အခန်း ၈၃၀
Vol. 78 Ch. 830
အခန်း (၈၃၀) - လူနှင့်အစီအရင် ပေါင်းစည်းခြင်း၊ အစစ်အမှန်နေမင်းမီးတောက်၊ သတ္တမအဆင့်အစီအရင်၏ စွမ်းပကားနှင့် ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအား (၅) ။
သို့ရာတွင် ယခု၌မူ အရှင်လတ်လတ် ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ပါး အသတ်ခံလိုက်ရသည်ကို သူတို့ကိုယ်တိုင် မြင်တွေ့လိုက်ရခြင်းမှာ အမှန်တကယ်ပင် တွေးတော၍မရနိုင်လောက်အောင် အံ့ဩဖွယ်ကောင်းလှသည်။
ယခု ကိုးရောင်ခြယ်နေမင်းအစီအရင်မှ ပြသလာသော စွမ်းအားသည် သတ္တမအဆင့်အစီအရင်များအပေါ် သူတို့၏ အသိအမြင်ကို လုံးဝ အသစ်ပြန်လည် ဖြစ်ပေါ်သွားစေခဲ့သည်ဟု ဆိုရမည်ပင်။
သတ္တမအဆင့်အစီအရင်သည် ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူကို အမှန်တကယ် သတ်ဖြတ်နိုင်စွမ်းရှိပြီး ဤသည်မှာ နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သိလိုက်ရတော့သည်။
"ဒါ..."
ထောင်ချီလီလည်း အလွန်အမင်း တုန်လှုပ်သွားခဲ့ရပြီး သူမ၏ စိတ်နှလုံးထဲတွင်လည်း ကြောက်မက်ဖွယ် လှိုင်းတံပိုးများ ရိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
သူမကိုယ်တိုင်က သတ္တမအဆင့်အစီအရင်ပညာရှင်တစ်ဦး ဖြစ်သော်လည်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုးရှိသည့် သတ္တမအဆင့်အစီအရင်ကို အမှန်တကယ်ပင် မမြင်တွေ့ဖူးခဲ့ပေ။
ဥပမာအားဖြင့် မော်တော်ကား အင်ဂျင်နီယာတစ်ဦးနှင့် တူပေသည်။ ထိုသူသည် ပြိုင်ကားတစ်စီးကို တည်ဆောက်နိုင်စွမ်းရှိပြီး ပြိုင်ကား၏ စွမ်းဆောင်ရည်မှာ အလွန်ကောင်းမွန်ကြောင်း သိရှိသော်ငြား ပြိုင်ကားကို အစွမ်းကုန် အသုံးချနိုင်ရန်အတွက် ယာဉ်မောင်းတစ်ဦး လိုအပ်နေသေးသည်။
အကယ်၍ ယာဉ်မောင်းလိုင်စင် အသစ်ရထားသူတစ်ဦးက ပြိုင်ကားကို မောင်းနှင်မည်ဆိုပါက သာမန်လူစီးကားများနှင့် များစွာကွာခြားမည် မဟုတ်ပေ။
အလွန်ဆုံးမှသာ မြို့တွင်း၌ မောင်းနှင်နိုင်ပြီး အလုပ်သွားအလုပ်ပြန် သွားလာနိုင်ရုံဖြစ်၏။
သို့သော်လည်း အကယ်၍ ပရော်ဖက်ရှင်နယ် ပြိုင်ကားမောင်းသမားတစ်ဦးသာ ဖြစ်နေမည်ဆိုပါက အနည်းဆုံး ပြိုင်ကား၏ စွမ်းဆောင်ရည် ခုနစ်ဆယ်၊ ရှစ်ဆယ် ရာခိုင်နှုန်းခန့်ကို ထုတ်ဖော်နိုင်မည်ဖြစ်ပြီး အမျိုးမျိုးသော ကွေ့ဝိုက်မောင်းနှင်မှုများ၊ မြွေလိမ်မြွေကောက် ရှောင်တိမ်းမှုများ ပြုလုပ်နိုင်ကာ ပြသလာမည့် ယာဉ်၏စွမ်းဆောင်ရည်မှာ သဘာဝကျစွာပင် လုံးဝကွာခြားနေမည် ဖြစ်သည်။
