အခန်း ၆၆၉
Vol. 48 Ch. 669
အခန်း ၆၆၉ - မူလမှော်စွမ်းအား၊ ယွမ်ယင်းဖွဲ့စည်းခြင်း ကောင်းကင်ဖြစ်စဉ် (၂)
သို့သော်မှော်စွမ်းအားကို ထိန်းချုပ်ရန် ကြိုးပမ်းခြင်းမှာ လွယ်ကူသော ကိစ္စရပ် မဟုတ်ပေ။
သာမန် ရွှေအမြုတေ ကျင့်ကြံသူ တစ်ဦးအတွက်မူ မှော်စွမ်းအားကို ထိန်းချုပ်ခြင်းသည် အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးက ကီလိုဂရမ်ဆယ်နှင့်ချီ၍ လေးလံသော ဓားတစ်လက်ကို ကိုင်စွဲထားရသကဲ့သို့ပင်။ အလွန်အမင်း ပင်ပန်းလှပြီး ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုကို ထမ်းပိုးထားရသကဲ့သို့ ရှိနေ၏။
အကယ်၍မှော်စွမ်းအားကို မထိန်းချုပ်နိုင်ပါက အသစ်ထွက်ပေါ်လာသော မှော်စွမ်းအားများသည် နေရာအနှံ့၌ ရမ်းကားသောင်းကျန်းပေလိမ့်မည်။
၎င်းကဒန်တျန်၊ ချီပင်လယ်နှင့် ခန္ဓာကိုယ်အတွင်းရှိ သွေးကြောလမ်းကြောင်းများကိုပါ အဆက်မပြတ် ပျက်စီးသွားစေတတ်၏။
ထို့ကြောင့်ပင် ရွှေအမြုတေ ကျင့်ကြံသူများသည် ယွမ်ယင်းကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ရန် အတွက် ဝိညာဉ်အာရုံ အဟန့်အတားကို ကျော်ဖြတ်ရန်လိုအပ်ခြင်း ဖြစ်သည်။
ယွမ်ယင်းအဆင့် ဝိညာဉ်အာရုံကို ပိုင်နိုင်စွာထိန်းချုပ်နိုင်မှသာ ယွမ်ယင်းအဆင့် မှော်စွမ်းအားကို ထိန်းချုပ်နိုင်မည် ဖြစ်၏။
သေချာသည်မှာ သာမန် ရွှေအမြုတေကျင့်ကြံသူများအဖို့ ယွမ်ယင်းအဆင့် ဝိညာဉ်အာရုံကို ပိုင်ဆိုင်ရန်ခက်ခဲလှသဖြင့် ပြင်ပအကူအညီများ လိုအပ်လာရခြင်း ဖြစ်သည်။
ဥပမာအားဖြင့် ယွမ်ယင်းဆေးပင် ဖြစ်သည်။
ဤဆေးကို သောက်သုံးလိုက်သည်နှင့် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားမှ အညစ်အကြေးများကို သန့်စင်ပေးရုံသာမကဘဲ ရွှေအမြုတေ ကျင့်ကြံသူများ၏ ဝိညာဉ်အာရုံကိုပါ တဟုန်ထိုး မြင့်တက်သွားစေကာ ယွမ်ယင်း အစောပိုင်းအဆင့်နှင့် ညီမျှသော အခြေအနေသို့ပင် ရောက်ရှိသွားစေသည်။
ထို့ကြောင့် ဤသို့မြင့်တက်လာသော ဝိညာဉ်အာရုံဖြင့် အသစ်ထွက်ပေါ်လာသော မှော်စွမ်းအားကို အလွယ်တကူ ထိန်းချုပ်နိုင်မည် ဖြစ်၏။ ဤသည်က ယွမ်ယင်းဖွဲ့စည်းခြင်း၏ အောင်မြင်မှုနှုန်းကို မြင့်တက်စေပေသည်။
ထို့ကြောင့်ပင် ရွှေအမြုတေ ကျင့်ကြံသူများသည် ယွမ်ယင်းဆေးကို အလွန်အမင်း လိုချင်တက်မက်ကြခြင်း ဖြစ်သည်။
