လင်ဖုန်းနှင့်တိုက်ခိုက်ခြင်း
Vol. 2 Ch. 25
ကွင်းပြင်တစ်ခုလုံးက လူတွေနှင့်ပြည့်နှက်နေလျက်ရှိသည်။ များစွာသောတိုက်ပွဲစင်မြင့်တွေပေါ်မှာလည်း တိုက်ပွဲတွေတစ်ပွဲပြီးတစ်ပွဲ အဆက်မပြတ်ယှဉ်ပြိုင်နေခဲ့ကြသလို အချိန်တိုင်းမှာ လူငယ်လေးတွေနှင့် မိန်းခလေးတွေထံမှ အားပေးသံတွေက နားအူမတတ် ဆူညံစွာထွက်ပေါ်နေလျက်ရှိပေသည်။ ဒီအသံတွေက လေထုကိုတောင် ပေါက်ကွဲလုနီးနီးဖြစ်စေသည်။
အချိန်တွေ ကုန်ဆုံးသွားခဲ့သလို ကျောင်းသားသစ်တော်တော်များများကလည်း ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရသည်။ သို့ပေမဲ့လည်း ကျန်နေသေးတဲ့ကျောင်းသားတွေက ထူးချွန်သူတွေချည်းဖြစ်သည့်အတွက် တိုက်ပွဲတွေဖြစ်ပေါ်လာတိုင်းမှာ ပိုပြီးအံ့အားသင့်စရာတွေ ဖြစ်လာခဲ့ရသည်။
ဒီအချိန်တွေအတွင်းမှာ ဇူယွမ်အနေဖြင့် နောက်ထပ်နှစ်ပွဲယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရသလို ထွက်ပေါ်လာသည့်အဖြေကလည်း အံ့သြစရာမရှိခဲ့ပေ။ သူ့ရဲ့ပြိုင်ဘက်တစ်ယောက်ဖြစ်တဲ့ ဝင်ပေါက်သုံးခုဖွင့်ထားနိုင်သည့် ကျင့်ကြံသူတစ်ယောက်က သူ့လက်ထဲမှာပဲ လုံးလုံးလျားလျားရှုံးနိမ့်သွားခဲ့ရသည်။
ဒါ့ကြောင့်ပင် သူက ထိပ်ဆုံးအယောက်နှစ်ဆယ်ထဲကို ဝင်ရောက်နိုင်ခဲ့သည်။
တိတိကျကျဆိုရရင် သိုင်းပညာယှဉ်ပြိုင်တဲ့စင်မြင့်တစ်ခုရဲ့ရှေ့မှာ ဇူယွမ်ကရပ်နေလျက် စင်မြင့်ပေါ်မှာ မြန်ဆန်တဲ့အမြန်နှုန်းဖြင့် ရှုပ်ထွေးစွာတိုက်ခိုက်နေကြသည့် လူနှစ်ယောက်ကို ကြည့်နေလျက်ရှိပေသည်။ မူလချီအလင်းတွေက သူတို့ရဲ့ခန္ဓာကိုယ်မှာစီးဆင်းနေလျက်ရှိပြီး သူတို့ထုတ်ဖော်အသုံးပြုခဲ့တဲ့ လက်သီးချက်တွေနဲ့ ခြေကန်ချက်တွေက နားကွဲသွားမတတ် လေထုကိုဆူညံသံတွေ ထွက်ပေါ်စေသည်။
စင်မြင့်ပေါ်တွင် တိုက်ခိုက်နေကြသူနှစ်ယောက်မှာ တစ်ယောက်က စုယုဝေဖြစ်သလို သူမရဲ့ပြိုင်ဘက်ကလည်း သူမနဲ့တူညီစွာပင် ဝင်ပေါက်လေးခုဖွင့်ထားနိုင်သည့် ကျင့်ကြံသူတစ်ယောက်ပင်ဖြစ်သည်။
သူမသာ ဒီတစ်ပွဲအနိုင်ရရှိခဲ့မယ်ဆိုရင် စုယုဝေကထိပ်ဆုံးဆယ်ယောက်ထဲကို ရောက်ရှိသွားလိမ့်မည်ဖြစ်ပြီး ပါရမီရှင်အတန်းကိုလည်း ဝင်ရောက်နိုင်ပေလိမ့်မည်။
စုယုဝေရဲ့ လှပတဲ့ပုံရိပ်လေးက လေထဲမှာသစ်ရွက်ကလေးတွေ လွင့်မြောနေသည့်အလား လှုပ်ရှားနေလျက်ရှိသည်။ သူမရဲ့ပြိုင်ဘက်ကလည်း ခန္ဓာကိုယ်တောင့်တင်းကြံ့ခိုင်တဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့တိုက်ခိုက်မှုတွေက ကြီးမားတဲ့လူဝံကြီးတစ်ကောင် တိုက်ခိုက်နေသည့်အလား ပြင်းထန်ရက်စက်လှပေသည်။
သူမပြိုင်ဘက်ရဲ့ ရက်စက်ကြမ်းတမ်းမှုတွေကြောင့် သူမကထိပ်တိုက်မရင်ဆိုင်ဖို့ ရွေးချယ်လိုက်မိသည်။ ထိုအစား သူမပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုအားကို အသုံးပြုလျက် သူမကလျင်မြန်စွာ ရှောင်တိမ်းနေလျက်ရှိသည်။
အချိန်တစ်ခုကြာအောင် ဒီလိုမျိုးတိုက်ခိုက်နေခဲ့ပြီးတဲ့နောက်မှာ နောက်ဆုံးသန်မာတဲ့လူငယ်လေးက ငြီးငွေ့စရာကောင်းလာသည့်အလား သူ့ရဲ့အပြင်းထန်ဆုံးတိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။ စုယုဝေရဲ့ မျက်လုံးတွေကတောက်ပလာခဲ့သလို သူမရဲ့တိုက်ခိုက်မှုဗျူဟာကလည်း ပြောင်းလဲသွားခဲ့ပြီး သူမရဲ့လှပတဲ့ပုံရိပ်လေးက သူမပြိုင်ဘက်နဲ့ ရုတ်ချည်းနီးကပ်သွားခဲ့သည်။
