← Chapters

အခန်း ၈၂၉

Vol. 78 Ch. 829

အခန်း ၈၂၉

Vol. 78 Ch. 829

အခန်း (၈၂၉) - လူနှင့်အစီအရင် ပေါင်းစည်းခြင်း၊ အစစ်အမှန်နေမင်းမီးတောက်၊ သတ္တမအဆင့်အစီအရင်၏ စွမ်းပကားနှင့် ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအား (၄) ။

အစစ်အမှန်နေမင်းမီးလျှံများ ကျဆင်းလာသည်မှာ တောင်များကို ပြာကျစေပြီး ပင်လယ်များကို ခန်းခြောက်စေနိုင်သည်ဟုပင် ဆိုနိုင်သည်။

ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူပင်လျှင် ဝေးဝေးမှ ရှောင်ရှားရ‌ပေလိမ့်မည်။

ဘန်း… ဘန်း… ဘန်း…။

သွေးဝမ်ယန် တုံ့ပြန်ချိန်ပင် မရလိုက်ခင် အစစ်အမှန်နေမင်းမီးလျှံများက ချက်ချင်း ပစ်ခတ်တိုက်ခိုက်လာသည်။ ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ လေဟာနယ်ကိုပင် ထိုးဖောက်၍ သွေးဝမ်ယန်၏ အရှေ့သို့ ချက်ချင်း ရောက်ရှိလာတော့၏။

"ရပ်လိုက်စမ်း။ အခုချက်ချင်း ရပ်လိုက်စမ်း...”

"ငါ ဘယ်သူလဲဆိုတာ မသိဘူးလား...”

"ငါက သွေးလမင်းမျိုးနွယ်စုရဲ့ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူကွ။ အားနည်းတဲ့ မျိုးနွယ်စုလေးကများ ငါ့ကို သတ်ရဲတယ်ပေါ့လေ...”

"မင်းတို့က ငါတို့ သွေးလမင်းမျိုးနွယ်စုရဲ့ ကလဲ့စားချေမှုကို ခံနိုင်ရည်ရှိလို့လား...”

"အခုချက်ချင်း လက်လျှော့လိုက်စမ်း...”

သွေးဝမ်ယန်၏ မျက်နှာမှာ စိမ်းဖန်သွားပြီး အလွန်အမင်း ထိတ်လန့်ကာ ဝိညာဉ်လွင့်မတတ် ဖြစ်သွားတော့၏။

မူလက ၎င်းသည် ဤအားနည်းသောမျိုးနွယ်စုမှ သက်ရှိများနှင့် မည်သည့်စကားမျှ မပြောချင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူ့အတွက် ဤအားနည်းသော သက်ရှိများမှာ ဝက်များ၊ ခွေးများနှင့် မခြားဘဲ အစာများသာ ဖြစ်ပြီး တစ်ကိုက်တည်းနှင့် မျိုချပစ်နိုင်သောကြောင့် ဖြစ်လေသည်။

လူသားများက မိမိတို့ မွေးမြူထားသော ကြက်များ၊ ဘဲများနှင့် စကားပြောသည်ကို မည်သူမျှ မြင်ဖူးမည် မဟုတ်ချေ။

၎င်းတွင်လည်း ထိုသို့သော စိတ်နေသဘောထားမျိုး ရှိနေခဲ့ခြင်းပင်။

သို့သော် ယခုမူ မတူညီတော့။ ဤအားနည်းသော မျိုးနွယ်စုက ရုတ်တရက် အစွယ်များကို ထုတ်ပြလာပြီး ဝက်ယောင်ဆောင်ကာ ကျားကို စားမည့်အကွက် နင်းလာချေသည်။

ကျားရိုင်းတစ်ကောင်ကဲ့သို့ စွမ်းအားနှင့် ဩဇာအာဏာကို ထုတ်ပြလာသည့်အခါ သားကောင်နှင့် မုဆိုးကြားရှိ အဆင့်အတန်းမှာ ချက်ချင်း ပြောင်းလဲသွားရတော့၏။

