အခန်း ၈၂၃
Vol. 78 Ch. 823
အခန်း (၈၂၃) - ကျန်းငါးထောင်ရှည်သော ကံကြမ္မာရွှေနဂါး၊ လူသားမျိုးနွယ်၏ ကံကြမ္မာအား စုစည်းခြင်းနှင့် သတ္တမအဆင့် အစီအရင်ပညာရှင် (၃) ။
နောက်ထပ် နာရီအနည်းငယ် ကြာသွားပြီးနောက်။
ကျိုးစွေ့သည်လည်း နောက်ဆုံးတွင် တံခါးပိတ်ကျင့်ကြံခြင်းကို အဆုံးသတ်ကာ ဂူဗိမာန်ထဲမှ ထွက်လာခဲ့လေသည်။
ယခုအချိန်တွင်မူ စံအိမ်ဝန်းထဲ၌ ပြိုင်ဘက်ကင်း အလှပဂေးသုံးဦးတို့သည် လက်ဖက်ရည် သောက်ရင်း စကားစမြည် ပြောဆိုနေကြ၏။
၎င်းတို့မှာ ဟွားစစ်ချင်၊ ပိုင်စုကျဲ့နှင့် ထောင်ချီလီဟူသော မိန်းကလေးသုံးဦးပင် ဖြစ်လေသည်။
ဟွားစစ်ချင်နှင့် ပိုင်စုကျဲ့ မိန်းကလေးနှစ်ဦးမှာမူ ပြောစရာပင် မလိုတော့ချေ။ သူတို့သည် ကျိုးစွေ့၏ တာအိုလက်တွဲဖော်များ ဖြစ်လာခဲ့ကြပြီးဖြစ်ရာ တရားဝင် လင်မယားများ ဖြစ်ကြပေသည်။
ထို့ကြောင့် သဘာဝကျစွာပင် အတူတကွ နေထိုင်ကြ၏။
ထောင်ချီလီမှာမူ လက်ရှိ ဖုန်းရှီးမြို့တော်၏ အဓိကတာဝန်ခံတစ်ဦး ဖြစ်သည့်အတွက် ဤကာလအတွင်း ကျိုးစွေ့၏အိမ်သို့ မကြာခဏ ရောက်ရှိလာတတ်ပြီး ဤနေရာကိုပင် မြို့တော်ဝန်နန်းတော်သဖွယ် သဘောထားနေချေပြီ။
"ယောကျ်ား..."
ဟွားစစ်ချင်နှင့် ပိုင်စုကျဲ့တို့က ကျိုးစွေ့ ထွက်လာသည်ကို မြင်လိုက်ရသောအခါ အလွန် ဝမ်းသာသွားကြပြီး သူတို့၏ လှပသော မျက်ဝန်းအစုံက ရေပြင်ကဲ့သို့ ကြည်လင် တောက်ပသွားကြ၏။
မှန်ပေသည်၊ နှစ်ပေါင်းရာချီကြာတိုင် အတူတကွ နေထိုင်ခဲ့ကြပြီးနောက် မိန်းကလေးနှစ်ဦးနှင့် ကျိုးစွေ့တို့၏ ဆက်ဆံရေးမှာ ပိုမို ရင်းနှီးလာခဲ့ပြီး ငါးနှင့်ရေကဲ့သို့ ခွဲမရအောင် ချစ်ခင်ကြသည်။
သူတို့၏ သံယောဇဉ်မှာ အလွန် နက်ရှိုင်းလှ၏။
မှန်ပေ၏၊ ဤသည်ကား သူတို့သုံးဦး နေ့ညမပြတ် တူနှစ်ကိုယ်ကျင့်ကြံခဲ့ကြပြီး ဝိညာဉ်ချင်း ဖလှယ်ခဲ့ကြသောကြောင့် ရရှိလာသည့် ရလဒ်လည်း ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် တာအိုလက်တွဲဖော်များကြားမှ သံယောဇဉ်သည် နှုတ်ဖြင့် ပြောဆိုခြင်းထက် လက်တွေ့ ကျင့်ကြံပြောဆိုခြင်းမှ ဖြစ်ပေါ်လာသောကြောင့် ဖြစ်၏။
"ချီးတဲ့မှ..."
