အခန်း ၈၂၁
Vol. 78 Ch. 821
အခန်း (၈၂၁) - ကျန်းငါးထောင်ရှည်သော ကံကြမ္မာရွှေနဂါး၊ လူသားမျိုးနွယ်၏ ကံကြမ္မာအား စုစည်းခြင်းနှင့် သတ္တမအဆင့် အစီအရင်ပညာရှင် (၁) ။
ဖုန်းရှီးမြို့၊ အမှတ် (၈၈) တာအိုကျောင်းတော်ရှိ စံအိမ်တစ်ခု…။
ဤနေရာသည် ကျိုးစွေ့ တံခါးပိတ်ကျင့်ကြံရာနေရာလည်း ဖြစ်ပေသည်။
"နောက်ဆုံးတော့ သတ္တမအဆင့် အလယ်အလတ် အစီအရင်ပညာရှင်အဖြစ် တက်လှမ်းနိုင်ခဲ့ပြီပဲ...”
ကျိုးစွေ့က မျက်လုံးများကို ဖွင့်လိုက်ရာ မျက်ဝန်းအစုံတွင် မသိမသာ ပြုံးယောင်သန်းသွား၏။
သူ၏ သိစိတ်ပင်လယ် အနက်ရှိုင်းဆုံးဆီမှ အစီအရင်နှင့် ပတ်သက်သော ကြီးမားလှသည့် အသိပညာဗဟုသုတများ တရဟော တိုးထွက်လာတော့သည်။
နှစ်ပေါင်းတစ်ရာကြာ အပတ်တကုတ် ကျင့်ကြံအားထုတ်ပြီးနောက် သူ၏ အစီအရင်ကျင့်ကြံမှုမှာ တစ်ဟုန်ထိုး တိုးတက်လာခဲ့၏။
သတ္တမအဆင့် အောက်ခြေအဆင့် အစီအရင်ပညာရှင်အဆင့်သို့ ရိုးရိုးရှင်းရှင်း ရောက်ရှိသွားရုံသာမက သတ္တမအဆင့် အလယ်အလတ် နယ်ပယ်အထိပါ ကျင့်ကြံမှုကို မြှင့်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူသည် ထောင်ချီလီမှတစ်ပါး ဖုန်းရှီးမြို့၌ အစီအရင်ပညာရပ်တွင် အစွမ်းအထက်ဆုံး ပညာရှင်တစ်ဦး ဖြစ်လာခဲ့ချေပြီ။
ဤမျှအထိ လျင်မြန်စွာ တိုးတက်ရခြင်းမှာ 'အစီအရင်နှလုံးသားကူ' ၏ စွမ်းအားကြောင့်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
ဤအတောအတွင်း 'အစီအရင်နှလုံးသားကူ' သည် ဖုန်းရှီးမြို့၏ သတ္တမအဆင့် အထွတ်အထိပ် အစီအရင်ကြီးဖြစ်သော ကိုးရောင်ခြည်နေမင်းအစီအရင်ကို အပြည့်အဝ သန့်စင်စုပ်ယူကာ ထိန်းချုပ်နိုင်ခဲ့သဖြင့်၊ သူသည်လည်း သတ္တမအဆင့် အစီအရင်များစွာ၏ လျှို့ဝှက်ချက်များကို တစ်ခဏချင်းအတွင်း နားလည်သဘောပေါက်သွားခြင်း ဖြစ်၏။
ဆဋ္ဌမအဆင့်မှ သတ္တမအဆင့်သို့ ကူးပြောင်းရာတွင် ကြုံတွေ့ရသော အတားအဆီးမှာလည်း တစ်ခဏချင်းအတွင်း ရိုက်ချိုးခံလိုက်ရပြီး မည်သည့် အဟန့်အတားမျှပင် မရှိခဲ့ချေ။
"သတ္တမအဆင့် အစီအရင်ကတော့ ငါးလွှာထပ်ကာကွယ်ရေး အစီအရင်အတားအဆီးကို ဖန်တီးပေးနိုင်ပြီပဲ...”
"အစီအရင်ရုန်းစာလုံးတွေရဲ့ ရှုပ်ထွေးမှုကလည်း တကယ့်ကို စိတ်ကူးယဉ်လို့တောင် မရနိုင်လောက်အောင်ပဲ...”
"သာမန်အစီအရင်ပညာရှင်တွေသာ တစ်ချက်လောက် ကြည့်လိုက်ရင် ချက်ချင်း မူးလဲပြီး သတိလစ်မေ့မြောသွားလောက်တယ်...”
