ကောင်းကင်ဘုံ (၁) သစ္စာခံသည်
Vol. 97 Ch. 1351
တောင်ပင်လယ်လောကသည် အင်အားအလုံးအရင်းဖြင့် တန်ပြန်တိုက်ခိုက်နေ၏။ မိုးအထက်သို့ ရိုက်ခတ်တောက်လောင်နေသော မီးတောက်မီးလျှံများ၏ အသွင်အပြင်ကား ယခင်နှင့် မတူတော့ပေ။ ဤတစ်ခေါက်တွင် ဆုတ်ပြီးရင်းဆုတ်နေရသည်က တောင်ပင်လယ်လောကသားကျင့်ကြံသူတို့မဟုတ်ဘဲ အပြင်သူများ ဖြစ်သွားလေပြီ။
ပထမတောင်ပင်လယ်တွင် အက်ရှလွန်ကျင့်ကြံသူတာအိုကောင်းကင်သည် ကျင့်ကြံသူစစ်တပ်ကို ဦးဆောင်၍ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေ၏။ မည်သည့်စစ်ကြောင်းတွင်မဆို အပြင်သူများမှာ နှိမ်နင်းသတ်ဖြတ်ခံနေကြရသည်။ အတော်များများမှာ ပြန်ပင်မတိုက်ခိုက်ရဲကြပေ။ ဤအခိုက်အတန့်တွင် တောင်ပင်လယ်လောကသားများသည် ယုံကြည်ချက်အပြည့်အဝရှိနေပြီး စစ်သွေးစစ်မာန် ထက်သန်တက်ကြွလျက်ရှိကြောင်း လူတိုင်း မြင်ရနိုင်၏။
တစ်ခါတရံ စစ်ပွဲတွင် ကျင့်ကြံသူများသည် သူတို့လူမျိုး၏ဂုဏ်သိက္ခာအတွက် အလကားအသေခံမည့်အစား ခန္ဓာဖောက်ခွဲတတ်ကြ၏။ သို့သော် ထိုလုပ်ရပ်များမှာ ပူဆွေးသောကမှ မွေးဖွားလာခြင်းဖြစ်၍ သေခြင်းကိုသာ ဦးတည်စေသည်။
ထိုကဲ့သို့ဗျူဟာမျိုးကို အသုံးပြုခြင်းက ရန်သူကို သင့်အား လေးစားစေနိုင်သည်၊ ကြောက်ရွံ့စေနိုင်သည်။ သို့သော် ထိုရန်သူ အင်အားမရှိတော့အောင် မလုပ်နိုင်ပေ။
ဆန့်ကျင်ဘက်တွင် ... လူမျိုးစုတစ်စုလုံး ယုံကြည်ချက်အပြည့်နှင့် စိတ်ဓာတ်အားမာန်တက်ကြွနေသည့်အချိန်သည် ရင်သပ်ရှုမောကြောက်မက်ဖွယ်ကောင်း၏။ ယခုအချိန်တွင် တောင်ပင်လယ်လောကသားများကား ထိုကဲ့သို့ဖြစ်နေလေပြီ။
စစ်သွေးစစ်မာန်တို့ လှုံ့ဆော်ခံလိုက်ရလျှင်ချင်း သူတို့သည် ရဲရင့်လာကြ၏။ ထိုရဲရင့်မှုက အပြင်သူများ၏စိတ်ကို တုန်လှုပ်လာစေသည်။ အပြင်သူများမှာ အစွမ်းကုန်ပြန်တိုက်ခိုက်ဖို့ မတွေးမိခြင်းမဟုတ်သလို၊ ခန္ဓာဖောက်ခွဲပစ်ဖို့လည်း မစဉ်းစားမိခြင်းမဟုတ်။ ထိုသို့လုပ်လည်း ... အချည်းနှီးဖြစ်၍သာ။
သူတို့သည် ကြိုးစားကြည့်ကြ၏။ တောင်ပင်လယ်လောကသားများ ပြန်တိုက်ခိုက်သည်နှင့် အပြင်သူများသည် သူတို့၏ရန်သူများကို သေရွာအတူခေါ်သွားနိုင်ဖို့ ခန္ဓာဖောက်ခွဲသူကဖောက်ခွဲ၊ တခြားနည်းလမ်းများဖြင့် အားထုတ်သူကအားထုတ်ကြသည်။
