တောင်ပင်လယ်အိမ်ရှေ့မင်းသား
Vol. 97 Ch. 1352
တောင်ပင်လယ်လောကတစ်ခုလုံး အသွင်ပြောင်းနေသည်။ ထိုကဲ့သို့ခမ်းနားကြီးကျယ်သော ပြောင်းလဲမှုကြီးက နှေးကွေးလိမ့်မည်ဟု ထင်ကောင်းထင်ကြလိမ့်မည်၊ သို့သော် အမှန်တွင် ပကတိမျက်စိဖြင့်ပင် မြင်ရနိုင်ရာ ပြောင်းလဲမှု မည်မျှမြန်သလဲ ကောင်းကောင်းစိတ်ကူးကြည့်နိုင်သည်။
ပြောင်းလဲမှုသည် ကျင့်ကြံသူအားလုံး သတိထားမိသည့်နှုန်းဖြင့် ဖြစ်ပွားနေသည့်တိုင် မူးဝေခြင်းကိုသော်လည်းကောင်း၊ မအီမသာခြင်းကိုသော်လည်းကောင်း မဖြစ်ပွားစေပေ။ မူလက တောင်ပင်လယ်လောကသည် ပထမတောင်ပင်လယ်မှ နဝမတောင်ပင်လယ်အထိတောက်လျှောက် အလျားလိုက်စီတန်းနေခဲ့၏။ နေနှင့်လက လောကကို လှည့်ပတ်နေစဉ် ဘီလူးကြီးတစ်ကောင် လဲလျောင်းအိပ်စက်နေခဲ့သည်နှင့် တူသည်။
သို့သော် ယခုတွင် ထိုဘီလူးကြီးကား ... ဖြည်းဖြည်းချင်း ထရပ်နေလေပြီ။
ပထမတောင်နှင့် ပထမပင်လယ်သည် ကြယ်တာရာကောင်းကင်အပေါ် မြောက်တက်နေ၏။ တဂျုန်းဂျုန်းမြည်သံများ ပဲ့တင်ထပ်နေသည့်အချိန်တွင် တောင်ပင်လယ်လောက၏ကျင့်ကြံသူများက ပါရာဂွန်ပင်လယ်အိပ်မက်၏ အိပ်မက်များကို လိုက်နာနေသည်။ တောင်ပင်လယ်သခင်အသီးသီး၏ ဦးဆောင်မှုအောက်ဝယ် သေမျိုးများအားလုံး နဝမတောင်ပင်လယ်သို့ ပို့ဆောင်ခံရသည်။
တောင်ပင်လယ်လောကသည် ပျားပန်းခတ်လှုပ်ရှားနေပြီး စက္ကန့်နှင့်အမျှ ပြောင်းလဲနေ၏။
ရှုချင်အတွက် မန်ဟိုနှင့်အလွမ်းသယ်နေရန် အချိန်မရှိပေ။ သူမသည် သနင်္ဂစစ်ဗျူဟာနှင့် စစ်ရေးပရိယာအရာ၌ ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့၍ ပါရာဂွန်ပင်လယ်အိပ်မက်နှင့် ချက်ချင်း ထွက်သွားရသည်။ သူမနှင့် လီလင်းအာသည် တောင်ပင်လယ်လောက၏ သန့်ရှင်းသောသမီးတော်နှစ်ဦးအဖြစ် ပင်လယ်အိပ်မက်၏ ခန့်အပ်ခြင်း ခံရ၏။
မန်ဟိုက ပါရာဂွန်ရုပ်သေးရုပ်ကို ကြယ်တာရာကောင်းကင်အပေါ် လွှတ်ထားကာ ကောင်းကင်ဘုံ ၃၂ ဘုံ၏ ကျူးကျော်မှုကို စောင့်ကြပ်ထားစေသည်။ တစ်ချိန်တည်းမှာပင် ၎င်း၏နတ်ဘုရားအာရုံသည် နှစ်ဖက်ချွန်များကို ဖော်ထုတ်ဖို့ ဖိအားအနည်းငယ်ထုတ်လွှတ်ရင်း တောင်ပင်လယ်လောကတစ်ခုလုံးတွင် ပျံ့နှံ့နေ၏။
