ပထမအိမ်တော်မှ လူများအား နေရာချပေးခြင်း
Vol. 16 Ch. 159
"အင်း... ဒီကိစ္စအတွက် အစ်ကိုကြီးကိုပဲ ဒုက္ခပေးရတော့မယ်"
ငွေ သုံးသိန်းဆိုလျှင် အိမ်ငှားဖို့ မဆိုထားနှင့် အိမ်တစ်ခုလုံးကို အသစ်ပြန်လည် မွမ်းမံပြင်ဆင်မည်ဆိုလျှင်တောင် လုံလောက်နေပေပြီ။
"မိသားစုဝင်တွေ အချင်းချင်း ဒီလို စကားတွေ ပြောစရာမလိုပါဘူး... ဒါပေမဲ့ ပြင်ဆင်ဖို့ကလည်း လနဲ့ချီပြီး ကြာဦးမှာဆိုတော့ မင်းတို့ အိမ်မှာပဲ စိတ်အေးလက်အေး ဆက်နေကြပါ... အိမ်ကို ပြင်ဆင်ပြီးသွားတဲ့ အချိန်ဆိုရင် မုကျစ် ရဲ့ ဒဏ်ရာတွေလည်း တော်တော်လေး သက်သာနေလောက်ပြီ... အဲဒီအချိန်ကျမှ ပြောင်းကြတာပေါ့"
"အင်း"
အိမ်ငှားမည့် ကိစ္စကတော့ အဆင်ပြေသွားသော်လည်း ယခုအချိန်တွင် သုန်သခင်ကြီး က အခြားကိစ္စ တစ်ခုကို အတော်လေး စိတ်ဝင်စားနေလေသည်။
"ဒီ ရာထူးတိုးပေးတဲ့ အမိန့်တော် ကိုရော မင်း ဘယ်လိုမြင်လဲ"
ဤစကားမှာ ပထမသခင်ကြီးလင် ကို ရည်ရွယ်၍ ပြောလိုက်ခြင်း ဖြစ်သည်။
ပထမသခင်ကြီးလင် အနေဖြင့် မိမိ အသက်ကြီးလာမှ ဆဋ္ဌမအဆင့် အရာရှိနေရာကို ရလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် မထင်မှတ်ထားခဲ့ပေ။ တော်ဝင်နက္ခတ္တဗေဒင်ဌာန ဒုတိယအရာရှိ ဆိုသည်မှာ သိပ်ပြီး ကြီးကျယ်ခမ်းနားလှသော ပုဂ္ဂိုလ်တော့ မဟုတ်ပေ။ သို့သော် ယခင်က သာမန် အရပ်သားဘဝနှင့် နှိုင်းယှဉ်လျှင်တော့ အများကြီး သာလွန်ကောင်းမွန်လှပေသည်။
ဤသို့ဖြင့် ပထမအဆောင် အတွက်လည်း မျှော်လင့်ချက် အနည်းငယ် ရှိလာခဲ့လေပြီ။ သို့သော် ဤအရာများအားလုံးမှာ သူ၏ အရည်အချင်း တော်လွန်း၍ ရလာခြင်းတော့ မဟုတ်ပေ။
ပထမသခင်ကြီးလင် က စဉ်းစားကြည့်လိုက်ပြီး အနည်းငယ် ဝန်မခံချင်သော်လည်း ဤကိစ္စမှာ သူ၏ဖခင် အမတ်ချုပ်လင် နှင့် ပတ်သက်မှု ရှိနေနိုင်သည်ဟု ခံစားမိသည်။
"သမက် ခန့်မှန်းရသလောက်တော့ အဖေ ပြောခဲ့တဲ့ အိမ်ခွဲရတဲ့ အကြောင်းပြချက် ကိစ္စကြောင့် ဖြစ်လောက်တယ်... အခုဆို အပြင်လူတွေက အကုန် ယုံနေကြပြီလေ"
"ငါလည်း ကုန်သည်အသင်းမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောနေကြတာတွေ တော်တော် ကြားခဲ့ရတယ်... အခုဆို ယောက်ဖက ရှန်းကျင်းမြို့တော် ထဲမှာ အလွန် သိတတ်လိမ္မာတဲ့ သားကောင်းလေး ဖြစ်နေပြီ... အမတ်ချုပ်လင် ရဲ့ ဒီလုပ်ရပ်ကတော့ လူတွေကို နည်းနည်း နားမလည်နိုင် ဖြစ်သွားစေတာ အမှန်ပဲ"