ဤကဲ့သို့သောဆေးမျိုးမှာ ရွှေအမြုတေ ကျင့်ကြံသူများ အတွက် အလွန်အရေးပါလှ၏။ ယွမ်ယင်းဆေးမရှိပါက ယွမ်ယင်းဖွဲ့စည်းခြင်း အောင်မြင်ရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ချေ။
အတင်းအကျပ် ကြိုးပမ်းပါကလည်း သေဆုံးခြင်းနှင့် ကျင့်ကြံခြင်းလမ်းစဉ် နိဂုံးချုပ်ခြင်းဆီသို့သာ ဦးတည်သွားပေလိမ့်မည်။
ယွမ်ယင်းဆေးကို အသုံးပြုရန် မလိုသော ထူးချွန်သည့် ပါရမီရှင်များမှာမူ ချွင်းချက်မရှိဘဲ ရွှေအမြုတေ အဆင့်မျှဖြင့် ယွမ်ယင်းအဆင့် ဝိညာဉ်အာရုံကို ပိုင်နိုင်စွာ ထိန်းချုပ်နိုင်ခဲ့ကြသူများ ဖြစ်သည်။ သို့သော် ဤသို့စွမ်းဆောင်နိုင်သည့် ရွှေအမြုတေ ကျင့်ကြံသူများမှာ အလွန်အမင်း ရှားပါးလှပေသည်။
သို့ရာတွင် ကျန်းဖန်မှာမူ အတိအကျပင် ထိုကဲ့သို့သော ထူးချွန်သည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။
သူသည် ယွမ်ယင်းအဆင့် ဝိညာဉ်အာရုံကို သာမက ဟွာရှန်အဆင့် ဝိညာဉ်အာရုံကိုပါ ပိုင်နိုင်စွာ ထိန်းချုပ်ထားပြီး ဖြစ်၏။ ထို့ကြောင့် သူသည် အသစ် ပြောင်းလဲသွားသော မူလမှော်စွမ်းအားကို အလွယ်တကူ ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။
သူ့အတွက်မူ မူလမှော်စွမ်းအားကို ထိန်းချုပ်ခြင်းက အသက်ရှူရသကဲ့သို့ပင် ရိုးရှင်းလှပေသည်။
လူကြီးတစ်ယောက်က တူကို အလွယ်တကူ အသုံးပြုနေသကဲ့သို့ပင် ဖြစ်၏။
"ဒါက ငါ့အတွက်တော့ ဘာမှမဟုတ်ပါဘူး။"
"ဝိညာဉ်အာရုံ အဟန့်အတားဆိုတာ တစ်ချက်တည်းနဲ့ ကျော်ဖြတ်လို့ရတဲ့အရာပဲ။"
ကျန်းဖန် အနည်းငယ် ပြုံးလိုက်၏။
အကယ်၍ သာမန် ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးသာဆိုပါက မှော်စွမ်းအားကို ပြောင်းလဲရန် သို့မဟုတ် ထိန်းချုပ်ရန် အတွက် အနည်းဆုံးလဝက်ခန့် အချိန်ယူရပေလိမ့်မည်။
သို့သော် သူ့အတွက်မူ မျက်တောင်တစ်ခတ်အတွင်း ပြီးမြောက်သွားခဲ့ပြီး အချိန်အပိုဖြုန်းတီးရန် မလိုအပ်ခဲ့ချေ။
ဝုန်း~~~
မျက်တောင်တစ်ခတ် အတွင်းမှာပင် မူလမှော်စွမ်းအား အမျှင်တန်းများသည် ဒန်တျန်နှင့်ချီပင်လယ်နက်ရှိုင်းရာမှ ထွက်ပေါ်လာခဲ့၏။ မူလဝိညာဉ်စွမ်းအားများမှာ မူလမှော်စွမ်းအား အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားရန် အချိန်အများကြီး မကြာခဲ့ချေ။
ကျန်းဖန်၏ ထိန်းချုပ်မှုအောက်တွင် ဤမူလမှော်စွမ်းအားများ အားလုံးသည် မူလရွှေအမြုတေ၏ နက်ရှိုင်းသောနေရာသို့ စီးဝင်သွားခဲ့ကြ၏။