လူအပေါင်း၏ စိတ်ဓာတ်အားမာန်တက်ကြွလာသည့်တိုင် မိမိအကျိုးနှင့်ပတ်သက်လျှင် သစ္စာမရှိသော တချို့ကျင့်ကြံသူများ သို့မဟုတ် တချို့ဂိုဏ်းများနှင့် မျိုးနွယ်စုများပင် ရှိတတ်သည်။ သူတို့သည် အသိုက်ကို ပြောင်းပြန်လှန်လိုက်ပါက ဥအားလုံး ကွဲရမည့်အဓိပ္ပါယ်ကို နားမလည်ကြပေ။ သူတို့က ဦးပြန်မော့ဖို့ အခြားသူများနှင့် ပေါင်းမည်၊ အခြေအနေဆိုးလာလျှင်တော့ ကောင်းကင်ဘုံ ၃၂ ဘုံကို သစ္စာခံ၍ သူတို့အထင်ကြီးအောင် လုပ်မည်ဟု ကြံစည်ထားကြ၏။
မှန်သည်၊ ပါရာဂွန်ရုပ်သေးရုပ်ရှိနေမှတော့ နှစ်ဖက်ချွန်တစ်ယောက်မှ မလှုပ်ရှားရဲတော့ပေ။
တောင်ပင်လယ်လောကသူလောကသားတိုင်းသည် စစ်ပွဲအတွက် ပြင်ဆင်ရင်း အလုပ်များနေကြ၏။ အချိန်က ရွှေဖြစ်သည့်အပြင် မထင်မှတ်ထားသည့်ကိစ္စ မဖြစ်လျှင်တောင်မှ သူတို့အတွက် အများဆုံးသုံးလသာ ရှိသည်....
မန်ဟိုမှာတော့ မထင်မှတ်ဖွယ်ကောင်းစွာနှင့် ထွေထွေထူးထူး လုပ်စရာမရှိ၍ ကြယ်တာရာကောင်းကင်တွင် လမ်းလျှောက်ရင်း တောင်ပင်လယ်လောက ပြောင်းလဲနေသည်ကို စောင့်ကြည့်နေ၏။ တောင်ပင်လယ်လောက အလျားလိုက်အသွင်မှ ဒေါင်လိုက်အသွင်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲနေသဖြင့် ပထမတောင်ပင်လယ်က ဦးစွာ မြောက်တက်နေသည်။ လောလောဆယ်တွင် ၎င်းသည် ထောင့်တစ်ခုစောင်းနေ၏။
“တဖြည်းဖြည်း .... ငါတို့လောကပုံစံဟာ မရင်းနှီးတော့ပါလား” မန်ဟိုက တိတ်ဆိတ်စွာ တွေးလိုက်ပြီးနောက် သက်ပြင်းချသည်။ ထိုစစ်ပွဲလာနေသည်ကို သူ သိထားခဲ့သည်မှာ ကြာလေပြီ။ သို့သော် သူနှင့် တောင်ပင်လယ်လောကသားတိုင်းအတွက် ထိုစစ်ပွဲသည် ဆိုင်းမဆင့်ဗုံမဆင့် ရောက်ချလာခဲ့၏။
စစ်ပွဲကား သတ္တမတောင်ပင်လယ်နှင့် အဋ္ဌမတောင်ပင်လယ်၏ တိုက်ပွဲမှ စတင်ခဲ့သည်။ ထို့နောက် ပဉ္စမနှင့်ဆဋ္ဌမတောင်ပင်လယ်၏ တိုက်ပွဲ။ ထို့နောက် ကောင်းကင်ဘုံ (၃၃) ဘုံနှင့် ဆောလျင်စွာ စစ်ပြိုင်မလား ဆုံးဖြတ်ဖို့ အချိန်ရောက်လာခဲ့သည်။ ထိုဆုံးဖြတ်ချက်သည် မှန်ကန်ခဲ့သော်လည်း ဆိုင်းမဆင့်ဗုံမဆင့် ဖြစ်ပွားခဲ့သောအချက်ကိုတော့ မပြောင်းလဲနိုင်ပေ။
မန်ဟိုမှာ အနာဂတ်ကိုပင် မသေချာ၍ ဟာတာတာဖြစ်နေသည်။ သို့သော် ထိုသံသယများကို သူ ဖွင့်ဟမပြောနိုင်ပေ။ ယုံကြည်ချက်နှင့်မျှော်လင့်ချက်မှအပ မည်သည့်အရာကိုမှ တောင်ပင်လယ်လောကသားများအား မြင်ခွင့်မပြုနိုင်။