အမှန်တကယ်တော့ အိမ်ခွဲချင်နေသူမှာ ပထမအဆောင် ဖြစ်ပြီး အမတ်ချုပ်လင် အနေဖြင့် ဘာမှ မလုပ်ဘဲ နေလိုက်မည်ဆိုလျှင် အပြင်လူများ၏ ဝေဖန်ပြောဆိုမှုများက ပထမအဆောင်၏ ကျောရိုးကို ကျိုးသွားစေလောက်ပေသည်။
အဖေဖြစ်သူ အသက်ရှင်နေသေးပါလျက်နှင့် အိမ်ခွဲရန် အလျင်စလို လုပ်နေခြင်းမှာ ဆင်းရဲနွမ်းပါးလွန်း၍ စားဝတ်နေရေး ခက်ခဲနေသော မိသားစုမျိုး မဟုတ်ဆိုပါက အတော်လေး မျက်နှာပျက်စရာ ကောင်းလှပေသည်။
နန်းတော်ထဲရှိ လင်ဝမ်ယိ ပင်လျှင် နောက်ကွယ်မှ အတင်းပြောခံရနိုင်ပေသည်။
သို့သော် ယခု ထိုသတင်း ထွက်ပေါ်လာသောအခါ အားလုံးမှာ တစ်ခုခုဖြင့် မီးရှို့ခံလိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။ လူတိုင်းက ပထမသခင်ကြီးလင် ကို သိတတ်လိမ္မာသူအဖြစ် တရစပ် ချီးကျူးနေကြတော့သည်။
အကယ်၍ အမတ်ချုပ်လင် သာ ပထမအဆောင်ကို အမှန်တကယ် ကာကွယ်ပေးချင်စိတ် ရှိခဲ့လျှင် နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာအောင်ထိ အချိန်ဆွဲနေမည် မဟုတ်ချေ။
ထို့ပြင် ဧကရာဇ်က ပထမသခင်ကြီးလင် ကို ရာထူးတိုးပေးလိုက်သည့် အမိန့်တော်မှာလည်း ထူးဆန်းနေသည်။ ပထမသခင်ကြီးလင် ၏ သိတတ်လိမ္မာသော သားကောင်းဟူသည့် ဂုဏ်သတင်းကို အခိုင်အမာ ဖြစ်သွားစေရန် ကူညီပေးလိုက်သကဲ့သို့ပင်။
ချက်ချင်းဆိုသလို ရာထူးနှစ်ဆင့် တိုးသွားခြင်းမှာ လူတိုင်း ထိုမျှ ကံကောင်းနိုင်မည် မဟုတ်ပေ။
ဧကရာဇ်သည် ငယ်ရွယ်စဉ်ကတည်းက နန်းတက်ခဲ့ပြီး ယခုဆိုလျှင် နှစ်ပေါင်း နှစ်ဆယ်နီးပါး ရှိလာခဲ့ပြီ ဖြစ်သည်။ ယခုအခါ တိုင်းပြည်က ငြိမ်းချမ်းသာယာနေပြီး အရပ်လေးမျက်နှာကလည်း အညံ့ခံနေကြရာ သေချာပေါက် အရည်အချင်းရှိသူ တစ်ဦး ဖြစ်ပေလိမ့်မည်။ ပေါ့ပေါ့တန်တန်နှင့် အမိန့်တော် တစ်ရပ်ကို ထုတ်ပြန်လိုက်မည်တော့ မဟုတ်ချေ။ နောက်ကွယ်တွင် ကြီးမားလှသော အကြံအစည်များ ရှိနေမည်ကိုသာ စိုးရိမ်ရပေသည်။
သုန်သခင်ကြီး ၏ မျက်လုံးများက ထိုအရာများကို မြင်သော်လည်း လှုပ်ရှားသွားခြင်း မရှိဘဲ ပို၍ပင် နက်နဲလာလေ၏။
"နန်းတွင်းရေးရာဌာန နဲ့ အဆက်အသွယ် ရတယ်ဆိုတာ ချန်ချန် ကူညီပေးတာ ဆိုပေမဲ့ အခြေအနေကို ငါတို့ သေချာ မသိရသေးတော့... သိပ်ပြီး မပတ်သက်တာက ပိုကောင်းလိမ့်မယ်"
"အကြီးကောင်... မင်း ဒီနေ့ လက်ဆောင်နည်းနည်း ပြင်ပြီး သို့မိသားစု ဆီ တစ်ခေါက်လောက် သွားလိုက်... မုကျစ် လည်း သတိရလာပြီဆိုတော့ တော်ဝင်သမားတော်သို့ ကို ကျေးဇူးတင်စကား သွားပြောချေ... တခြားကိစ္စတွေကိုတော့ မင်း အခြေအနေကြည့်ပြီး မေးလိုက်ပေါ့"
