တတိယသခင်လေး သတိရလာခြင်း
Vol. 16 Ch. 157
လင်ဝမ်ယိ၏ စကားများက တုမားမားအား သူမကို လုံးဝ အထင်ကြီးသွားစေခဲ့သည်။ သူမက တကယ်ကို ထူးခြားသော လူတစ်ယောက် ဖြစ်ပြီး ရှုပ်ထွေးလှည့်စားမှုများ ပြည့်နှက်နေသော နေရာတွင် ရှိနေသော်လည်း ပွင့်လင်းမြင်သာစွာ ရှင်သန်နေနိုင်ပေသည်။ ချစ်ခြင်းမေတ္တာ၏ အနှောင်အဖွဲ့ကို အလွယ်တကူ မခံရသော်လည်း အခြားသူများ မမှီနိုင်သော ရိုးသားဖြူစင်သည့် နှလုံးသားကိုလည်း ပိုင်ဆိုင်ထားပေသည်။
"သခင်မလေး ဒီနေ့ ပြောတဲ့ စကားတွေက ဒီအစေခံကို ချက်ချင်း သဘောပေါက်သွားစေတယ်… အရင်တုန်းက ဒီအစေခံက သခင်မလေး ကံကောင်းလို့ အရှင်မင်းကြီးရဲ့ မျက်နှာသာပေးတာကို အများကြီး ရတယ်လို့ပဲ ထင်ခဲ့တာ… ဒီနေ့မှ အရှင်မင်းကြီးက သခင်မလေးရဲ့ အဖော်ပြုမှုကို ရတာကလည်း အရှင်မင်းကြီးရဲ့ ကံကောင်းမှုပဲဆိုတာ သိရတော့တယ်"
ဤအခြေအနေအထိ ရောက်သောအခါ တုမားမားက ထပ်ပြီး အတင်းအကျပ် မတိုက်တွန်းတော့ချေ။ သခင်မလေးလင် စိုးရိမ်နေသော ကိစ္စများက သူမတို့လို အစေခံများက စကားအနည်းငယ်ဖြင့် ရှင်းပြ၍ ရနိုင်မည့် ကိစ္စများ မဟုတ်ပေ။
အကယ်၍ အရှင်မင်းကြီးက ဆုံးဖြတ်ချက်ချပြီး သူမနှင့် တစ်သက်လုံး အတူတကွ ဖြတ်သန်းလိုပါက သူကိုယ်တိုင် စီစဉ်ပါလိမ့်မည်။ အရှင်မင်းကြီးက အခြားကိစ္စများအတွက် အခြားရည်ရွယ်ချက် ရှိနေပါကလည်း လင်ဝမ်ယိသည် ကနဦးရည်ရွယ်ချက်ကို ထိန်းသိမ်းထားခြင်းမှာ မောင်းမဆောင်တွင် အေးအေးချမ်းချမ်း နေထိုင်နိုင်စေမည်သာ ဖြစ်၏။
ဤပိုးပဝါက နောက်ဆုံးတွင်တော့ တုမားမား၏ လက်ထဲသို့ ပြန်ရောက်သွားခဲ့သည်။ ဤပိုးပဝါသည် ရှန်းဖေး မှ တုမားမားအတွက် ချန်ထားခဲ့သော တစ်ခုတည်းသော အမှတ်တရ ဖြစ်ရာ လင်ဝမ်ယိက သိမ်းပိုက်မည် မဟုတ်သလို သိမ်းပိုက်၍လည်း မရနိုင်ပေ။
တုမားမားက ရိုသေစွာ ဂါရဝပြုပြီး ထွက်ခွာသွားပြီးနောက် သူမ၏ မူလက ကြည်လင်ပွင့်လင်းနေသော နှလုံးသားထဲတွင် 'လောဘစိတ်' လေးများ ဝေဝါးစွာ စတင် ဖြစ်ပေါ်လာခဲ့လေသည်။ အချစ်ဆိုသည်မှာ မည်သည့်အချိန်က စတင်ခဲ့မှန်း မသိဘဲ တဖြည်းဖြည်း နက်ရှိုင်းလာတတ်ပြီး ရှင်သန်နေသူများကို သေဆုံးသွားစေနိုင်သလို သေဆုံးနေသူများကိုလည်း ပြန်လည် ရှင်သန်လာစေနိုင်ပေသည်။