သို့သော် .. မထူးပေ။
ဒုတိယတောင်ပင်လယ်တွင် တိုက်ပွဲပြင်းထန်နေ၏။ တတိယတောင်ပင်လယ်တွင်မူ သွေးညှီနံ့တို့ လှိုင်လှိုင်ထနေသည်။ ထိုနေရာရှိ ကျင့်ကြံသူများသည် နာနာထုခံထားရသော ဓားများသဖွယ် စိတ်ဓာတ်မာကြောလာကြပြီး ယုံကြည်ချက်၊ မျှော်လင့်ချက်၊ ရက်စက်မှုနှင့် ဒေါသတို့ဖြင့် မျက်လုံးများ လင်းလက်တောက်ပနေ၏။
သူတို့ရင်တွင်းရှိ အမုန်းတရားသည် အပြင်သူများ၏အမုန်းတရားထက် ပြင်းထန်သလို၊ သူတို့၏ယုံကြည်ချက်လည်း ထိုနည်းတူပင်။ သူတို့၏မျှော်လင့်ချက်နှင့်ပတ်သက်လျှင်ပင် အပြင်သူများ မယှဉ်နိုင်ကြပေ။
စတုတ္ထတောင်ပင်လယ်၏စစ်ပွဲမှာ ပို၍မြန်မြန်ဆန်ဆန် ပြီးတော့မည်ဖြစ်၍ တဂျုန်းဂျုန်းမြည်သံများ ပဲ့တင်ထပ်နေသည်။ ရှုချင်၏ဦးဆောင်ကွပ်ကဲမှုနှင့် ခိတိဂဗ္ဗ စစ်မြေပြင်ထဲ ပြန်ရောက်လာမှုကြောင့် ထိုနေရာရှိ စစ်တပ်ကြီးသည် ရန်သူများကို မြက်ခြောက်များသဖွယ် နင်းခြေနေကြ၏။
သို့ရာတွင် ခိတိဂဗ္ဗသည် မလိုအပ်သရွေ့ စစ်ပွဲထဲ ဝင်မပါပေ။ ပါရာဂွန်ရုပ်သေးရုပ်နှင့် အနှစ်သာရ ၆ ခုအဆင့်အတိုက်အခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားသော မန်ဟိုလည်း ထိုနည်းတူ ထိန်းထားသည်။
ပင်လယ်အိပ်မက်နှင့် ကျန်တောင်ပင်လယ်သခင်များလည်း ဝင်မပါ။ အင်အားကြီးမားသော အပြင်သူပညာရှင်များကို မရင်ဆိုင်ရသရွေ့ သူတို့သည် စစ်ပွဲကို စောင့်ကြည့်ရုံသာကြည့်နေကြ၏။
သူတို့က ‘တကယ့်စစ်ပွဲက အစသာရှိသေးကြောင်း’ တောင်ပင်လယ်လောကသားများ နားလည်စေဖို့ သူတို့ကိုသာ အများဆုံးတိုက်ခိုက်စေသည်။ ရန်သူ့သွေးဖြင့် ရွှဲရွှဲစိုနေမှသာ ကျင့်ကြံသူတစ်ယောက်သည် စစ်သည်တော်တစ်ဦးဖြစ်လာနိုင်မည့် အရည်အချင်းရှိလိမ့်မည်။
အဋ္ဌမနှင့်နဝမတောင်ပင်လယ်တို့တွင်လည်း ထိုနည်းတူပင်။
အပြင်သူများအတွက် ပြေးစရာမြေဟူ၍မရှိ။ စစကျူးကျော်လာတုန်းက သူတို့သည် တောင်ပင်လယ်ကိုးခုအတွင်း၌ ပင်မစစ်စခန်းကိုးခု တည်ဆောက်ခဲ့၏။ အစပိုင်းတွင် စစ်ပွဲ၌ အသာစီးရခဲ့သည့်အတွက် ထိုစစ်စခန်းများက တောင်ပင်လယ်လောကထဲ စိုက်ဝင်၍ တစစီပိုင်းခြမ်းနေသော ဓားကိုးလက်ပမာ ဖြစ်ခဲ့သည်။