စိတ်မကောင်းဖွယ်ကောင်းစွာနှင့် ... သူကိုယ်တိုင်ကား ယုံကြည်ချက်မရှိ။
သူ မည်သည့်နေရာသွားသွား ... မည်သည့်တောင်ပင်လယ်မှလာလာ လေးစားကြည်ညိုသော မျက်ဝန်းများဖြင့် သူ့ကို လက်ယှက်အရိုအသေပေးကြသည့် ကျင့်ကြံသူများကို တွေ့ရသည်။
မန်ဟိုသည် ယခုတွင် တောင်ပင်လယ်လောကကျင့်ကြံသူများ၏ စိတ်ဓာတ်အားမာန်အရင်းအမြစ်ဖြစ်သည်။ လူပေါင်းများစွာအတွက် သူက မျှော်လင့်ချက်ကို ကိုယ်စားပြုသည်။
မန်ဟိုက ခံစားနေသောဖိအားများကို ဘေးချိတ်ရင်း ခပ်ရေးရေးပြုံးထားသည်။ သူက လူများကို ခေါင်းညိတ်ပြပြီးနောက် ဆက်သွား၏။ ပဉ္စမ၊ ဆဋ္ဌမ၊ သတ္တမနှင့် အဋ္ဌမတောင်ပင်လယ်တို့ကို သူ ဖြတ်လာခဲ့ပြီးနောက်ဆုံးတော့ .... နဝမတောင်ပင်လယ်သို့ ပြန်ရောက်လာသည်။
ဤသည်မှာ သူ ထွက်လာခဲ့သည့်အချိန်ကတည်းက ပထမဆုံအကြိမ် ပြန်ရောက်လာခဲ့ခြင်းပင်။ နဝမတောင်ပင်လယ်ကို ကြည့်ရင်း သူ့နှလုံးသားသည် ငြိမ်သက်လာ၏။ သို့သော် သူလုပ်ရမည့်အရာများစွာ ကျန်နေသေးသည်။
“ချူယွီယန်ရဲ့ ဝိညာဉ်....” သူက နှလုံးသားထဲ စူးအောင့်နာကျင်နေလျက် တွေးလိုက်သည်။ ကြယ်တာရာကောင်းကင်ကို ဖြတ်လျှောက်လာနေစဉ် သူ့အတွက် အိမ်ထက်ပို၍ သွားချင်သောနေရာ မရှိပေ။
တောင်ကောင်းကင်ဂြိုဟ်
ယခုတွင် တောင်ကောင်းကင်ဂြိုဟ်ပေါ်၌ ကျင့်ကြံသူများစွာ တပ်ချထားကြသည်။ မန်ဟိုနှင့်ပတ်သက်မှုကြောင့် ဖန်မျိုးနွယ်စုသည် နဝမတောင်ပင်လယ်တွင်သာမက တောင်ပင်လယ်လောကတစ်ခွင်တွင် ထင်ရှားကျော်ကြားလာ၏။ မန်ဟိုက ဖန်မျိုးနွယ်စု၏အိမ်ရှေ့မင်းသား ဖြစ်ကြောင်း မသိသူမရှိပေ။
မန်ဟိုပြန်ရောက်လာခြင်းက အုတ်အော်သောင်းနင်းဖြစ်သွားစေသည်။ ဖန်မျိုးနွယ်စုတစ်စုလုံး သူ့ကို ထွက်ကြိုဆိုကြပြီး မျိုးနွယ်စုခေါင်းဆောင်ဆက်ခံပွဲထက်ပင် ကြီးကျယ်ခမ်းနားသော အခမ်းအနားတစ်ခု ကျင်းပသည်။ ထိုကဲ့သို့အခမ်းအနားမျိုးကို ခေါင်းဆောင်ကြီးများသာ လက်ခံရရှိနိုင်လေသည်။
မှန်သည်၊ မန်ဟို့ကို ထွက်ကြိုသည်မှာ ဖန်မျိုးနွယ်စုတစ်စုသာမဟုတ်။ တောင်ကောင်းကင်ဂြိုဟ်ပေါ်ရှိ ဂိုဏ်းအားလုံး၊ မျိုးနွယ်စုအားလုံး ထွက်လာကြသည်။ ဧကရာဇ်တန်ကိုပင် မြင်ရနိုင်၏။