သို့ပေမဲ့လည်း တစ်ချိန်တည်းမှာပင် လူငယ်ရဲ့မျက်လုံးတွေထဲမှာ တောက်ပတဲ့အလင်းရောင်တွေ ဖြတ်ပြေးသွားခဲ့သည်။ မူလက သူရဲ့ပျင်းရိငြီးငွေ့စွာ တိုက်ခိုက်နေသည့်ဟန်က ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။ သူကကျယ်လောင်စွာ တစ်ချက်အော်ဟစ်လိုက်ပြီး မူလချီအလင်းတွေလှည့်ပတ်နေကာ ပြင်းထန်တဲ့အားအင်တွေပါဝင်နေသည့်လက်သီးချက်က လေတိုးသံသဲ့သဲ့ထွက်ပေါ်လျက် စုယုဝေထံသို့ အရှိန်ပြင်းစွာ ထိုးနှက်တိုက်ခိုက်လိုက်သည်။
ကြောက်စရာကောင်းလောက်တဲ့ လက်သီးလှိုင်းတွေထွက်ပေါ်လာခြင်းက စုယုဝေရဲ့ရှည်လျားတဲ့အနက်ရောင်ဆံနွယ်တွေကို လွင့်ပျံသွားစေသည်။ သို့ပေတည့်လည်း သူမရဲ့မျက်လုံးတွေထဲမှာ ကြောက်ရွံ့တုန်လှုပ်နေတဲ့ အရိပ်အယောင်တစ်စွန်းတစ်စမျှ ဖြစ်ပေါ်မနေခဲ့ပေ။ ဒါ့အပြင်ကို သူမရဲ့လက်ချောင်းနှစ်ချောင်းက ထက်မြက်တဲ့ဓားတစ်ချောင်းအလား ပြင်းထန်စွာဖြင့်ရှေ့ကို တိုးထွက်သွားခဲ့ပြီး အသက်ရှုချိန်တစ်ဝက်စာအတွင်းမှာပင် လူငယ်ရဲ့ရင်ဘတ်ပေါ်ကို ကျရောက်သွားခဲ့ရသည်။
လက်သီးလှိုင်းတွေက ရုတ်တရပ်ရပ်တန့်သွားခဲ့ပြီး လူငယ်ရဲ့မျက်လုံးတွေက ဒေါသထွက်သွားသည့်အလား ပြူးကျယ်သွားခဲ့ရသည်။ လူငယ်ရဲ့ခန္ဓာကိုယ်က အနည်းငယ်တုန်ခါသွားခဲ့သလို သူ့ရဲ့မျက်လုံးတွေကလည်း အနီရောင်အဖြစ်ပြောင်းလဲသွားလျက် အံကိုတင်းတင်းကြိတ်ကာပြောလိုက်သည်... "နင်က ကျောက်စိမ်းဖောက်လက်ညှိုးကို ကျွမ်းကျင်သွားခဲ့ပြီလား..."
စုယုဝေက အနည်းငယ်ပြုံးလိုက်မိပြီး သူမရဲ့လက်တွေကို ဖြည်းညှင်းစွာဖြင့် ပြန်လည်ဆုတ်ယူလိုက်သလို လူငယ်ရဲ့ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကလည်း ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်ကို ကျယ်လောင်တဲ့အသံနဲ့အတူ လဲကျသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် လူအုပ်ကြီးကလည်း စုယုဝေရဲ့သေးသွယ်တဲ့ လက်ချောင်းလေးတွေပေါ်မှာ ကျောက်စိမ်းကဲ့သို့ အရောင်တွေတောက်ပနေတာကို နောက်ဆုံးမှာမြင်တွေ့ခဲ့လိုက်ရသည်။ ၎င်းကကြည်လင်တောက်ပနေသော်ငြား ကြောက်စရာကောင်းတဲ့ အေးစက်မှုအရှိန်အဝါတွေကို ထုတ်လွှတ်နေပေသည်။
စင်မြင့်ပတ်ပတ်လည်မှာ ကြည့်နေကြတဲ့ လူငယ်လေးတွေနဲ့ မိန်းခလေးတွေထံမှ အားပေးသံတွေက ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
"ဒါက ကျောက်စိမ်းဖောက်လက်ညှိုးဆိုတာ အမှန်ပဲလား... ဒါက ကျွမ်းကျင်နိုင်ဖို့ ခက်ခဲတယ်လို့ပြောခဲ့ကြတဲ့ အလယ်အလတ်မူလကျင့်စဉ်တစ်ခုပေါ့... စုယုဝေကဒါကို အမှန်တကယ်အောင်မြင်သွားလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး..."
"ဒီကျင့်စဉ်က စွမ်းအားတွေကို စုစည်းပြီးတစ်နေရာတည်းကို တိုက်ခိုက်ခြင်းဖြစ်သလို ကြီးမားတဲ့အဖျက်စွမ်းအားလည်းရှိတယ်... စောစောက ဇောင်ဖန်ရဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှုနဲ့ စုယုဝေစွန့်စားပြီး တိုက်ခိုက်လိုက်တဲ့လက်ချောင်းတိုက်ခိုက်မှုက ကွာခြားမှုရှိခဲ့ပေမဲ့ နောက်ဆုံးရလဒ်ကတော့ သူက အရှုံးနဲ့ရင်ဆိုင်လိုက်ရတယ်... "
"ငါတို့ တော်ဝင်ဇူကျောင်းတော်ရဲ့ အမြန်ဆုံးစွမ်းအင်ဝင်ပေါက်ဖွင့်နိုင်တဲ့ ပါရမီရှင်က ထင်ထားခဲ့သလို တကယ်ကိုအံ့သြဖွယ်ရာပဲ..."