သို့သော် ယခုတွင် စခန်းများကို ထိုကဲ့သို့နေရာချထားခဲ့မှုကြောင့် သူတို့မှာ တစ်ယောက်မှမကျန်အောင် သုတ်သင်ခံရပေတော့မည်။ သူတို့မှာ တောင်ပင်လယ်လောကသားကျင့်ကြံသူများ ရှင်းလင်းနေသော ဆဋ္ဌမနှင့်သတ္တမတောင်ပင်လယ်မှလွဲ၍ ကျန်နေရာများတွင် ဖရိုဖရဲအဝိုင်းခံရသည်။
ဆဋ္ဌမနှင့်သတ္တမတောင်ပင်လယ်သည်သာ သူတို့၏အဓိကအခြေစိုက်စခန်းများ ဖြစ်ခဲ့၍ သူတို့၏ဒုက္ခသည်စခန်း ဖြစ်လာလေပြီ။
ခုနစ်တာအတွင်း ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထတောင်ပင်လယ်အားလုံး အပြင်သူရှစ်ဆယ်ရာခိုင်နှုန်းခန့်ကို သုတ်သင်ရှင်းလင်းကာ အောင်ပွဲခံနိုင်ခဲ့သည်။
ကြယ်တာရာကောင်းကင်တွင် သွေးများဖြာစီးနေပြီး နေရာတိုင်းနေရာတိုင်း၌ တိုက်ပွဲပြင်းထန်လျက်ရှိ၏။ တောင်ပင်လယ်လောက၏ကျင့်ကြံသူများက အကြောက်အလန့်မရှိ ရဲရင့်စွာ တိုက်ခိုက်ကြသည်။ ရှုချင်၏ ဟာကွက်မရှိ ဦးဆောင်ညွှန်ကြားမှုကြောင့် စတုတ္ထတောင်ပင်လယ်သည် အပြင်သူအများဆုံး အသတ်ခံခဲ့ရသောနေရာဖြစ်လာ၏။ ထို့နောက် သူတို့က တတိယတောင်ပင်လယ်ရှိ ကျင့်ကြံသူများကို သွားရောက်ကူညီသည်။
ထို့နောက် တောင်ပင်လယ်နှစ်ခု၏အင်အားသည် ရှုချင်၏အမိန့်အတိုင်း ပဉ္စမတောင်ပင်လယ်သို့ ချီတက်သွားကြ၏။ သူတို့၏ပစ်မှတ်ကား ... ဆဋ္ဌမနှင့်သတ္တမတောင်ပင်လယ်တွင် အခြေစိုက်သော အပြင်သူစခန်း ဖြစ်ပေသည်။
အဋ္ဌမနှင့်နဝမတောင်ပင်လယ်ကမူ စစ်မြေပြင်ပေါ်ရှိ အပြင်သူများကို ရှင်းလင်းပြီးနောက် အင်အားပူးပေါင်း၍ သတ္တမတောင်ပင်လယ်သို့ ချီတက်သွားသည်။
စစ်ပွဲသည် လအနည်းငယ်ထပ်ကြာ၏။ သို့သော် ထိုလအနည်းငယ်အတွင်း အရာအားလုံးကား မှတ်တမ်းတင်လောက်အောင် ခမ်းနားကြီးကျယ်စွာ ပြောင်းလဲသွားခဲ့သည်။
နောက်ဆုံးတော့ အဆုံးသတ်စစ်ပွဲ ဆဋ္ဌမနှင့် သတ္တမတောင်ပင်လယ်တွင် စတင်မည့်နေ့သို့ ရောက်ရှိလာသည်။ မန်ဟိုသည် သူ၏ပါရာဂွန်ရုပ်သေးရုပ်နှင့်အတူ ထိုစစ်ပွဲတွင် ဝင်ရောက်တိုက်ခိုက်နေရာ ခုခံနေသောအပြင်သူများအား စိတ်ပျက်လက်မှိုင်ကျနေစေတော့၏။
တောင်ပင်လယ်လောက၏ကျင့်ကြံသူများသည် ရေလှိုင်းလုံးကြီးများသဖွယ် အပြင်သူများကို တိုက်ခိုက်နေ၏။ ပါရာဂွန်ပင်လယ်အိပ်မက်၊ ပါရာဂွန်ရုပ်သေးရုပ်၊ ခိတိဂဗ္ဗနှင့် မန်ဟိုတို့က ကျင့်ကြံသူစစ်ကြောင်းများကို ဦးဆောင်နေမှတော့ ဆဋ္ဌမနှင့်သတ္တမတောင်ပင်လယ်ကျင့်ကြံသူများအနေဖြင့် တိုက်ခိုက်နိုင်တော့မည်လော....