'အစီအရင်နှလုံးသားကူ' ကို ပေါင်းစပ်လိုက်ပြီးနောက်တွင် ပြိုင်ကားကို ဉာဏ်ရည်တုစနစ် တပ်ဆင်လိုက်သည်နှင့် တူညီသွားပြီး ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံး ယာဉ်မောင်းတစ်ဦးက မောင်းနှင်နေသည်နှင့် တူညီသွားကာ ပြိုင်ကား၏ စွမ်းဆောင်ရည်ကို ရာနှုန်းပြည့် အသုံးချနိုင်မည်မှာ သဘာဝပင်။
အဘယ်ကြောင့်ဆိုသော် ချန်ပီယံ ပြိုင်ကားမောင်းသမားနှင့် သာမန် ပြိုင်ကားမောင်းသမားတို့ကြားမှ ကွာဟချက်မှာ အလွန်ကြီးမားသောကြောင့် ဖြစ်ပေသည်။
'အစီအရင်နှလုံးသားကူ' နှင့် ကျိုးစွေ့၏ ထိန်းချုပ်မှုအောက်တွင် ကိုးရောင်ခြယ်နေမင်းအစီအရင်သည် ရာနှုန်းပြည့် စွမ်းအားများကို ထုတ်ဖော်နိုင်ခဲ့ရာ သဘာဝကျစွာပင် ကျင့်ကြံသူများစွာ၏ စိတ်ကူးထက် ကျော်လွန်နေသော အစီအရင်စွမ်းအားများကို ပြသလာနိုင်ခဲ့ခြင်း ဖြစ်လေသည်။
ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူပင်လျှင် သတ္တမအဆင့်အစီအရင်ရှေ့တွင် လွတ်မြောက်နိုင်ရန် မျှော်လင့်နိုင်မည် မဟုတ်ပေ။
ဤအချက်ကပင် လူသားမျိုးနွယ် လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများစွာကို ပါးစပ်အဟောင်းသား ဖြစ်သွားစေကာ အမြင်သစ်ဖြင့် ကြည့်ရှုလာစေခဲ့သည်။ ဤသည်မှာ လုံးဝ တူညီသောအစီအရင်တစ်ခု မဟုတ်ဟု ထင်မှတ်သွားစေခဲ့ခြင်း ဖြစ်တော့သည်။
"ဒီမျိုးနွယ်ခြား ကျင့်ကြံသူတွေ သေဆုံးသွားပြီးနောက်ပိုင်း ရလာမယ့် အကျိုးအမြတ်တွေ အားလုံးက ကျုပ်နဲ့ပဲ သက်ဆိုင်မယ်။ ခင်ဗျားတို့ ဘာသဘောထားကွဲလွဲမှုမှ မရှိကြဘူးမလား...”
ဤအချိန်တွင် ကျိုးစွေ့က ခပ်ဖွဖွပြုံးလိုက်ပြီး လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများစွာကို ကြည့်လိုက်၏။
"သဘောထားကွဲလွဲမှု မရှိပါဘူး။ သေချာပေါက် မရှိပါဘူး...”
"ဒီမျိုးနွယ်ခြား ကျင့်ကြံသူတွေက တာအိုရောင်းရင်းကျိုးရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာဆိုတော့ ရလာတဲ့ အကျိုးအမြတ်တွေကလည်း တာအိုရောင်းရင်းကျိုးနဲ့ပဲ သဘာဝကျကျ သက်ဆိုင်မှာပါ...”
"ပြောတာ မှန်ပါတယ်။ တကယ်လို့ တစ်ယောက်ယောက်ကများ တာအိုရောင်းရင်းကျိုးဆီကနေ လုယူရဲတယ်ဆိုရင် ကျုပ်တို့ရဲ့ ရန်သူဖြစ်လာမှာ အသေအချာပါပဲ...”