မန်ဟိုမှာ တောင်ကောင်းကင်ဂြိုဟ်အပြင်တွင် ပေါ်လာလျှင်ချင်း သူ့ကို ကြိုဖို့ တန်းစီနေသော ကျင့်ကြံသူသန်းပေါင်းများစွာကို မြင်လိုက်ရသည်။ သူတို့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားခြင်း၊ အားတက်ခြင်းနှင့် လေးစားခြင်းတို့ ထင်ဟပ်နေသည်။
သူ ပေါ်လာလျှင်ချင်း ကျင့်ကြံသူသန်းပေါင်းများစွာက လက်ယှက်၍ လေးနက်စွာ အရိုအသေပေးသည်။
“အိမ်ရှေ့မင်းသား ပြန်လာတဲ့အတွက် လေးစားစွာ ကြိုဆိုပါတယ်”
“ဂါဝရပြုပါတယ် အိမ်ရှေ့မင်းသား”
“အိမ်ရှေ့မင်းသား ကောင်းကင်ဘုံ (၁) နဲ့တိုက်ခိုက်နေတုန်းက အရှင်ထုတ်လွှတ်ခဲ့တဲ့ နတ်ဘုရားစွမ်းရည်တွေက ပြိုင်ဘက်ကင်းချက်ပဲ”
မန်ဟို ကောင်းကင်ဘုံ (၁) ကို ဖြိုချ၍ အပြင်သူပါရာဂွန်ကို ကျွန်ပြုခဲ့ကတည်းက တောင်ပင်လယ်လောကသည် သူ့အား ... ဖန်မျိုးနွယ်စု၏အိမ်ရှေ့မင်းသားအဖြစ်သာမကဘဲ တောင်ပင်လယ်တစ်လောကလုံး၏ အိမ်ရှေ့မင်းသားအဖြစ် မြင်လာခဲ့ကြ၏။
သူတို့အသံများ ဟိန်းထွက်နေစဉ် မန်ဟိုသည် ထိုအုပ်စုကို လှမ်းကြည့်လိုက်ပြီး သူ၏မျက်လုံးများက အားလုံး၏အနောက်ရှိ၊ ဂြိုဟ်၏နယ်စပ်အတွင်း၌ ရပ်နေသော သီးသန့်အုပ်စုလေးတစ်စုအပေါ် ကျရောက်သွားသည်။
ထိုနေရာတွင် သူ့အဖေ၊ သူ့အမေ၊ သူ့အစ်မနှင့် အတိတ်တုန်းက သူနှင့် ထိပ်တိုက်တွေ့ခဲ့ဖူးသော ရွေးချယ်ခံများကို သူ မြင်လိုက်ရသည်။
သူ့အဖေက ပြုံးနေသည်။ ထိုအပြုံးတွင် စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူမှုတို့ ပြည့်နှက်နေသည်။ သူ့အမေ၏မျက်နှာပေါ်တွင်တော့ မြတ်နိုးကြင်နာမှုနှင့် ... မိခင်တစ်ယောက်သာ ခံစားနိုင်မည့် ဂုဏ်ယူမှုကို မြင်ရနိုင်၏။
မန်ဟိုက တောင်ကောင်းကင်ဂြိုဟ်အပြင်၌ စုဝေးနေသော ကျင့်ကြံသူများကို ပြန်ကြည့်ပြီး လက်ယှက်အရိုအသေပေးလိုက်သည်။
“ကောင်းကင်ဘုံ (၁) နဲ့ တိုက်ပွဲမှာ ကျုပ်လုပ်ခဲ့တဲ့အရာဟာ ဘယ်တောင်ပင်လယ်ကျင့်ကြံသူမဆို လုပ်ခဲ့မယ့်အရာပါပဲ။ ကျုပ်တစ်ယောက်တည်းနဲ့ ဒီစစ်ပွဲ၏ရလဒ်ကို မဆုံးဖြတ်နိုင်ဘူး။ ဒီ့အတွက် ကျုပ်တို့ နိုင်ချင်ရင် တောင်ပင်လယ်အားလုံး စည်းစည်းလုံးလုံး ပြန်တိုက်ခိုက်ကြရမယ်”