ရှန်းဖေးမယ်မယ် နှင့် ယခင်ဧကရာဇ်တို့ကြားရှိ သံယောဇဉ်က ဤတော်ဝင်မိသားစုသို့ ဝင်ရောက်လာသည်မှာ ကိုက်ညီမှု မရှိခဲ့ပေ။ သို့သော် သူတို့နှစ်ဦးလုံးသာ သာမန် အရပ်သား မိသားစုတွင် မွေးဖွားလာခဲ့ပါက သာယာချမ်းမြေ့သော အိမ်ထောင်ရေးတစ်ခု ဖြစ်လာမည်မှာ သေချာလှသည်။
အရှင်မင်းကြီးနှင့် မိဖုရားခေါင်ကြီးရွှီ တို့၏ အတိတ်ကို ပြောရလျှင် ဒါက သူတို့ ငယ်စဉ်ကတည်းက အတူတကွ ဖြတ်သန်းခဲ့သော အမှတ်တရတစ်ခု ဖြစ်သည်။ လင်ဝမ်ယိက ဝင်ရောက် နှောက်ယှက်မည် မဟုတ်သလို စိတ်ထဲတွင်လည်း ထားမည် မဟုတ်ပေ။ သူမက မိဖုရားခေါင်ကြီးရွှီ ရှိခဲ့ခြင်းကိုပင် အနည်းငယ် ကျေးဇူးတင်နေမိသေးသည်။
မိဖုရားခေါင်ကြီးရွှီ အရှင်မင်းကြီးကို အများကြီး ကူညီပေးခဲ့မည်မှာ သေချာလှသည်။ ခက်ခဲရှုပ်ထွေးသော နေ့ရက်များတွင် သူတို့နှစ်ဦးကြားရှိ ရိုင်းပင်းကူညီမှုများက အခက်အခဲများကို အများကြီး လျော့နည်းသွားစေခဲ့ပေလိမ့်မည်။
လင်ဝမ်ယိက တစ်နေ့ခင်းလုံး တုမားမား ပြေခဲ့သော အကြောင်းအရာများကို တွေးနေခဲ့ပြီး ညစာစားချိန် နီးလာမှ နန်းတွင်းရေးရာဌာနမှ ချင်ကုန်းကုန်း ရောက်လာခဲ့သည်။ ဤတစ်ခေါက် ရောက်လာခြင်းကတော့ လင်ဝမ်ယိထံသို့ သတင်းကောင်း ယူဆောင်လာခြင်းပင် ဖြစ်၏။
"ပထမသခင်မက ဒီအစေခံကို သခင်မလေးဆီ သတင်းတစ်ခု လာပို့ခိုင်းလို့ပါ… တတိယသခင်လေး သတိရလာပါပြီတဲ့… အခု အနားယူနေပြီမို့ သခင်မလေး စိတ်အေးအေးထားပါလို့ ပါပါတယ်"
ဤအရာက လင်ဝမ်ယိ ဒီရက်ပိုင်းအတွင်း ကြားခဲ့ရသမျှထဲတွင် စိတ်ရွှင်လန်းစရာ အကောင်းဆုံး သတင်းပင် ဖြစ်လောက်သည်။ တစ်ခဏမျှ မထိန်းနိုင်တော့ဘဲ မျက်ရည်များက နွေဦးရာသီမှ မိုးဖွဲဖွဲလေးများကဲ့သို့ ကျဆင်းလာတော့၏။
ရှအန်းကလည်း ဘေးတွင် အလွန် ဝမ်းသာနေပြီး သခင်မလေး မျက်ရည်ကျနေသည်ကို မြင်သောအခါ နှစ်သိမ့်ပေးလိုက်လေသည်။
"သခင်မလေး… ဒါက တကယ့်ကို သတင်းကောင်းကြီးပဲလေ"
"အင်း အင်း… ငါသိပါတယ်"
ထို့နောက် သူမက မျက်ထောင့်မှ မျက်ရည်များကို သုတ်လိုက်ပြီး ချင်ကုန်းကုန်းကို ပြောလိုက်လေသည်။
