အခန်း ၁၁၇၇
Vol. 99 Ch. 1177
အခန်း ၁၁၇၇ -
ဖြေရှင်းချက်တောင်းခြင်း ... ။
ချိုင်းပိုင်တုံသည် အမည်ခံ အင်မော်တယ်အဆင့်တွင် ထိပ်တန်းအဆင့် ပါရမီရှင်တစ်ဦးဖြစ်သည်။
သူ၏တိုက်ပွဲဝင်စွမ်းအားသည် အလွန်ကြောက်မက်ဖွယ် ကောင်းသောကြောင့် ကနဦးဗလာနယ်ပယ် အင်မော်တယ်များကိုပင် တုန်လှုပ်စေနိုင်၏။
သူ လှုပ်ရှားမှု ပြုလုပ်ရန် ထရပ်လိုက်သောအခါ အားလုံး၏အကြည့်များ ကျရောက်လာခဲ့သည်။
ယွဲ့ဟောင်ဖန်း၏ နှုတ်ခမ်းများ အနည်းငယ်တွန့်သွားပြီး သက်ပြင်းချလိုက် လေသည်။
“ ငါရိုက်ခံရလိမ့်မယ် ဒါပေမယ့် မင်းတို့ဒုက္ခရောက်လိမ့်မယ်။ ”
သူ့စကားကို ကြားသောအခါ လူအုပ်ကြီးသည် ပြုံးရွှင်ကုန်ကြလေသည်။ ဟွာရှင်းချန်ပင် ရယ်မောလာ၏။
“ ဟားဟားဟား ... ။ ”
ဤလူသည် ပုံမှန်အားဖြင့် အတော်ပင် လိမ္မာပါးနပ်ပြီး ဉာဏ်ရည်ထက်မြက်လေသည်။ သို့သော် ယနေ့တွင် ရယ်စရာကောင်းအောင် နုံအနေချေ၏။
“ ကောင်းပြီ ... ငါမင်းကို ကောင်းကောင်းရိုက်နှက်ပြီး မင်းပြောတဲ့ ဒုက္ခကို စောင့်ကြည့်မယ်။ ”
ချိုင်းပိုင်တုံမှ ရုတ်တရက် တိုက်ခိုက်လိုက်၏။ သူ့ပုံရိပ်သည် လေထု အလယ် ပျောက်ကွယ်သွားပြီး နောက်တခဏ ယွဲ့ဟောင်ဖန်းရှေ့ ပေါ်လာခဲ့သည်။
လေထုအလယ် ဥပဒေစည်းမျဉ်းများ ရစ်သိုင်းနေသော လက်ဖဝါးပုံရိပ်ကြီးထွက်ပေါ် လာကာ ယွဲ့ဟောင်ဖန်းထံ ကျဆင်းသွား၏။
ဤတိုက်ခိုက်မှုမျိုးသည် သာမန် ဗလာနယ်ပယ်အင်မော်တယ် တစ်ပါးကိုပင် ခြိမ်းခြောက်နိုင်ချေသည်။
ချိုင်းပိုင်တုံမှ တစ်ချက်တည်းနှင့် အကြီးအကျယ် ဒဏ်ရာပေးအပ်ရန် ရည်ရွယ် ထားချေပြီ။
“ ငါ မင်းကို ကြောက်တယ်လို့ တကယ်ထင်နေတာလား။ ”
ယွဲ့ဟောင်ဖန်းမှ အော်ငေါက်လိုက်ပြီး လက်သီးတစ်ချက် ပစ်ခတ်လိုက်သည်။ လေထု အလယ် လက်သီးနှင့် လက်ဖဝါး တွေ့ဆုံသွား၏။
“ ဝုန်း ... ။ ”
ရလာဒ်အနေဖြင့် ယွဲ့ဟောင်ဖန်းခမျာ နောက်ပြန်လွင့်သွားပြီး နံရံနှင့်ပြင်းပြင်းထန်ထန် တိုက်မိသွားကာ ခန်းမတစ်ခုလုံး တုန်ခါလျက် စားပွဲပေါ်မှ ပန်းကန်လုံးနှင့် တူများ ပြုတ်ကျကုန်လေသည်။
“ အဟွတ် အဟွတ် ... ဝေ့ါ ... ။ ”
ယွဲ့ဟောင်ဖန်းတစ်ယောက် သွေးအန်လျက်ဖြင့် မျက်နှာဖြူဖျော့သွား၏။ သူသည် အမည်ခံအင်မော်တယ်များထဲတွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက် ဖြစ်သော်မှ ချိုင်းပိုင်တုံကဲ့သို့ ပါရမီရှင်တစ်ယောက်ကို မယှဉ်နိုင်သေးချေ။