ဤစကားကို ကြားသောအခါ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများစွာက ကြက်အစာကောက်သကဲ့သို့ ခေါင်းညိတ်ပြလိုက်ကြပြီး တစ်ယောက်စီတိုင်းမှာ အလွန်ပင် လိမ္မာရေးခြားရှိနေကြလေသည်။
သူတို့အနေဖြင့် မလိမ္မာ၍လည်း မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကိုးရောင်ခြယ်နေမင်းအစီအရင်ကို ထိန်းချုပ်ထားသော ကျိုးစွေ့မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှပြီး ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူကို သတ်ဖြတ်ရသည်မှာ ကြက်ကလေးငှက်ကလေးများကို သတ်ဖြတ်ရသကဲ့သို့ လွယ်ကူနေသောကြောင့်ပင်။
ယခု ဖုန်းရှီးမြို့၏ သတ္တမအဆင့်အစီအရင်သည် တစ်ဖက်လူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေလေသည်။ အကယ်၍ တစ်ဖက်လူကသာ ဆန္ဒရှိပါက စိတ်ကူးတစ်ချက်ဖြင့်ပင် သူတို့အားလုံး ပြာကျသွားမည် မဟုတ်ပါလော။
လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများစွာမှာ ဂျင်ပေါ်ကထုံးများသာ ဖြစ်ကြရာ သဘာဝကျစွာပင် ကိုယ့်သေတွင်း ကိုယ်တူးသည့် ဤကဲ့သို့သော လုပ်ရပ်မျိုးကို အရူးများကဲ့သို့ လုပ်ဆောင်ကြမည် မဟုတ်ပေ။
ဤမျိုးနွယ်ခြား ကျင့်ကြံသူများ ချန်ထားခဲ့သော ရတနာများမှာ အမှန်တကယ်ပင် သွားရည်ကျချင်စရာ ကောင်းလှသော်ငြား ဤရတနာများကို ရရှိနိုင်ရန်အတွက် သူတို့တွင် အသက်ရှင်နေရန် လိုအပ်သေးသည်။
ပို၍ အရေးကြီးသည်မှာ သတ္တမအဆင့်အစီအရင်ဖြစ်သော ကိုးရောင်ခြယ်နေမင်းအစီအရင်၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်သော ကျိုးစွေ့၏အဆင့်အတန်းသည် ဖုန်းရှီးတာအိုအရှင်ကဲ့သို့သော ဝါရင့် ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူနှင့်ပင် နှိုင်းယှဉ်၍ ရနေပြီဖြစ်၏။
ဤကဲ့သို့သော တည်ရှိမှုမျိုးသည် ဖုန်းရှီးမြို့၏ အစောင့်အရှောက်နတ်ဘုရားတစ်ပါးနှင့် ညီမျှလေသည်။
ဤမျှ အစွမ်းထက်သောသူမျိုးကို မျက်နှာချိုသွေးရန်ပင် အချိန်မလောက်နိုင်သည်ဖြစ်ရာ မည်သည့်နေရာကနေ၍ တစ်ဖက်လူကို စကားဖြင့် သွားရောက် စော်ကားရဲပါမည်နည်း။
"ဒါဆိုလည်း ကောင်းတာပေါ့...”
ကျိုးစွေ့က ခေါင်းညိတ်ပြလိုက်ပြီး ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ရှားသွားကာ ဖုန်းရှီးမြို့မှ ချက်ချင်း ထွက်ခွာသွားပြီး အပြင်ဘက်သို့ ပျံသန်းသွားလေသည်။
ကျိုးစွေ့ ထွက်ခွာသွားသည်ကို မြင်သောအခါ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများစွာ၏ မျက်နှာအမူအရာများမှာ အလွန် ရှုပ်ထွေးသွားကြတော့သည်။
"တာအိုရောင်းရင်းကျိုးက ဖုန်းရှီးမြို့ရဲ့ သတ္တမအဆင့်အစီအရင်ကို ဒီလောက်အထိ ထိန်းချုပ်နိုင်မယ်လို့ ထင်မထားခဲ့ဘူး။ တကယ်ကို စိတ်ကူးထက် ကျော်လွန်နေတာပဲ။ ဒါက ဘယ်လို ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူထက်မှ မနိမ့်ကျတော့ဘူး မဟုတ်လား...”