"တစ်ခါတည်းနဲ့သာ အောင်မြင်အောင် ခင်းကျင်းနိုင်ခဲ့ရင် နယ်ပယ်အကာအကွယ်စွမ်းအားကို ဖန်တီးပေးနိုင်လိမ့်မယ်...”
"အစီအရင်အတွင်းပိုင်းက သီးခြားကမ္ဘာငယ်လေးတစ်ခုလို ဖြစ်သွားပြီး ကမ္ဘာငယ်တစ်ခုရဲ့ အကာအကွယ် အတားအဆီးအဖြစ် ပြောင်းလဲသွားမှာပဲ...”
"ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေက အရူးအမူး တိုက်ခိုက်ရင်တောင် သတ္တမအဆင့် အစီအရင်ရဲ့ အကာအကွယ်အတားအဆီးကို ဘာမှတတ်နိုင်မှာ မဟုတ်ဘူး...”
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်၏။
သူသည် သတ္တမအဆင့်အစီအရင်၏ လျှို့ဝှက်ချက်များကို ကောင်းစွာ နားလည်သဘောပေါက်သွားပြီး သတ္တမအဆင့် အစီအရင်ဗဟုသုတများစွာမှာ သူ၏စိတ်ထဲတွင် စီးဆင်းသွားတော့သည်။
သူ၏အစီအရင်အပေါ် နားလည်သဘောပေါက်မှုမှာ သိသာထင်ရှားစွာ ပြောင်းလဲတိုးတက်လာခဲ့သည်။
သို့သော် အရေးကြီးဆုံးအချက်မှာ သူသည် 'အစီအရင်နှလုံးသားကူ' ၏ စွမ်းအားကို အသုံးပြု၍ ဖုန်းရှီးမြို့၏ သတ္တမအဆင့် အထွတ်အထိပ် အစီအရင်ကြီးကို ထိန်းချုပ်နိုင်ခဲ့ခြင်းပင်။
ဤသို့ဖြင့် သူသည် ဤအစီအရင်၏ သခင်နှင့် တူညီသွားပြီး သတ္တမအဆင့်အစီအရင်၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ပြီ ဖြစ်၏။
အတိုင်းအတာတစ်ခုအထိ ဆိုရလျှင် ဖုန်းရှီးမြို့တွင် ရှိနေသရွေ့ သူသည် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် မခြားတော့ပေ။
ယခုအချိန်တွင် ဖုန်းရှီးမြို့၌ ရှိနေသရွေ့ သူသည် မည်သည့်အခါမျှ ရှုံးနိမ့်မည် မဟုတ်ချေ။
ဝှမ်...။
ဤသို့တွေးတောလိုက်ရင်း အတွေးတစ်ချက်ဖြင့် ခန္ဓာကိုယ်ပေါ်ရှိ အချက်အလက်ပြမျက်နှာပြင်ကို ချက်ချင်း ဖွင့်လိုက်၏။
မျက်နှာပြင်ထက်တွင် အချက်အလက်များ တသီတတန်းကြီး ပေါ်လာတော့သည်။
[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - လေဟာနယ်သန့်စင်ခြင်းအဆင့် အစောပိုင်း (တိုးတက်မှု ၃၀%) ၊ သက်တမ်း - ၈၀၇ (၃၀၂,၀၀၀နှစ်)]
[ ပင်ကိုပါရမီ - ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် (၃၅%)]
[ ဓားတာအို - ဆဋ္ဌမအဆင့် အောက်ခြေအဆင့် (၃၀%)]
[ အဆောင်ပညာရပ် - ဆဋ္ဌမအဆင့် အောက်ခြေအဆင့် (၃၀%)]
[အစီအရင်ပညာရပ် - သတ္တမအဆင့် အလယ်အလတ် (၁%)]
[ ဆေးဖော်စပ်ပညာ - ဆဋ္ဌမအဆင့် အလယ်အလတ် (၃၀%)]
[ လက်နက်သွန်းလုပ်ခြင်း - ဆဋ္ဌမအဆင့် အောက်ခြေအဆင့် (၂၅%)]