“ မင်းရဲ့ အရည်အချင်းလောက်နဲ့ ငါတို့ရှေ့မှာကြွားဝါရဲလား ငါမင်းခြေထောက်ကို ချိုးတဲ့အခါ သတ္တိရှိသေးလားကြည့်မယ်။ ”
ချိုင်းပိုင်တုံမှ မထီမဲ့မြင်အသွင်ဖြင့် လျှောက်လှမ်းလာခဲ့သည်။ ယွဲ့ဟောင်ဖန်းသည် ချက်ချင်းဘေးသို့ တိမ်းရှောင်သွား၏။
သို့သော် မလွတ်မြောက်ချေ။ ချိုင်းပိုင်တုံမှအဝေးကနေပြီး လေထဲကန်ထုတ် ပစ်လိုက်တော့သည်။
“ ဝုန်း ... ။ ”
ယွဲ့ဟောင်ဖန်းတစ်ယောက် ကြမ်းပြင်ပေါ် ပြန်လည်ပြုတ်ကျသွား၏။ အစားအသောက်နှင့် ဝိုင်များ သူ့အပေါ် ဖိတ်စင်လျက် ပေပွသွား တော့သည်။
လူတိုင်းက သနားကြင်နာမှု မပြဘဲ မနေနိုင်ကြချေ။ ဤယွဲ့ဟောင်ဖန်းသည် ထိုသို့ အဘယ့်ကြောင့် ဒုက္ခတောင်းနေသည်ကို နားမလည်နိုင်ဖြစ်လာ၏။
သူငယ်ချင်း၏ ဂျူနီယာတစ်ယောက် အတွက် ဟွာရှင်းချန်ကို ထိုမျှဆန့်ကျင်ခြင်းမှာ ထိုက်တန်သည်လော။
“ ထွက်သွား ... ငါ မင်းရဲ့အကူအညီ မလိုဘူး။ ”
ထိုအချိန်တွင် ဆူညံသံများကြောင့် သတိပြန်ရနေပြီဖြစ်သော ဖန်ဟန်သည် ကြည့် မနေနိုင်တော့ဘဲ အော်ဟစ်လိုက်၏။
တစ်စုံတစ်ယောက်သည် သူ့အတွက် ခွေးတစ်ကောင်ကဲ့သို့ ရိုက်နှက်ခံနေသည့်အပေါ် လျစ်လျူရှုကာ မနေနိုင်ချေ။
“ ပါးစပ်ပိတ်ထား ... ။ ”
“ ဖြောင်း ... ။ ”
တစ်ဖက်တွင် ရွှေရောင်ဝတ်ရုံနှင့် လူသည် ရုန်းကန်နေသောဖန်ဟန်ကြောင့် ဒေါသတကြီး ပါးရိုက်ချလိုက်သည်။
ဖန်ဟန်နှင့် ယွဲ့ဟောင်ဖန်းခမျာ နှစ်ယောက်သားသွေးများဖြင့် ရွဲနစ်သွားချေပြီ။ ထိုစဉ် ချိုင်းပိုင်တုံသည် ယွဲ့ဟောင်ဖန်းရှေ့သို့ ရောက်ရှိသွားကာ၊
“ သူ ထွက်သွားချင်ရင်တောင် ငါ့ခွင့်ပြုချက်လိုတယ်။ ”
-ဟု ဆိုလျက် ခြေထောက်များကို နင်းချိုးရန် ပြင်လိုက်တော့သည်။
လူတိုင်းက မျက်ဝန်းများ မှေးစင်းလျက် ယွဲ့ဟောင်ဖန်းထံမှ နာကျင်စွာအော်ဟစ်သံကို နားစွင့်နေခဲ့၏။ ဤတစ်ကြိမ် ယွဲ့ဟောင်ဖန်း အတွက် ရှောင်တိမ်းရန် နည်းလမ်း မရှိတော့ချေ။
“ ဝုန်း ... ။ ”
သို့သော် ထိုစဉ် တင်းတင်းကျပ်ကျပ် ပိတ်ထားသော ခန်းမတံခါးများသည် ရုတ်ချည်း အပိုင်းပိုင်းကွဲထွက်သွားကာ အပျက်အစီးများမှာ ဓားပါးလေးများအလား လွင့်စင်လာ၏။
“ ဝှစ် ... ။ ”