“သစ္စာခံမလား၊ အသေခံမလား” မန်ဟိုက မေးသည်။ သူ့အသံ စစ်မြေပြင်တစ်လျှောက် ပဲ့တင်လာသည့်အခါ တောင်ပင်လယ်လောက၏ကျင့်ကြံသူများသည် တိုက်ခိုက်နေသည်ကို ရပ်၍ သူ့စကားအတိုင်း ကြွေးကြော်ကြ၏။
သူတို့၏အသံများသည် ကြီးကျယ်ခမ်းနားပြီး မယိုင်လဲသော ပြတ်သားမှုတို့ဖြင့် ပြည့်နှက်နေ၏။ ဤသည်မှာ တရှိန်ထိုး မြင့်တက်နေသော လူစုတစ်စု၏ စိတ်ဓာတ်အားမာန်ပင်။ သူတို့ကား သက်ရှိသတ္တဝါတိုင်းကို ငုံ့ကြည့်နိုင်သော ပါရာဂွန်အင်မော်တယ်လောကခေတ်သို့ ပြန်ရောက်သွားသည့်အလား ထင်ရသည်။
“သစ္စာခံမလား၊ အသေခံမလား”
“သစ္စာခံမလား၊ အသေခံမလား”
သူတို့၏အသံများက အပြင်သူများကို ပို၍ပင်တုန်ရီလာစေသော ဖိအားကြီးဖြင့် တောင်ပင်လယ်လောကတစ်ဝန်း ပဲ့တင်ထပ်နေသည်။
မန်ဟို့အလိုအရ အပြင်သူများကို တစ်ယောက်မကျန် မသုတ်သင်ချင်ပေ။ ယင်းက ဖြုန်းတီးရာကျသည်။ သူတို့သာ သစ္စာခံလိုက်လျှင် တောင်ပင်လယ်လောက၏ စုစုပေါင်းအင်အားသည် လျှော့မကျတော့ဘဲ တိုးပွားလာလိမ့်မည်။
ထိုအခြင်းအရာက ဤစစ်ပွဲကို အဆုံးအထိ တိုက်ခိုက်စေနိုင်မည့် မျှော်လင့်ချက်အစစ်အမှန်လည်း ဖြစ်လာစေမည်။
မန်ဟို့စကားကို တုံ့ပြန်သည့်အနေဖြင့် ပါရာဂွန်ပင်လယ်အိပ်မက်က မဆိုစလောက် ခေါင်းညိတ်ပြသည်။ မန်ဟိုသာ ထိုသို့မပြောခဲ့လျှင် သူမကိုယ်တိုင် ပြောမည့်ပုံပင်။ ခိတိဂဗ္ဗနှင့် ကျန်တောင်ပင်လယ်သခင်များမှာမူ တစ်ယောက်နှင့်တစ်ယောက် အတွေးမတူကြသော်လည်း မန်ဟိုက တောင်ပင်လယ်လောကတွင် အရေးအပါဆုံးဖြစ်သည့်အတွက် သူ့စကားကို နားထောင်ကြမည်ဖြစ်သည်။
