အခန်း ၆၆၆
Vol. 48 Ch. 666
အခန်း ၆၆၆ - ဘေးဒုက္ခကို အလွယ်တကူ ကျော်ဖြတ်ခြင်း၊ အဆင့် (၅) အခွင့်အရေးကို ရယူခြင်း
ဝုန်း~~~
မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်းဖန် လှုပ်ရှားလိုက်၏။ လဲနေသူကို ထပ်မံထိုးနှက်ရမည် ဟူသော စကားအတိုင်းပင်။
ယခုအခါ ဤယွမ်ယင်းမိစ္ဆာကျင့်ကြံသူ လေးဦးသည် ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲထားရသဖြင့် သူတို့၏မှော်စွမ်းအားများစွာ ကုန်ခမ်းနေခဲ့ပြီ ဖြစ်သည်။ သူတို့၏ အားအနည်းဆုံး အချိန်သို့ ရောက်ရှိနေကြ၏။
အကယ်၍ သူသာ မွန်းတည့်ချိန်တွင် ရောက်လာခဲ့ပါက သူတို့၏ အထွတ်အထိပ် အခြေအနေနှင့် ရင်ဆိုင်ရနိုင်ခြေရှိသည်။
သို့သော် နေဝင်ချိန်မှ ရောက်လာခဲ့သဖြင့် သူတို့၏ အားအနည်းဆုံးအချိန်နှင့် အံကိုက် ကြုံတွေ့လိုက်ရခြင်း ဖြစ်သည်။
ထို့ကြောင့် ဤမိစ္ဆာကျင့်ကြံသူ အုပ်စုကို ချုံခိုတိုက်ခိုက်ရန် ယခုအချိန်သည် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။
ရုတ်တရက် သူ၏အထက်၌ ခေါင်းလောင်းကြီးတစ်ခု ပေါ်လာပြီး မှေးမှိန်သော အမည်းရောင် ရွှေရောင် အလင်းတန်းများကို ထုတ်လွှတ်နေ၏။
တစ်ချိန်တည်းမှာပင် ခေါင်းလောင်း၏ မျက်နှာပြင်ပေါ်၌ ရှေးဟောင်းအင်းစာလုံးများ ထူထပ်စွာဖုံးလွှမ်းနေ၏။ နိယာမပုံစံအမျှင်တန်းများ ပါဝင်နေသကဲ့သို့ ရှိနေသည်။
မူလဝိညာဉ်စွမ်းအား အမြောက်အမြားကို စီးဆင်းစေလိုက်သောအခါ ၎င်းအပေါ်ရှိ အမည်းရောင် ရွှေရောင်အင်းစာလုံးများသည် တစ်ခုပြီးတစ်ခု လင်းလက်လာခဲ့သည်။
နောက်တစ်စက္ကန့်တွင် ၎င်းသည် လေထဲ၌ အဆက်မပြတ် တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာနှိမ်နင်းရေးစွမ်းအားနှင့် အသံလှိုင်းစွမ်းအားတို့သည် အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်သွားခဲ့ရာ ကီလိုမီတာတစ်ရာကျော် ဧရိယာအထိ လွှမ်းခြုံသွားခဲ့၏။
ဤမိစ္ဆာနှိမ်နင်းရေးစွမ်းအားသည် မိုးကောင်းကင်ကိုးထပ်နှင့် မြေကမ္ဘာဆယ်ခုလုံးကို တိုက်ခတ်သွားသကဲ့သို့ မိစ္ဆာများနှင့် မကောင်းဆိုးဝါးများ အားလုံးကို ရှင်းလင်းဖယ်ရှားပစ်မည့် အစွမ်းများ ပါဝင်နေပေသည်။
သံသယဖြစ်ဖွယ်မရှိအောင်ပင် ယခုအခါ သူ၏ကျင့်ကြံမှုသည် နဝမအလွှာ ရွှေအမြုတေ အဆင့်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်ရာ သူအသုံးပြုနိုင်သောစွမ်းအားမှာ ယခင်ကနှင့် နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကြီးမားနေပြီဖြစ်သည်။
ထို့အပြင် ဤသည်မှာ ရှေးဟောင်း မိစ္ဆာတုန်ခါမှုခေါင်းလောင်းပင် ဖြစ်သည်။
"ရန်သူဟေ့... အနီးအနားမှာ ရန်သူရှိတယ်။"