"ဟုတ်ကဲ့ပါ အဖေ"
ပထမသခင်ကြီးသုန် သည်လည်း ကိစ္စရပ်များကို ကိုင်တွယ်တတ်သူ တစ်ဦး ဖြစ်ရာ စုံစမ်းမည့် ကိစ္စအတွက် အထူးတလည် မှာကြားနေရန် မလိုအပ်ပေ။
ပထမသခင်ကြီးလင် ၏ အနည်းငယ် နားမလည်နိုင်ဖြစ်နေသော မျက်နှာအမူအရာကို ကြည့်ရင်း သုန်သခင်ကြီး က ထပ်မံ ရှင်းပြလိုက်လေသည်။
"ငါတို့က နန်းတော်အပြင်မှာ ရှိနေတော့ ချန်ချန် နဲ့ အဆက်အသွယ် ရဖို့ဆိုတာ အလွန် ခက်ခဲတယ်... တကယ်လို့ တော်ဝင်သမားတော်သို့ ရဲ့ ပါးစပ်ကနေ တစ်ဆင့် နန်းတော်ထဲက အခြေအနေတွေကို အနည်းငယ်လောက် ပိုသိလာရမယ်ဆိုရင်... ကိစ္စရပ်တချို့ကို ခန့်မှန်းလို့ ရသွားပြီး... ချန်ချန် ရဲ့ အခြေအနေကိုလည်း နည်းနည်းပါးပါး ကူညီပေးလို့ ရတာပေါ့"
"သမက် နားလည်ပါပြီ... ယောက္ခမကြီး က တကယ်ကို အမြော်အမြင် ရှိတာပဲ"
အမြော်အမြင် ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ ဒါတွေအားလုံးက အလကားပါပင်။ ကလေးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် ဖြတ်သန်းနိုင်ခြင်းကသာ အရေးအကြီးဆုံး ကိစ္စပင် ဖြစ်လေသည်။
အမတ်ချုပ်အိမ်တော် အတွင်းရှိ အနောက်ဆောင် တွင်။
သခင်မဝမ် မှာ ယခုအချိန်တွင် အံကို တင်းတင်းကြိတ်ထားလေ၏။ သူမသည် မူလကတည်းက ရောဂါ ကုသနေရသူ ဖြစ်ရာ နောက်ထက် ကိစ္စနှစ်ခုက ပေါ်လာပြန်သဖြင့် သူမအတွက် ဒဏ်ရာအပေါ် ဒဏ်ရာ ထပ်ဆင့်သွားသကဲ့သို့ ဖြစ်သွားရလေသည်။
"ပထမအဆောင် က ဘယ်လို ခွေးချေးကံမျိုးနဲ့ တက်နင်းမိပြီး ရာထူး နှစ်ဆင့် ဆက်တိုက် တိုးသွားရတာလဲ... သနားစရာကောင်းတဲ့ ငါ့သမီးလေးကတော့ နန်းတော်ထဲမှာ အကျယ်ချုပ် ချခံထားရပြီး အာဏာပါ အသိမ်းခံလိုက်ရတယ်... တကယ်ပဲ"
သူမက ဧကရာဇ်အား မျက်စိရှိလျက်နှင့် အထွတ်အမြတ်တောင်ကို မမြင်ရလေသလားဟု ရက်ရက်စက်စက် ဆဲဆိုချင်နေမိသည်။ သို့သော် သူမသည် အရူးမဟုတ်ပေ။ ဤကဲ့သို့သော စကားမျိုးကို ပြောထွက်လိုက်မည်ဆိုလျှင် တစ်မိသားစုလုံးအတွက စိုးရိမ်ရသည်။
ထို့ကြောင့် စိတ်ထဲတွင် မည်မျှပင် မုန်းတီးနေပါစေ ပါးစပ်ကို တင်းတင်းစေ့ထားရုံသာ တတ်နိုင်တော့သည်။ အရှေ့တွင်ရှိသော ပိုးသားစောင်ကို အားကုန်ထုရိုက်ရင်း သူမ၏ ဒေါသများကို ထုတ်ပစ်လိုက်လေ၏။