ဤမြင်ကွင်းကို မြင်လိုက်ရသော ထောင်ချီလီခမျာ အံများကို တင်းတင်းကြိတ်ကာ မည်သို့ ပြောရမည်ကိုပင် မသိတော့ချေ။
ယခင်က သူမသည် ဤအမျိုးသားကို ချစ်သူတစ်ဦးတည်းကိုသာ သစ္စာရှိသည့် ကျင့်ကြံသူတစ်ဦးဟု ထင်မှတ်ခဲ့သည်။
အဆုံးတွင်မူ မိန်းကလေးနှစ်ဦးကို ဘယ်တစ်ဖက်ညာတစ်ဖက် ပွေ့ဖက်ထားပြီး တစ်ပြိုင်နက်တည်း ဖုန်းရှီးမြို့တော်၏ ပြိုင်ဘက်ကင်း အလှပဂေးနှစ်ဦးကို လက်ထပ်ကာ ပျော်ရွှင်စရာ ကောင်းလှသော ဘဝကို ဖြတ်သန်းနေသည်ကို မြင်တွေ့လိုက်ရ၏။
အဆိုးဆုံးမှာ ဟွားစစ်ချင်ဟူသော မြူဆွယ်တတ်သည့် ကောင်မလေးက မိမိကိုယ်ကို လိုလိုလားလား ပေးအပ်ခဲ့ခြင်းပင်။
မိန်းမသားတစ်ဦး ဖြစ်ပါလျက် စောင့်စည်းရကောင်းမှန်း လုံးဝမသိချေ။
မိန်းမသားထုတစ်ရပ်လုံး၏ မျက်နှာကို ဖြန်းဖြန်းကွဲအောင် လုပ်နေသည်သာ ဖြစ်၏။
သို့သော်လည်း ထောင်ချီလီတွင် မည်သည့်နည်းလမ်းမှ မရှိပေ။
အဘယ်ကြောင့်ဆိုသော် ကျင့်ကြံသူများ၏ လောကတွင် လွတ်လပ်စွာ ချစ်ခင်ကြပြီး အပြန်အလှန် သဘောတူညီကြပါက အခြားသူများအနေဖြင့် ဝင်ရောက် စွက်ဖက်ပြောဆိုခွင့် မရှိသောကြောင့်ပင်။
သူမအနေဖြင့် ချစ်သူနှစ်ဦးကို အတင်းအကျပ် ခွဲထုတ်၍ မရနိုင်သည် မဟုတ်ပါလော။
မည်သို့ပင်ဖြစ်စေ လွန်ခဲ့သော နှစ်ပေါင်းရာချီအတွင်း သူမသည် ဤအခြေအနေကိုသာ လက်ခံနိုင်ခဲ့ရလေသည်။
ထို့အပြင် တစ်ခါတရံတွင် ဟွားစစ်ချင်ကို အချစ်ရူးမလေးဟု လုံးဝ အပြစ်တင်၍ မရနိုင်ချေ။
မှန်ပေသည်၊ ဤအမျိုးသား၏ ဆွဲဆောင်မှုက အလွန် ကြီးမားလွန်းသဖြင့် သာမန် အမျိုးသမီးတစ်ဦးအနေဖြင့် မည်သို့ ခုခံနိုင်ပါမည်နည်း။
ဤအမျိုးသားသည် ပန်းပွင့်ကို ရှာသော ပျားကောင်ကဲ့သို့ မိန်းကလေးများကို ဆွဲဆောင်တတ်သည့် လူရှုပ်လူပွေတစ်ဦး သို့မဟုတ် မွေးရာပါ အမျိုးသားဆိုးတစ်ဦး ဖြစ်သည်ဟုသာ ဆိုရပေလိမ့်မည်။
"တာအိုရောင်းရင်းထောင်... မြို့စားမင်းရဲ့ ဒဏ်ရာက အခုထိ သက်သာမလာသေးဘူးလား...”