ထို့ကြောင့် သူသည် နှုတ်ဖွင့်ဟ၍ အသက်ချမ်းသာပေးရန် တောင်းပန်ချင်ခဲ့ရတော့သည်။

အားနည်းသော မျိုးနွယ်စုအား အသက်ချမ်းသာပေးရန် တောင်းပန်ခြင်းက ရှက်စရာကောင်းသော ကိစ္စဖြစ်သော်ငြား အသက်ရှင်သန်နိုင်ရေးအတွက်မူ ၎င်းအနေဖြင့် မည်သည်ကိုမျှ ဂရုစိုက်မနေနိုင်တော့ချေ။

နောင်တစ်ချိန်တွင် သွေးလမင်းမျိုးနွယ်စုက ၎င်းအတွက် ကလဲ့စားချေပေးမည်ဆိုလျှင်ပင် ဘာများထူးပါမည်နည်း။

သေသွားလျှင် သေသွားပြီသာ ဖြစ်၏။ ကလဲ့စားချေနိုင်လျှင်ပင် သူသည်ကား ပြန်လည်ရှင်သန်လာမည် မဟုတ်ပေ။

ထို့ကြောင့် ဤသည်မှာ လုံးဝအဓိပ္ပာယ်မရှိသော ကိစ္စသာ ဖြစ်လေသည်။

ဝုန်း...

ဝမ်းနည်းစရာကောင်းသည်မှာ ကျိုးစွေ့က သွေးဝမ်ယန်၏ စကားများကို လုံးဝ အဖက်လုပ်မနေခြင်းပင်။

အဘယ်ကြောင့်ဆိုသော် ‘ကံကြမ္မာကူ’၏ စွမ်းအားများမှတစ်ဆင့် ဤမျိုးနွယ်စုခြား ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူကို သတ်ဖြတ်လိုက်မှသာ အနာဂတ် ပြဿနာများကို ရှင်းလင်းနိုင်မည်ဖြစ်ကြောင်း သူ အစောကြီးကတည်းက သိထားသောကြောင့် ဖြစ်လေသည်။

အကယ်၍ ဤမျိုးနွယ်စုခြား ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူကို အမှန်တကယ် လွှတ်ပေးလိုက်မည်ဆိုပါက ဘေးဒုက္ခကြီးများကို ဖိတ်ခေါ်သလိုဖြစ်သွားပြီး အဆုံးမဲ့သော ပြဿနာများကို ရင်ဆိုင်ရမည် ဖြစ်သည်။

ထို့ကြောင့် ဤမျိုးနွယ်စုခြားက မည်သို့ပင် တောင်းပန်စေကာမူ၊ သို့မဟုတ် ခြိမ်းခြောက်စေကာမူ သူ လွှတ်ပေးမည် မဟုတ်ချေ။

ဖုန်းရှီးမြို့တော်က ထိုသို့သော ဒုက္ခမျိုးကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ဘန်း...။

ချက်ချင်းပင် အစစ်အမှန်နေမင်းမီးလျှံများက ပစ်ခတ်တိုက်ခိုက်လာသည်။ မြားများကဲ့သို့ သွေးဝမ်ယန်၏ ခန္ဓာကိုယ်ကို အလွယ်တကူ ထိုးဖောက်သွားတော့၏။

၎င်းသည် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်ပြီး ခန္ဓာကိုယ် အလွန်အမင်း ကြံ့ခိုင်သန်စွမ်းသော်ငြား ဝိညာဉ်ကမ္ဘာတွင် နာမည်ကျော်ကြားလှသော အစစ်အမှန်နေမင်းမီးလျှံနှင့် ရင်ဆိုင်ရချိန်တွင်မူ ကာကွယ်နိုင်စွမ်းမရှိဘဲ ချက်ချင်း အထိုးဖောက်ခံလိုက်ရလေသည်။

ထို့ပြင် အစစ်အမှန်နေမင်းမီးလျှံ၏ စွမ်းအားများက တဟုန်းဟုန်း တောက်လောင်လာတော့၏။

"အား... အား... အား..."