[ နတ်ဆိုးအသွင်ပြောင်းပညာရပ် - မဟာဆရာသခင်အဆင့်]
[ ကောင်းကင်မြေကြီး ဆေးပေါင်းဖိုပညာရပ် - ကျွမ်းကျင်အဆင့်]
[ မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ် - မိစ္ဆာမျိုးစေ့၊ မိစ္ဆာဆင့်ခေါ်ခြင်း၊ မိစ္ဆာဝါးမျိုခြင်း]
[ အလင်းမျက်လုံးခုနစ်လုံးလျှို့ဝှက်ကျမ်း - နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း၊ နှလုံးသားမျက်လုံး ထိုးထွင်းသိမြင်ခြင်း၊ နှလုံးသားမျက်လုံး ဘာသာစကားနားလည်ခြင်း၊ နှလုံးသားမျက်လုံး စိတ်အာရုံဖတ်ခြင်း၊ နှလုံးသားမျက်လုံး သေကွင်းသေကွက်သိမြင်ခြင်း (၈၀%)]
[ ကျူးရှန်းဓားသိုင်း - ပထမပုံစံ သဏ္ဌာန်မဲ့ဓားအလင်း၊ ဒုတိယပုံစံ သတ်ဖြတ်ခြင်းဓားအလင်း၊ တတိယပုံစံ ကျော့ကွင်းဓားအလင်း]
[ ဓာတ်ငါးပါးမိုးကြိုးမန္တန် - ကျွမ်းကျင်အဆင့်၊ ကုယုံဆန်းကြယ်အလင်း - မဟာဆရာသခင်အဆင့်၊ ရှေးဟောင်းလိပ်နက်ပညာရပ် - စတုတ္ထအဆင့်၊ ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူး - မဟာဆရာသခင်အဆင့်]
[ 'ချစ်ခြင်းမေတ္တာကူ' - သတ္တမအဆင့် အောက်ခြေအဆင့်၊ 'ကိုယ်ပွားကူ' - ဆဋ္ဌမအဆင့် အောက်ခြေအဆင့်၊ 'အရက်ကူ' - ဆဋ္ဌမအဆင့် အောက်ခြေအဆင့်၊ 'ရွှေစားကူ' - ဆဋ္ဌမအဆင့် အောက်ခြေအဆင့်၊ 'စာအုပ်ကူ' - သတ္တမအဆင့် အထွတ်အထိပ်၊ 'အိပ်မက်ဝိညာဉ်ကူ' - ဆဋ္ဌမအဆင့် အထွတ်အထိပ်၊ 'နဂါးဆင်ကူ' - ဆဋ္ဌမအဆင့် အလယ်အလတ်၊ 'ရွှေအလင်းအဆိပ်တစ်ထောင်ကူ' - ဆဋ္ဌမအဆင့် အောက်ခြေအဆင့်၊ 'တည်နေရာရွှေ့ပြောင်းကူ' - ဆဋ္ဌမအဆင့် အောက်ခြေအဆင့်၊ 'အစီအရင်နှလုံးသားကူ' - ဆဋ္ဌမအဆင့် အထွတ်အထိပ်၊ 'ပစ္စည်းရှာဖွေကူ' - ဆဋ္ဌမအဆင့် အောက်ခြေအဆင့်၊ 'မိုးကြိုးကပ်ဘေးကူ' - ဆဋ္ဌမအဆင့် အလယ်အလတ်၊ 'ဆေးဝါးကူ' - ဆဋ္ဌမအဆင့် အောက်ခြေအဆင့်၊ 'ကံကြမ္မာကူ' - ဆဋ္ဌမအဆင့် အောက်ခြေအဆင့်]
'မဆိုးဘူး... မဆိုးဘူး... အရည်အချင်းအားလုံး တကယ့်ကို အများကြီး တိုးတက်လာခဲ့တာပဲ...’
'အခြေခံအားဖြင့်တော့ ကျင့်ကြံခြင်းဆိုင်ရာ အတတ်ပညာအားလုံးက ဆဋ္ဌမအဆင့်ကို ရောက်ရှိသွားပြီ...’
'ဒါပေမဲ့ လေဟာနယ်သန့်စင်ခြင်းအဆင့်ရဲ့ ကျင့်ကြံမှုကတော့ တော်တော်လေးကို ခက်ခဲလွန်းသေးတယ်...’
'နှစ်ပေါင်းတစ်ရာကြာအောင် အပတ်တကုတ် ကျင့်ကြံအားထုတ်ခဲ့ပြီး ဆဋ္ဌမအဆင့် ဆေးလုံးတွေ အများကြီး အကူအညီရခဲ့တဲ့အပြင် တာအိုလက်တွဲဖော်တွေနဲ့အတူ ကူညီကျင့်ကြံခဲ့တာတောင်မှ...'