"......"
များစွာသောလူငယ်လေးတွေက အရူးအမူးဖြစ်သွားခဲ့ရသလို စုယုဝေကိုကြည့်နေတဲ့ သူတို့ရဲ့အကြည့်တွေထဲမှာလည်း ပိုလို့တောင်နှစ်သက်သဘောကျမှုတွေနဲ့ ပြည့်နှက်နေခဲ့ရသည်။
ဒီလိုမျိုးနှစ်သက်သဘောကျစွာကြည့်နေတဲ့ အကြည့်တွေအောက်မှာပဲ စုယုဝေကစင်မြင့်ပေါ်မှဆင်းသွားခဲ့ကာ ဇူယွမ့်ထံသို့ လျှောက်လှမ်းသွားခဲ့လိုက်သည်။ သူမရဲ့အမူအယာက အစောပိုင်းမှာ ပြင်းထန်ကြမ်းတမ်းပြီး ရက်စက်တဲ့တိုက်ပွဲတစ်ခုကို မတိုက်ခိုက်ခဲ့ရသည့်အလား ပြုံးနေလျက်ရှိပေသည်။
"ဒါက ဘယ်လိုနေလဲ..." စုယုဝေက သူမရဲ့နှင်းလိုဖြူဖွေးတဲ့မေးစေ့လေးကို ပင့်တင်လိုက်ရင်းမှ ကလေးလေးတစ်ယောက်လို အမူအယာမျိုးဖြင့် မေးလိုက်သည်။
"အရမ်းကို ကြောက်စရာကောင်းတယ်... ဒီကျောက်စိမ်းဖောက်လက်ညှိုးရဲ့စွမ်းအားက လုံးဝကိုတုန်လှုပ်စရာပဲ... ဝင်ပေါက်လေးခုဖွင့်ထားနိုင်တဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်တောင်မှ ဒါကိုမခုခံနိုင်ဘူး..." ဇူယွမ်ရိုးသားစွာ ချီးကျူးလိုက်မိသည်။ သူ့ခန္ဓာကိုယ်ပေါ်ကိုသာ ဒီလက်ချောင်းတိုက်ခိုက်မှုရဲ့ စွမ်းအားတွေကျဆင်းလာခဲ့မယ်ဆိုရင် သူသည်လည်း ခုခံနိုင်လိမ့်မည်မဟုတ်ပေ။
ဇူယွမ်ရဲ့ချီးကျူးမှုကို ရရှိခဲ့ပြီးနောက်မှာ စုယုဝေရဲ့ နီထွေးထွေးနှုတ်ခမ်းထောင့်စွန်းက အနည်းငယ်ဂုဏ်ယူသွားသည့်ဟန် ထင်ဟပ်လာခဲ့သည်။ သူမက စကားပြန်ပြောဖို့ပြင်လိုက်စဉ်မှာပင် စင်မြင့်ပေါ်က ဒိုင်ဖြစ်သူရဲ့ ကျယ်လောင်တဲ့အော်သံတစ်ခုကို ကြားလိုက်ရသည်။
"ဇူယွမ်နဲ့ လင်ဖုန်း..."
ဒီအော်သံ ထွက်ပေါ်လာသည့်အခိုက်အတန့်မှာ မူလကဆူညံနေတဲ့ ကွင်းပြင်ကြီးက မီးကိုရေနဲ့ဖျန်းပက်လိုက်သည့်အလား တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရသည်။ မကြာခင်မှာပဲ အားပေးသံတွေက ဆူညံစွာထွက်ပေါ်လာခဲ့ပြီး လူတိုင်းရဲ့အကြည့်က ထိုစင်မြင့်ပေါ်ကို ရောက်ရှိသွားခဲ့ကြသည်။
ပြီးခဲ့တဲ့ ပြိုင်ပွဲအနည်းငယ်ကို အနိုင်ရရှိခဲ့ပြီးနောက်မှာ သံသယရှိစရာမလိုလောက်အောင်ပင် ဇူယွမ်က ဒီကျောင်းသားသစ်စာမေးပွဲရဲ့ မြင်းနက်တစ်ကောင်ဖြစ်လာခဲ့ရသည်။ သို့ပေမဲ့လည်း ဒီတစ်ကြိမ်မှာ သူရင်ဆိုင်ရမယ့်ပြိုင်ဘက်က လင်ဖုန်းဖြစ်လေသည်။
လင်ဖုန်းက ဒီတစ်ခေါက်ကျောင်းသားသစ်တွေထဲမှာ အကျော်ကြားဆုံးလူတစ်ယောက်ဖြစ်ပြီးတော့ ဒီကျောင်းသားသစ်စာမေးပွဲမှာ ပထမနေရာကို ရရှိနိုင်ခြေအများဆုံးလူတစ်ယောက်အဖြစ် ထင်ကြေးပေးခံထားရသူလည်း ဖြစ်ပေသည်။
ဒီတစ်ခေါက်ကျောင်းသားသစ်တွေထဲမှာ လင်ဖုန်းက သေချာပေါက်ကို အတော်ဆုံးတွေထဲက တစ်ယောက်ဖြစ်သည်။