စစ်ပွဲအတွင်း တန်ခိုးအရှိန်အဝါကြီးမားသော စစ်သည်တော်တစ်ဦး ဖြစ်ခဲ့သည်နှင့်အညီ မန်ဟိုသည် သူ့အသံတွင် အားထပ်ထည့်စရာမပေ။ စကားလုံးများကိုယ်တိုင်က ပြင်းပြသောစိတ်ဓာတ်အားမာန်ကို ထုတ်လွှတ်နေသည်။
ကောင်းကင်ဘုံ (၁) နှင့် စတင်တိုက်ခိုက်သောအခါ ဖို့တစ်ဖို့တည်းသာ ကြည့်၍မရတော့ကြောင်း မန်ဟို သဘောပေါက်လာခဲ့သည်။ သူ့ပခုံးထက်တွင် တာဝန်တစ်ရပ် ရှိလာခဲ့ပြီး ထိုတာဝန်က သူ့ကို ဖိစီးနေခဲ့လေပြီ။
သူ့စကားလုံးများ ပဲ့တင်ထပ်နေစဉ် တောင်ကောင်းကင်ဂြိုဟ်၏အပြင်ရှိ ကျင့်ကြံသူများသည် နောက်တစ်ဖန် လက်ယှက်၍ အရိုအသေပေးကြ၏။ မန်ဟိုက ရှေ့ဆက်လျှောက်သွားပြီး သူတို့က သူ့အတွက် လမ်းဖယ်ပေးကြသည်။
လူတိုင်း စောင့်ကြည့်နေစဉ် သူသည် တောင်ကောင်းကင်ဂြိုဟ်ထဲ ဝင်သွား၏။ မန်ဟိုမှာ သူ့အဖေ၊ သူ့အမေနှင့် ကျန်ခေါင်းဆောင်ကြီးများကို ကြည့်ရင်း သူ့ကို တွန်းအားပေးခဲ့သော စိတ်ဓာတ်အားမာန်က သူ့ကို မွန်းကြပ်သည်အထိ ပင်ပန်းလာစေသည်ကို ခံစားလိုက်ရသည်။
အိမ် … ဤနေရာတွင်တော့ သူ အနားယူနိုင်မည်...
မန်ဟိုက သူ့အဖေနှင့်အမေဆီ လျှောက်သွားပြီး ဒူးထောက်ရှိခိုးလိုက်သည်။
“အဖေ၊ အမေ....သား ပြန်လာပြီ”
မန်လီက ရှေ့လျှောက်လာပြီး မန်ဟို့ကို တွဲထူသည်။ သူမသည် နာကျင်နေသော မျက်ဝန်းများဖြင့် သူ့ကို ကြည့်ပြီးနောက် နွေးထွေးစွာ ပွေ့ဖက်လိုက်၏။
ထိုအခိုက်အတန့်တွင် တောင်ကောင်းကင်ဂြိုဟ်မှ ဝမ်းသာအားရကြွေးကြော်သံများ ဟိန်းထွက်လာသည်။ တောင်ပင်လယ်လောကသားကျင့်ကြံသူများ၏ရင်ထဲတွင် မန်ဟိုကား ... အကြီးမြတ်ဆုံးဖြစ်တည်မှုတစ်ခု ဖြစ်လိမ့်မည်။ သို့သော် နဝမတောင်ပင်လယ်နှင့် အထူးသဖြင့် တောင်ကောင်းကင်ဂြိုဟ်ပေါ်က ကျင့်ကြံသူများအကြားတွင်တော့ မန်ဟိုက ထို့ထက်ပိုသည်။ သူသည် ... သူတို့၏မန်ဟို ဖြစ်၏။
သူတို့၏မန်ဟို ပြန်ရောက်လာခဲ့ပြီ။
တောင်ကောင်းကင်ဂြိုဟ်တစ်ဂြိုဟ်လုံး တုန်ရီနေသလို နဝမတောင်ပင်လယ်တစ်ခုလုံးလည်း ထိုနည်းတူပင်။ နောက်လဝက်အတွင်း မရေမတွက်နိုင်သော ကျင့်ကြံသူများစွာ မန်ဟိုနှင့်တွေ့ဆုံဖို့ မျှော်လင့်ရင်း တောင်ကောင်းကင်ဂြိုဟ်ပေါ် ရောက်လာကြသည်။ မန်ဟိုမှာ တတ်နိုင်သမျှတွေ့ပေးဖို့ ကြိုးစားလေသည်။