တစ်ပြိုင်နက်တည်းမှာပင် ရွယ်ဟောင်ဖန်းရှေ့၌ တစ်ခုပေါ်လာပြီး သူ့ကို ကြမ်းပြင်ကနေ ဆွဲထူလိုက်လေသည်။
“ ဘုန်း ... ။ ”
ချိုင်းပိုင်တုံတစ်ယောက် ပစ်မှတ်ကို လွဲချော်လျက် ကြမ်းပြင်ပေါ် ပြင်းစွာ ထိမှန် တုန်ခါသွားလေသည်။
တောက်ပသော အကာအကွယ် အစီရင်ရူရ်များ မျက်နှာပြင်တလျှောက် လှိုင်းထ သွားပြီး သူ့ကန်ချက်စွမ်းအားကို ပျက်ပြယ် သွားစေခဲ့၏။
ရုတ်တရက် ဤအဖြစ်အပျက်သည် ခန်းမထဲရှိ လူတိုင်းကို အံ့အားသင့်သွားစေကာ အသစ်ဝင်ရောက်လာသူထံ မော့ကြည့် လိုက်ကြလေသည်။
ကျောက်စိမ်းရောင်ဝတ်ရုံရှည်နှင့် ခန့်ညားထည်ဝါသော လူငယ်လေးတစ်ယောက် ပေပင်။ ဤသည်မှာ စုရီဖြစ်၏။ ခန်းမအတွင်းမှ လူအများအတွက်မူ ဖိတ်ကြားမထားသော သူစိမ်းတစ်ယောက်ဖြစ်သည်။
“ တာအိုစု၊ မင်းလာမယ်ဆိုတာ ငါသိတယ်။ ”
ယွဲ့ဟောင်ဖန်းမှ ပြုံးရွှင်စွာပြောလာသည်။ သူ့ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး ခန္ဓာကိုယ်ပေါ်၌ အစားအသောက်နှင့် သွေးများ ဖုံးလွှမ်းနေ၏။ ဆိုးရွားသော မြင်ကွင်းပေပင်။
“ မင်း ဘယ်သူလဲ၊ ဘာလို့ ငါတို့ရဲ့ ပွဲတော်အတွင်းကို ကျူးကျော်ဝင်ရောက် လာတာလဲ။ ”
ချိုင်းပိုင်တုံမှ အေးစက်စက်နှင့် မေးမြန်းလိုက်သည်။ သူသည် စုရီနှင့် အနီးဆုံး လူ ဖြစ်၏။ ထို့ကြောင့် ရုတ်တရက် တစ်ဖက်လူ ရောက်ရှိလာခြင်းသည် သူ့ကိုသတိကြီးစွာဖြင့် ခြေနှစ်လှမ်း ပြန်ဆုတ်မိစေသည်။
သို့သော် စုရီသည် အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ယောက်ဖြစ်ကြောင်း သိရှိချိန်၌ ရှက်ရွံ့ပြီး သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်သွားတော့သည်။
လူတိုင်း၏ အကြည့်များသည်လည်း စုရီဆီသို့ရောက်ရှိသွားကာ အံ့သြကုန်ကြသည်။ ဉာဏ်ပညာရှိသူတိုင်း ဤပွဲတော်၏ အံ့မခန်း အတိုင်းအတာကို မြင်နိုင်၏။
သို့သော် ထိုလူငယ်သည် တဆိတ်ရဲတင်းလွန်းချေပြီ။ ယင်းက သာမန်လူ မဟုတ်ကြောင်း ပြသနေ၏။
စုရီမှ ထိုအရာအားလုံးကို လျစ်လျူရှုထားသည်။ သူက ယွဲ့ဟောင်ဖန်း ပခုံးကိုညင်သာစွာပုတ်ပြီး၊
“ မင်း ခဏအနားယူလိုက်။ ”
-ဟု မှာကြားလိုက်၏။
ထို့နောက် သူ့အကြည့်များက ချိုင်းပိုင်တုံကိုဖြတ်ကျော်ပြီး ခန်းမအလယ်တွင် ရပ်နေသော ရွှေရောင်ဝတ်ရုံနှင့် အမျိုးသားထံ စိုက်ကြည့်လိုက်လေသည်။