သွေးဝမ်ယန်တစ်ယောက် သနားစဖွယ် အော်ဟစ်ညည်းညူသံများကို ထုတ်ဖော်လိုက်ရလေသည်။

၎င်း၏ ခန္ဓာကိုယ်နှင့် မူလဝိညာဉ်တို့မှာ အစစ်အမှန်နေမင်းမီးလျှံ၏ လောင်ကျွမ်းမှုကို ခံစားလိုက်ရသည်။ ယခုအခါ အစစ်အမှန်နေမင်းမီးလျှံသည် အဘယ်ကြောင့် ဝိညာဉ်ကမ္ဘာ၏ ထိပ်တန်းအထူးမီးလျှံ ဆယ်ခုစာရင်းဝင်ရသည်ကို ၎င်း အမှန်တကယ် သိရှိသွားလေပြီ။

၎င်း၏စွမ်းအားမှာ တကယ့်ကို သာမန်မဟုတ်ပေ။ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူပင်လျှင် ကာကွယ်နိုင်စွမ်း မရှိချေ။

အချိန်ခဏလေးအတွင်းမှာပင် ၎င်း၏ ခန္ဓာကိုယ်နှင့် မူလဝိညာဉ်တို့မှာ အရိုးအစအနပင် မကျန်တော့ဘဲ ပြာကျသွားတော့၏။

အဆင့်မြင့် ကောင်းကင်အဆင့်ဝိညာဉ်ရတနာ 'သွေးမီးလျှံလှံရှည်' သာလျှင် ကျန်ရစ်ခဲ့တော့သည်။

သခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရသောကြောင့် ၎င်းလည်း ပြင်းထန်သော ဒဏ်ရာရရှိသွားကာ လေပေါ်မှ ပြုတ်ကျလာပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။

"ပြီးသွားပြီ။ သခင်ကြီးဝမ်ယန် သေသွားပြီ...”

ဤမြင်ကွင်းကို ကျန်ရစ်နေသော သွေးလမင်းမျိုးနွယ် ကျင့်ကြံသူများကလည်း သဘာဝကျစွာပင် မြင်တွေ့လိုက်ရရာ တစ်ယောက်မကျန် ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး ကြက်သီးမွေးညင်းများပင် ထသွားကြလေသည်။

သွေးလမင်းမျိုးနွယ်တွင် နာမည်ကျော်ကြားလှသော သွေးဝမ်ယန်သည် ဤအမည်မဲ့ကျွန်းပေါ်၌ ဆိုးရွားစွာ သေဆုံးသွားလိမ့်မည်ဟု သေအောင်ရိုက်သတ်လျှင်ပင် သူတို့ ထင်မှတ်ထားကြမည်မဟုတ်ချေ။

မူလက ဤအမည်မဲ့ကျွန်းသည် သူတို့၏ အစားအစာ ရင်းမြစ်တစ်ခုမျှသာ ဖြစ်သည်ဟု ထင်မှတ်ထားခဲ့ကြ၏။ သို့ရာတွင် ဤအမည်မဲ့ကျွန်းပေါ်၌ နေထိုင်ကြသော အားနည်းသည့် မျိုးနွယ်စုက သွေးဝမ်ယန်ကို ပြန်လည်သတ်ဖြတ်သွားလိမ့်မည်ဟု မည်သူက တွေးတောမိမည်နည်း။

ရလဒ်မှာ တွေးကြည့်ရုံမျှဖြင့် သိနိုင်ပေသည်။ သွေးဝမ်ယန်ကဲ့သို့သော ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူပင်လျှင် အသာစီးမရခဲ့ပါမူ သူတို့အနေဖြင့် မည်ကဲ့သို့ တစ်ဖက်လူ၏ ပြိုင်ဘက် ဖြစ်နိုင်ပါမည်နည်း။

ဝှစ်…။

သူတို့သည် တုံ့ဆိုင်းခြင်းအလျဉ်းမရှိ ခြိမ်းခြောက်သည့် စကားများကိုပင် မပြောထွက်တော့ဘဲ ပျံသန်းရေးသင်္ဘောကို ချက်ချင်းမောင်းနှင်ကာ ဤနေရာမှ ထွက်ပြေးရန် ကြိုးစားကြလေတော့သည်။

