← Chapters

အကြောင်းရင်းကို ခန့်မှန်းခြင်း

Vol. 16 Ch. 158

အကြောင်းရင်းကို ခန့်မှန်းခြင်း

Vol. 16 Ch. 158

ဤစကားကို ကြားသောအခါ ရှအန်းက လင်ဝမ်ယိ ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်သွားတော့သည်။

ထို့ကြောင့် သူမက ဆက်မတွေးတော့ဘဲ ပြောလိုက်ပေသည်။

"သခင်မလေး ပြောတာက အရှင်မင်းကြီးက တတိယသခင်လေးကို စောင့်ရှောက်ပေးတဲ့ ကိစ္စမလား"

"အင်း... မသိရင်တော့ ဝင်မပါဘဲ နေလို့ရတာပေါ့... ဒါပေမဲ့ အခု သိနေပြီဆိုတော့ မသိချင်ယောင် ဆောင်နေလိုက်ရင် ငါ့စိတ်ထဲမှာ မသက်မသာ ဖြစ်နေရတယ်... တကယ်လို့ ကျေးဇူးပြန်ဆပ်မယ်ဆိုရင်လည်း ငါက အရှင်မင်းကြီးကို ဘာပြန်ပေးရင် သင့်တော်မလဲ"

"သခင်မလေးက အများကြီး တွေးနေတာပဲ... ဒီကမ္ဘာပေါ်မှာ အရှင်မင်းကြီး မမြင်ဖူးတဲ့ ပစ္စည်းဆိုတာ ရှိလို့လား... သခင်မလေးက ကျေးဇူးဆပ်ချင်နေမှတော့ တန်ဖိုးကြီးတာတွေ ရွေးမနေပါနဲ့... ဘယ်လောက်ပဲ တန်ဖိုးကြီးကြီး အရှင်မင်းကြီးဆီမှာ ရှိတဲ့အရာလောက်တော့ တန်ဖိုးမကြီးနိုင်ဘူးလေ... အရှင်မင်းကြီး သဘောကျမယ့် အရာလေး ပေးလိုက်တာက ပိုမကောင်းဘူးလား"

"ဥပမာ သခင်မလေး ကိုယ်တိုင် ချုပ်ထားတဲ့ အဝတ်အစားတွေ... ဒါမှမဟုတ် ချွမ်ချီ လုပ်တဲ့ အစားအသောက်တွေ... အဲဒါမှမဟုတ်ရင် တခြား တစ်ခုခုပေါ့"

ရှအန်း၏ စကားတစ်ခွန်းက အိပ်မက်မက်နေသူကို လှုပ်နှိုးလိုက်သကဲ့သို့ ဖြစ်သွားချေ၏။

တန်ဖိုးကြီးသည့်အရာကို မရွေးချယ်ဘဲ အရှင်းမင်းကြီး နှစ်သက်မည့်အရာကိုသာ ရွေးချယ်ပေးရမည်။

သို့သော် အရှင်မင်းကြီး ဘာကိုသဘောကျသလဲဆိုသည်ကို သူမက စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိနေပေသည်။ သူမက ဒီစစ်မှန်တဲ့ နှလုံးသားကို တကယ်ပဲ ဆက်သနိုင်ပါ့မလား။ တကယ်လို့ ပေးအပ်လိုက်ပြီးမှ သူမကို မနှစ်သက်တော့ဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ။ ချက်ချင်းဆိုသလိုပင် ပြဿနာများစွာက လင်ဝမ်ယိထံသို့ ထပ်မံ ရောက်ရှိလာခဲ့လေသည်။

နန်းတော်ထဲသို့ သတင်းပို့ခဲ့သော သုန်မိသားစု တစ်အိမ်လုံးမှာမူ ယခုအချိန်တွင် ကိစ္စတစ်ခုကို တိုင်ပင်ဆွေးနွေးနေကြသည်။

ယောက်ျားသားများက ဧည့်ခန်းမဆောင်တွင် ဆွေးနွေးနေကြပြီး သခင်မသုန်ကမူ အစာစားရန် အနည်းငယ် ခက်ခဲနေသေးသော လင်မုကျစ်ကို အာလူးဆန်ပြုတ် တစ်ဇွန်းချင်းစီ ခွံ့ကျွေးနေလေ၏။