"သောက်ကျိုးနည်း။ ငါတို့ကို ဘယ်ကောင်ကများ တိတ်တဆိတ် လာချောင်းတိုက်ရဲတာလဲ။"
"ငွေလမင်းဝံပုလွေမျိုးနွယ်ရဲ့ အပေါင်းအပါတွေ ဖြစ်ရမယ်။ မဟုတ်ရင် ငါတို့ ကောင်းကင်ပန်ငှက်မျိုးနွယ်ကို ဘယ်ကောင်က ချောင်းတိုက်ရဲမှာလဲ။"
"စောစောက ဘာရောင်ဝါမှကို အာရုံမခံမိပါလား။ သူတို့ ဘယ်လိုလုပ်သွားတာလဲ။"
မျက်တောင်တစ်ခတ် အတွင်းမှာပင် ဤယွမ်ယင်းကျင့်ကြံသူများ၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားပြီး ကြက်သီးမွေးညင်းများပင် ထသွားခဲ့ကြ၏။
အနီးအနားတွင် ရန်သူတစ်ဦး ပုန်းကွယ်နေလိမ့်မည်ဟု သူတို့ ဘယ်သောအခါကမျှ မတွေးထင်ထားခဲ့ပေ။ ဤသည်မှာ သူတို့၏ မျှော်လင့်ချက်များထက် လုံးဝကျော်လွန်နေသည်။
ရန်သူ၏ရောင်ဝါကိုပင် သူတို့ အာရုံမခံမိခဲ့ကြချေ။
သို့သော် ဤသည်မှာ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ကျန်းဖန်၏ရောင်ဝါကို ကောင်းကင်ပုရစ် ဝိညာဉ်သစ်ရွက်က အချိန်အတော်ကြာကတည်းက ဖုံးကွယ်ထားပြီး ဖြစ်သည်။
ယွမ်ယင်းကျင့်ကြံသူများ ဆိုထားဘိ၊ ဟွာရှန်ကျင့်ကြံသူများပင်လျှင် သူ၏တည်ရှိမှုကို အာရုံခံမိနိုင်မည် မဟုတ်ချေ။
ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းစွမ်းအားတစ်ခု သူတို့ထံသို့ ဝင်တိုက်လာသည်ကို အာရုံခံမိလိုက်ကြ၏။
လေဟာနယ်အတွင်း လှိုင်းဂယက်များ ထသွားစေပြီး အမြန်နှုန်းမှာလည်း ယုံကြည်နိုင်စရာ မရှိလောက်အောင် မြန်ဆန်လှပေသည်။
သူတို့ သတိပြုမိချိန်၌ စွမ်းအားများက သူတို့ကို ရိုက်ခတ်ပြီးနေပြီ ဖြစ်သည်။
ဝုန်း~~
ဤအခိုက်အတန့်၌ သူတို့၏ဝိညာဉ်များကို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက ဝင်တိုက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
စွမ်းအားတစ်ခုခု၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသကဲ့သို့ သူတို့၏ဝိညာဉ်များ သတိလစ်သွားစေခဲ့သည်။
မူလက သူတို့၏ မိစ္ဆာခန္ဓာကိုယ်များမှာ အတော်လေး အစွမ်းထက်ပြီး သာမန်တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိကြသည်။
သို့သော် ဤအသံလှိုင်းစွမ်းအားကို ရင်ဆိုင်ရချိန်တွင်မူ သူတို့၏ မိစ္ဆာခန္ဓာကိုယ်များမှာ တို့ဟူးကဲ့သို့ ဖြစ်သွားပြီး လုံးဝ ကာကွယ်နိုင်စွမ်းမရှိ ဖြစ်သွား၏။
သူတို့၏ ကိုယ်တွင်းအင်္ဂါများ ပြင်းထန်စွာ ပျက်စီးသွားပြီး အပေါက်ခုနစ်ပေါက်မှ သွေးများ ယိုစီးလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ကီလိုမီတာတစ်ရာအတွင်းရှိ ဧရိယာသည် ကြောက်မက်ဖွယ်ကောင်းသော ပျက်စီးဆုံးရှုံးမှုများကို ခံစားလိုက်ရသည်။