သို့သော်ငြား အချိန်နှောင်းသွားခဲ့ပြီ ဖြစ်၏။ ကျိုးစွေ့သည် ဤမျိုးနွယ်ခြား ကျင့်ကြံသူများကို စောစောစီးစီးကပင် စောင့်ကြည့်နေခဲ့ပြီး ကျားကို တောထဲသို့ ပြန်လွှတ်ပေးရန် သဘာဝကျစွာပင် မဖြစ်နိုင်ပေ။ ဤသည်မှာ ဖုန်းရှီးမြို့အတွက် လုံးဝ တာဝန်မဲ့သော လုပ်ရပ်မျိုး ဖြစ်သွားပေလိမ့်မည်။

ဝုန်း…။

ထိုခဏတွင် ကျိုးစွေ့သည် မူလဝိညာဉ်နှင့် ဤသတ္တမအဆင့်အစီအရင်တို့ တစ်သားတည်း ပေါင်းစည်းသွားကြောင်းကို ခံစားလိုက်ရသည်။

ဤအခိုက်အတန့်တွင် မိမိကိုယ်တိုင် သတ္တမအဆင့် စိတ်ဝိညာဉ်ကြော၏ စွမ်းအားကို ဆုပ်ကိုင်နိုင်ကာ ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ပါးအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရ၏။

သူ၏စိတ်ဆန္ဒ တစ်ချက်လှုပ်ရှားလိုက်သည်နှင့် အဆုံးမရှိသော အစီအရင်စွမ်းအားများ စုစည်းသွားပြီး ကောင်းကင်ကို ဖုံးကွယ်နိုင်သော ဧရာမလက်ဝါးကြီးတစ်ခုအဖြစ်သို့ ပုံပေါ်လာခဲ့ကာ ထိုလက်ဝါးကြီးမှာ မီးတောက်စွမ်းအားများဖြင့် ဖွဲ့စည်းထားပြီး ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးကွယ်နိုင်သည်ဟု ဆိုရမည်ဖြစ်ကာ မရေမတွက်နိုင်သော မီးတောက်အဆောင်သင်္ကေတများလည်း ထွက်ပေါ်နေချေသည်။

ဘန်း…။

နောက်တစ်စက္ကန့်တွင် ဤမီးတောက်လက်ဝါးကြီးက ရိုက်ချလိုက်ရာ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး ထိုဧရာမ ပျံသန်းရေးသင်္ဘောကြီးပေါ်သို့ ချက်ချင်း ရိုက်ခတ်သွားလေသည်။

ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ်က ပျံသန်းရေးသင်္ဘော၏ တားမြစ်အစီအရင်များကို ထိုးဖောက်သွားကာ အတွင်း၌ရှိသော သွေးလမင်းမျိုးနွယ် ကျင့်ကြံသူတိုင်း၏ ခန္ဓာကိုယ်များပေါ်သို့ သက်ရောက်သွားတော့သည်။

အုန်း… အုန်း…။

ထိုခဏတွင် သွေးလမင်းမျိုးနွယ် ကျင့်ကြံသူများမှာ ကြိုတင်မမျှော်လင့်ထားကြသဖြင့် မိမိတို့၏ ခန္ဓာကိုယ်အတွင်း၌ မီးတောက်စွမ်းအား အမျှင်တန်းများက စတင်လောင်ကျွမ်းလာကြောင်းကို ချက်ချင်း သိလိုက်ရသည်။

ဤအခိုက်အတန့်တွင် မိမိတို့၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်များပါ လောင်ကျွမ်းစပြုလာပြီဟု ထင်မှတ်လိုက်ရတော့၏။

"အား..."

သွေးလမင်းမျိုးနွယ် ကျင့်ကြံသူ အများအပြားမှာ ပြန်လည်ခုခံရန် အင်အားပင် မရှိကြတော့ဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့၏ ခန္ဓာကိုယ်များမှာ မီးရှူးတိုင်များအဖြစ် ပြောင်းလဲသွားကာ တဟုန်းဟုန်း လောင်ကျွမ်းလာလေတော့သည်။

များစွာမကြာလိုက်၊ သူတို့အားလုံး ပြာအဖြစ်သို့ လောင်ကျွမ်းသွားကြပြီး မူလဝိညာဉ်ပင်လျှင် လွတ်မြောက်နိုင်စွမ်း မရှိခဲ့ကြပေ။