ယမန်နေ့ ညပိုင်းကတည်းက လင်မုကျစ်က တဖြည်းဖြည်း သတိရလာခဲ့ပြီ ဖြစ်သည်။

သို့သော် ဒဏ်ရာပြင်းထန်လှသဖြင့် ချက်ချင်း စကားမပြောနိုင်၊ မလှုပ်ရှားနိုင် ဖြစ်နေခဲ့၏

သူ၏ သတိအပြည့်အဝ ပြန်လည်ရရှိလာချိန်တွင်တော့ မိုးပင် အနည်းငယ် လင်းနေပြီ ဖြစ်၏။

ဤရက်ပိုင်းအတွင်း ညဘက်များတွင် ရှင်းဖေးနှင့် ကျန်းချင့်တို့က ညစောင့်ပေးကြသည်။

ထို့ကြောင့် ဒုတိယနေ့ မနက်စောစောတွင် ကျန်းချင့်က လင်မုကျစ် မျက်လုံးပွင့်လာသည်ကို မြင်သောအခါ ဝမ်းသာအားရဖြင့် ပထမသခင်မ၏ ခြံဝင်းထဲသို့ အမြန် သတင်းပို့ဆောင်လိုက်လေသည်။

ချက်ချင်းပင် ခြံဝင်းတစ်ခုလုံးရှိ လူများအားလုံး အလန့်တကြား ဖြစ်သွားကြတော့၏။

ဒုတိယသခင်မ ယွင်ရှီက သေချာစွာ စစ်ဆေးပြီးနောက် သူ ယခုလို သတိရလာခြင်းမှာ မသေခင် ခဏတာ သတိရခြင်းမျိုး မဟုတ်ဘဲ တကယ် သတိရလာခြင်းဖြစ်ကြောင်း အတည်ပြုပေးပြီးနောက်မှသာ လူတိုင်း၏ စိုးရိမ်နေသော စိတ်များက လျော့ကျသွားကြတော့သည်။

ပထမသခင်ကြီးလင် ဇနီးမောင်နှံမှာလည်း လင်မုကျစ်ကို ဖက်ကာ ငိုကြွေးကြပြီး သုန်မိသားစုမှ တခြားလူများကလည်း သူ သတိရလာသည့်အတွက် အလွန် ဝမ်းသာနေကြပေသည်။

သူ သတိလစ်သွားပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့သမျှ ကိစ္စအားလုံးကို အချိန်တော်တော်ကြာကြာ ယူပြီးမှသာ အစအဆုံး နားထောင်လို့ ပြီးသွားခဲ့သည်။

ပြောရမည်ဆိုလျှင် တကယ်ကို အံ့ဩစရာကောင်းလှသည်ပင်။

သို့သော် အမတ်ချုပ်အိမ်တော်ကနေ ပြောင်းရွှေ့လာနိုင်ခြင်းကလည်း ကောင်းသောကိစ္စ တစ်ခုပင်တည်း။

သို့မဟုတ်လျှင် ဤကိစ္စကို ကြုံတွေ့ပြီးနောက် ဒုတိယအဆောင်က လူများနှင့် ဘယ်လို ဆက်ဆံရမည်ကို သူ တကယ်ပင် မသိတော့ပေ။

ဆန်ပြုတ်ပန်းကန် ကုန်သွားသောအခါ သခင်မသုန်က ချက်ချင်းပင် ပဝါကိုယူကာ သူ၏ နှုတ်ခမ်းထောင့်များကို သုတ်ပေးလိုက်သည်။

ထို့နောက် သူမက ဂရုစိုက်မှုအပြည့်ပါသော မျက်ဝန်းများဖြင့် မေးလိုက်လေသည်။

"တတိယသခင်လေး ဗိုက်ဝပြီလား... ထပ်စားဦးမလား"

လင်မုကျစ်က အနည်းငယ် အားနည်းနေသော အပြုံးတစ်ခုကို ဖော်ဆောင်လိုက်ပြီး ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်၏။

"အမေ စိတ်မပူပါနဲ့... သား ဝပါပြီ"

လင်မုကျစ် သတိရလာသည်မှာ မကြာသေးသဖြင့် ဘာကိုမှ သိပ်ပြီး မစားနိုင်သေးပေ။

ထို့ကြောင့် ဟင်းရည်များကိုသာ အဓိကထား စားသောက်ရသည်။

သို့သော် ဤအရာများကို စားပြီးလျှင် မြန်မြန် ဗိုက်ဆာတတ်သဖြင့် ပုံမှန် တစ်နေ့ သုံးနပ်အစား လင်မုကျစ်အတွက်တော့ ခြောက်နပ် ခုနစ်နပ်ခန့် ဖြစ်သွားလေ၏။