ဤအခိုက်အတန့်တွင် မူလရွှေအမြုတေ၏ နက်ရှိုင်းရာ၌ ကလေးငယ်တစ်ဦး၏ ပုံရိပ်ယောင် ပေါ်ထွက်လာခဲ့သည်။
သံသယဖြစ်ဖွယ် မရှိအောင်ပင် ဤသည်မှာ ယွမ်ယင်းမျိုးစေ့ပင် ဖြစ်သည်။
နောက်ထပ် သူ လုပ်ဆောင်ရန် လိုအပ်သည်မှာ အမှန်တကယ်တော့ ရိုးရှင်းလှပေသည်။ ၎င်းမှာ စိတ်ဝိညာဉ်ကို မွေးမြူခြင်း၊ စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်ခြင်းနှင့် ယွမ်ယင်းကို ပုံဖော်ခြင်းပင် ဖြစ်၏။ မူလ ရွှေအမြုတေ အတွင်းရှိ ယွမ်ယင်းသည် သန်မာထွားကျိုင်းလာပြီး အမြုတေကို ဖောက်ထွက်လာနိုင်သရွေ့ ယွမ်ယင်းဖွဲ့စည်းခြင်း အောင်မြင်သည်ဟု သတ်မှတ်နိုင်ပေသည်။
သို့သော် ၎င်းအတွက် ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ချီ အမြောက်အမြား၏ အကူအညီလည်း လိုအပ်ပေသည်။ ထို့ကြောင့်အဆင့် ၄ ဝိညာဉ်ကြောတစ်ခုသည် ရွှေအမြုတေ ကျင့်ကြံသူများ အတွက် အလွန်အမင်း အရေးပါလှခြင်း ဖြစ်၏။
ပြည့်စုံသော ဝိညာဉ်ချီ၏ အကူအညီမပါပါက စိတ်ဝိညာဉ် ပြုစုပျိုးထောင်သည့် အဆင့်မှာ ရပ်တန့်သွားပေလိမ့်မည်။ ၎င်းကစိတ်ဝိညာဉ်အား အာဟာရချို့တဲ့စေပြီး အချိန်မတိုင်မီ ပျက်စီးသွားခြင်းကိုပင် ဖြစ်ပေါ်စေနိုင်၏။
ယွမ်ယင်းဖွဲ့စည်းခြင်း၏ ခြေလှမ်းတိုင်းသည် အလွန်အရေးကြီးပြီး အမှားအယွင်း လုံးဝအဖြစ်ခံ၍ မရချေ။
အကယ်၍ ဤမျှလောက် မခက်ခဲပါက ယွမ်ယင်းကျင့်ကြံသူ အရေအတွက်မှာ ဤမျှလောက် ရှားပါးနေမည် မဟုတ်ပေ။
သို့သော် ဤအခိုက်အတန့်တွင် ကျန်းဖန်သည် ဤကိစ္စများကို စဉ်းစားရန် အချိန်မရှိချေ။
သူသည် ယွမ်ယင်းဖွဲ့စည်းခြင်း လုပ်ငန်းစဉ် အတွင်းသို့ လုံးလုံးလျားလျား နစ်မြုပ်နေခဲ့ပြီ ဖြစ်သည်။
ဤအချိန်တွင် သူသည် ရောနှောစွမ်းအင် အင်းကျမ်းကို လည်ပတ်လျက် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ချီများကို ရူးသွပ်စွာစုပ်ယူနေ၏။
ကောင်းကင်ထင်းရူး တောင်တန်းတစ်ခုလုံး၏ ဝိညာဉ်ကြောများ တုန်ခါသွားခဲ့သည်။
သူ၏ဟွာရှန်အဆင့် ဝိညာဉ်အာရုံကြောင့် မိုင်တစ်သောင်း အတွင်းရှိ ဝိညာဉ်ချီများပင်လျှင် ဆွဲငင်ခြင်းကို ခံလိုက်ရ၏။ ကောင်းကင်ယံ၌ မိုင်ထောင်ပေါင်းများစွာ ကျယ်ပြန့်သော ဝိညာဉ်ချီတိမ်တိုက်ကြီး တစ်ခု ချက်ချင်း ဖြစ်ပေါ်လာခဲ့သည်။
အရောင်ငါးသွယ် တောက်ပသော နေမင်းတစ်စင်းသည် ကောင်းကင်ထင်းရူး တောင်တန်း၏ အထက်၌ဝဲပျံနေ၏။