ကျိုးစွေ့က စကားစတင်ကာ မေးလိုက်၏။
မည်သို့ပင်ဖြစ်စေ ဖုန်းရှီးမြို့တော်၏ တစ်ဦးတည်းသော ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်သောကြောင့် မြို့တော်အတွက် သူမ၏ အရေးပါမှုကို ခန့်မှန်းကြည့်နိုင်ပေသည်။
အကယ်၍ ဖုန်းရှီးတာအိုအရှင်၏ ဒဏ်ရာမှာ အချိန်ကြာမြင့်သည့်တိုင် သက်သာမလာပါက ဖုန်းရှီးမြို့တော်အတွက် အလွန် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာပြီး အစွမ်းထက်ဆုံး တိုက်ခိုက်ရေးစွမ်းအားတစ်ခု ဆုံးရှုံးရသည်နှင့် တူပေလိမ့်မည်။
ဤသည်မှာ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများစွာ စိုးရိမ်နေကြသည့် အချက်လည်း ဖြစ်၏။
အန္တရာယ်များလှသော ကြယ်ကွဲပင်လယ်ပြင်ထဲတွင် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူကြီး၏ အကာအကွယ်မရှိဘဲနှင့် ရှင်သန်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
"မသက်သာသေးဘူး။ ဖုန်းရှီးရဲ့ ဒဏ်ရာက ထင်ထားတာထက် ပိုပြင်းထန်ပုံရတယ်။ အရင်က မိုးကြိုးအင်မော်တယ်စံအိမ်ရဲ့ အင်မော်တယ်ရတနာကို ရဖို့အတွက် သူမက တခြား ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ အများကြီးရဲ့ ဝိုင်းတိုက်တာကို ခံခဲ့ရတာလေ…”
“ဒဏ်ရာကို လုံးဝ ပျောက်ကင်းအောင် ကုသဖို့ဆိုတာ တစ်ရက်နှစ်ရက်နဲ့ မပြီးနိုင်ဘူး။ နှစ်ပေါင်းရာချီကြာအောင် ကုသရမယ်ဆိုရင်တောင် ဒါက သဘာဝကျပါတယ်...”
ထောင်ချီလီက မတတ်နိုင်သည့် အမူအရာဖြင့် ပြောလိုက်လေသည်။
သူမအနေဖြင့်လည်း ဖုန်းရှီးတာအိုအရှင်၏ ဒဏ်ရာများကို ချက်ချင်း ပျောက်ကင်းစေချင်ပေသည်။ ထိုသို့ဆိုလျှင် သူမအပေါ် ကျရောက်နေသော ဖိအားများလည်း လျော့ပါးသွားမည်ဖြစ်ပြီး သူမ၏ဆုံးဖြတ်ချက် အမှားကြောင့် ဖုန်းရှီးမြို့တော်ကို ဆုံးရှုံးမှုကြီးမားသွားစေမည်ကို စိုးရိမ်နေစရာ မလိုတော့ပေ။
ယာယီ မြို့တော်ဝန်တစ်ဦးအနေဖြင့် အာဏာကို ပိုင်ဆိုင်ထားရုံတင်မကဘဲ တာဝန်များကိုလည်း ထမ်းဆောင်ရသည်။
အနည်းငယ် အမှားအယွင်း ရှိသွားပါက ဖုန်းရှီးမြို့တော်သည် ကြယ်ကွဲပင်လယ်ထဲမှ ပျောက်ကွယ်သွားနိုင်ပေသည်။
ထို့ကြောင့် သူမအနေဖြင့် ဖုန်းရှီးကျွန်းအား အခြားရန်သူများ တိုက်ခိုက်လာမည်ကို အမြဲတစေ စိုးရိမ်ပူပန်နေရ၏။
"ဒါဆိုရင်တော့ တကယ်ကို ဒုက္ခရောက်တော့မယ်။ တာအိုရောင်းရင်းလည်း သိတဲ့အတိုင်းပဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီအတွင်းမှာ ဖုန်းရှီးမြို့တော်ရဲ့ လူဦးရေက အရမ်းကို မြန်မြန်ဆန်ဆန် တိုးလာခဲ့တယ်။ အခုဆိုရင် လူဦးရေက ကုဋေ လေးငါးထောင်လောက် ရှိနေပြီ…”
“ဖုန်းရှီးမြို့တော်ရဲ့ လက်ရှိ အကျယ်အဝန်းအရဆိုရင် ဒီလောက်များတဲ့ လူဦးရေကို ဆံ့မှာ မဟုတ်ဘူး။ ဒါကြောင့် အခု ကျုပ်တို့အတွက် လမ်းနှစ်လမ်းပဲ ရှိတယ်။ ပထမတစ်ခုက မြို့ကို ချဲ့ထွင်ဖို့၊ ဒုတိယတစ်ခုက မြို့သစ်တည်ထောင်ဖို့ပဲ...”