"ချင်ကုန်းကုန်း လာပြောပြပေးလို့ ကျေးဇူးတင်ပါတယ်… ကျွန်မ ရင်ထဲက အပူလုံးကြီး နောက်ဆုံးတော့ ကျသွားပါပြီ… တကယ်လို့များ ဖြစ်နိုင်မယ်ဆိုရင် ကျွန်မအတွက် စာတစ်စောင်လောက် ကူပြီး ပို့ပေးလို့ရမလား… အိမ်ကိစ္စတွေက ရှုပ်ယှက်ခတ်နေပေမဲ့ ကျွန်မက သမီးတစ်ယောက်ဖြစ်ပြီး ဘာမှ ဝင်မကူညီပေးနိုင်လို့ပါ"
ချင်အန်းက ပြုံးလိုက်ပြီး လင်ဝမ်ယိကို ပြောလိုက်လေသည်။
"သခင်မလေး ပြင်ဆင်လိုက်ပါ… ဒီအစေခံ သေချာပေါက် ပို့ပေးပါ့မယ်… ဒါပေမဲ့ တခြားပစ္စည်းတွေကတော့ ယူသွားလို့ရမယ် မထင်ဘူး… ဘာပဲဖြစ်ဖြစ် နန်းတွင်းက ပစ္စည်းတွေဆိုတော့ အရှင်မင်းကြီးရဲ့ အမိန့်မရှိဘဲဆိုရင်တော့…"
"ကုန်းကုန်း စိတ်ချပါ… အဲဒါတွေကို ကျွန်မ သိပါတယ်… ကုန်းကုန်းကို ဒုက္ခမရောက်စေရပါဘူး… မိဘတွေကို ကျွန်မအတွက် စိတ်မပူဖို့နဲ့ မောင်လေးကိုသာ သေချာ ဂရုစိုက်ဖို့ ပြောမဲ့ အိမ်လွမ်းစာ တစ်စောင်တည်းပါ"
"ဟုတ်ကဲ့ပါ… သခင်မလေး"
ထို့နောက် ချင်အန်းက တစ်ခုခုကို သတိရသွားသည့်အလား ပြောလာသည်။
"တကယ်တော့ သခင်မလေး ဒီစာကို ပို့ပို့ မပို့ပို့ မထူးပါဘူး… ပထမသခင်မနဲ့ ပထမသခင်ကြီးက သခင်မလေး အရှင်မင်းကြီးရဲ့ မျက်နှာသာပေးတာကို ရနေမှန်း စောစောကတည်းက သိထားကြတော့ စိတ်အေးနေကြမှာပါ"
"မျက်နှာသာပေးမှု"
"ဟုတ်ပါတယ်… သခင်မလေးသာ မတောင်းဆိုဘူးဆိုရင် အရှင်မင်းကြီးက ဘယ်လိုလုပ်ပြီး တော်ဝင်သမားတော်သို့ကို အိမ်အထိ သွားကြည့်ခိုင်းမှာလဲ… ပြီးတော့ ဆေးဘက်ဝင် အပင်တွေလည်း အများကြီး ဆုချသေးတယ်… ပြီးတော့ အမိန့်တော်ချပြီး ပထမသခင်ကြီးလင်ကို တော်ဝင်နက္ခတ္တဗေဒင်ဌာနရဲ့ ဒုတိယအရာရှိ အဖြစ် ရာထူးတိုးပေးပြီး ဆဋ္ဌမအဆင့် အမတ် အဖြစ် ခန့်အပ်လိုက်သေးတယ်လေ…"
အဖေ့၏ ဒီရာထူးတက်နှုန်းက တကယ်ကို မြန်ဆန်လွန်းလှသည်။ သို့သော် လင်ဝမ်ယိက ဤကိစ္စက ထိုမျှ မရိုးရှင်းဟု အမြဲ ခံစားနေရ၏။ ဒီရက်ပိုင်းအတွင်း သူမ အရှင်မင်းကြီးကို နားလည်ထားသလောက်ဆိုလျှင် အရှင်မင်းကြီးက လူတစ်ယောက်အတွက် တိုင်းပြည်ကို ဂရုမစိုက်မည့်သူမျိုး မဟုတ်ပေ။
အိမ်ခွဲသည့် ကိစ္စတွင် အရှေ့ဆောင်မှ လူများက နစ်နာသွားသည်မှာ မှန်ပေသည်။ သို့သော် အရှင်မင်းကြီး ကိုယ်တိုင် ထွက်လာပြီး သူမတို့အတွက် တရားမျှတမှု ရှာပေးရန်မှာလည်း မဖြစ်နိုင်ပေ။ တွေးကြည့်လေလေ ဤကိစ္စနောက်ကွယ်တွင် ကြီးမားသော လျှို့ဝှက်ချက် ရှိနိုင်သည်ဟု ခံစားရလေလေပင်။