ဇူယွမ်က ပြိုင်ပွဲရဲ့ မြင်းနက်တစ်ကောင်ဖြစ်လာလင့်ကစား အဆုံးမှာ လင်ဖုန်းရဲ့ရပ်တန့်ခြင်းကိုခံရပြီး ထိပ်ဆုံးဆယ်နေရာရဲ့ ပြင်ပကိုရောက်ရှိသွားလိမ့်မည်လား။ လူတိုင်းက သိချင်စိတ်တွေ ပြင်းပြနေခဲ့ရပေသည်။
တစ်ချိန်တည်းမှာပင် စုယုဝေရဲ့အမူအယာကလည်း လုံးဝကိုပြောင်းလဲသွားခဲ့ရသည်။ ဒါက သူမအနေနဲ့ ဇူယွမ်နှင့် လင်ဖုန်းတို့ ထိပ်တိုက်ဆုံတွေ့ရမယ်လို့ ထင်မထားခဲ့သည်မှာ ထင်ရှားလှပေသည်။ သူမအနေဖြင့် လင်ဖုန်းနဲ့ရင်ဆိုင်ခဲ့ရမယ်ဆိုရင် ခက်ခက်ခဲခဲတိုက်ခိုက်ရလိမ့်မည်ဖြစ်ကြောင်း သိထားခဲ့ရသလို ဝင်ပေါက်နှစ်ခုသာဖွင့်ထားနိုင်သေးတဲ့ ဇူယွမ့်အနေနဲ့ဆိုလျှင် ဘယ်လိုများသွားပြီးတိုက်ခိုက်နိုင်လိမ့်မှာလဲ။
ဇူယွမ်ရဲ့မျက်လုံးတွေ အနည်းငယ်ကျဉ်းမြောင်းသွားခဲ့သည်။ သူ့ရဲ့ခေါင်းကိုမော့လိုက်ပြီး ဘေးကစင်မြင့်ပေါ်ကို ကြည့်လိုက်သည့်အခါ ချီယွဲ့ကပြုံးနေလျက်ရှိသည်ကို တွေ့လိုက်ရသလို တစ်ချိန်တည်းမှာပင် ချီယွဲ့က သူ့ရဲ့လက်တစ်ဖက်နဲ့ လင်ဖုန်းရဲ့ပခုံးအား ပုတ်လိုက်သည်ကိုပါ မြင်တွေ့လိုက်ရသည်။
လင်ဖုန်းက ဇူယွမ်ကို ခံစားချက်ကင်းမဲ့နေသည့် မျက်နှာဖြင့် ကြည့်နေခဲ့သည်။ သို့ပေမဲ့လည်း သူ့ရဲ့မျက်လုံးတွေထဲမှာတော့ အေးစက်မှုတွေနှင့် အထင်သေးမှုတွေရှိနေပေသည်။
လင်ဖုန်းက ပြုံးလိုက်ပြီး ချီယွဲ့ကို တစ်စုံတစ်ခုပြောလိုက်ကာ သူ့ရဲ့ခြေထောက်အား မြေပြင်ပေါ်ကိုဆောင့်နင်းလိုက်သည်တွင် သူ့ခန္ဓာကိုယ်က လေထဲကိုမြင့်တက်သွားခဲ့သည်။ သူက စင်မြင့်ပေါ်ကို ယုံကြည်ချက်ရှိစွာဖြင့် ရောက်ရှိလာခဲ့ပြီး ပတ်ဝန်းကျင်ရှိလူအုပ်ထံမှ အားပေးသံတွေကို ယူဆောင်သွားခဲ့လိုက်သည်။
ဒါကိုမြင်လိုက်ရသည့်အခါ လျှိုစီရဲ့နှုတ်ခမ်းထောင့်စွန်းမှာ အေးစက်စက်အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်... "ဒီတစ်ကြိမ်မှာ သူဘယ်လိုအနိုင်ရအောင် လုပ်နိုင်မလဲဆိုတာ ကြည့်ရဦးမှာပေါ့..."
ချီယွဲ့သည်လည်း ပြုံးလျက်က ခေါင်းညိတ်ပြလိုက်သည်။ လင်ဖုန်းရဲ့ခွန်အားက ဝင်ပေါက်လေးခုဖွင့်ထားနိုင်သည့် ကျင့်ကြံသူတွေထဲမှာတောင်မှ ထိပ်ပိုင်းအဆင့်တွင်ရှိပေသည်။ ဒါကြောင့် ဇူယွမ်နဲ့တွေ့ဆုံရမှုက သူ့အတွက်တော့ အခက်အခဲဖြစ်စေလိမ့်မည်မဟုတ်ပေ။
ပွဲကြည့်စင်ပေါ်မှာရှိသည့် ချူထျန်းယန်က ဇူယွမ်နဲ့ လင်ဖုန်းတို့ ရင်ဆိုင်တွေ့မှုကို မြင်လိုက်ရသည့်အခါ သက်ပြင်းကိုသာချလိုက်မိသည်။ မကြာမီမှာပဲ သူ့ရဲ့မျက်လုံးထဲမှာ အေးစက်စက်အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့ပြီး အစောင့်တစ်ယောက်ကို လက်ယက်ခေါ်လိုက်ကာ အေးစက်စွာဖြင့်ပြောလိုက်သည်... "ဒီနေ့ပြီးရင် ဒီစာမေးပွဲအတွက် ယှဉ်ပြိုင်ရမဲ့အတွဲအဖက်တွေကို ဘယ်သူစီစဉ်ခဲ့တာလဲဆိုတာကို သေချာစုံစမ်းလိုက်..."