"သာမန် ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူတွေထက် မနိမ့်ကျရုံတင် ဘယ်ကမလဲ။ အဲဒီထက်တောင် သာကောင်း သာနိုင်သေးတယ်။ ခုနက မျိုးနွယ်ခြား ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူခမျာ စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်ခံလိုက်ရတာကို မမြင်လိုက်ဘူးလား။ ဒါက တာအိုရောင်းရင်းကျိုးရဲ့ အစွမ်းထက်မြက်မှုကို သက်သေပြဖို့ လုံလောက်နေပြီ...”
"သေချာပေါက် တာအိုရောင်းရင်းကျိုးရဲ့ အစီအရင်ကျင့်ကြံမှုအဆင့်က အနည်းဆုံးတော့ သတ္တမအဆင့်ကို ရောက်ရှိနေပြီပဲ။ အဲဒီလိုမှ မဟုတ်ရင် ကိုးရောင်ခြယ်နေမင်းအစီအရင်ကို ဒီလို ထူးကဲဆန်းကြယ်တဲ့အဆင့်အထိ ထိန်းချုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...”
"ကျုပ်ကတော့ သတ္တမအဆင့်အစီအရင်ပညာရှင်လောက် မရိုးရှင်းဘူးလို့ ထင်တယ်။ အဋ္ဌမအဆင့်တောင် ရောက်နေလောက်ပြီ။ ရိုးရိုးသားသားပြောရရင် တာအိုရောင်းရင်းထောင်ကလည်း သတ္တမအဆင့်အစီအရင်ပညာရှင်ပဲလေ…”
“ကိုးရောင်ခြယ်နေမင်းအစီအရင်ကို သူမကိုယ်တိုင် တည်ဆောက်ခဲ့တာတောင်မှ ဘာလို့ တာအိုရောင်းရင်းထောင်က ဒီအစီအရင်ကို ဒီလို ထူးကဲဆန်းကြယ်တဲ့အဆင့်အထိ အသုံးချနိုင်စွမ်း မရှိခဲ့တာလဲ...”
"အဟွတ် အဟွတ်။ အဲဒီလိုလည်း ပြောလို့မရပါဘူး။ အစီအရင်ပညာရှင်တွေအကြားမှာလည်း ကွာခြားချက်တွေ ရှိတယ်။ တချို့ အစီအရင်ပညာရှင်တွေက အစီအရင်ဖန်တီးတဲ့ နေရာမှာ ကျွမ်းကျင်ပေမယ့် တချို့ အစီအရင်ပညာရှင်တွေကျတော့ အစီအရင်ကို ထိန်းချုပ်တဲ့နေရာမှာ ကျွမ်းကျင်တတ်ကြတယ်။ ကိုယ်စီကိုယ်ငှ အားသာချက်တွေ ရှိကြတာပါပဲ...”
"တကယ်လည်း ဒီလိုပါပဲ။ အဋ္ဌမအဆင့် အစီအရင်ပညာရှင်ဆိုတာကတော့ တကယ်ကို အလွန်အကျွံ ဖြစ်လွန်းပါတယ်။ ဒါက မဟာယာနအဆင့် ကျင့်ကြံသူတွေမှသာ ရောက်ရှိနိုင်တဲ့ အဆင့်တစ်ခုလေ။ တာအိုရောင်းရင်းကျိုးက ဘယ်လောက်ပဲ ပါရမီထူးချွန်နေပါစေ၊ ဒီအဆင့်အထိတော့ ရောက်နိုင်ဦးမှာ မဟုတ်ပါဘူး...”
"ဒါပေမယ့် ကျုပ်တို့ ဖုန်းရှီးမြို့အတွက်တော့ ကောင်းတဲ့ကိစ္စပါပဲ။ ဒါက ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ပါး ထပ်တိုးလာတာနဲ့ ညီမျှတာပဲလေ။ ဖုန်းရှီးမြို့ထဲမှာပဲ အစွမ်းပြနိုင်တယ်ဆိုရင်တောင် ဒါက တော်တော်လေး အထင်ကြီးစရာ ကောင်းနေပါပြီ...”
