အခန်း ၁၁၇၈
Vol. 99 Ch. 1178
အခန်း ၁၁၇၈ -
သူတော်စင် အင်မော်တယ်များ ရောက်ရှိလာခြင်း။
စုရီ၏တည်ငြိမ်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အသံသည် ခန်းမအတွင်း ပဲ့တင်ထပ်နေခဲ့ကာ ပတ်ဝန်းကျင်သည် ချက်ချင်းလေးလံလာ၏။
ဤပွဲတွင် ပါဝင်ရန် အရည်အချင်း ပြည့်မီသူများအားလုံးသည် ချမ်းသာကြွယ်ဝပြီး နောက်ခံရှိသူများဖြစ်ပြီး ကမ္ဘာကြီးအပေါ် အံ့အားသင့်စေမည့် ရာထူးမျိုးရှိသည်။
သို့သော် လက်ရှိအချိန်တွင် သူတို့အားလုံးသည် အသတ်ခံရမည်ကို ကြောက်ရွံ့နေသော ကြက်ကလေးများ သဖွယ်ဖြစ်နေ၏။
သူတို့၏အကြည့်များသည် အလယ်ထိုင်ခုံရှေ့တွင် ရပ်နေသော ဟွာရှင်းချန် ထံသို့ အလိုလိုလှည့်သွားကြသည်။
ဟွာရှင်းချန်မျက်နှာသည် မည်းမှောင်ပြာနှမ်းနေပြီး သူ့မျက်လုံးများသည် သိမ်းငှက်ကဲ့သို့ စူးရှနေလေသည်။ သို့သော် တိတ်တဆိတ် သက်ပြင်းချလျက်၊
“ ဒါက အထင်လွဲမှုတစ်ခုပါ။ ”
-ဟု ခံစားချက်မဲ့စွာ ပြောကြားလိုက်၏။
“ မင်း ကြားချင်ရင် ငါရှင်းပြနိုင်တယ်။ ”
တစ်ဖက်တွင် စုရီသည် ထိုတုံ့ပြန်မှုပေါ် စိတ်ဝင်စားပုံမပြဘဲ လုရှန်းရွယ်ထံလှမ်းကာ သူမလည်ပင်းကို ဖမ်းဆွဲလိုက်သည်။
“ နင် ... ငါ့ကိုလွှတ် ... ။ ”
လုရှန်းရွယ်မှ အော်ဟစ်လိုက်၏။ သို့သော် သူမစကားသံသည် လေထုအလယ်ပဲ့တင်လျက် အသက်ပျောက်သွားခဲ့သည်။
တစ်ဆက်တည်းမှာပင် နတ်မီးတောက်များ လောင်ကျွမ်းပြီးအမှုန်အဖြစ် ချက်ချင်းပြောင်းလဲ ပျောက်ကွယ်သွားတော့၏။
လူတိုင်းက မယုံကြည်နိုင်စွာ မျက်လုံးပြူးကုန်သည်။ မည်သို့ပင်ဆိုစေကာမူ လုရှန်ရွယ်သည် အမည်ခံအင်မော်တယ်အဆင့် ပါရမီရှင်တစ်ယောက်ဖြစ်၏။
ငရဲသွေးနတ်ဆိုးဂိုဏ်းမှ သူတော်စင် အင်မော်တယ်အဆင့် မိစ္ဆာအိုကြီးတစ်ပါး၏ မျိုးဆက်ပေပင်။
“ ဒါက အထင်လွဲမှုပါ မင်း ရှင်းပြချက် လိုချင်လား။ ”
စုရီမှ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ဟွာရှင်းရှန်တစ်ယောက် လုံးဝမျက်နှာပျက်ယွင်း သွားတော့၏။
“ မင်း ... ဒီခန်းမထဲက လူတိုင်းကို သတ်ချင်တာလား။ ”
စုရီက ခေါင်းရမ်းလျက်၊
“ ငါက သွေးဆာနေတဲ့လူ မဟုတ်ဘူး အပြစ်တိုင်းမှာ ကျူးလွန်သူဆိုတာ ရှိတယ်။”
-ဟု ပြန်ဖြေလိုက်သည်။ ထိုအဖြေကြောင့် ဟွာရှင်းချန်မှ သက်ပြင်းချလိုက်၏။ ထို့နောက် သူ့မျက်လုံးများ ရုတ်တရက် စူးရှလာပြီး၊
“ မင်းက သေဖို့ အတင်းအကျပ် တောင်းဆိုနေတာဆိုတော့ ငါ ... မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်။ ”
-ဟု ပြောကြားလိုက်လေသည်။
“ ကလန် ... ။”
တဆက်တည်းမှာပင် လက်မြှောက်ပြီး ဖမ်းဆွဲလိုက်သောအခါ သွေးနီရောင် ဓားရှည် တစ်လက် လွင့်ထွက်လာ၏။
အရှိန်အဝါသည်လည်း ရုတ်တရက် အလွန်ကြောက်စရာကောင်းလာကာ ဆံပင်များ လွင့်မျောကုန်လေသည်။