တစ်ချိန်တည်းမှာပင် မိုင်ထောင်ချီရှည်လျားသော မြွေပျံတစ်ကောင်သည် ရောင်စုံတိမ်တိုက်များကြား၌ ကူးခတ်နေပြီး ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်လျက် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားဆန်သည့် စွမ်းအားများကို ထုတ်လွှတ်နေရာ ရှေးဟောင်းနတ်ဘုရား သားရဲတစ်ကောင် ဆင်းသက်လာသကဲ့သို့ပင် ရှိနေတော့သည်။
ထို့အပြင် ထိုက်ယင်ကျောက်စိမ်းယုန် တစ်ကောင်သည်လည်း လပြည့်ဝန်းထက်၌ရပ်နေပြီး မှေးမှိန်သော ငွေရောင်နတ်ဘုရား အလင်းတန်းများကို ထုတ်လွှတ်နေ၏။ မရေမတွက်နိုင်သော နတ်ဘုရားမိုးကြိုးများနှင့်အတူ ခွေနွား တစ်ကောင်လည်းပါဝင်နေပြီး အဆုံးအစမရှိသော မိုးကြိုးပင်လယ်ကြီး တစ်ခုကို ဖန်တီးထားပေသည်။
ခွန်းဖုန် တစ်ကောင်ပင်လျှင် လေဟာနယ်အတွင်း ပျံသန်းနေပြီး ၎င်းရွေ့လျားသွားချိန်၌ လေဟာနယ်ကို လိမ်တွန့်သွားစေကာ တွင်းနက်များကို ဖြစ်ပေါ်စေခဲ့၏။
မျိုးစုံသောကောင်းကင် ဖြစ်စဉ်များ ပေါက်ကွဲထွက်ပေါ်လာခြင်းမှာ လုံးဝကို အံ့အားသင့်စရာ ကောင်းလှပေသည်။
…
အဝေးတစ်နေရာတွင်မူ။
တာအိုလက်တွဲဖော်နှစ်ဦးဖြစ်သော စုဝေဝေ၊ လုယိုယိုတို့နှင့်အတူ သွေးဓားတာအိုမိတ်ဆွေနှင့် အခြားရွှေအမြုတေ ကျင့်ကြံသူများ ဤနေရာသို့ ရောက်ရှိလာကြ၏။ သူတို့သည်လည်း ယခုအကြိမ် ကျန်းဖန်၏ ယွမ်ယင်းဖွဲ့စည်းခြင်းကို စောင့်ကြည့်နေကြခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့အတွက် ရွှေအမြုတေ ကျင့်ကြံသူတစ်ဦး ယွမ်ယင်းဖွဲ့စည်းသည့် လုပ်ငန်းစဉ်ကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုခွင့်ရခြင်းမှာ အလွန်အမင်း အကျိုးရှိလှပေသည်။
၎င်းက ဉာဏ်အလင်းပွင့်ခြင်းဆီသို့ပင် ဦးတည်သွားစေနိုင်၏။
ထို့ကြောင့်သူတို့သည် သားရဲတစ်သောင်း လျှို့ဝှက်နယ်မြေမှ သဘာဝကျကျပင် ထွက်ခွာလာခဲ့ကြပြီး ကျန်းဖန်၏ ယွမ်ယင်းဖွဲ့စည်းခြင်းကို စောင့်ကြည့်ရန် ကောင်းကင်ထင်းရူး တောင်တန်းသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။
"ဒီကောင်ကတော့ တကယ့်လူထူးလူဆန်းပဲဟ။"
"ယွမ်ယင်းဖွဲ့စည်းတဲ့ ကောင်းကင်ဖြစ်စဉ်က မိုင်တစ်သောင်းကျော်အထိတောင် လွှမ်းခြုံနေတာ၊ ဒါက လူသားတစ်ယောက် ဟုတ်ကဲ့ရဲ့လား။"