ချန်ချင်းတောင်ထွတ်အပါအဝင် တောင်ထွတ်များပင်လျှင် မျက်တောင်တစ်ခတ်အတွင်း မြေပြင်နှင့်တစ်ပြေးတည်း ဖြစ်သွားခဲ့၏။
မြေပြင်ကို ရိုက်ခတ်သွားသဖြင့် အက်ကွဲကြောင်းများ ပေါ်လာကာ ကီလိုမီတာ ထောင်ပေါင်းများစွာအထိ ရှည်လျားသွားခဲ့သည်။
ဒုန်း... ဒုန်း... ဒုန်း
နောက်တစ်စက္ကန့်တွင် ဤအဆင့် ၄ မိစ္ဆာကျင့်ကြံသူများ၏ ဝိညာဉ်များသည် ချက်ချင်း ပြိုကွဲပျက်စီးသွားခဲ့သည်။ တစ်ဦးစီတိုင်းမှာ မြေပြင်ပေါ်သို့ ပုံလဲကျကာ သေဆုံးသွားကြ၏။
မျက်လုံးများ ပြူးကျယ်နေပြီး ငြိမ်းချမ်းစွာ မသေဆုံးနိုင်ခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့ အသက်သာဆုံး အနားယူနေချိန်၌ ဤသို့ ချုံခိုတိုက်ခိုက်ခံရလိမ့်မည်ဟု ဘယ်သောအခါကမျှ မမျှော်လင့်ထားခဲ့သောကြောင့် ဖြစ်သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် မည်သည့်ခုခံနိုင်စွမ်းမျှမရှိဘဲ သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်သည်။
"သခင်က အခုနောက်ပိုင်း ပိုပိုပြီး ကြမ်းလာပြီပဲ။"
"ယွမ်ယင်းကျင့်ကြံသူ လေးယောက်တောင် မျက်တောင်တစ်ခတ်အတွင်းမှာ အသတ်ခံလိုက်ရတယ်။"
"သူတို့ ထွက်ပြေးဖို့တောင် မလွတ်လိုက်ဘူး။ တကယ်ကို အံ့သြစရာကြီး။"
အသွင်သောင်းပြောင်း ဆေးမီးဖိုမှာ ဤမြင်ကွင်းကြောင့် လုံးလုံးလျားလျား ဆွံ့အသွားခဲ့၏။
ဤကဲ့သို့သော မြင်ကွင်းများကို အကြိမ်များစွာ မြင်တွေ့ခဲ့ရဖူးသော်ငြားလည်း အမြဲတမ်း ယုံကြည်နိုင်စရာမရှိလောက်အောင် တုန်လှုပ်စရာကောင်းနေဆဲဖြစ်သည်။
ယခုအခါ ၎င်း၏သခင်သည် ယွမ်ယင်းများကို သတ်ဖြတ်နေသည်မှာ ကြက်ကလေး၊ ငှက်ကလေးများကို သတ်နေသကဲ့သို့ပင် ဖြစ်သည်။
"ဟီးဟီး... သာမန် ယွမ်ယင်းတွေလောက်ကတော့ ဘာမှမဟုတ်ပါဘူးကွာ။"
"သခင့်ရဲ့ ကျင့်ကြံမှုက အခုလောလောဆယ် နည်းနည်းအားနည်းနေသေးလို့ ငါ့စွမ်းအားရဲ့ အစိတ်အပိုင်း သေးသေးလေးလောက်ကိုပဲ ထုတ်သုံးနိုင်သေးတာ။"
"အကယ်၍ ကျင့်ကြံမှုသာ ဆက်ပြီးမြင့်တက်လာမယ်ဆိုရင် တစ်ချက်တည်းနဲ့ တိုက်ကြီးတစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်လို့ရတယ်။"
မိစ္ဆာတုန်ခါမှုခေါင်းလောင်းက မောက်မာစွာဖြင့် ပြောလိုက်၏။
၎င်း၏ အချိန်ကာလများအတွင်း ၎င်းမြင်တွေ့ခဲ့ရသည်များမှာ အလွန်အမင်း များပြားလှပေသည်။
ရှေးခေတ်ကာလကသာဆိုလျှင် သာမန် ယွမ်ယင်းကျင့်ကြံသူများကို ၎င်းက အဖက်လုပ်၍ပင် ကြည့်မည်မဟုတ်ချေ။
သို့သော် ဟင်းလင်းပြင်ကမ္ဘာမှာ အချိန်ကြာမြင့်စွာ အားနည်းလာခဲ့ပြီဖြစ်ရာ ယွမ်ယင်းဆိုသည်မှာ ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်နေပြီဖြစ်သည်။