ဖန်ဟန်သည် ကြက်ကလေး တစ်ကောင် ကဲ့သို့ လည်ပင်းကိုဆုပ်ကိုင်ခံထားရပြီး မျက်နှာ အနှံ့ သွေးများဖုံးလွှမ်းနေကာ လည်ပင်းဘေး၌ သွေးထွက်ဒဏ်ရာတစ်ခု ရှိနေခဲ့သည်။
စုရီအကြည့်ကို သတိထားမိသောအခါ ဖန်ဟန်သည် ရှက်ရွံ့မှုများ ပြည့်နှက်နေဟန်ဖြင့် ခေါင်းငုံ့သွားလေသည်။
ထိုအချိန်တွင် ချိုင်းပိုင်တုံသည် မျက်နှာမည်းမှောင်သွား၏။ လျစ်လျူရှုခံရခြင်း အတွက် သူ့ဂုဏ်သိက္ခာကို စိန်ခေါ်ခြင်းပေပင်။
“ ငါ မင်းကို မေးခွန်းတစ်ခုမေးမယ်။ ”
“ ဝှစ် ... ။ ”
“ ဝုန်း ... ။ ”
သို့သော် စုရီက မော့ပင်မကြည့်ဘဲ လက်ဖဝါးဖြင့် ရုတ်တရက် ဖိချလိုက်လေသည်။ ချိုင်းပိုင်တုံတစ်ယောက် ဝုန်းခနဲ ကြမ်းပြင်ပေါ် ဒူးထောက်ကျသွား၏။
“ အား ... ။ ”
ချိုင်းပိုင်တုံ၏ နာကျင်စွာ အော်ဟစ်ညည်းညူသံကြီး ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ် တဆတ်ဆတ်တုန်နေခဲ့၏။
ဤလက်ဖဝါးသည် ကောင်းကင်ကနေ ဆင်းသက်လာသော နတ်ဘုရားတောင်တစ်လုံး ကဲ့သို့ သူ့အရိုးများကြေမွကာ အတွင်းအင်္ဂါများ ပြင်းစွာ ဒဏ်ရာရကုန်သည်။
လူတိုင်း မယုံနိုင်အောင် ဖြစ်သွား၏။ သာမန်တိုက်ခိုက်မှုဖြင့် အမည်ခံအင်မော်တယ် အဆင့်(၅၅)တွင်ရှိသော တစ်စုံတစ်ဦးမှာ ချက်ချင်းဒူးထောက်ကျသွားချေပြီ။
“ ဒီကောင်လေးက ဘယ်သူလဲ။ ”
“ သူ့မှာ ဘာလို့ ဒီလောက် ကြောက်စရာကောင်းတဲ့ တိုက်ပွဲဝင်စွမ်းအားကို ပိုင်ဆိုင်ထားရတာလဲ။ ”
လူအုပ်ကြီးအတွင်း ဆွေးနွေးသံများ ဆူညံသွားလေသည်။ သူတို့အားလုံးအတွက် မယုံနိုင်စရာပေပင်။ ထိုစဉ် စုရီက ခန်းမအတွင်း လျှောက်လှမ်းလာသည်။
ရွှေရောင်ဝတ်အမျိုးသားက စုရီကို သူဖမ်းဆီးထားသည့်လူငယ်နှင့် အတူလာခဲ့သူ ဖြစ်ကြောင်း မှတ်မိသွား၏။
ကြည့်ရသည်မှာ ထိုလူငယ်နောက်ခံကို စုံစမ်းစစ်ဆေးရန်စေလွှတ်ခဲ့သော အစောင့်မှာ အသက်ရှင်ပုံမရတော့ချေ။ ထို့ကြောင့် ချက်ချင်း ဖန်ဟန်ကို ဖမ်းဆွဲလိုက်၏။
“ ဟမ့် ... ။”
သို့သော် ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ကောင်းကင်မှလက်ကြီးကဲ့သို့ ချက်ချင်းဖိသိပ်လာသည်။ သူ မည်မျှပင် ကြိုးစားစေကာမူ လှုပ်ရှား၍ မရတော့ချေ။
“ မကောင်းတော့ဘူး ... ။ ”
ထိတ်လန့်တကြားဖြင့်၊
“ သခင်လေး၊ ငါ့ကိုကယ်ပါဦး။ ”