အမှန်တွင် တောင်ပင်လယ်လောကသားကျင့်ကြံသူများ၏ အပြင်အားကိုယ်ခွန်အားမှာ မန်ဟို့ကြောင့် တိုးတက်ခဲ့ခြင်းဖြစ်၍ သူတို့က သူ့အလိုကို ဆန့်ကျင်မည်မဟုတ်ပေ။
အပြင်သူများအတွက် တွေးနေရန် အချိန်များစွာမလို။ သူတို့အားလုံးအနက် အစွမ်းထက်ဆုံး ရွှေရောင်ချပ်ဝတ်နှင့်အပြင်သူတာအိုဥသျှောင် လောင်လင်းစစ်သည် ခါးသီးစွာ ရယ်၍ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ဖြိုခွဲလိုက်၏။ ထို့နောက် ခေါင်းငုံ့ရင်း သူက ပြောသည်။ “ကျုပ် သစ္စာခံတယ်”
သူတို့အတွက် သစ္စာခံရုံမှတစ်ပါး ရွေးချယ်စရာမရှိသည်သာ။ ထိုသို့မရွေးလျှင် သေရမည်မဟုတ်ပါလော....
လောင်းလင်းစစ်၏စကားသံ စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်၍ ဆဋ္ဌမနှင့်သတ္တမတောင်ပင်လယ်တစ်ဝန်း ဟိန်းထွက်သွားသောအခါ အပြင်သူအားလုံး သူ့အသံကို ကြားလိုက်ကြရ၍ သက်ပြင်းချလိုက်ကြသည်။ သူတို့လည်း ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ဖြိုခွဲ၍ ခေါင်းငုံ့ကြသည်။
ဆန့်ကျင်သူတချို့ရှိသော်လည်း လျင်မြန်စွာ ကွပ်မျက်သုတ်သင်ခံလိုက်ရသည်။ စီးဆင်းနေသော သူတို့၏သွေးများက တောင်ပင်လယ်လောက၏ အောင်နိုင်မှုကို သက်သေတည်နေတော့သည်။
ထိုအောင်နိုင်မှုတွင် ကောင်းကင်ဘုံ (၁) ပြိုကျမှု၊ ပါရာဂွန်တစ်ဦး ကျွန်ပြုခံရမှု၊ အင်ပါယာသခင်တစ်ဦး အသတ်ခံရမှု၊ တာအိုဥသျှောင်နှစ်ဦးအနက် တစ်ဦးသေဆုံးမှုနှင့် တစ်ဦးသစ္စာခံမှုတို့ ပါဝင်သည်။ ကျူးကျော်လာသောအင်အား၏ ခုနစ်ဆယ်ရာခိုင်နှုန်းနီးပါးလည်း ရှင်းလင်းခံခဲ့ရသည်...