ထို့ကြောင့် အသွင်သောင်းပြောင်း ဆေးမီးဖို ဤမျှလောက် ဗဟုသုတနည်းပါးနေခြင်းကို ၎င်းအပြစ်မတင်တော့ချေ။
"ကြွားနေလိုက်၊ မင်းကတော့ အမြဲတမ်း ကြွားနေတာပဲ။"
"တစ်ချက်တည်းနဲ့ တိုက်ကြီးတစ်ခုလုံးကို ဖျက်ဆီးမယ်လို့တောင် ပြောသေးတယ်။ ဟင်းလင်းပြင်ကမ္ဘာကြီး တစ်ခုလုံးကို တစ်ချက်တည်းနဲ့ ဖျက်ဆီးမယ်လို့သာ ပြောလိုက်ပါတော့လား။"
အသွင်သောင်းပြောင်း ဆေးမီးဖိုက အထင်သေးစွာဖြင့် ပြန်ပြောလိုက်၏။
ဝါကြွားသည့်နေရာတွင် မည်သည့်မှော်ရတနာက အသွင်သောင်းပြောင်း ဆေးမီးဖိုနှင့် ယှဉ်နိုင်မည်နည်း။
ဘာ။
ဤသည်ကို ကြားလိုက်ရသောအခါ မိစ္ဆာတုန်ခါမှု ခေါင်းလောင်းမှာ အသွင်သောင်းပြောင်း ဆေးမီးဖိုကို ထိုးကြိတ်ချင်စိတ်များ ပေါက်သွားခဲ့၏။
အမှန်တကယ်ပင် ဤကောင်၏ ပါးစပ်မှာ အလွန်အမင်း ဆွပေးလွန်းလှသည်။
အကယ်၍ သခင်သာ ဤကောင်လေးကို ကာကွယ်မပေးထားပါက သူ့ကို စီနီယာတစ်ယောက်၏ အစွမ်းကို သေချာပေါက် မြည်းစမ်းခိုင်းမည် ဖြစ်သည်။
ဝုန်း~~
ဤအခိုက်အတန့်၌ ကျန်းဖန်၏ အသိစိတ်ပင်လယ်နက်ရှိုင်းရာသို့ သတင်းအချက်အလက်တစ်ခု ဝင်ရောက်လာကြောင်း သူ အာရုံခံမိလိုက်၏။
"သင်သည် ယွမ်ယင်းမိစ္ဆာအချို့၏ ချုံခိုတိုက်ခိုက်မှုနှင့် ကြုံတွေ့ရပြီးနောက် ပြင်းထန်သောတိုက်ပွဲနှင့် သတ်ဖြတ်မှုများအပြီးတွင် သူတို့ကို နောက်ဆုံး၌ သတ်ဖြတ်နိုင်ခဲ့ကာ ယွမ်ယင်း လူသားဘေးဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါသည်။ သင်သည် အဆင့်(၅) အခွင့်အရေးတစ်ခုနှင့် ကံကောင်းခြင်းအမှတ် ခုနစ်သိန်းကို ရရှိခဲ့ပါသည်။"
ဤသတင်းအချက်အလက်ကို အာရုံခံမိလိုက်ချိန်တွင် သူ အံ့အားသင့်သွားခဲ့၏။
ကံကောင်းခြင်းအမှတ် ခုနစ်သိန်းအထိ ရရှိလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ချေ။ ၎င်းမှာ ဧရာမ ကံကြမ္မာကြီးတစ်ခုဖြစ်သော်လည်း ယွမ်ယင်း လူသားဘေးဒုက္ခ၏ ကြောက်မက်ဖွယ်ကောင်းမှုကိုလည်း သက်သေပြနေပေသည်။
အကယ်၍ သူသာ ယွမ်ယင်းဖွဲ့စည်းနေစဉ်အတွင်း ဤယွမ်ယင်းကျင့်ကြံသူများနှင့် ကြုံတွေ့ခဲ့ရပါက သူ အသက်ရှင်နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ဤအဆင့် ၄ မိစ္ဆာကျင့်ကြံသူများကို ကြိုတင်သတ်ဖြတ်လိုက်ခြင်းက သေချေရှင်ချေ အကျပ်အတည်းတစ်ခုကို ကျော်လွှားလိုက်ခြင်းအဖြစ် သတ်မှတ်နိုင်ပေသည်။
ထို့ကြောင့် ဤမျှများပြားသော ကံကောင်းခြင်းအမှတ်များကို ရရှိလိုက်ခြင်းမှာ နားလည်ရခက်သောအရာတော့ မဟုတ်ပေ။
သေချာသည်မှာ ပို၍အရေးကြီးသည်က သူသည် ယွမ်ယင်း လူသားဘေးဒုက္ခကို ရှင်းလင်းဖယ်ရှားပစ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
……….