ဘေးနားရှိ ဒုတိယသခင်ကြီးလင် က ဇနီးဖြစ်သူ၏ ပုံစံကို တစ်ချက် ကြည့်လိုက်သည်။ လာရောက် နှစ်သိမ့်ပေးဖို့ မတွေးဘဲ သရော်လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်လေသည်။
"ဘယ်သူ့ကို အပြစ်တင်ရမှာလဲ... မင်း ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ပြီး လုပ်ခဲ့လို့ ဒီလို ပြဿနာ အကြီးကြီး ဖြစ်လာရတာလေ... အခုဆို တတိယသခင်လေး အသက်ရှင်သလား သေသလားတောင် မသိရသေးဘူး... တကယ်လို့ သေသွားခဲ့ရင် စောင့်သာကြည့်နေလိုက်တော့... ပထမအဆောင် က ထပ်ပြီး ပြဿနာ ရှာလာဦးမှာပဲ"
သခင်မဝမ် ၏ မူလက မြင့်တက်နေသော ဒေါသအဟုန်များမှာ ဤစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် လျော့ကျသွားတော့သည်။
သူမလည်း နောင်တရလို့ပင် မဆုံးနိုင်တော့ပေ။ အထူးသဖြင့် သမီးဖြစ်သူ အာဏာသိမ်းခံရပြီး အကျယ်ချုပ် ချခံလိုက်ရကြောင်း သိပြီးနောက်ပိုင်းတွင် ပို၍ပင် ဖြစ်သည်။ အကယ်၍ ထိုနေ့ကဲ့သို့ ကိုယ့်အနာဂတ်ကို ကိုယ်ဖျက်ဆီးမည့် အဆုံးသတ်မျိုး ဖြစ်လာမည်ကို သူမ ကြိုသိခဲ့လျှင် ဤမျှ မိုက်မဲသော လုပ်ရပ်မျိုးကို သူမ ဘယ်လိုလုပ်ပြီး ကျူးလွန်ခဲ့ပါမည်နည်း။
သို့သော် ယခုတော့ နောင်တရလည်း နောက်ကျသွားခဲ့ပြီ။ သူမ တတ်နိုင်သမျှ အစွမ်းကုန် ပြန်လည် ကုစားရန်သာ ရှိတော့သည်။
"သခင်ကြီး... ဒီ တော်ဝင်နက္ခတ္တဗေဒင်ဌာန ရဲ့ ဒုတိယအရာရှိ နေရာက သခင်ကြီး အပေါ် တစ်ခုခု သက်ရောက်မှု ရှိလာနိုင်မှာလားဟင်"
"အဲဒီလောက်ထိတော့ မဖြစ်နိုင်ပါဘူး... ဘယ်လိုပဲဖြစ်ဖြစ် ငါက ဝန်ထမ်းရေးရာဌာန လက်ထောက်အမတ် လေ... အစ်ကိုကြီးရဲ့ ဒုတိယအရာရှိ နေရာထက်စာရင် အာဏာရော အဆင့်အတန်းရော အများကြီး ပိုမြင့်ပါတယ်"
တော်ဝင်နက္ခတ္တဗေဒင်ဌာန ဟု နားထောင်လို့ကောင်းအောင် ပြောနေသော်လည်း ကောင်းကင်ဘုံနှင့် ပတ်သက်သော ကိစ္စရပ်များ မရှိလျှင် အလကား နေရာတစ်ခုသာ ဖြစ်သည်။ ဌာနအကြီးအကဲ ပင်လျှင် ဤကဲ့သို့ ဖြစ်နေမှတော့ ဒုတိယအရာရှိ ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
သို့သော် အဋ္ဌမအဆင့်မှ ဆဋ္ဌမအဆင့်သို့ တက်သွားခြင်းမှာ တကယ်ကို မြန်ဆန်လွန်းလှသည်။ ဤကိစ္စ၏ နောက်ကွယ်တွင် အပြင်လူများ ချီးကျူးနေကြသော သိတတ်လိမ္မာသည့် သားကောင်းဟူသည့် ဂုဏ်သတင်းက တွန်းအားပေးလိုက်သည်မှာ အသေအချာပင်။
ဤအချက်ကို တွေးမိသောအခါ ဒုတိယသခင်ကြီးလင် ပို၍ စိုးရိမ်လာသည်မှာ ဖခင်ဖြစ်သူ၏ ဆုံးဖြတ်ချက်ကိုပင်။
သူက စဉ်းစားလိုက်ပြီး သူ၏ ဇနီးဖြစ်သူကို ပြောလိုက်လေသည်။
