့ စိတ်ရောကိုယ်ပါ ထိခိုက်ပြီး အသက်ဆုံးရှုံးရသည့် အဆုံးသတ်မျိုး ရောက်သွားနိုင်သလို မိဖုရားခေါင်ကြီးရွှီ ကဲ့သို့ အနိုင်ကျင့်ခံရပြီး စိတ်ပင်ပန်း လူပင်ပန်းဖြစ်ကာ ရောဂါဝေဒနာနှင့် ကွယ်လွန်သွားရနိုင်ပေသည်။

မည်သည့်နည်းနှင့်ဖြစ်စေ တုမားမားက ထိုလို ဖြစ်ရပ်များကို ထပ်မံ မမြင်တွေ့လိုချေ။ ထို့ကြောင့် သူမက ယနေ့ ဤစကားများကို လာပြောရခြင်း ဖြစ်၏။ လင်ဝမ်ယိကို ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စေချင်ပြီး ညီလာခံနှင့် မောင်းမဆောင် ကိုလည်း ရှင်းရှင်းလင်းလင်း သိစေချင်သောကြောင့် ဖြစ်သည်။ အကယ်၍ သူမက အရှင်မင်းကြီး၏ ခံစားချက်ကို တုံ့ပြန်လိုပါက ပြည့်စုံသော ပြင်ဆင်မှုများ လုပ်ထားရမည် ဖြစ်၏။ ရှင်ဘုရင်ကို အဖော်ပြုရမည့် လမ်းခရီးက လျှောက်ရမလွယ်ကူပေ။ အခက်အခဲပေါင်း သောင်းခြောက်ထောင်ကို ရင်ဆိုင်နိုင်ရန် အထူး ခိုင်မာသော စိတ်နေစိတ်ထား ရှိသူမှသာ ဖြစ်နိုင်ပေလိမ့်မည်။

လင်ဝမ်ယိက မတုံးအပေ။ တုမားမားက ဤမျှ အများကြီး ပြောလိုက်သဖြင့် သူမက အဓိပ္ပာယ်ကို နားလည်လေသည်။ သို့သော် ယခု သူမ စိုးရိမ်နေသည်က တုမားမားနှင့် မတူညီပေ။ တုမားမား စိုးရိမ်နေသည်မှာ သူမက အရှင်မင်းကြီးနှင့် အတူတူ တွဲဖက် လုပ်နိုင်စွမ်း ရှိမရှိ ဆိုသည်ကို ဖြစ်၏။ သူမ စိုးရိမ်နေသည်မှာတော့ ဘေးနားရှိလူက ကနဦးရည်ရွယ်ချက်ကို မပြောင်းလဲဘဲ အတူတူ ရှေ့ဆက် လျှောက်လှမ်းနိုင်ပါမည်လား ဆိုသည်ကိုပင်။ ထို့ကြောင့် သူမက တုမားမားကို ပြတ်သားသော အဖြေ ချက်ချင်း မပေးနိုင်ခဲ့ချေ။

ခဏအကြာမှသာ လင်ဝမ်ယိက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တုမားမားကို ပြောလိုက်လေသည်။

"တုမားမား ဒီနေ့ ပြောတဲ့ စကားတွေက ရင်တွင်းစကားတွေချည်းပါပဲ… မားမားက ဖုံးကွယ်မထားမှတော့ ဒီအငယ်အနှောင်းကလည်း မားမားကို ရင်တွင်းစကားတွေ ပြောပြပါရစေ"

"ကျွန်မရဲ့ နောက်ခံကို မားမားလည်း အရင်ကတည်းက သိပြီးလောက်ပါပြီ… ပြောရရင်တော့ အမတ်ချုပ်အိမ်တော်ရဲ့ ပထမမယားကြီးဆီက ဆင်းသက်လာတဲ့ တရားဝင်သွေးသား ဆိုပေမဲ့ တကယ်တမ်း ဖြတ်သန်းခဲ့ရတာက ဒုတိယမယားဆီက မွေးတဲ့ ကလေးတွေလောက်တောင် ကံမကောင်းခဲ့ပါဘူး… ဒီနန်းတွင်း ဝင်လာရတဲ့ ကိစ္စကအစ ကျွန်မရဲ့ ဆန္ဒမဟုတ်သလို ကျွန်မ မိသားစုရဲ့ ဆန္ဒလည်း မဟုတ်ပါဘူး"