ဇူယွမ်အနေနဲ့ စွမ်းအားမြင့်တဲ့ပြိုင်ဘက်တွေဖြင့် တစ်ပွဲပြီးတစ်ပွဲ ယှဉ်ပြိုင်ရမှုက ထူးဆန်းနေတယ်ဆိုတာကို သူသဘောပေါက်မိခဲ့သည်။ အခုအချိန်မှာ ဇူယွမ်က လင်ဖုန်းနဲ့တောင်မှ ရင်ဆိုင်ခဲ့ရပြီဖြစ်သည့်အတွက် သူက ဒီကိစ္စကို ဘယ်လိုလုပ်နားမလည်ပဲနေလိမ့်မည်နည်း။ သူ့ရဲ့နှလုံးသားထဲမှာ ဒေါသတွေနဲ့ ပြည့်နှက်သွားခဲ့ရသည်။ ဒီလူတွေက သူ့ရဲ့ရှေ့မှာ ဇူယွမ်ကို ပစ်မှတ်ထားရဲလိမ့်မယ်လို့ ထင်မထားမိခဲ့ချေ။
ဘေးမှာထိုင်နေသည့် ရှုဟောင်ရဲ့အမူအယာက ပြောင်းလဲသွားခြင်းမရှိခဲ့ပဲ သူကမေးလိုက်သည်... "ဒါက နည်းနည်းတော့ လွန်မနေဘူးလား..."
ချူထျန်းယန်က အေးစက်စက်ရယ်မောလိုက်ရင်းမှ ပြန်ပြောသည်... "မင်းဘာလုပ်ခဲ့လဲဆိုတာကို မင်းဘာသာမင်းသိမှာပဲ... ဒါ့အပြင်ကို ငါကကျောင်းအုပ်ဖြစ်တဲ့အတွက် ဘာလုပ်ရမယ်ဆိုတာ ငါ့ကို မင်းသင်ပေးစရာမလိုအပ်ဘူး..."
ရှုဟောင်ရဲ့ မျက်လုံးထဲမှာ ဒေါသအနည်းငယ်ထွက်သွားခဲ့ရပြီး အဆုံးမှာ သူကနှာခေါင်းတစ်ချက်ရှုံ့လိုက်ကာ စကားပြန်ပြောခြင်းမရှိခဲ့ပေ။ ချီယွဲ့က ချီအိမ်တော်ရဲ့လူတချို့ကို မြင်သာအောင် ထုတ်ပြခဲ့ပေမဲ့လည်း သူတို့ရဲ့အဓိကအကြံအစည်ပေါ်မှာ အကျိုးသက်ရောက်မှုမရှိခဲ့ပေ။
များစွာသော သနားဂရုဏာသက်နေတဲ့ အကြည့်တွေအောက်မှာ ဇူယွမ်က စင်မြင့်ပေါ်ကို လျှောက်လှမ်းလာခဲ့လိုက်သည်။
လက်ကိုနောက်ပစ်ကာ ရပ်နေလျက်ရှိသည့် လင်ဖုန်းရဲ့ပုံစံက အရပ်ရှည်ကာ ခန့်ညားသည့်ဟန်ပန်ရှိလေသည်။ သူက ဇူယွမ်ကို ဟန်ဆောင်အပြုံးတစ်ခုနဲ့အတူ ပြောလိုက်သည်... "မင်းသားလေးက တကယ့်ကို အံ့အားသင့်စရာပဲ... မင်းကို ဒီနေရာအထိရောက်လာလိမ့်မယ်လို့ ငါတကယ်ကို ထင်မထားမိခဲ့ဘူး..."
ဇူယွမ်က လင်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး စိတ်မဝင်စားသည့်လေသံဖြင့် ပြန်ပြောသည်... "မင်းက နောက်ပိုင်းမှာ ဒီထက်ပိုပြီး အံ့အားသင့်သွားရဦးမယ်..."
လင်ဖုန်းက အေးစက်စက်တစ်ချက်ရယ်လိုက်ရင်းမှ ပြောသည်... "ငါဒါကို မြင်ချင်မိတယ်..."
ပြိုင်ပွဲမစခင်ကပင် သူတို့နှစ်ယောက်ကြားမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်စကားတွေနဲ့ ထိုးနှက်နေခဲ့ကြပြီဖြစ်သည်။
"စပြီးတိုက်ခိုက်နိုင်ပြီ..." စင်မြင့်ပေါ်က ပြိုင်ပွဲကြီးကြပ်သူရဲ့ ကျယ်လောင်တဲ့အော်သံက သူတို့နှစ်ယောက်ကြားမှာ ထွက်ပေါ်လာခဲ့သည်။
ပြိုင်ပွဲစင်မြင့်ပေါ်မှာ ဇူယွမ်နဲ့ လင်ဖုန်းက တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေခဲ့ကြသလို သူတို့ရဲ့မျက်လုံးထဲမှာလည်း အေးစက်စက်အလင်းရောင်တွေ ထွက်ပေါ်လာခဲ့ကြသည်။
ဘန်း...
တစ်ချိန်တည်းမှာပင် ဇူယွမ်နဲ့ လင်ဖုန်းတို့ရဲ့ ခန္ဓာကိုယ်တွေက တစ်ပြိုင်နက်တည်း လှုပ်ရှားလာခဲ့ကြသည်။
လင်ဖုန်းက ခြေတစ်ချက်ဆောင့်နင်းလိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်က လေထဲကို မြင့်တက်လာခဲ့သည်။ သူ့ရဲ့ခြေထောက်တွေက ကြာပွတ်တစ်ချောင်းအလား လေတိုးသံတဝီဝီနဲ့ ပြင်းထန်တဲ့အင်အားတွေကို သယ်ဆောင်လာခဲ့ပြီး ဇူယွမ်ရဲ့ခေါင်းကို ရက်စက်စွာကန်လိုက်သည်။
ဒီကန်ချက်က ကျောက်တုံးကိုတောင်မှ ကွဲကြေသွားစေနိုင်ပေသည်။
ဇူယွမ်ရဲ့ လက်မောင်းတွေက အလျားလိုက်လှုပ်ရှားသွားခဲ့ပြီး လင်ဖုန်းရဲ့ကန်ချက်ကို ကာကွယ်လိုက်သည်။ စွမ်းအားပြည့်ဝတဲ့ ခြေကန်ချက်က သူ့ရဲ့လက်မောင်းတွေကို ပြင်းပြင်းထန်ထန်တုန်ခါသွားစေခဲ့သလို သူ့ရဲ့ကျန်တဲ့လက်တစ်ဖက်ဖြင့် ရှေ့ကိုရုတ်တရက်ထိုးချလိုက်ပြီး လက်ချောင်းငါးချောင်းက လက်သီးတစ်လုံးအဖြစ်ကွေးဆုပ်လိုက်ကာ လင်ဖုန်းရဲ့ ရင်ဘတ်ကိုတိုက်ခိုက်လိုက်သည်။
ဖတ်...