"ပြောတာ မှန်တယ်။ ဒီတစ်ကြိမ်သာ တာအိုရောင်းရင်းကျိုး ဝင်မပါခဲ့ဘူးဆိုရင် ကျုပ်တို့ ဖုန်းရှီးမြို့တော့ အန္တရာယ်ကြုံရလောက်ပြီ...”
လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများစွာမှာ အချင်းချင်း ဆွေးနွေးပြောဆိုနေကြပြီး အလွန်ပင် သက်ပြင်းချနေမိကြ၏။
အကယ်၍ သူတို့နှင့် ကျိုးစွေ့ကြားမှ ကွာဟချက်က အလွန်သေးငယ်နေမည်ဆိုပါက သူတို့၏ စိတ်ထဲတွင် မနာလိုမှုများနှင့် မကျေနပ်မှုများ ဖြစ်ပေါ်လာနိုင်ချေ ရှိသည်။
သို့သော် အချင်းချင်းကြားမှ ကွာဟချက်မှာ ကြီးမားလွန်းလှရာ သူတို့အနေဖြင့် မနာလိုစိတ်ပင် မဖြစ်ပေါ်နိုင်တော့ဘဲ သက်ပြင်းချခြင်းနှင့် အံ့ဩမှင်တက်ခြင်းသာ ဖြစ်ပေါ်နိုင်တော့သည်။
အထူးသဖြင့် စောစောက မျိုးနွယ်ခြား ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူ၏ ကျူးကျော်မှုကို ခံလိုက်ရပြီးနောက် စိတ်ပျက်အားငယ်မှုများကို ကြုံတွေ့ခဲ့ရပြီးဖြစ်ရာ သူတို့အနေဖြင့် ပို၍ပင် မနာလိုဖြစ်တော့မည် မဟုတ်ဘဲ လူသားမျိုးနွယ်ထဲတွင် ဤကဲ့သို့သော ပါရမီရှင်တစ်ဦး ပေါ်ထွက်လာခြင်းမှာ လူသားမျိုးနွယ်၏ ကံကောင်းမှုပင် ဖြစ်သည်ဟု တွေးတောမိကြလေသည်။
ဤကဲ့သို့သော ပါရမီရှင်မျိုးက ရတနာများစွာကို ရရှိသွားခြင်းမှာလည်း လုံးဝ သင့်လျော်သော ကိစ္စပင် ဖြစ်၏။
ထိုမျှမက သူတို့အနေဖြင့် တာအိုရောင်းရင်းကျိုး၏ ကျင့်ကြံမှုအဆင့် လျင်မြန်စွာ တိုးတက်လာစေရန်အတွက် အရင်းအမြစ်မြောက်မြားစွာကို စုဆောင်းပေးသင့်သည်ဟုပင် တွေးတောမိကြတော့သည်။
အကောင်းဆုံးမှာ မြန်မြန်ဆန်ဆန် ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ပါး ဖြစ်လာစေရန်ပင်။
ထိုသို့ဆိုလျှင် သူတို့ ဖုန်းရှီးမြို့ကြီး အမှန်တကယ် လုံခြုံသွားမည် ဖြစ်သည်။ မှန်ပေသည်၊ သူတို့မှာ အချည်းနှီး စိတ်ကူးယဉ်နေခြင်းသာ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကျိုးစွေ့သည် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ ယခုမှ ရောက်ရှိထားခြင်းဖြစ်ရာ ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ ဤမျှ လျင်မြန်စွာ တက်လှမ်းနိုင်မည် မဟုတ်သောကြောင့် ဖြစ်လေသည်။
နှစ်ထောင်ပေါင်းများစွာ အချိန်မယူဘဲနှင့် ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ပါး ဖြစ်လာရန်မှာ အဖြစ်နိုင်ဆုံးသော ရာခိုင်နှုန်းအားဖြင့် လုံးဝ မဖြစ်နိုင်သလောက်ပင်။
...