"နန်းတွင်း ဝင်လာပြီးကတည်းက အခက်အခဲတွေ ဆက်တိုက် ကြုံတွေ့ခဲ့ရတယ်… ဒီနေ့ အရှက်ခွဲမခံရရင် မနက်ဖြန် ရေထဲတွန်းချခံရတာပဲ… ဆေးသောက်ရတာလည်း တစ်ခါမှ မပြတ်ခဲ့ဘူး… အရှင်မင်းကြီး ကျွန်မအပေါ် ထားတဲ့ ခံစားချက်ကို ကျွန်မ နားလည်ပါတယ်… ဒါပေမဲ့ အဆုံးစွန်ထိ ပြောရရင် မားမား ကျွန်မကို ပြောပြပါဦး… ကျွန်မမှာ အရှင်မင်းကြီးရဲ့ ဘေးနားမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ ဘာအရည်အချင်းများ ရှိလို့လဲ… ရုပ်ရည်ကြောင့်လား… အရည်အချင်းကြောင့်လား… ဒါမှမဟုတ် အရှင်မင်းကြီး ကျွန်မအပေါ် ထားတဲ့ ခံစားချက်ကြောင့်လား"

လင်ဝမ်ယိက ခါးသီးစွာ ပြုံးလိုက်ရာ ကိုယ့်ကိုယ်ကိုယ် သရော်နေသည့်အလားပင်။

တုမားမားက သူမ ဤမျှ ကြည်လင်ပြတ်သားပြီး ထိန်းချုပ်နိုင်စွမ်းရှိသော ပုံစံကို ကြည့်ရင်း မျက်ဝန်းများက မသိမသာ ပိုမို နက်ရှိုင်းသွားရလေသည်။ သူမက သန်မာသည်ဆိုသော်လည်း ဤသန်မာမှုနောက်ကွယ်တွင် နာကျင်မှုများနှင့် ဝမ်းနည်းမှုများ များစွာ ပါဝင်နေပေသည်။

"အသနားအကြင်နာ ကင်းမဲ့ဆုံးက တော်ဝင်မိသားစုပဲ… ဒီနေ့ အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုက ကျွန်မ အပေါ်မှာ ရှိနေပေမဲ့… မနက်ဖြန် လူပြောင်းသွားနိုင်တယ်ဆိုတာ သိထားရမယ်… တကယ်လို့ ကျွန်မက ရည်ရွယ်ချက်ကို မေ့ပြီး အဲဒီ မျက်နှာသာပေးမှုတွေအတွက် အပြိုင်အဆိုင် လုပ်မယ်ဆိုရင်… မားမားလည်း မျက်စိလျမ်းပြီး လူစားမှားသွားပြီလို့ ထင်သွားလောက်တယ်"

"ကျွန်မက ပြဿနာ လာမှာကို မကြောက်ပေမဲ့… ပြဿနာကို ဘယ်တော့မှ သွားမရှာဘူး… တကယ်လို့ အရှင်မင်းကြီးက သာမန် မိသားစုတစ်ခုက ခင်ပွန်း တစ်ယောက်ဆိုရင် ဒီအငယ်အနှောင်းက သေချာပေါက် လက်တွဲပြီး အတူတူ ရင်ဆိုင်ဖြတ်သန်းမှာပါ… ဒါပေမဲ့ အရှင်မင်းကြီးက ဒီမောင်းမဆောင်ထဲက လူတိုင်းရဲ့ ခင်ပွန်းသည် ဖြစ်နေသလို… ဒီတစ်တိုင်းပြည်လုံးက ပြည်သူတွေရဲ့ ဦးညွှတ်ရတဲ့ သူလည်း ဖြစ်နေတယ်… တကယ်လို့ ကျွန်မ တစ်ယောက်တည်းရဲ့ အချစ်ကြောင့် နှောင့်နှေးသွားမယ်ဆိုရင်… နှမြောစရာ မကောင်းဘူးလား"

"ဒါကြောင့် ဒီသံယောဇဉ်ကို ကျွန်မ တုံ့ပြန်လို့ မရသလို လက်ခံလို့လည်း မရဘူး"

ဧကရာဇ်မင်းမြတ်မှာ ဧကရာဇ်မင်းမြတ်၏ တွေးခေါ်မှုမျိုး ရှိသင့်ပြီး ကိုယ်လုပ်တော်များမှာလည်း ကိုယ်လုပ်တော်များ၏ တွေးခေါ်မှုမျိုး ရှိသင့်ပေသည်။

All Chapters