ဤအခိုက်အတန့်တွင် မိုးတိမ်နတ်သမီး ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ သူမလုံးလုံးလျားလျား ထိတ်လန့်အံ့အားသင့်သွားခဲ့၏။
ပုံမှန်အားဖြင့် ကျင့်ကြံသူများ ယွမ်ယင်းဖွဲ့စည်းသည့်အခါ အများဆုံး ကီလိုမီတာ ဆယ်ဂဏန်းခန့်သာ ကျယ်ပြန့်သော ကောင်းကင်ဖြစ်စဉ်ကို ဖြစ်ပေါ်စေတတ်သည်။ ပါရမီရှင်အချို့ဆိုလျှင် ကီလိုမီတာရာဂဏန်းအထိ လွှမ်းခြုံနိုင်စွမ်း ရှိကောင်းရှိပေလိမ့်မည်။
ရှေးခေတ်ကာလမှ ထူးခြားပြောင်မြောက်သော ပါရမီရှင်တစ်ဦးဆိုပါက ကီလိုမီတာ ထောင်ဂဏန်းအထိ ရောက်ရှိနိုင်၏။
သို့သော်ယခုအခါ ဝိညာဉ်ချီရှားပါးလှသော ဤခေတ်ကာလတွင် ယွမ်ယင်းဖွဲ့စည်းခြင်း ကောင်းကင်ဖြစ်စဉ် မိုင်တစ်သောင်းကျော်အထိ လွှမ်းခြုံနိုင်သော မိစ္ဆာကောင်တစ်ကောင် ထွက်ပေါ်လာခြင်းမှာ သူမ၏ စိတ်ကူးစိတ်သန်းများထက် လုံးဝ ကျော်လွန်နေပေသည်။
ဤကလေးအပေါ်သူမ၏ အကဲဖြတ်မှုကို အဆင့်များစွာ ထပ်မံမြှင့်တင်ရန် လိုအပ်ကြောင်း သူမ ခံစားလိုက်ရ၏။ ရိုးရိုးသားသားပြောရလျှင် ရှေးခေတ်ကာလမှ ကျင့်ကြံသူများပင်လျှင် ဤသူနှင့်ယှဉ်နိုင်မည် မဟုတ်ချေ။
"ဆရာ... ယောကျ်ားက ယွမ်ယင်းဖွဲ့စည်းတာကို အောင်မြင်နိုင်ပါ့မလားဟင်။"
လုယိုယိုက စိုးရိမ်တကြီးဖြင့် မေးလိုက်၏။
လက်ရှိယွမ်ယင်းဖွဲ့စည်းခြင်း ကောင်းကင်ဖြစ်စဉ်မှာ အံ့အားသင့်စရာ ကောင်းလှသော်လည်း သူမယောကျ်ား ယွမ်ယင်းဖွဲ့စည်းခြင်း ကျရှုံးသွားမည်ကို သူမ စိုးရိမ်နေမိဆဲပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ မအောင်မြင်သေးမီ အချိန်အထိ အရာအားလုံးက မသေချာသေးရာ မည်သို့သော မမျှော်လင့်ထားသည့် အတားအဆီးများ ပေါ်ပေါက်လာမည်ကို မည်သူသိနိုင်မည်နည်း။
"စိတ်မပူပါနဲ့အေ၊ ဒီကလေးသာ ယွမ်ယင်းဖွဲ့စည်းတာ မအောင်မြင်ရင် ဘယ်သူက အောင်မြင်နိုင်တော့မှာလဲ။"
မိုးတိမ်နတ်သမီးက စိတ်မရှည်သလိုဖြင့် ပြန်ပြောလိုက်၏။
"ဒါပေမယ့် အခုပြဿနာက ယွမ်ယင်းဖွဲ့စည်းတာ မဟုတ်ဘူး၊ ယွမ်ယင်း လူသားဘေးဒုက္ခပဲ။ သူက ပိုပြီးထူးခြားလေလေ၊ ဖွဲ့စည်းနေစဉ်အတွင်း ကြုံတွေ့ရမယ့်ဘေးဒုက္ခက ပိုပြီး ကြောက်စရာကောင်းလေလေပဲ။"
"အထူးသဖြင့် အခုလို မိုင်တစ်သောင်းကျော် လွှမ်းခြုံနေတဲ့ ကောင်းကင်ဖြစ်စဉ်ကြီးကြောင့် အနီးအနားက အင်အားစုအများအပြားရဲ့ အာရုံစိုက်မှုကို သေချာပေါက်ဆွဲဆောင်လိမ့်မယ်။ အကယ်၍ ယွမ်ယင်း ဒါမှမဟုတ် ဟွာရှန်ကျင့်ကြံသူတွေကိုပါ ဆွဲဆောင်မိသွားရင်တော့ ဒုက္ခပဲ။"