လင်ဖုန်းရဲ့ခန္ဓာကိုယ်ကလည်း လေထဲမှာပင် ရုတ်တရက်လှည့်ပတ်သွားခဲ့ကာ သူ့ရဲ့လက်ငါးချောင်းကို လက်သီးတစ်ခုအဖြစ်ဆုပ်လိုက်ပြီး လှံတစ်ချောင်းအလား ဇူယွမ့်ထံသို့ ရက်ရက်စက်စက်ထိုးချခဲ့လိုက်သည်။
ဘုန်း ဘုန်း ဘုန်း...
တိုတောင်းလှတဲ့ အသက်ရှူချိန်အနည်းငယ်အတွင်းမှာကို သူတို့နှစ်ယောက်က ဆယ်ကြိမ်ထက်မနည်း တိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့ကြပေသည်။ သူတို့ရဲ့ တိုက်ခိုက်မှုတစ်ခုစီတိုင်းက သေစေနိုင်တဲ့နေရာတွေကိုသာ ဦးတည်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည့်အတွက် စင်မြင်ရဲ့အပြင်ဘက်မှာ ကြည့်နေတဲ့လူတွေအားလုံးကို လွန်စွာထိတ်လန့်သွားစေခဲ့ရသည်။
စင်မြင့်ပေါ်မှာ ပြင်းထန်တဲ့လေလှိုင်းတွေ ဖြစ်ပေါ်နေခဲ့ပြီး ဇူယွမ်နဲ့ လင်ဖုန်းတို့ရဲ့ ခန္ဓာကိုယ်တွေက အချိန်တိုင်းလှုပ်ရှားနေမှုကြောင့် ဖုန်မှုန့်တွေကလည်း လွင်ပျံနေလျက်ရှိပေသည်။
စင်မြင့်အောက်ဘက်ကနေ ဆူညံတဲ့အသံလှိုင်းတွေက လွင့်ပျံထွက်ပေါ်လာခဲ့သည်။ လူအုပ်ကြီးက အခုအချိန်မှာ ဇူယွမ့်ကို မမြင်ဖူးသည့်လူတစ်ယောက်အလား ကြည့်နေကြလျက်ရှိသည်။ အစောပိုင်းက သူတို့နှစ်ယောက်ရဲ့တိုက်ခိုက်မှုတွေက မူလချီတွေကို အနည်းငယ်မျှ အသုံးပြုခြင်းမရှိခဲ့ကြဘဲ သူတို့ရဲ့ခန္ဓာကိုယ်စွမ်းရည်အပေါ်မှာသာ အလုံးစုံအားထားကာ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
သို့ပေတည့်လည်း လင်ဖုန်းရဲ့ ဝင်ပေါက်လေးခုဖွင့်ထားနိုင်သည့် ခန္ဓာကိုယ်က ဇူယွမ့်အပေါ်မှာ အနည်းငယ်မျှပင် အသာစီးရယူနိုင်ခြင်း မရှိခဲ့ချေ။
ဒါက သူတို့ကို လုံးဝတုန်လှုပ်သွားစေခဲ့ရသည်။ သူတို့ရဲ့ဦးနှောက်တွေက ဘယ်လောက်ပဲ စဉ်းစားစဉ်းစား ဇူယွမ်ရဲ့ခန္ဓာကိုယ်က ဘာကြောင့်ဒီလောက်သန်မာလာခဲ့ရလဲဆိုတာကို နားလည်နိုင်ခြင်းမရှိခဲ့ပေ။
စင်မြင်ရဲ့အောက်မှာ ဆူညံပွက်လောရိုက်နေခဲ့ကြသလို လင်ဖုန်းရဲ့အမူအယာကလည်း အနည်းငယ်ပျက်ယွင်းသွားခဲ့ရသည်။ အေးစက်တဲ့အလင်းရောင်တွေက သူ့ရဲ့မျက်လုံးထဲမှာ စီးဆင်းသွားခဲ့ရပြီး အသက်ကိုပြင်းစွာရှူလိုက်လျက် အချိန်ဆွဲကာ တိုက်ခိုက်လိုခြင်းမရှိတော့ပေ။
"ဝင်ပေါက်လေးခုပွင့်စမ်း..."
လင်ဖုန်းရဲ့ ကျယ်လောင်စွာအော်လိုက်တဲ့အသံ ထွက်ပေါ်လာသည့်အခိုက်အတန့်မှာ မူလချီတွေက ပတ်ဝန်းကျင်မှာထွက်ပေါ်လာခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်ထဲကို စီးဝင်သွားခဲ့သည်။
မူလချီအလင်းတန်းတွေက လင်ဖုန်းရဲ့ခန္ဓာကိုယ်ပတ်လည်မှာ လှည့်ပတ်နေခဲ့သလို သူ့ရဲ့ခြေထောက်အောက်မှာရှိတဲ့ စင်မြင့်ပေါ်က ကျောက်ပြားကလည်း အနည်းငယ်ကွဲအက်သွားခဲ့ရသည်။ ၎င်းကလွန်စွာ ခြိမ်းခြောက်နိုင်စွမ်းကြီးလှပေသည်။
ဘန်း...