သို့သော် သူ ဘယ်အချိန် ဗိုက်ဆာဆာ အမြဲတမ်း အမြန်ဆုံး အစားအသောက်များကို ရရှိနိုင်လေသည်။ ဤဆန်ပြုတ်ကိုပင် ပုံစံအမျိုးမျိုး ပြောင်းကာ သူ့ထံ ပို့ပေးကြသည်။

ဤကဲ့သို့ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုမှာ သုန်မိသားစု၏ စေတနာများကြောင့်သာ ဖြစ်၏။

ထို့ကြောင့် သူက အလွန်တရာ ကျေးဇူးတင်နေမိသည်။

အထူးသဖြင့် ဒုတိယဦးလေးကတော် ယွင်ရှီကိုပင်။

သူမ၏ ရွှေအပ်စိုက်ပညာသာ ထူးချွန်ပြောင်မြောက်မှု မရှိခဲ့လျှင် သူသည် ယခုအချိန်တွင် ငရဲမင်းနှင့် တွေ့နေလောက်ပြီ ဖြစ်သည်။

သို့သော် သူသည် ယခုအချိန်တွင် အေးအေးဆေးဆေး အနားယူရန် လိုအပ်နေသေးပြီး လှုပ်လှုပ်ရှုားရှား နေ၍ မရချေ။ သို့မဟုတ်လျှင် သူက သေချာပေါက် လူကြီးများကို ဦးချပြီး သူ့အား အစွမ်းကုန် ကယ်တင်ပေးခဲ့သည့် အတွက် ကျေးဇူးတင်စကား ပြောမှာပင်။

"မင်းရဲ့ ဒုတိယဦးလေးကတော်က ပြောတယ်... နောက်ထပ် လဝက်လောက် အိပ်ရာထဲပဲ လှဲနေလိုက်ပါဦးတဲ့... မင်း ခေါင်းသိပ်မမူးတော့တဲ့ အချိန်ရောက်မှ ထိုင်လို့ရမယ်တဲ့လေ... ဒါပေမဲ့ သေချာ အနားယူရဦးမယ်... တကယ်လို့ တစ်နေရာရာက နေလို့မကောင်းဘူးဆိုရင် ချက်ချင်း ပြောရမယ်နော်... ကြားလား"

သခင်မသုန်မှာ ယခုအခါ အကြောက်ကြီး ကြောက်နေလေပြီ။ လင်မုကျစ်တွင် သူတို့ သတိမထားမိလိုက်သော ရောဂါတစ်ခုခု ကျန်ရှိနေမည်ကို စိုးရိမ်နေမိခြင်း ဖြစ်သည်။

လင်မုကျစ်က ထိုစကားကို ကြားသောအခါ ပြုံးလိုက်ပြီး မျက်တောင်ကိုသာ ဖွဖွလေး ခတ်ပြလိုက်နိုင်သည်။

သူ၏ ခေါင်းမှာ ယခုအချိန်တွင် ညိတ်ပြရန်ပင် အဆင်မပြေပေ။ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် အလွန်အမင်း မူးဝေလာသည်ဟု ခံစားရသည်။ ယခုအချိန်တွင် သူ့ကို ကုတင်ပေါ်မှ ဆင်းပြီး လမ်းလျှောက်ခိုင်းလျှင်တောင် လျှောက်နိုင်မည် မဟုတ်ပေ။

"အင်း... သား သေချာ အနားယူပါ့မယ်... အားလုံးကို စိတ်မပူစေရပါဘူး"

လိမ္မာရေးခြားရှိပြီး စကားနားထောင်သော လင်မုကျစ်ကို ကြည့်ရင်း သခင်မသုန်က အလိုလို ပြုံးလိုက်မိသည်။

ဤတစ်ကြိမ် ကြုံတွေ့ရသော ဘေးအန္တရာယ်သည် ကလေးအတွက် နောက်ဆုံးအကြိမ် ဖြစ်ပါစေဟု သူမ ဆုတောင်းနေမိပြီး နောင်လာမည့် နေ့ရက်များတွင် လမ်းကြောင်းဖြောင့်ဖြူးပါစေဟုသာ မျှော်လင့်နေမိတော့သည်။

ဧည့်ခန်းမဆောင် အတွင်းတွင် သုန်သခင်ကြီး က အထက်တွင် ထိုင်နေပြီး ပထမသခင်ကြီးသုန်၊ ဒုတိယသခင်ကြီးသုန် နှင့် ပထမသခင်ကြီးလင် တို့က ဘယ်ညာ တစ်ဖက်စီတွင် ခွဲ၍ ထိုင်နေကြသည်။