သူ့မှာ ပင်ပန်းလွန်း၍ နားချင်သော်လည်း နဝမတောင်ပင်လယ်ကျင့်ကြံသူများကို စိတ်မပျက်စေချင်ပေ။
မန်လီသည် မန်ဟို ဖိအားများနေမှန်း ရိပ်စားမိသော်အခါ မီးတောင်ကြီးလို ပေါက်ကွဲပြီး မည်သည့်ဧည်သည့်ကိုမှ လာခွင့်မပေးတော့ပေ။ ဖန်ရှုံ့ဖုန်းက မန်ဟို့ကိုယ်စား လက်ခံတွေ့ဆုံပေးပြီးနောက်ပိုင်း လူအုပ်ကြီးပါးလာခဲ့သည်။
နောက်ဆုံးတော့ မန်ဟိုမှာ ကိုယ်ပိုင်လွတ်လပ်ချိန် ရရှိသွား၏။ သူ့အမေ၊ သူ့အစ်မနှင့်အတူ အချိန်တချို့ကုန်ဆုံးရင်း မိသားစုနှင့်အတူရှိရသည့် ပျော်ရွှင်မှုကို ခံစားနိုင်တော့သည်။
သူသည် တရားမထိုင်သလို၊ ကျင့်ကြံခြင်းလည်းမရှိ။ တောင်ကောင်းကင်ဂြိုဟ်ပေါ်ရှိ ရင်းနှီးသောနေရာများသို့ လည်ပတ်ဖို့ပင် ဖန်မျိုးနွယ်စုမှ မထွက်ပေ။ ဘိုးဘေးစံအိမ်၌သာ နေရင်း သူ၏နှလုံးသားကို အေးချမ်းတည်ငြိမ်လာစေ၏။
ယခုတွင် တောင်ပင်လယ်လောကသားကျင့်ကြံသူများ၏ သူ့အပေါ်အမြင်မှာ ပြောင်းလဲသွားခဲ့ကြောင်း သူ သဘောပေါက်လာသည်။ ဖန်းတုံးအာနှင့် သူ့အသိရွေးချယ်ခံများ သူ့အပေါ် ဆက်ဆံပုံမှာ ... မတူတော့ပေ။
ရံဖန်ရံခါ သူ့အဖေပင်လျှင် ယခင်တုန်းက သူ့မျက်ဝန်းထဲတွင် မရှိခဲ့ဖူးသော လေးစားမှုတို့ဖြင့် သူ့အား ကြည့်တတ်သည်။ ၎င်းက မန်ဟို့ကို စိတ်မကောင်းဖြစ်စေသည်၊ ဝမ်းနည်းစေသည်။
ထို့နောက် သူ့အစ်မ။ သူတို့နှစ်ယောက် ငယ်စဉ်တုန်းက သူမသည် သူ့ကို အမြဲကာကွယ်ပေးမည်ဟု ကတိပေးခဲ့ဖူး၏။ သို့ထိတိုင် သူမလည်း ပြောင်းလဲသွားခဲ့လေပြီ။ သူ့ကို ပို၍ချစ်လာသော်လည်း သူမ သူ့ကို ကြည့်သောအခါ သူမမျက်ဝန်းထဲတွင် အထင်ကြီးလေးစားမှုကို မြင်ရနိုင်သည်။
စွန်းဟိုက်ကိုတော့ ထည့်ပြောနေစရာပင်မလိုတော့။ သူသည် မန်ဟိုကို ဟိုးအရင်ကတည်းက လေးစားခဲ့သော်လည်း ယခုတော့ လေးစားမှုတင်မကဘဲ အရူးအမူးကြည်ညိုနေပုံပေါ်နေတော့သည်။
သူ့အမေသာလျှင် မပြောင်းလဲသောလူဖြစ်သည်။ သူမအတွက် မန်ဟို မည်သည့်နယ်ပယ်သို့ရောက်ရောက်၊ ပါရာဂွန်ဖြစ်နေလျှင်တောင် သူမ၏သား အမြဲဖြစ်နေဦးမည်သာ။
မိသားစုနှင့် အချိန်ကုန်ဆုံးနေစဉ် မန်ဟိုသည် ရံဖန်ရံခါ ရှုချင်ရှိသောဘက်သို့ လှမ်းမျှော်ကြည့်တတ်၏။ တစ်ခါတရံ ချူယွီယန်၏ဝိညာဉ်ကိစ္စနှင့်ပတ်သက်ပြီး စဉ်းစားတတ်သည်...