-ဟု အော်ဟစ်လိုက်သည်။
“ မင်း သေချင်နေတာပဲ ... ။”
သူ့စကားဆုံးသည်နှင့် လှပသော ပုံရိပ်လေးတစ်ခုမှ ချက်ချင်းပြေးထွက်လာပြီး စုရီထံတိုက်ခိုက်လိုက်တော့၏။
ဤသည်မှာ ဟွာရှင်းချန်၏ ဂိုဏ်းတူညီမ လုရှန်ရှုပေပင်။ အမည်ခံအင်မော်တယ်အဆင့် (၆၄)တွင် ရပ်တည်နေသော ပါရမီရှင်ပေပင်။
သူမတိုက်ခိုက်လိုက်သောအခါ ဓားပျံတစ်လက်ကို တိုက်ရိုက်အသက်သွင်းပြီး သနားကြင်နာမှုမရှိဘဲ ရက်စက်စွာ ထိုးနှက်လိုက်လေသည်။
“ ကလန့် ... ။ ”
အနက်ရောင်ဓားတစ်လက် ကောင်းကင်မှပြုတ်ကျလာသည်။ ၎င်းထံမှ စူးရှ တောက်ပသော အလင်းတန်းတစ်ခု ပြေးထွက်လာ၏။
ကမ္ဘာကြီးကို ဖျက်ဆီးလိုသော စွမ်းအင်များသည်လည်း လိုက်ပါလာလေသည်။ စုရီမှ အေးစက်သော အကြည့်ဖြင့် လက်ချောင်း တစ်ချက်လှုပ်ခါလိုက်၏။
“ ဝုန်း ... ။ ”
အနက်ရောင်ဓားသည် ကွဲအက်သွားပြီး မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်သို့ ချက်ချင်း ပြန့်ကျဲသွားလေသည်။
လုရှန်ရှုတစ်ယောက် တုံ့ပြန်မှုကို ခံလိုက်ရ၏။ သူမ၏ နူးညံ့သောခန္ဓာကိုယ်သည် တူနှင့်အရိုက်ခံလိုက်ရသလို သွေးတစ်လုတ် အန်ကာ ကြမ်းပြင်ပေါ် လဲကျသွားသည်။
“ ဘယ်လောက် ကြောက်စရာ ကောင်းလိုက်တဲ့ စွမ်းအားလဲ။ ”
မျက်နှာတစ်ပြင်လုံး ဖြူဖျော့လျက် ကြောက်ရွံ့မှုများ ပြည့်နှက်နေတော့၏။ ထိုစဉ် စုရီသည် ရွှေရောင်ဝတ်အမျိုးသား ရှေ့မှောက်သို့ ရောက်ရှိလာပြီး လက်ဖြင့်သပ်ယူလိုက်သည်။
အသက်မဲ့ ဦးခေါင်းကြီးတစ်လုံး သူ့လက်ထဲလိုက်ပါသွားကာ ပြာမှုန်အဖြစ် ပြောင်းလဲ ပျောက်ကွယ်သွား၏။
ထို့နောက် ဖန်ဟန်ကို စုရီမှ ဆွဲခေါ်လိုက်သည်။ ထိုအဖြစ်အပျက်များသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပျက်သွားပြီး အလွန်လျင်မြန်စွာ ပြီးဆုံးသွား၏။
စုရီ၏ခွန်အားသည် ထိုမျှကြောက်စရာကောင်းပြီး အလွန်အမင်း လွှမ်းမိုးကာ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု မမျှော်လင့်ထားကြချေ။ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ဟွာရှင်းချန်က မျက်မှောင်ကြုတ်ကာ ထရပ်လိုက်သည်။ စုရီ၏စွမ်းအားသည် သူ့ကဲ့သို့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ကိုပင် အလွန်အမင်းဖိအားများ ခံစားလာရစေ၏။