သူတို့လေးယောက် ဤနေရာတွင် စုဝေးနေကြခြင်းမှာ အရေးကြီး ကိစ္စ တိုင်ပင်စရာ ရှိနေ၍သာ ဖြစ်သည်။

ပထမသခင်ကြီးသုန် က အရင် စတင် စကားပြောလာပြီး သူ ဤရက်ပိုင်းအတွင်း နေရာအနှံ့ သွားရောက် စုံစမ်းခဲ့ရသော အခြေအနေများကို အနည်းငယ် ရှင်းပြလိုက်လေသည်။

"ယောက်ဖ ငါ့ကို ရှာခိုင်းထားတဲ့ အိမ်ကတော့ အစအနလေး တွေ့နေပြီ"

"ဟုတ်လား… ဘယ်နေရာမှာလဲ"

"အရှေ့ဘက်ဈေး ရဲ့ မြောက်ဘက်ကို ကပ်လျက် ရွှမ်ပေရပ်ကွက် မှာ အဆောင်နှစ်ခုပါတဲ့ ခြံဝင်းတစ်ခု ရှိတယ်... သိပ်မကြီးပေမဲ့ ဖုန်းရွှေ ကတော့ ကောင်းတယ်... အဲဒီထဲမှာ မျိုးဆက် သုံးဆက်လောက် နေသွားခဲ့ကြပြီး လူတိုင်းက အောင်မြင်ကြီးပွားပြီး အသက်ရှည်ကြတယ်... တကယ်လို့ ဒီတစ်ခါ သူတို့ မိသားစုတစ်ခုလုံး ဇာတိကို ပြောင်းမသွားဘူးဆို‌တော့ အဲ့ဒီခြံဝင်းကို အပြင်လူတွေဆီ ရောင်းဖို့ မသေချာဘူး"

ပထမသခင်ကြီးသုန် ၏ စကားကြောင့် ပထမသခင်ကြီးလင် မှာ စိတ်ဝင်စားမှု အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။

သို့သော် ဤအဆောင်နှစ်ခုပါ ခြံဝင်းက သေးလွန်းမနေဘူးလားဟု ပထမသခင်ကြီးလင်က တွေးမိသောကြောင့် မေးလိုက်လေသည်။

ပထမသခင်ကြီးသုန် က ပြုံးလိုက်ပြီး ပြောလာသည်။

"စိတ်ချပါ... ငါ စုံစမ်းပြီးသွားပြီ... အဲဒီအနောက်ဘက်မှာ ဆက်နေတဲ့ သာမန်အိမ် နှစ်လုံးကလည်း ရောင်းဖို့ စီစဉ်နေကြတယ်... ဒါကြောင့် ငါ ပန်းရံဆရာတွေကို ခေါ်ပြီး သေချာ သွားကြည့်ခိုင်းခဲ့တယ်... တကယ်လို့ နေရာသုံးခုလုံးကို ဖောက်ပြီး ဆက်လိုက်မယ်ဆိုရင်တော့ နေလို့ကောင်းတဲ့ နေရာတစ်ခု ဖြစ်လာမှာပဲ"

"ရှင်းကျစ် နဲ့ မုကျစ် တို့ကလည်း ကြီးလာကြပြီဆိုတော့ နောင်တစ်ချိန်ကျရင် အိမ်ထောင်ပြုကြရဦးမှာလေ... သူတို့ ညီအစ်ကို နှစ်ယောက် နေဖို့ဆိုရင်တော့ ကွက်တိပဲ"

ပထမသခင်ကြီးသုန် က အလုပ်လုပ်ရာတွင် စေ့စပ်သေချာသူ ဖြစ်ပြီး သူကိုယ်တိုင် ဤသို့ ပြောနေမှတော့ ကောင်းမွန်ပေလိမ့်မည်။

"အစ်ကိုကြီးက ကောင်းတယ်လို့ ပြောမှတော့ အဲဒီနေရာကိုပဲ သတ်မှတ်လိုက်ကြတာပေါ့... ပြင်ဆင်ရတာလည်း ရက်အနည်းငယ် ကြာဦးမှာဆိုတော့... မုကျစ် ရဲ့ ဒဏ်ရာ သက်သာလာလောက်တဲ့ အချိန်ကျမှ ကျွန်တော်တို့ ပြောင်းသွားကြတာပေါ့"