ထို့ကြောင့် သူမက သွယ်ဝိုက်၍ မေးကြည့်လိုက်လေသည်။
"ချင်ကုန်းကုန်း ပြောတာ မှန်ပါတယ်… ဒါပေမဲ့ အဖေတို့က ရုတ်တရက် အိမ်ခွဲလိုက်ကြတော့ အပြင်မှာ ကောလာဟလတွေ များနေမှာ စိုးလို့ပါ… ဒါကြောင့် ကျွန်မက စာရေးပြီး နည်းနည်းပါးပါး နှစ်သိမ့်ပေးမလို့ တွေးထားတာပါ"
"သခင်မလေး တကယ်ကို အတွေးလွန်နေပါပြီ… အခု ရှန်းကျင်းမြို့တော် တစ်ခုလုံးမှာရှိတဲ့ လူတွေထဲက လင်မိသားစုက အရှေ့ဆောင် အိမ်ခွဲလိုက်တာ အမတ်ချုပ်ကြီးအတွက် ကုသိုလ်ရအောင်နဲ့ သက်တမ်းရှည်အောင် လုပ်ပေးတယ်လို့ သိထားကြတာလေ… ဒီလောက် ကြီးမားတဲ့ ဂုဏ်ပုဒ်ကြီးကို တပ်ထားပြီး အမတ်ချုပ်ကြီး ကိုယ်တိုင် နှုတ်က ထွက်တဲ့စကားဆိုတော့ လူတိုင်းက ချီးကျူးကြတာ သဘာဝပါပဲ… သခင်မလေး စိတ်ချသာနေပါ… အခု မြို့တော်ထဲမှာ ပထမသခင်ကြီးရဲ့ နာမည်ဂုဏ်သတင်းက နံပါတ်တစ်ပါပဲ"
ကုသိုလ်ရအောင်နဲ့ သက်တမ်းရှည်အောင် လုပ်ပေးတယ် ဟုတ်လား။ အမတ်ချုပ်ကြီး ကိုယ်တိုင် နှုတ်က ထွက်တဲ့စကားတဲ့လား။ ဤကဲ့သို့သော စကားများက လင်ဝမ်ယိထံ ရောက်လာသောအခါ ပို၍ပင် နေရာတိုင်း၌ ပြဿနာရှိနေသည်ဟု ခံစားရလေ၏။ သို့သော် ယခု ချင်အန်း၏ ရှေ့တွင်တော့ ဆက်မမေးမြန်းရန်သာ ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် သူမက ပြုံးကာ ပြောလိုက်လေသည်။
"ဒါဆိုလည်း ကောင်းတာပေါ့… ဒီရက်ပိုင်း ကူညီပေးခဲ့တဲ့ ချင်ကုန်းကုန်းကို ကျေးဇူးတင်ပါတယ်"
ပြောပြီးသည်နှင့် ရှအန်းကို မျက်ရိပ်ပြလိုက်လေသည်။
ရှအန်းက ချက်ချင်း ရှေ့တိုးလာပြီး ပိုက်ဆံအိတ် တစ်အိတ်ကို ပေးလိုက်ရာ ချင်ကုန်းကုန်းက ငြင်းဆန်မနေတော့ဘဲ ပြုံး၍ လက်ခံလိုက်လေသည်။ ကိစ္စပြီးသွားပြီးနောက် သူက ဟွေ့ဖန်းယာခြံဝင်းမှ ထွက်ခွာသွားတော့၏။ လင်ဝမ်ယိ တစ်ယောက်တည်းသာ ဤနေရာတွင် ဟိုတွေးဒီတွေး ကျန်ရစ်ခဲ့လေသည်။
တော်ဝင်သမားတော်သို့ကို အိမ်အထိ လွှတ်ပေးပြီး တန်ဖိုးကြီး ဆေးဘက်ဝင် အပင်တွေလည်း ပို့ပေးခဲ့သည်။ နန်းတော်ထဲက ပစ္စည်းတွေက သုန်မိသားစု သိမ်းထားတဲ့ ပစ္စည်းတွေလောက် မကောင်းနိုင်ဘူး ဆိုသော်ငြား စေတနာ အထင်းသား ပါနေသည်။ မောင်လေး သတိရလာပြီဆိုသည်ကို တွေးမိလိုက်တော့ သူမရဲ့ စိုးရိမ်မှုတွေလည်း အနည်းငယ် လျော့ကျသွားရသည်။