ကျိုးစွေ့က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။
သူသည် ဖုန်းရှီးမြို့တော်၏ လက်ရှိအခက်အခဲကို ကောင်းစွာ မြင်နိုင်ပေသည်။ ၎င်းမှာ မွေးဖွားလာသော ကလေးလူဦးရေက ထင်ထားသည်ထက် ပိုမို များပြားနေခြင်း ဖြစ်၏။
လက်ရှိအချိန်တွင် ဖုန်းရှီးမြို့တော်သည် အလွန် ကျပ်ညပ်နေပြီ ဖြစ်သည်။
မြို့တော်ကို ချဲ့ထွင်ခြင်း သို့မဟုတ် မြို့သစ်တည်ထောင်ခြင်းသည် ရွှေ့ဆိုင်း၍ မရတော့သော ကိစ္စရပ်တစ်ခု ဖြစ်လာချေပြီ။
"မြို့သစ်တည်ထောင်မယ်ဆိုရင်တော့ ပြဿနာ သိပ်မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် အခု ဖုန်းရှီးကျွန်းတစ်ခုလုံးက ကျွန်မတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာဆိုတော့ အန္တရာယ် သိပ်မရှိနိုင်ဘူး…”
“ဒါပေမဲ့ ကန္တာရသားရဲတွေက ဖုန်းရှီးကျွန်းပေါ်ကို တက်လာပြီး ကြီးမားတဲ့ ဘေးအန္တရာယ်ကို သယ်ဆောင်လာမှာကိုပဲ ကြောက်ရတယ်။ အဲဒီလို ဖြစ်လာရင် ဖုန်းရှီးမြို့တော်ရဲ့ အကာအကွယ်အောက်ကနေ ထွက်သွားတဲ့ လူသားတွေက မြေမြှုပ်စရာ မြေနေရာတောင် ရှိမှာ မဟုတ်ဘူး...”
ထောင်ချီလီက လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။
အမှန်တကယ်ဆိုရလျှင် မြို့သစ် တည်ဆောက်ရန်မှာ အလွန် ရိုးရှင်းလှသည်။ သို့သော် လုံလောက်သော အကာအကွယ်စွမ်းအား မရှိပါက မြို့သစ်တည်ဆောက်ခြင်းသည် သေလမ်းသို့သွားခြင်းနှင့် အတူတူပင်။
အနည်းငယ်မျှသော ဘေးအန္တရာယ်နှင့် ကြုံတွေ့ရရုံနှင့် မြို့တစ်ခုလုံး ပျက်စီးသွားနိုင်သည်။
ထို့ကြောင့် မြို့အသစ်များ တည်ဆောက်ရန်မှာ ထင်သလောက် မလွယ်ကူလှချေ။
အကယ်၍ မြို့သစ်တည်ဆောက်ရန် ထိုမျှ လွယ်ကူပါက လူသားမျိုးနွယ်တွင် ယခုအချိန်အထိ မြို့ပေါင်းတစ်ရာ့ရှစ်မြို့သာ ရှိနေလိမ့်မည် မဟုတ်ပေ။
"တကယ်တော့ ဒီလောက်အထိ ဒုက္ခခံစရာ မလိုပါဘူး။ ဖုန်းရှီးမြို့တော်ကို ဆက်ပြီး ချဲ့ထွင်ဖို့က လက်တွေ့မကျဘူးဆိုတာ ကျုပ်လည်း သိပါတယ်။ ဘာပဲဖြစ်ဖြစ် ဖုန်းရှီးမြို့တော်က စက်ယန္တရားမြို့တော်တစ်ခု ဖြစ်လို့ လူဦးရေဆံ့နိုင်စွမ်းမှာ ကန့်သတ်ချက် ရှိပြီးသားမို့ အကန့်အသတ်မရှိ ချဲ့ထွင်ဖို့က မဖြစ်နိုင်ဘူး...”
ကျိုးစွေ့က ရှင်းပြလိုက်၏။
"ဒါကြောင့် တိုးပွားလာတဲ့ ဒီလူဦးရေတွေကို နေရာချပေးဖို့ဆိုရင် မြို့သစ်တွေ မဖြစ်မနေ တည်ဆောက်ရလိမ့်မယ်...”
"ဒါပေမဲ့ မြို့သစ်တည်ဖို့ကလည်း အဲ့လောက်မလွယ်ကူဘူး။ စက်မှုယန္တရားမြို့သစ်တစ်မြို့ တည်ဆောက်ဖို့တင် ကုန်ကျမယ့် အရင်းအမြစ်တွေက နည်းတာမဟုတ်ဘူး...”
"ဒါကြောင့် ကျုပ်က ဖုန်းရှီးကျွန်းတစ်ခုလုံးကို အစီအရင်ထဲမှာ လွှမ်းခြုံထားနိုင်မယ့် သတ္တမအဆင့် အစီအရင်ကြီးတစ်ခုကို ဖုန်းရှီးကျွန်းရဲ့ အတွင်းပိုင်းမှာ တိုက်ရိုက်တည်ဆောက်ချင်တာ...”