"မင်း သေချာ အနားယူထားလိုက်... နှစ်ရက်လောက်နေရင် ယောက္ခမကြီး ဆီ တစ်ခေါက်လောက် သွားလိုက်ဦး... ပြီးခဲ့တဲ့ တစ်ခေါက်က သူပြောဖူးတယ်... စစ်ရေးအမတ် ဌာနမှာ တာဝန်ခံအမတ် နေရာ တစ်နေရာ လစ်လပ်နေတယ်တဲ့... တကယ်လို့ အဲဒီနေရာ ရှိနေသေးရင် ငါ လူတစ်ယောက်လောက် ထည့်ပေးလို့ ရတယ်"
"ဘယ်သူ့ကိုလဲ"
"ယွီဝမ်မင် ကိုလေ"
ဘယ်လိုလုပ်ပြီး သူ ဖြစ်နေရတာလဲ။
သခင်မဝမ် မှာ အလွန် သိချင်စိတ် ပြင်းပြသွားသည်။
ဤ ယွီဝမ်မင် ဆိုသည်မှာ ကျန်းမင်းသား နှင့် ဝေ့ဘေးထားတော် တို့မှ မွေးဖွားလာသော တတိယမြောက် သားဖြစ်ပြီး ငယ်စဉ်ကတည်းက အလွန် အလိုလိုက် ခံထားရသူ ဖြစ်သည်။ ပြဿနာရှာရာတွင် တတိယသခင်လေးလျို လောက် နာမည်မကြီးသော်လည်း သိပ်ပြီး အသုံးကျသည့်သူမျိုးတော့ မဟုတ်ပေ။
"မောင်ဝမ်းကွဲ မင် က လွန်ခဲ့တဲ့ ရက်ပိုင်းကမှ စစ်တပ်ထဲ သွားပြီး အတွေ့အကြုံ ယူမယ်ဆို... ဘယ်လိုဖြစ်ပြီး"
"ဦးလေး က သူ့ကို ဆင်းရဲဒုက္ခ မခံစေချင်လို့ နေမှာပေါ့... ပြီးတော့ သူက အဲဒီလို အရည်အချင်းမျိုးလည်း မရှိပါဘူး... သွားရင်တောင် ဘာအခွင့်အရေးမှ ရလာမှာ မဟုတ်ဘူး"
ကျန်းမင်းသား နှင့် ဝေ့ဘေးထားတော် တို့တွင် သားသုံးယောက် ရှိသည်။ အကြီးဆုံး ယွီဝမ်ကျင်း ကတော့ ကျန်းမင်းသား အားထားရဆုံးနှင့် အမျှော်လင့်ဆုံး သားဖြစ်ရာ အထူးတလည် ပြုစုပျိုးထောင်ပေးခြင်း ခံရသည်။
ဒုတိယသား ယွီဝမ်ထိုက် က ဝေ့ဘေးထားတော် နှင့် အတူဆုံး ဖြစ်သဖြင့် ကျန်းမင်းသား က သူ့ကိုလည်း အချစ်ပိုကာ ယုယပေးထားသည်။
တတိယသား ယွီဝမ်မင် ကတော့ အနည်းငယ် အခြေအနေဆိုးသည်။ အသက် သုံးဆယ် ရှိနေပြီဖြစ်သော်လည်း ဘာတစ်ခုမှ ဖြစ်မြောက်အောင် မလုပ်နိုင်သေးပေ။
ဇနီးတစ်ယောက် ရခဲ့သော်လည်း အိမ်ထောင်ကျပြီး မကြာမီမှာပင် ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ကောလဟာလများအနေဖြင့် သူက ဇနီးကို ဒုက္ခပေးတတ်သူဟု ဆိုကြသောကြောင့် ယနေ့အထိ အချိန်နှောင့်နှေးနေခဲ့ရခြင်း ဖြစ်သည်။
ဦးလေးဖြစ်သူက သူ့ထံ အပ်နှံလာမှတော့ ဤညီဝမ်းကွဲကို သူ လုံးဝ ပစ်ထား၍ မဖြစ်နိုင်ပေ။
စစ်ရေးအမတ် ဌာန၏ တာဝန်ခံအမတ် ဆိုသည်မှာ ရာထူး သိပ်မကြီးသလို သူ၏ ယောက္ခမ လက်အောက်တွင်လည်း ဖြစ်သည်။ အကယ်၍ ပြဿနာ တစ်ခုခု ဖြစ်လာခဲ့လျှင်တောင် ဖုံးဖိပေးလို့ ရနိုင်သေးသည်။ ထို့ကြောင့် ဒုတိယသခင်ကြီးလင် က ဤသို့ စီစဉ်ရခြင်း ဖြစ်လေသည်။