'လက်ရှိအချိန်အထိ တိုးတက်မှုက ၃၀ ရာခိုင်နှုန်းပဲ ရှိသေးတယ်...’
'တကယ်လို့ လေဟာနယ်သန့်စင်ခြင်းအဆင့်ရဲ့ အစောပိုင်း ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ချင်တယ်ဆိုရင် နှစ်ပေါင်းရာနဲ့ချီ အချိန်မပေးဘဲ ဘယ်လိုမှ မဖြစ်နိုင်ဘူး...’
'ကံဆိုးရင်တော့ လေဟာနယ်သန့်စင်ခြင်းအဆင့် အလယ်အလတ်ကို ရောက်ဖို့ နှစ်ပေါင်းတစ်ထောင်လောက်တောင် အချိန်ပေးရနိုင်တယ်...’
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်၏။
ယခုအခါ သူသည် လေဟာနယ်သန့်စင်ခြင်းအဆင့်၏ ကျင့်ကြံမှုမှာ အလွန်တရာ ခက်ခဲလှကြောင်း ပိုမိုသိရှိလာခဲ့ရသည်။
သတ္တမအဆင့် စိတ်ဝိညာဉ်ကြောအတွင်း ရှိနေပြီး ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များ မည်မျှပင် ထူထပ်သိပ်သည်းနေသည်ဖြစ်စေ ကျင့်ကြံမှုတိုးတက်နှုန်းမှာ နှေးကွေးနေဆဲပင်။
လေဟာနယ်သန့်စင်ခြင်းအဆင့်တွင် အဆင့်တက်ရန် အနည်းဆုံး နှစ်ပေါင်းထောင်ချီ သို့မဟုတ် သောင်းချီတိုင် အချိန်ပေးရသည်မှာလည်း မဆန်းတော့ပေ။
အချို့ဆိုလျှင် သက်တမ်းကုန်ဆုံးသည်အထိပင် လေဟာနယ်သန့်စင်ခြင်းအဆင့် အလယ်အလတ်သို့ မတက်လှမ်းနိုင်ကြချေ။
သူသည် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ၏ ကျင့်ကြံရခက်ခဲပုံကို စတင်သိရှိခံစားလာရပြီ ဖြစ်သည်။
လူသားမျိုးနွယ်သည် ဝိညာဉ်လောကတွင် နှစ်ပေါင်း ကုဋေကုဋာကြာအောင် တည်ရှိခဲ့သော်လည်း ယနေ့ထိတိုင် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူမှာ တစ်ရာကျော်မျှသာ ရှိပေသည်။
အဆင့်မြင့်နယ်ပယ်များသို့ ရောက်ရှိလေ ကျင့်ကြံရန် ပိုမိုခက်ခဲလေ ဖြစ်၏။
အကယ်၍ ပြင်ပအထောက်အပံ့များ မရှိပါက ကျင့်ကြံမှုကို မြှင့်တင်ရန်သည် လွယ်ကူသောကိစ္စ မဟုတ်ပေ။
မှန်ပေသည်၊ ကျိုးစွေ့၏ လက်ရှိကျင့်ကြံမှုအမြန်နှုန်းမှာ အခြားသော လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက မည်မျှပိုမိုမြန်ဆန်နေသည်ကို ပြောပြရန်ပင် မလိုချေ။
အကယ်၍ အခြားသော လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများသာ နှစ်ပေါင်းရာချီ သို့မဟုတ် ထောင်ချီအတွင်း လေဟာနယ်သန့်စင်ခြင်းအဆင့် အလယ်အလတ်သို့ တက်လှမ်းနိုင်မည်ကို သိရှိပါက အိပ်မက်ထဲတွင်ပင် ရယ်မောမိကြပေလိမ့်မည်။
သို့သော် ကျိုးစွေ့အတွက်မူ ဤကဲ့သို့သော ကျင့်ကြံမှုအမြန်နှုန်းမှာ အနည်းငယ် နှေးကွေးလွန်းနေသည်။
'အခြားစွမ်းရည်တွေရဲ့ တိုးတက်မှုကတော့ သိပ်မထူးခြားဘူး...’
'အများဆုံး တိုးတက်လာတဲ့ ကျင့်စဉ်ကတော့ ရှေးဟောင်းလိပ်နက်ပညာရပ်ပဲ...’