သို့သော် တောင်ပင်လယ်လောက ပေးဆပ်ခဲ့ရသည်မှာလည်း မနည်းပေ။ တောင်ပင်လယ်လောကသားကျင့်ကြံသူ လေးဆယ်ရာခိုင်နှုန်းနီးပါး အသတ်ခံခဲ့ရပြီး အများစုက အစောပိုင်းတိုက်ပွဲများတွင် ကျဆုံးသွားခဲ့ခြင်းဖြစ်သည်။
မန်ဟိုသာ ကောင်းကင်ဘုံ (၁) ကို ဖျက်စီးပြီး ကျင့်ကြံသူများ၏စိတ်ဓာတ်အားမာန်ကို နှိုးဆော်၍ အပြင်သူများ ပြန်မစုမိခင် ပါရာဂွန်တစ်ဦးကို ကျွန်မပြုနိုင်ခဲ့လျှင်တော့ တောင်ပင်လယ်ကျင့်ကြံသူများစွာ ကျဆုံးခဲ့လိမ့်မည်။
စစ်ပွဲ၏ အပိုင်း (၁) ကား ... ပြီးဆုံးသွားခဲ့ပြီ။
အောင်ပွဲခံသံများ ဆူညံနေသော်လည်း ဖိအားကြီးက တောင်ပင်လယ်လောက၏စိတ်ဆန္ဒ ဖန်ဆင်းထားသော ဒိုင်းအပေါ် သက်ရောက်နေဆဲဖြစ်သည်။ ထိုဒိုင်းသည် သူတို့အား ကောင်းကင်ဘုံ (၃၂) ဘုံထံမှ ပိုင်းခြားပေးထားပြီး ယခုအချိန်တွင် ၎င်းကို ဖိတွန်းနေသော ဧရာမအရိပ်ကြီးများအား မြင်နေရသည်။
မကြာမီ ကောင်းကင်ဘုံ (၃၂) ဘုံ လာတော့မည်ဖြစ်ကြောင်း လူတိုင်း သိသည်။ တောင်ပင်လယ်လောက၏စိတ်ဆန္ဒအနေဖြင့် သိပ်ကြာကြာတောင့်ခံနိုင်တော့မည်မဟုတ်သည့်အပြင် သူတို့လာလျှင် ထိုအင်အားက ကောင်းကင်ဘုံ (၁) ထက် အဆများစွာ များပြားလိမ့်မည်။
ဤတစ်ကြိမ်တွင် ... သူတို့ထံ ချီတက်လာနေသည်မှာ အဆများစွာ အင်အားကြီးမားသောစစ်တပ်ကြီး ဖြစ်ပေသည်။
တောင်ပင်လယ်လောက တွန်းလှန်နိုင်မည်လော.....
ယင်းက တောင်ပင်လယ်လောကသားကျင့်ကြံသူတိုင်း သိချင်နေသော မေးခွန်းဖြစ်သည်။ သို့သော် သူတို့သည် ဧရာမပါရာဂွန်ရုပ်သေးရုပ်ကြီးနှင့် ၎င်းခေါင်းပေါ်ရှိ မန်ဟို့ကို မြင်လျှင် မျက်လုံးများ လင်းလက်တောက်ပလာကြ၏။
ရုတ်တရက် ရှေးဆန်သောအသံတစ်သံက တောင်ပင်လယ်လောကသားအပေါင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။ ၎င်းက တောင်ပင်လယ်လောက၏စိတ်ဆန္ဒမှတစ်ပါး အခြားမဟုတ်ပေ။
“သုံးလ... အများဆုံး သုံးလရမယ်...သုံးလပြီးရင် ကောင်းကင်ဘုံ (၃၂) ဘုံ ရဲ့စိတ်ဆန္ဒက အတားအဆီးဒိုင်းကို ဖျက်ပြီး ငါတို့အပေါ် သက်ဆင်းလာလိမ့်မယ်။ ဒီတစ်ခေါက်တော့ ကောင်းကင်ဘုံတစ်ဘုံပဲ မဟုတ်တော့ဘူး....”