သူမသည် ကျန်းဖန်ယွမ်ယင်းဖွဲ့စည်းခြင်း ကျရှုံးမည်ကို စိုးရိမ်နေခြင်း မဟုတ်ဘဲ ဤကဲ့သို့သော ကောင်းကင်ဖြစ်စဉ်ကြောင့် ဂြိုဟ်သားမျိုးနွယ်စု ကျင့်ကြံသူများကို ဆွဲဆောင်မိသွားမည်ကို ပို၍စိုးရိမ်နေခြင်း ဖြစ်သည်။ ဤသည်မှာ ယွမ်ယင်းလူသားဘေးဒုက္ခပင် ဖြစ်၏။
အကယ်၍ ဤကလေးသည် ဟွာရှန်အဆင့် ဂိုဏ်းတစ်ခုမှသာဆိုပါက ဂိုဏ်း၏အကာအကွယ်ဖြင့်ဆိုလျှင် သာမန် ယွမ်ယင်းလူသားဘေးဒုက္ခမှာ ကြီးမားသော ပြဿနာတစ်ခု မဟုတ်ပေ။
ပြဿနာမှာ ဤကလေးသည် လွတ်လပ်သော ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပြီး ဂိုဏ်းတစ်ခု တည်ထောင်ခဲ့လျှင်ပင် အစွမ်းထက်ဆုံးသူမှာ သူကိုယ်တိုင်သာ ဖြစ်နေခြင်းပင်။ ဆိုလိုသည်မှာ ဂိုဏ်းအနေဖြင့်သူ့ကို ကြီးကြီးမားမား အကူအညီပေးနိုင်ခြင်း သို့မဟုတ် အကာအကွယ်ပေးနိုင်ခြင်း မရှိချေ။
တိုင်းတစ်ပါး မျိုးနွယ်စု ကျင့်ကြံသူများ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ကြီးမားသော ဘေးဒုက္ခကြီးတစ်ခုကို သေချာပေါက် သယ်ဆောင်လာနိုင်ပေသည်။
"ယွမ်ယင်း လူသားဘေးဒုက္ခ ဟုတ်လား။"
"ဆရာ... ဒါဆို ငါတို့ ဘာလုပ်ကြမလဲ။"
လုယိုယို သူမ၏လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။
သူမကိုယ်တိုင်လည်း ဤပြဿနာကိုသတိပြုမိသော်လည်း ဘာမှမတတ်နိုင်ကြောင်း သိရှိထားသည်။
မည်သို့ပင်ဆိုစေကာမူ အကယ်၍ တိုင်းတစ်ပါးမျိုးနွယ်စုမှ ယွမ်ယင်း သို့မဟုတ် ဟွာရှန်ကျင့်ကြံသူများ အမှန်တကယ် ရောက်လာခဲ့မည်ဆိုပါက သူမ၌ မည်သည့်နည်းလမ်းမျှ ရှိမနေသောကြောင့်တည်း။
"ဘာလုပ်ရမလဲဟုတ်လား။ ဘာမှလုပ်လို့မရဘူး၊ ကံတရားအတိုင်းပဲ သွားရတော့မှာပေါ့။"
"ဒီကလေးရဲ့ ယွမ်ယင်းဖွဲ့စည်းခြင်း ကောင်းကင်ဖြစ်စဉ်က ဒီလောက်အထိ အံ့အားသင့်စရာကောင်းပြီး လုံးဝ ဖုံးကွယ်လို့မရနိုင်အောင် ဖြစ်လိမ့်မယ်လို့ ငါလည်း မမျှော်လင့်ထားခဲ့ဘူးလေ။"
"အရမ်းအစွမ်းထက်တဲ့ ရန်သူတွေကို ဆွဲဆောင်မမိဖို့ပဲ မျှော်လင့်ရတော့မှာပဲ။"
မိုးတိမ်နတ်သမီးလည်း ဘာမှမတတ်နိုင်သလို ခံစားလိုက်ရ၏။ ဤသည်မှာ သူမ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေသော အရာပင် ဖြစ်သည်။ ဤကလေးတွင် တောက်ပသော ကံကြမ္မာ အမှန်တကယ်ရှိပြီး ယွမ်ယင်းလူသား ဘေးဒုက္ခကို ဖြေရှင်းနိုင်ပါစေရန်သာ မျှော်လင့်ရတော့ပေသည်။
......