'လေဟာနယ်သန့်စင်ခြင်းအဆင့်ကို ရောက်ပြီးတဲ့နောက် ဒီကျင့်စဉ်ကို စတုတ္ထအဆင့်အထိ မြှင့်တင်နိုင်ခဲ့ပြီ...’
'အခုဆိုရင် ဒီကျင့်စဉ်ကို အသုံးချပြီး လိပ်နက်အကာအကွယ်အတားအဆီး လေးထပ်ကို ဖန်တီးနိုင်ပြီပဲ...’
ကျိုးစွေ့က မျက်လုံးများကို အသာအယာ မှေးစင်းလိုက်၏။
သူသည် အတွေးတစ်ချက်ဖြင့် ရှေးဟောင်းလိပ်နက်ပညာရပ်ကို ချက်ချင်း လည်ပတ်လိုက်သည်။
ခဏချင်းတွင်ပင် သူ၏ခန္ဓာကိုယ်ပေါ်၌ ရှေးဟောင်းလိပ်နက် အကာအကွယ်အလွှာများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး လိပ်ခွံအကွက်များကဲ့သို့ ထပ်ကာထပ်ကာ ဖြစ်နေလေသည်။
လိပ်နက်အကာအကွယ် အတားအဆီးလေးထပ်မှာ တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားပြီး သူ၏ ခုခံကာကွယ်နိုင်စွမ်းကို ထူးကဲစွာ မြှင့်တင်ပေးလိုက်၏။
ဤလိပ်နက်အကာအကွယ် အတားအဆီးများသည် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို မည်သည့် နေရာလွတ်မျှ မကျန်အောင် လွှမ်းခြုံထားသည်ဟု ဆိုနိုင်သည်။
ရန်သူသည် မည်သည့်အရပ်မျက်နှာမှ တိုက်ခိုက်လာသည်ဖြစ်စေ ဤလိပ်နက်အကာအကွယ် အတားအဆီးက ဆီးကြိုခုခံပေးပေမည်။
ထို့အပြင် ဤလိပ်နက်အကာအကွယ် အတားအဆီးလေးထပ်မှာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားရာ မဟာပထဝီမြေကြီး၏ စွမ်းအားနှင့် ဆက်သွယ်ပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး၊ သူ၏ ခြေနှစ်ဖက်နှင့် ခန္ဓာကိုယ်တစ်ခုလုံးကို မြေပြင်ကြီးနှင့် တစ်သားတည်း ဖြစ်သွားစေကာ မြေစွမ်းအားကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်စွမ်း ရှိစေသည်။
ထို့ကြောင့် ရန်သူသည် မြေကြီးအောက် အနက်ပိုင်းမှ ပျံသန်းထွက်ပေါ်လာလျှင်ပင် ဤအကာအကွယ်အတားအဆီးက ပိတ်ဆို့ထားမည် ဖြစ်၏။
တစ်ချိန်တည်းမှာပင် သူသည် မြေစွမ်းအားနှင့် ကောင်းကင်မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူကာ ရှေးဟောင်းလိပ်နက်အကာအကွယ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်သည်။
တစ်ကိုယ်လုံးမှာ တစ်သားတည်း ဖြစ်နေပြီး ခန္ဓာကိုယ်ပေါ်၌ ဆဋ္ဌမအဆင့် ခုခံရေးအစီအရင်ကြီးတစ်ခုကို ဆောင်ထားသကဲ့သို့ ဖြစ်နေတော့သည်။
ဤသည်ကို ကြည့်ခြင်းဖြင့် ဤခုခံကာကွယ်ရေးကျင့်စဉ်၏ အစွမ်းထက်ပုံမှာ နတ်ဘုရားစွမ်းရည်တစ်ခုနှင့် မခြားတော့ဘဲ အလွန်အမင်း ထူးခြားပြောင်မြောက်လှကြောင်း သိသာထင်ရှားပေသည်။
'ဒီရှေးဟောင်းလိပ်နက်ပညာရပ်နဲ့ ငါ့ရဲ့နတ်ဆင်အကာအကွယ် အတားအဆီးကိုသာ ပေါင်းစပ်လိုက်မယ်ဆိုရင် တစ်ကိုယ်လုံး ပြီးပြည့်စုံတဲ့ ချပ်ဝတ်တန်ဆာကို ဆင်ယင်ထားသလို ဖြစ်သွားမှာပဲ...’
ကျိုးစွေ့တစ်ယောက် များစွာ စိတ်လှုပ်ရှားမိလေသည်။