သို့သော် သူမသည် အရှင်မင်းကြီး ဒီလိုကိစ္စမျိုးကို တိတ်တဆိတ် လုပ်ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဒါက လင်ကွေ့ဖေးကို အကျယ်ချုပ်ချပြီး အာဏာရုပ်သိမ်းလိုက်တာထက် သူမကို ပိုပြီး ရင်ထဲ ထိစေသည်။ သူမ၏ အားနည်းချက်က အမြဲတမ်း မိသားစုပင် ဖြစ်၏။ အရင်တုန်းက မိသားစု အေးချမ်းစွာ နေထိုင်နိုင်စေရန်အတွက် နန်းတွင်းသို့ ဝင်လာခဲ့မှတော့ ယခုလည်း မိသားစုအတွက် အခြားသော တွေးခေါ်မှုများ ရှိနေဦးမည်။
နန်းတွင်း ဝင်လာပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့သမျှကို သေချာ ပြန်တွေးကြည့်လိုက်ရာ အရှင်မင်းကြီး သူမအပေါ် ဆက်ဆံခဲ့သည်မှာ မဆိုးဘူးဟု ရုတ်တရက် ခံစားလိုက်ရသည်။
ရှအန်းက လင်ဝမ်ယိ၏ ပျော်ရွှင်မှု မရှိသော ပုံစံကို ရိပ်မိသွားသဖြင့် သတိထားကာ မေးလိုက်လေသည်။
"သခင်မလေး ဘာဖြစ်လို့လဲ… ဒီနေ့ တစ်နေ့လုံး မှိုင်နေသလိုပဲ"
အရှင်မင်းကြီးက သခင်မလေးကို ဤမျှ အလေးထားမှတော့ သခင်မလေးက ဝမ်းသာနေသင့်သည် မဟုတ်လား။ အဘယ်ကြောင့် မျက်နှာထား တင်းမာနေပြီး တစ်နေ့ခင်းလုံး ထိုင်ကာ စကားတစ်ခွန်းမျှ မပြောဘဲ နေနေရသနည်း။ အရှင်မင်းကြီးနဲ့များ ရန်ဖြစ်ပြီး စိတ်ဆိုးနေကြတာများလား။ ဒါပေမဲ့ ဘာအသံမှလည်း မကြားခဲ့ရပါဘူးလေ။
လင်ဝမ်ယိက သူမ အယုံကြည်ရဆုံး အစေခံဖြစ်သော ရှအန်းကို သိသမျှ ဖုံးကွယ်မထားဘဲ အကုန်ပြောပြလေ့ ရှိသည်။ ထို့ကြောင့် သူမက စကားစပြောလိုက်တော့၏။
"တကယ်လို့ နင်က ပြန်ဆပ်ဖို့ မဖြစ်နိုင်တဲ့ တန်ဖိုးကြီး လက်ဆောင်တစ်ခုကို ရခဲ့ရင်… ဘယ်လိုလုပ်မလဲ"
ရှအန်းက မျက်မှောင်ကြုတ်ကာ ခဏစဉ်းစားလိုက်ပြီး အနည်းငယ်မျှပင် မတုံ့ဆိုင်းဘဲ ပြန်ဖြေလိုက်လေသည်။
"ကိုယ့်ဘက်ကလည်း လက်ဆောင်ပြန်ပေးရမှာပေါ့… တစ်ဖက်လူက ဒီလောက်တောင် အရင်းအနှီးကြီးကြီး ပေးထားမှတော့ မကောင်းတဲ့ စိတ်နဲ့ မဟုတ်ရင်တောင် စေတနာပါနေမှာပဲ… ဒါကြောင့် ဒီအစေခံလည်း နည်းလမ်းပေါင်းစုံနဲ့ အကောင်းဆုံး တစ်ခုကို ရွေးပြီး ပြန်ပေးမှာပဲ"
"တကယ်လို့ နင် အကောင်းဆုံးတစ်ခုကို မရွေးနိုင်ခဲ့ရင်ကော… ဒါမှမဟုတ် နင် ဘယ်လိုပဲ ရွေးရွေး တစ်ဖက်လူရဲ ပစ္စည်းလောက် မကောင်းရင်ရော"