မျက်တောင်တစ်ခတ် အတွင်းမှာပင် နောက်ထပ်တစ်လ ကုန်လွန်သွားခဲ့၏။
ကောင်းကင်ထင်းရူး တောင်တန်းကို လွှမ်းခြုံထားသော ယွမ်ယင်းဖွဲ့စည်းခြင်း ကောင်းကင်ဖြစ်စဉ်မှာ ပို၍ပို၍ အံ့အားသင့်စရာ ကောင်းလာခဲ့သည်။
အဆုံးအစမရှိသော ဝိညာဉ်ချီများသည် ရေလွှမ်းမိုးမှုတစ်ခုအလား ကောင်းကင်ထင်းရူး တောင်တန်း၏ ဗဟိုချက်ဆီသို့ စုစည်းလာကြ၏။
ဤဧရိယာအတွင်းရှိ ဝိညာဉ်ချီများကို နတ်ဘုရားဆန်သော ပစ္စည်းတစ်ခုခုက လုံးဝ ဝါးမျိုနေသကဲ့သို့ပင်။
သို့သော် ဤကာလအတွင်း ကောင်းကင်ထင်းရူး တောင်တန်းသည် တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်ပြီး မည်သည့် ပြင်ပကျင့်ကြံသူမျှ ရောက်ရှိလာခြင်း မရှိခဲ့ချေ။
ဤဧရိယာ တစ်ခုလုံးသည် တားမြစ်နယ်မြေတစ်ခု ဖြစ်သွားခဲ့သကဲ့သို့ပင်။ ဤနေရာတွင် ဘာပဲဖြစ်ပျက်နေပါစေ ပြင်ပကမ္ဘာက စိတ်ဝင်စားမှုမရှိပုံ ရပေသည်။
"ထူးဆန်းတယ်၊ တကယ်ကို ထူးဆန်းတာပဲ။"
"ဒီအနီးအနားမှာ အဆင့် ၄ မိစ္ဆာမျိုးနွယ်စုတွေ အများကြီး ရှိနေရမှာ မဟုတ်ဘူးလား။"
"ဒီလောက် ကြောက်စရာကောင်းတဲ့ ယွမ်ယင်းဖွဲ့စည်းခြင်း ကောင်းကင်ဖြစ်စဉ် ဖြစ်နေတာတောင်မှ ဘာမိစ္ဆာကျင့်ကြံသူမှ ဒီကို ရောက်မလာကြပါလား။"
"ယွမ်ယင်း လူသားဘေးဒုက္ခက ဘယ်ရောက်သွားတာလဲ၊ အဲဒါ ဘာဖြစ်သွားတာလဲ။"
မိုးတိမ်နတ်သမီးမှာ နားမလည်နိုင်တော့ဘဲ ဆွံ့အသွားခဲ့၏။
သူမ၏ ခန့်မှန်းချက်အရဆိုလျှင် ဤမျှကြောက်မက်ဖွယ် ကောင်းသော ကောင်းကင်ဖြစ်စဉ်သည် အနီးအနားရှိ မိစ္ဆာများကို သေချာပေါက် ဆွဲဆောင်လိမ့်မည် ဖြစ်သည်။ အဆင့် ၄ မိစ္ဆာကျင့်ကြံသူ အမြောက်အမြားပင် စုစည်းလာနိုင်ပေသည်။ ထိုအချိန်ကျလျှင် ကျန်းဖန်သည် အဆင့် ၄ ကျင့်ကြံသူ အများအပြားနှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။
ပတ်ဝန်းကျင်၌ မည်သည့်လှုပ်ခတ်မှုမျှ မရှိဘဲ အနီးအနားရှိ မိစ္ဆာများအားလုံး ပျက်စီးသွားသကဲ့သို့ ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။ ၎င်းမှာ တကယ့်ကို စိတ်ရှုပ်ထွေးစရာပင်။
ဖြစ်ပျက်နေသည်များကို သူမ အတိအကျ နားမလည်နိုင်တော့ချေ။ အလွန်အမင်း ထူးဆန်းလွန်းလှ၏။ ဘာတွေများ ဖြစ်သွားခဲ့သနည်း။
………..