ထို့နောက် တောင်ပင်လယ်လောက၏စိတ်ဆန္ဒက မေးခွန်းတစ်ခွန်းမေးသည်။ “ငါတို့ ဒေါင်လိုက်တောင်ပင်လယ်အသွင်ကို အသက်သွင်းသင့်လား”
မန်ဟို့မျက်နှာပေါ်တွင် အံ့အားသင့်သွားသောအမူအရာပေါ်လာပြီး ခိတိဂဗ္ဗက ခေါင်းမော့လိုက်သည်။ သို့သော် ပါရာဂွန်ပင်လယ်အိပ်မက်က နဝမတောင်ပင်လယ်ကို လှည့်ကြည့်လိုက်ပြီး တခဏကြာသော် အေးစက်စက် ပြောသည်။
“ဒေါင်လိုက်အသွင်ကို အသက်သွင်းလိုက်
“တောင်ပင်လယ်သခင်တို့ ငါ့အမိန့်ကို နာခံပါ။ မင်းတို့တောင်ပင်လယ်ထဲမှာရှိတဲ့ ဂြိုဟ်တွေဆီက သက်ရှိသတ္တဝါအားလုံးကို ချက်ချင်း နဝမတောင်ပင်လယ်ဆီ ခေါ်သွားကြပါ။ နဝမတောင်ပင်လယ်က ငါတို့ရဲ့ ကွပ်ကဲရေးဌာနချုပ် ဖြစ်လာလိမ့်မယ်
“တောင်ပင်လယ်ကျင့်ကြံသူတို့ သက်ဆိုင်ရာတောင်ပင်လယ်ဆီ ပြန်သွားပြီး အမိန့်တွေကို စောင့်ပါ။ ဒေါင်လိုက်တောင်ပင်လယ်အသွင်နဲ့အတူ ငါတို့အားလုံး .. ကောင်းကင်ဘုံ ၃၂ ဘုံကို အတူတူကို ပြန်တိုက်ခိုက်ကြမယ်
“ဒေါင်လိုက်အသွင်ကို အသက်သွင်းဖို့ တစ်လကြာမယ်။ ဒီစစ်ပွဲမှာသုံးဖို့ ရည်ရွယ်ချက်အတွက် ပါရာဂွန်ကိုးတံဆိပ်က အဲဒါကို ပြင်ဆင်ပေးထားခဲ့တာပဲ
“ဒေါင်လိုက်အသွင်မှာ တောင်ပင်လယ်လောကတစ်ခုလုံးဟာ အလျားလိုက်တည်ရှိနေရာကနေ ဒေါင်လိုက်ဖြစ်လာလိမ့်မယ်။ တောင်ပင်လယ်တွေအားလုံး တစ်ခုအပေါ်တစ်ခုထပ်ရင်း ဒေါင်လိုက်စီတန်းသွားမယ်
“ပထမတောင်ပင်လယ်က ငါတို့ရဲ့ ပထမဆုံးခံစစ်ကြောင်း၊ ဒုတိယတောင်ပင်လယ်က ဒုတိယစစ်ကြောင်း။ ခံစစ်ကြောင်းရှစ်ကြောင်းပြီးတော့ နဝမတောင်ပင်လယ်ပဲ
“တောင်ပင်လယ်လောကသား တာအိုရောင်ရင်းအပေါင်းတို့ ငါတို့မှာ အချိန်သုံးလရှိတယ်.... ဒီစစ်ပွဲဟာ ငါတို့လောကရဲ့ကံကြမ္မာကို ဆုံးဖြတ်ပေးမှာဖြစ်တယ်။ ငါ့အတွက်တော့ ပြောစရာတစ်ခုပဲ ရှိတယ်. …. တောင်ပင်လယ်လောကသားကျင့်ကြံသူတို့ မသေမချင်းတိုက်ကြစို့” ပါရာဂွန်ပင်လယ်အိပ်မက်၏အသံ တိုးဝင်ပျောက်ကွယ်သွားပြီးနောက် တောင်ပင်လယ်လောကသားကျင့်ကြံသူများမှာ တခဏ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထို့နောက် တခဲနက်ကြွေးကြော်သံများ စည်းလုံးညီညာစွာ ဟိန်းထွက်လာတော့သည်။
“တောင်ပင်လယ်လောကသားကျင့်ကြံသူတို့ မသေမချင်း တိုက်ကြစို့” သူတို့၏ဟစ်အော်သံများက တစ်လောကလုံးကို တသိမ့်သိမ့်တုန်သွားစေသည်။
မန်ဟိုသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏မျက်ဝန်းထဲ၌ တိုက်ခိုက်လိုစိတ်တို့ တောက်လောင်လာသည်။ သူက ကြယ်တာရာကောင်းကင်နှင့် အတားအဆီး၏အလွန်ရှိ ဟင်းလင်းပြင်ကို မော့ကြည့်လိုက်၏။ ထိုနေရာတွင် ကောင်းကင်ဘုံ ၃၂ ဘုံ တည်ရှိပြီး ထိုအတားအဆီးဒိုင်းမှ လှိုင်းဂယက်များစွာ ထုတ်လွှတ်နေသည်။
“စစ်ပွဲ တကယ် စပြီ ...”