ပထမသခင်ကြီးလင် အနေဖြင့် ပြောင်းရွှေ့ချင်နေရခြင်းမှာ သုန်မိသားစုအိမ်တော် တွင် နေရသည်မှာ သက်တောင့်သက်သာ မရှိ၍ မဟုတ်ပေ။

ရှန်းကျင်းမြို့တော် မည်မျှပင် ဆင်းရဲသော မိသားစုဖြစ်စေကာမူ ဇနီးသည်၏ မိသားစုအိမ်တွင် နေလေ့မရှိကြသောကြောင့်ပင် ဖြစ်သည်။

သုန်မိသားစုမှ လူများက ပထမသခင်ကြီးလင် သူတို့အိမ်တွင် နေထိုင်ခြင်းအပေါ် မည်သည့် ကန့်ကွက်မှုမျှ မရှိကြသော်လည်း အပြင်လူများကမူ ၎င်းနည်းတူ တွေးကြမည် မဟုတ်ပေ။

မိန်းမအိမ်တွင် အကြာကြီး နေထိုင်ခြင်းက နားထောင်လို့ ကောင်းသည့် စကားရပ် မဟုတ်ပေ။ အထူးသဖြင့် ယခု သူ့တွင် ရာထူးတစ်ခု ရှိနေပြီဖြစ်ရာ ကိစ္စတိုင်းတွင် ဂုဏ်သတင်းကို ပို၍ ဂရုစိုက်သင့်ပေသည်။

ဤအချက်ကို တွေးမိသောအခါ ပထမသခင်ကြီးလင် က လွန်ခဲ့သောရက်ပိုင်း အိမ်ခွဲစဉ်က ဒုတိယအဆောင် မှ ပို့ပေးလိုက်သော ငွေလက်မှတ် များကို ထုတ်ယူကာ ပထမသခင်ကြီးသုန် ထံသို့ ကမ်းပေးလိုက်သည်။

ပထမသခင်ကြီးသုန် က တစ်ချက် ကြည့်လိုက်ပြီး အနည်းငယ် အံ့ဩသွားလေ၏။

"ယောက်ဖဆီမှာ ဘယ်လိုလုပ် ဒီလောက် ပိုက်ဆံတွေ အများကြီး ရှိနေရတာလဲ"

"အိမ်ခွဲတဲ့အချိန်တုန်းက ဒုတိယအဆောင် က တောင်းပန်တဲ့အနေနဲ့ ပို့ပေးလိုက်တာပါ... သခင်မ သုန် ဒီနှစ်တွေအတွင်း အကုန်အကျခံခဲ့တာတွေနဲ့ ယှဉ်လို့မရဘူး ဆိုပေမဲ့... အခုလောလောဆယ် အိမ်ငှားဖို့တော့ လောက်လောက်ငင ရှိမှာပါ"

အစကတည်းက သူ ဤငွေလက်မှတ်များကို လက်ခံခဲ့ခြင်းမှာ အိမ်ငှားရန်အတွက် မနည်းမနောသော ကုန်ကျစရိတ်များ လိုအပ်မည်ကို တွေးမိခဲ့သောကြောင့်ပင်။

အကယ်၍ သုန်မိသားစုကိုချည်းသာ အားကိုးပြီး ဆက်နေသွားမည်ဆိုလျှင် သူ၏ စိတ်ထဲတွင်လည်း သက်တောင့်သက်သာ ရှိမည် မဟုတ်ပေ။

ထို့ကြောင့် ဤငွေများကို ထုတ်ပေးလိုက်သောအခါ သုန်မိသားစုဝင်များကလည်း နားလည်သွားကြလေပြီ။

"လောက်ပါတယ်... လောက်ပါတယ်... အဲဒီအိမ်က မကြီးဘူး ဆိုပေမဲ့ နေရာကောင်းတော့ ဈေးလည်း မြင့်တယ်... ငါက အစက ဈေးနည်းနည်း ထပ်ဆစ်ပြီး ရက်အနည်းငယ်လောက် စောင့်ပြီးမှ ဝယ်မလို့ စဉ်းစားထားတာ... အခုတော့ ဒီငွေတွေနဲ့ လုံလောက်နေပြီဆိုတော့ အရင်ဆုံး ဝယ်ထားလိုက်တာပဲ ကောင်းပါတယ်... မဟုတ်ရင် ညရှည်ရင် အိပ်မက်တွေ များလာတတ်တယ်လေ"

All Chapters