ဒုန်း…။

သွေးလမင်းမျိုးနွယ် ကျင့်ကြံသူများ၏ ထိန်းချုပ်မှု ကင်းမဲ့သွားပြီးနောက် ဤသတ္တမအဆင့် ပျံသန်းရေးသင်္ဘောကြီးသည်လည်း ကောင်းကင်ယံမှ ပြုတ်ကျလာကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားပြီး ဧရာမ တွင်းနက်ကြီးတစ်ခု ချက်ချင်းဖြစ်ပေါ်လာကာ ဖုန်များ လွင့်ပျံသွားလေသည်။

တိုက်ခိုက်မှု တစ်ကြိမ်တည်းဖြင့်ပင် ကျန်ရစ်နေသော သွေးလမင်းမျိုးနွယ် ကျင့်ကြံသူများအားလုံး တစ်ယောက်မကျန် သုတ်သင်ခံလိုက်ရခြင်းပင် ဖြစ်တော့သည်။

"မဖြစ်နိုင်တာ။ ဒီလိုပဲ သေသွားတာလား...”

"ကိုးရောင်ခြယ်နေမင်းအစီအရင်ရဲ့ စွမ်းအားက ဒီလောက်တောင် ကြမ်းတာလား...”

"တိုက်ခိုက်မှု တစ်ကြိမ်တည်းနဲ့တင် ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ပါးကို သတ်ဖြတ်နိုင်တယ်ဆိုတာက သိပ်ကို အလွန်အကျွံ ဖြစ်လွန်းနေပြီ...”

"တစ်ယောက်ယောက်ကများ ကိုးရောင်ခြယ်နေမင်းအစီအရင်ကို မွမ်းမံပြင်ဆင်လိုက်လို့ အဋ္ဌမအဆင့်အစီအရင်ကို တက်သွားပြီးတော့ စွမ်းအားတွေ မြင့်တက်လာတာများလား...”

"မဖြစ်နိုင်တာတွေ မပြောစမ်းပါနဲ့။ တကယ်လို့ အဋ္ဌမအဆင့်အစီအရင်သာဆိုရင် စွမ်းအားက ဒီလောက်လေးတင် ရှိနေမှာ မဟုတ်ဘူး...”

ဤအချိန်အခါတွင် လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများစွာတို့မှာ ပါးစပ်အဟောင်းသား ဖြစ်နေကြပြီး မယုံနိုင်ဖွယ် အကြည့်များဖြင့် ကျိုးစွေ့ကို ကြည့်နေကြလေသည်။

ကိုးရောင်ခြယ်နေမင်းအစီအရင် အသက်ဝင်လာသည့် ပုံစံကို သူတို့ မမြင်ဖူးကြသည်တော့ မဟုတ်ပေ။

ကိုးရောင်ခြယ်နေမင်းအစီအရင်မှ ပြသလာသော စွမ်းအားမှာ အမှန်တကယ်ပင် ကောင်းမွန်လှသော်လည်း ဤမျှလောက် အရာရာကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော စွမ်းအားမျိုးကိုမူ ပြသနိုင်ခြင်းမရှိခဲ့ဘဲ အလွန်ဆုံးမှသာ ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို ခုခံနိုင်ရုံမျှသာ ဖြစ်၏။

ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ပါးကို သတ်ဖြတ်နိုင်ရန် ဆိုသည်မှာမူ လုံးဝမဖြစ်နိုင်သလောက်ပင်။

အဘယ်ကြောင့်ဆိုသော် ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူများ၏ ထွက်ပြေးလွတ်မြောက်နိုင်သော နည်းလမ်းများမှာ အမှန်တကယ်ပင် များပြားလွန်းလှပြီး ခန္ဓာကိုယ်ဖြင့် နေရာရွှေ့ပြောင်းနိုင်စွမ်းပင် ရှိကြသောကြောင့် ဖြစ်လေသည်။

ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ပါးကို အနိုင်ယူရန် လွယ်ကူသော်လည်း သတ်ဖြတ်ရန်မှာမူ လုံးဝမဖြစ်နိုင်သလောက်ပင်ဟု ဆိုရ‌ပေမည်။

All Chapters