ကျန်သည့် သူ့အသိများကိုတော့ မတွေ့ချင်၍မဟုတ်။ တောင်ပင်လယ်လောကအတွက် ကျပ်တည်းနေသောအခိုက်အတန့်တွင် ကိစ္စအားလုံးကို တစ်ပြုံတည်းတွေးရင်း စိတ်အပင်ပန်းမခံချင်၍သာ ဖြစ်သည်။
မန်ဟိုသည် သူ ပြောင်းလဲသွားမှန်း သိသည်။ ယခင်ကလည်း တိတ်ဆိတ်သော သူသည် ပို၍တိတ်ဆိတ်လာပြီး ဝိညာဉ်ကျောက်တုံးများပင် သူ့အတွက် ယခင်လောက် အရေးမပါတော့သယောင်ပင်။ ယခုတွင် သူ့အတွေးများကို တောင်ပင်လယ်လောကသာ ကြီးစိုးထားနေသည်....
“အကယ်၍ အခွင့်သာရှိရင်” သူက တွေးသည်။ “ဘာစစ်ပွဲမှ မရှိတဲ့ ခေတ်တစ်ခတ်မှာ နေချင်တယ်....” သူ့မှာ သက်ပြင်းချရင်း ပိုပို၍ ပင်ပန်းလာနေသည်။
နောက်ထပ်လဝက် ကုန်ဆုံးသွားသည်။ တောင်ပင်လယ်လောက၏ ဒေါင်လိုက်အသွင်မှာ အပြည့်အဝ အသက်သွင်းခံလိုက်ရလေပြီ။ အမြင့်ဆုံးတွင် ပထမပင်လယ်၊ ထို့အောက်၌ ပထမတောင်နှင့်အတူ ပထမတောင်ပင်လယ်က ထိပ်ဆုံး၌ တည်ရှိသည်။ ၎င်းပြီးလျှင် ဒုတိယပင်လယ်၊ ဒုတိယတောင်လာသည်...
တောင်ပင်လယ်လောကသည် မိုးနှင့်မြေကို ထမ်းလျက် မတ်မတ်ရပ်နေသော ဘီလူးကြီးတစ်ကောင်အလားပင်။
နေနှင့်လသည် လောကကို လှည့်ပတ်မနေတော့ဘဲ တစ်ဖက်တစ်ချက်တွင် စောင့်ရှောက်ရင်း ရပ်တန့်နေ၏။ ယင်းက တောင်ပင်လယ်လောက၏ တချို့အပိုင်းများကို အမြဲတမ်းနေ့ ၊ တချို့အပိုင်းများကို အမြဲတမ်းည ဖြစ်နေစေသော်လည်း ယခုလိုသေရေးရှင်ရေးအခိုက်အတန့်တွင် မည်သူမျှ ထည့်တွက်မနေပေ။
တစ်ချိန်တည်းမှာပင် တောင်ပင်လယ်လောကအတွင်း၌ နေထိုင်သော သေမျိုးများအား ... လောကတစ်ခုလုံး၏ အရေးအပါဆုံးနေရာဖြစ်လာသော နဝမတောင်ပင်လယ်သို့ ပို့ဆောင်ထားရှိပြီးလေပြီ။
တောင်ပင်လယ်လောက၏ ဒေါင်လိုက်အသွင် အသက်သွင်းခံလိုက်ရသောအခိုက်အတန့်တွင် တောင်ပင်လယ်လောက၏စိတ်ဆန္ဒသည် ကျင့်ကြံသူအားလုံး၏စိတ်ထဲ၌ စကားပြောလိုက်၏။
“ကောင်းကင်ဘုံ ၃၂ ဘုံကို ကာဆီးထားတဲ့ ငါ့ဒိုင်းဟာ သိပ်ကြာကြာတောင့်မခံနိုင်တော့ဘူး။ တစ်လနဲ့တစ်ဝက်နေရင် .... သူတို့ ... ရောက်လာတော့မယ်”