"ဒီလိုဆိုရင်တော့ လူသားမျိုးနွယ်တွေ ဖုန်းရှီးကျွန်းရဲ့ ဘယ်နေရာမှာပဲ မြို့တွေတည်ဆောက်ဆောက် လက်တွေ့မှာ အရမ်းလွယ်ကူတဲ့ အလုပ်တစ်ခု ဖြစ်သွားလိမ့်မယ်...”
"တစ်ခေါက်အောင်မြင်သွားတာနဲ့ ကျုပ်တို့အနေနဲ့ သမုဒ္ဒရာရေနက်ပိုင်းက သားရဲကောင်တွေကိုပဲ ကာကွယ်ဖို့ လိုအပ်တော့တာမို့ အဆင်ပြေသွားလိမ့်မယ်...”
ကျိုးစွေ့က ဖုန်းရှီးကျွန်းအတွင်းပိုင်းတွင် သတ္တမအဆင့် အစီအရင်ကြီးတစ်ခုကို ခင်းကျင်းရန် မိမိ၏အကြံပြုချက်ကို တင်ပြလိုက်၏။
အကယ်၍ အောင်မြင်စွာ ခင်းကျင်းနိုင်ခဲ့လျှင် ဖုန်းရှီးကျွန်းသည် သံမဏိတံတိုင်းကြီးသဖွယ် အလွန်အမင်း ခိုင်ခံ့လုံခြုံသွားပေလိမ့်မည်။
မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး တိုက်ခိုက်လာခြင်းမှတစ်ပါး အခြားမည်သူမျှ ဖုန်းရှီးကျွန်းကို အန္တရာယ်ပြုနိုင်မည် မဟုတ်ချေ။
သို့သော် ပြဿနာမှာ မဟာယာနအဆင့် စွမ်းအားရှင်များ၏ အရေအတွက်မှာ အလွန်တရာ ရှားပါးလှရာ ဖုန်းရှီးကျွန်းကဲ့သို့သော သတ္တမအဆင့် ကျွန်းကလေးတစ်ကျွန်းကို မည်သို့လျှင် မျက်စိကျလာပါမည်နည်း။
"သတ္တမအဆင့် အစီအရင်ကြီးကို ခင်းကျင်းမလို့လား...”
"အခု ဖုန်းရှီးမြို့တော်တစ်ခုလုံးမှာ သတ္တမအဆင့် အစီအရင်ပညာရှင်ဆိုလို့ ကျွန်မတစ်ယောက်တည်း ရှိတာလေ...”
"သတ္တမအဆင့် အစီအရင်ကြီးတစ်ခုကို အောင်မြင်အောင် ခင်းကျင်းဖို့ဆိုတာ တကယ်တော့ အဲ့လောက်မလွယ်ကူဘူး...”
"အစီအရင်ပညာရှင် အမြောက်အမြားရဲ့ ပူးပေါင်းကူညီမှု လိုအပ်တယ်...”
"ပြီးတော့ တခြား အစီအရင်ပစ္စည်းတွေ အများကြီး ရှိမှလည်း အောင်မြင်အောင် ခင်းကျင်းနိုင်မှာ...”
ထောင်ချီလီက မျက်မှောင်ကြုတ်လိုက်၏။
သူမသည်လည်း ဤကဲ့သို့သော ဖြေရှင်းနည်းကို စဉ်းစားဖူးသည်မှာ ဓမ္မတာပင်။
သို့သော် ဤအရာကို လက်တွေ့ဖော်ဆောင်ရန်မှာမူ အလွန်တရာ ခက်ခဲလှပြီး မဖြစ်နိုင်သလောက်ပင်။
အတိတ်က ဖုန်းရှီးမြို့တော်ကို တည်ဆောက်စဉ်က သူမသည် အင်တိုက်အားတိုက် ပါဝင်ကူညီခဲ့ဖူးသည့်တိုင် လူသားမျိုးနွယ်စု၏ ဧကရာဇ်မြို့တော်ဘက်ကလည်း အစီအရင်ပညာရှင် အများအပြားကို စေလွှတ်ကာ ကူညီပေးခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် သတ္တမအဆင့် အစီအရင်ကြီးတစ်ခု တည်ဆောက်ရန်အတွက် အစီအရင်အချက်အချာပေါင်း တစ်သိန်းနှစ်သောင်းကိုးထောင်ခြောက်ရာ လိုအပ်ပြီး အချက်အချာတစ်ခုချင်းစီတွင် အစီအရင်ကို တည်ငြိမ်စေရန် သတ္တမအဆင့် အစီအရင်အလံကို စိုက်ထူရသောကြောင့် ဖြစ်ပေ၏။