လင်ဖုန်းရဲ့ခြေထောက်က ခပ်ပြင်းပြင်းဆောင့်နင်းလိုက်သည့်အခါ ပြိုင်ပွဲစင်မြင်ရဲ့ အခင်းကျောက်ပြားက လုံးဝကိုကွဲကြေသွားခဲ့ရသည်။ သူ့ရဲ့အမြန်နှုန်းက တစ်ဟုန်ထိုးမြင့်တက်သွားခဲ့ရပြီး ချက်ချင်းဆိုသလို ဇူယွမ်ရဲ့အရှေ့မှာ ပေါ်ထွက်လာခဲ့ကာ လေတိုးသံတဟူးဟူးထွက်ပေါ်လျက် လွန်စွာအင်အားပြင်းထန်တဲ့ လက်ဝါးရိုက်ချက်တစ်ခု ဇူယွမ့်ထံသို့ ကျရောက်လို့လာခဲ့ရသည်။
စွမ်းအားပြည့်ဝတဲ့ လက်ဝါးရိုက်ချက်တစ်ခု သူ့ဆီကိုကျရောက်လာသည့်အခါ ဇူယွမ်ရဲ့နှလုံးက အနည်းငယ်တုန်ခါသွားခဲ့ရသည်။ လင်ဖုန်းက ဒီတစ်ခေါက်ကျောင်းသားသစ်တွေထဲမှာ စွမ်းအားအမြင့်ဆုံးလူတွေထဲက တစ်ယောက်ဖြစ်လာခဲ့ရခြင်းမှာ သူ့ရဲ့ခွန်အားကြောင့်ပင်ဖြစ်ပေသည်။
ဇူယွမ်ရဲ့ခြေလှမ်းတွေက ဘေးဘက်ကိုတိမ်းစောင်းသွားခဲ့ပြီး နဂါးခြေလှမ်းလှုပ်ရှားမှုကို ပြုလုပ်လိုက်သကဲ့သို့ သူ့ရဲ့ခန္ဓာကိုယ်ကလည်း မြူခိုးတွေအလား မှုန်ဝါးပျောက်ကွယ်သွားခဲ့ရသည်။
လင်ဖုန်းရဲ့ လက်ဝါးရိုက်ချက်က ဇူယွမ့်ရင်ဘတ်နဲ့ ပွတ်ကာသီကာ လွဲချော်သွားခဲ့ပေသည်။
"ဘယ်လောက်တောင် ထူးဆန်းတဲ့ ခန္ဓကိုယ်အထောက်အပံ့စွမ်းရည်လဲ..." လင်ဖုန်းအနည်းငယ် မျက်မှောင်ကျုံ့သွားခဲ့ရသည်။ အစောပိုင်းတိုက်ခိုက်မှုမှာ သူ့အနေနဲ့ ဇူယွမ်ရဲ့ ထူးဆန်းသည့်ကျင့်စဉ်ကို မြင်တွေ့ခဲ့လိုက်ရသည်။ သူ့ရဲ့ခန္ဓာကိုယ်က မှုန်ဝါးပျောက်ကွယ်သွားတဲ့အခါ ဘယ်တိုက်ခိုက်မှုမဆို ဘာမှမရှိတဲ့လေထုအပေါ်ကိုသာ ကျရောက်သွားစေပေလိမ့်မည်။
"အလယ်အလတ်အဆင့်မူလကျင့်စဉ်... နတ်ဆိုးနင်းချေခြင်း..."
တောက်ပတဲ့အလင်းရောင်တွေ လင်ဖုန်းရဲ့မျက်လုံးထဲမှာ စီးဆင်းသွားခဲ့သလို သူ့ရဲ့ခြေထောက်ကလည်း မြေပြင်ကိုရုတ်တရက် ဆောင့်နင်းလိုက်သည်။ ကျောက်ပြားက ချက်ချင်းဆိုသလို လှိုင်းတစ်ခုအလား အစိတ်စိတ်အပိုင်းပိုင်းကွဲကြေသွားခဲ့ရပြီး သာမန်မျက်စိဖြင့်တောင် မြင်တွေ့နိုင်စွမ်းရှိပေသည်။
ဇူယွမ်လေ့ကျင့်ထားတဲ့ကျင့်စဉ်က ဘယ်လောက်တောင်အံ့အားသင့်ဖို့ကောင်းလဲဆိုတာကို သေသေချာချာစဉ်းစားနိုင်ခြင်းမရှိသော်ငြားလည်း သူ့ရဲ့ကျင့်စဉ်က တိုက်ခိုက်မှုအတွက် အကျိုးသက်ရောက်မှုမရှိနိုင်ဘူးဆိုတာကို လင်ဖုန်းသိပေသည်။ လင်ဖုန်းရဲ့ခန္ဓာကိုယ်က ဆတ်ခနဲလှုပ်ရှားသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် အေးစက်စက်အငွေ့အသက်တွေ ထွက်ပေါ်လာခဲ့သည်။
"မင်းစင်မြင့်ပေါ်ကနေ ထွက်သွားဖို့အချိန်တန်ပြီ..." လင်ဖုန်းက ချက်ချင်းသူ့ရဲ့တိုက်ခိုက်မှုကို စတင်လိုက်သည်။ ကျယ်လောင်သည့်အော်သံတစ်ခုနှင့်အတူ သူ့ရဲ့လက်ငါးချောင်းကို လက်သီးတစ်ခုအဖြစ်ဆုပ်လိုက်ပြီး ဒေါသထွက်နေသည့် ခြင်္သေ့တစ်ကောင်အလား ဇူယွမ်ရဲ့ရင်ဘတ်ဆီသို့ ထိုးချလိုက်သည်။
လေတိုးသံတဝီဝီကို ကြားလိုက်ရသည့်အခါ ဇူယွမ်က ဆက်လက်ရပ်တန့်နေခြင်းငှါမရဲတော့ပဲ ကြမ်းပြင်ကိုတစ်ချက်ဆောင့်နင်းလိုက်ရင်းမှ အော်လိုက်သည်... "ဝင်ပေါက်နှစ်ခုပွင့်စမ်း..."