“ မင်း အခုလို ရုတ်တရက်ရောက်လာပြီး အကြောင်းရင်းကိုတောင် မမေးဘဲ ငါတို့ရှေ့မှာ သတ်ဖြတ်လိုက်တာက အရမ်းလွန်တယ် မဟုတ်လား။ ”
ဟွာရှင်းချန်က လေးနက်သောအသံနှင့် ပြောကြားလိုက်သည်။ စုရီမှ သူ့ကို လျစ်လျူရှု ထားခဲ့၏။ ဖန်ဟန်၏ အဝတ်အစားများကို ပြုပြင်ပေးကာ၊
“ မင်း ဘာအမှားမှ မလုပ်ထားဘူး ဒါဆိုဘာလို့ ငါ့မျက်လုံးကို မကြည့်ရဲတာလဲ။ ”
-ဟု မေးလိုက်သည်။
သူ့စကားကြောင့် ဖန်ဟန်တစ်ယောက် အနည်းငယ် တုန်ယင်လာကာ၊
“ ငါတစ်ယောက်တည်း ဒီလို မထွက်သွားခဲ့ရင် ဘာလို့လုပ်အရှက်ခွဲခံရမှာလဲ။ ”
-ဟု မသက်မသာဖြင့် ပြန်ဖြေ၏။
“ သွား ... သူ့ဘေးမှာရပ်ပြီး စောင့်နေ ငါဒီကိစ္စကို အရင်ဖြေရှင်းလိုက်ဦးမယ်။ ”
စုရီက ယွဲ့ဟောင်ဖန်းအနား ညွှန်ပြလိုက်သည်။ ဖန်ဟန်မှ ခေါင်းညိတ်ပြ တော့၏။ ခေါင်းမာပြီး မာနကြီးသော လူငယ်မှာ ထူးထူးခြားခြား နာခံနေချေပြီ။
လူတိုင်းမျက်လုံးပြူးကုန်၏။ တစ်ဖက်လူသည် ဟွာရှင်းချန်ကိုပင် လျစ်လျူ ရှုထားချေပြီ။ သို့သော် စုရီ၏ သွေးဆာနေသော လုပ်ရပ်များကြောင့် မည်သူမျှ အသံမထွက်ဝံ့ချေ။
ဟွာရှင်းချန်ပင် အနည်းငယ် တုန့်ဆိုင်းနေခဲ့သည်။ ထိုစဉ် စုရီသည် ရုတ်ချည်း ပတ်ဝန်းကျင်ကို စိတ်ဝင်စားလာသည့်အလား၊
“ ငါ့ကို ကျေနပ်စေလောက်မယ့် ဖြေရှင်းချက်တစ်ခု လိုနေတယ် ဘယ်သူ ကူညီချင်လဲ။ ”
-ဟု မေးမြန်းလိုက်တော့၏။
“ ကောင်လေး ... မင်း ငါတို့ကို ဒီလိုခြိမ်းခြောက်ရဲတာလား ငါတို့ဘယ်သူလဲ မင်းသိရဲ့လား။ ”
အကြီးအကဲတစ်ယောက်မှ သည်းမခံနိုင်တော့ဘဲ ဒေါသတကြီးဖြင့်း ရှေ့သို့ လှမ်းတက်လာ၏။
“ ဝှစ် ... ။ ”
“ ဘောင်း ... ။ ”
စုရီက လက်ကောက်ဝတ်ကို လှုပ်လိုက်လေသည်။ ဓားအလင်းတစ်လက် ပြေးထွက်လာပြီး ထိုသူ၏ခန္ဓာကိုယ်အပေါ် နှစ်ခြမ်းခွဲပစ်လိုက်တော့၏။
သွေးများ နေရာအနှံ့ ပက်ဖြန်းကာ ဝိညာဉ်ပင်မကျန်အောင် ပေါက်ကွဲလျက် အမှုန် အဖြစ် ပြောင်းလဲလွင့်ပြယ်သွားလေသည်။
ဤသည်မှာ ကျိုးကြောင်းဆီလျော်ခြင်း မရှိသောဒေါသဖြင့် သတ်ဖြတ်ခြင်းမည်ချေပြီ။ ကြီးစိုးကာ ပြင်းထန်လွန်း၏။ သွေးဆာနေသော နတ်ဆိုးတစ်ကောင် ဆင်းသက်လာသလိုပေပင်။
“ ငါ နောက်ဆုံးအကြိမ်ပြောမယ် ... ဒီနေ့ငါ့ကိုကျေနပ်လောက်တဲ့ အဖြေမပေးရင် ဘယ်သူမှ အသက်ရှင်လျက် မထွက်သွားစေရဘူး။ ”
***