မူလချီတွေက ဇူယွမ့်ရဲ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းသွားခဲ့ပြီး သူ့ခန္ဓာကိုယ်ပတ်ပတ်လည်မှာ မူလချီအလင်းတွေ ထွက်ပေါ်လာခဲ့သည်။
ဇူယွမ် သူ့ရဲ့လက်မောင်းကို ကန့်လတ်ဖြတ်ထားလိုက်ရင်းမှ ခုခံတဲ့အနေအထားတစ်ခုကို ပြုလုပ်လိုက်သည်။
ဘုန်း...
လင်ဖုန်းရဲ့လက်သီးက ဇူယွမ့်လက်မောင်းပေါ်ကို ပြင်းပြင်းထန်ထန်ကျရောက်သွားခဲ့ပြီး စွမ်းအားတွေကတစ်ဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။ ဇူယွမ်ရဲ့ခြေထောက်တွေကတုန်ခါသွားခဲ့ရသလို သူ့ခန္ဓာကိုယ်ကလည်း အနောက်ဘက်ကိုလျင်မြန်စွာ လျှောတိုက်ဆုတ်ခွာသွားခဲ့ရပြီး စင်မြင့်ရဲ့အစွန်ကိုရောက်မှသာ အန္တရာယ်ကြီးစွာဖြင့် ရပ်တန့်သွားခဲ့သည်။
အထိတ်တလန့်အော်ဟစ်သံတွေက စင်မြင့်အောက်ကနေ ချက်ချင်းထွက်ပေါ်လာခဲ့သည်။ စုယုဝေက ပါးစပ်ကို လက်ဖြင့်ဖုံးအုပ်ထားမိလျက်မှ သူမရဲ့လှပတဲ့မျက်နှာလေးပေါ်မှာ စိုးရိမ်ပူပန်မှုတွေဖြင့် ပြည့်နှက်သွားခဲ့ရသည်။
လင်ဖုန်းက အထင်သေးစွာဖြင့်ပြောသည်... "မင်းက တကယ့်ကို ဇွဲကြီးတာပဲ..."
ဇူယွမ်က သူ့ရဲ့ထုံကျင်နေတဲ့ လက်မောင်းတွေကို ဖြည်းညှင်းစွာ ခါလိုက်ရင်းမှ ပြန်ပြောသည်... "ဝင်ပေါက်လေးခု ဖွင့်ထားနိုင်တဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားက တကယ့်ကို ထိတ်လန့်စရာပဲ..."
အရင်အချိန်က သူ့ရဲ့အားနည်းသည့်ခန္ဓာကိုယ်သာဆိုရင် ခုခံနိုင်စွမ်းရှိမည်မဟုတ်ပဲ စွမ်းအားပေါက်ကွဲမှုအရှိန်နဲ့တင် စင်မြင့်ပေါ်မှ လွင့်ထွက်သွားပေလိမ့်မည်။
လင်ဖုန်းက အေးစက်စွာပြောသည်... "နောက်တစ်ကြိမ်ဆိုရင် မင်းက သေချာပေါက်ကိုပြုတ်ကျသွားရတော့မယ်..."
ဇူယွမ်ရဲ့မျက်လုံးတွေ အနည်းငယ်ကျဉ်းမြောင်းသွားခဲ့ရပြီး တဖြည်းဖြည်းနဲ့ စူးရှလာခဲ့ကာ လင်ဖုန်းကို စိုက်ကြည့်လိုက်သည်။ ဇူယွမ်က ရှေ့ကိုခြေတစ်လှမ်းတက်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်းညွတ်လိုက်ကာ ကျားတစ်ကောင်က ၎င်းရဲ့သားကောင်ကို တစ်စစီဆွဲဆုတ်ပြစ်တော့မည့်ဟန်အလား ပြုလုပ်လိုက်သည်။
အန္တရာယ်အငွေ့အသက်တစ်ခုက ဇူယွမ်ရဲ့ခန္ဓာကိုယ်မှ ပျံ့နှံ့ထွက်ပေါ်လာခဲ့သလို လင်ဖုန်းကိုပြုံးဖြဲဖြဲဖြင့် ကြည့်လိုက်ပြီး သူ့ရဲ့ဖြူဖွေးတဲ့သွားတွေကလည်း ချောက်ချားဖွယ်ကောင်းလောက်အောင် ထွက်ပေါ်လာခဲ့သည်။ ဒီမြင်ကွင်းက လူတိုင်းကို အနည်းငယ်နှလုံးခုန်မြန်သွားစေသည်။
"မင်းမှာ နောက်ထပ်အခွင့်အရေးရှိတော့မယ်လို့ ငါမထင်ဘူး..."
သူ့ရဲ့စကားသံထွက်ပေါ်လာသည့်အချိန်မှာပင် ဇူယွမ်ရဲ့ပုံရိပ်ကလည်း ရှေ့ကိုပြေးထွက်လာခဲ့ပြီးပြီဖြစ်သည်။
သူ့ရဲ့စွမ်းအားအပြည့်အဝပါဝင်တဲ့ တန်ပြန်တိုက်ခိုက်မှုကို စတင်ပြုလုပ်ခဲ့လိုက်ပြီပဲဖြစ်သည်။