လေဟာနယ်ပင် ပြိုကျသွား၏။ ခန်းမတစ်ခုလုံးကို ဖုံးအုပ်ထားသောအစီရင်မှ အလင်းများတောက်ပလျက် ထိုဖိအားကို ချေဖျက်တော့သည်။
အမည်ခံ အင်မော်တယ် အဆင့် (၁၆)မှ ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ရောင်ဝါသည်ပင် လူတိုင်းအပေါ် ဖိအားပေးနိုင်ချေပြီ။
“ အစ်ကိုဟွာက လှုပ်ရှားမှုတစ်ခု လုပ်တော့မှာဆိုတော့ ... ငါတို့ဘယ်လိုလုပ်ပြီး ရပ်ကြည့်နေနိုင်မှာလဲ။ ”
“ ဟုတ်တယ် ... ငါတို့ပူးပေါင်းပြီး ဒီသွေးဆာနေတဲ့မိစ္ဆာကို သတ်သင့်တယ်။ ”
ခဏအတွင်းမှာပင် ရပ်ကြည့်နေသော လူအုပ်အတွင်းမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်စုသည် တိုက်ခိုက်ရန် ရှေ့တို့လာကြသည်။
ထိုမြင်ကွင်းက ယွဲ့ဟောင်ဖန်းကို ခန္ဓာကိုယ်အေးစက် တောင့်တင်းသွားစေခဲ့၏။ တစ်ဆက်တည်းမှာပင် ဖန်ဟန်အပေါ် စွမ်းအင် ရိုက်ခတ်မှု မခံရစေရန် ရှေ့လှမ်းတက်ကာ ကာကွယ်ပေးလိုက်သည်။
စုရီမှ ခေါင်းခါယမ်းလိုက်သည်။ သူ့တွင် လူတိုင်းကိုသတ်ရန် စိတ်ကူးမရှိချေ။ ထို့ကြောင့် ထိန်းထားခြင်းပေပင်။ ယခုမူ လူအချို့သည်သာ ရပ်နေဆဲဖြစ်ပြီး အများစုသည် ဟွာရှင်းချန်နှင့် ပူးပေါင်းလာကုန်၏။ မိုက်မဲလွန်းချေပြီ။
“ သတ် ... ။ ”
လူအုပ်ကြီးမှ အတူတကွ အော်ဟစ်ကာ ချက်ချင်းတိုက်ခိုက်လာသည်။ သူတို့လူအုပ်ထဲ၌ အားနည်းသူမှာ အမည်ခံအင်မော်တယ်ဖြစ်ပြီး အသန်မာဆုံးမှာ ဗလာနယ်ပယ် အင်မော်တယ်ဖြစ်၏။
တစ်ယောက်ချင်းစီသည် ရတနာများကို ထုတ်ယူလျက် ခွန်အားအပြည့်အသုံးပြုလာခြင်း ဖြစ်လေသည်။
“ ဘရူး ... ။ ”
တိမ်သင်္ဘောသည် ရုတ်ချည်း ပြင်းစွာတုန်ခါလျက် တားမြစ်အမိန့်ပုံစံများမှာ မရေမတွက်နိုင်အောင် ထွက်ပေါ်လာချေပြီ။
“ ဘာတွေ ဖြစ်နေတာလဲ။ ”
သင်္ဘောပေါ်ရှိ လူတိုင်း ထိတ်လန့်တုန်လှုပ်ကုန်ပြီး သူတို့လုပ်နေသည် များကို ရပ်တန့်ကာ စူးစမ်းလာကြသည်။
ထိုအချိန်တွင် စုရီသည် သတ်ဖြတ်မှုကို စတင်နေပြီဖြစ်သည်။ သူ့ဝတ်ရုံများ လှိုင်းထကာ ဗုံတီးနေသော နတ်ဘုရားတစ်ပါးကဲ့သို့ လေထဲ ထိုးနှက်ပစ်တော့သည်။
“ ဘန်း ... ။ ”
လွှမ်းမိုးပြီး ပြင်းထန်သော လက်သီးစွမ်းအားသည် ထိမှန်သမျှ အရာတိုင်း အပေါ် ပူဖောင်းတစ်လုံးကဲ့သို့ ကွဲသွားစေ၏။
“ အား ... ။ ”
ကြောက်စရာကောင်းလှသော အင်မော်တယ်လက်နက်များမှာ နောက်ပြန် လွင့်မျောကုန်ပြီး တုန်ခါညည်းတွားနေသံများ ညံလာကြတော့သည်။
လက်သီးစွမ်းအားသည် နဂါးငွေ့တန်းတစ်ခုလို အမည်ခံအင်မော်တယ် ခုနစ်ယောက်ကို တိုက်ရိုက် ပေါက်ကွဲ ထွက်သွားစေသည်။
အသားနှင့် သွေးများ နေရာအနှံ့ ပြန့်ကျဲနေ၏။ ဟွာရှင်းချန်သည်ပင် ထိုလက်သီး စွမ်းအားကြောင့် နောက်ပြန်ဆုတ်ကာ ချက်ချင်း မျက်နှာအရောင်ပြောင်းသွားသည်။
“ ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းနေရတာလဲ။ ”
အမည်ခံအင်မော်တယ်များ အားလုံး ကြောက်လန့်လျက် ခန္ဓာကိုယ်အနှံ့ ချွေးစေးများ ရွှဲနစ်ကုန်၏။
သူတို့သည် ပူးပေါင်းပြီးနောက် စုရီကို မသတ်နိုင်လျှင်ပင် အနည်းဆုံးတော့ ထိန်းထား နိုင်မည်ဟု ထင်ခဲ့သည်။
သို့သော် တိုက်ပွဲအစမှာပင် လက်သီးစွမ်းအားသည် သူတို့၏ တိုက်ပွဲဝင် ဆန္ဒများကို ပျက်စီးသွားစေ၏။ အရမ်း ကြောက်စရာကောင်းချေပြီ။
စုရီမှ တွန့်ဆုတ်ခြင်းမရှိ ဆက်လက် တိုက်ခိုက်နေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဟွာရှင်းချန်နှင့် ပူးပေါင်းရန် အော်ဟစ်နေသော ပုဂ္ဂိုလ်များမှာ အသံတိတ်ကုန်ကြသည်။
တစ်ဖက်တွင် ထိုသွေးစွန်းသောတိုက်ပွဲထံ ရပ်ကြည့်နေမိခဲ့သည့် လူအုပ်ကြီးမှာ ဝိညာဉ်များ အေးခဲလာကုန်၏။
သူတို့သည်သာ တိုက်ခိုက်ရန် အလျင်လိုခဲ့ပါက ယခုအချိန်၌ သွေးမြူများ အဖြစ် ပြောင်းလဲနေလောက်ချေပြီ။
“ မင်း ...ရပ်သင့်ပြီ ... ဒီနေရာက ကျောက်စိမ်းအင်မော်တယ်ဂိုဏ်းရဲ့ နယ်မြေပဲ ငါ့ရဲ့သိုင်းဦးလေးလျူဟန် ဒီတိမ်သင်္ဘောပေါ်မှာ ရှိနေတယ် မဟုတ်ရင် မင်းသေလိမ့်မယ်။ ”
ဟွာရှင်းချန်တစ်ယောက် ကြောက်ရွံ့မှုနှင့် မသက်မသာဖြစ်မှုများ ပြည့်နှက်ပြီး နောက်သို့ တစ်လှမ်းဆုတ်သွားတော့၏။
သူ့ဆံပင်များ ဖရိုဖရဲဖြစ်နေကာ တိုက်ပွဲအတွင်းဒဏ်ရာရထားသဖြင့် ခန္ဓာကိုယ် ပေါ်တွင် သွေးများ ဖုံးလွှမ်းနေခဲ့သည်။
“ မင်း အချိန်ဆွဲနေတာလား မင်းရဲ့ ရဲရင့်တဲ့အပြုအမူအတွက် အားကိုးစရာတစ်ခုခု ရှိတယ်ဆိုတာ ငါသိတယ် ကံမကောင်းစွာနဲ့ပဲ ... ဒီနေ့ သူတော်စင်အင်မော်တယ် ကိုယ်တိုင် လာရင်တောင် မင်းကို မကယ်တင်နိုင်ဘူး။ ”
စုရီမှ ပြုံးလျက် ပြောလိုက်သည်။
“ ဟမ့် ... ဘယ်သူက ကျောက်စိမ်းအင်မော်တယ်ဂိုဏ်းရဲ့ နယ်မြေမှာ အကြမ်းဖက်မှုကို ကျူးလွန်ဝံ့တာလဲ။ ”
ရုတ်တရက် ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး လူရိပ်များ ပြေးလွှားရောက်ရှိ လာတော့သည်။ ဟွာရှင်းချန်တစ်ယောက် စိတ်အေးသွားကာ၊
“ ကျောက်စိမ်းအင်မော်တယ်ဂိုဏ်းက လူတွေရောက်လာပြီ မင်းဆက်ပြီး အကြမ်းဖက် နေဦးမှာလား။ ”
-ဟု မေးမြန်းလိုက်၏။ စုရီမှခေါင်းညိတ်ပြီး၊
“ ဟုတ်တယ်။ ”
-ဟု ဂရုမစိုက်ဘဲ ပြန်ဖြေသည်။ တစ်ဆက်တည်းမှာပင် လေထဲဖမ်းဆွဲပစ်လိုက် တော့၏။ ဟွာရှင်းချန်ခမျာ ထိုစွမ်းအားအတွင်း ခွန်အားမဲ့နေခဲ့သော အင်းဆက်တစ်ကောင် ကဲ့သို့ဖမ်းဆီးခံလိုက်ရသည်။
“ ဟမ့် ... ရိုင်းလိုက်တာ မင်းတကယ်သတ္တိရှိလား။ ”
အခန်းအတွင်း အရပ်ရှည်ရှည်နှင့် လူတစ်ယောက် ဟိန်းဟောက်လျက် ဦးစွာ ပြေးဝင်လာသည်။ သို့သော် စုရီမှမကြည့်ဘဲ လက်လှိုင်းဖြင့် တွန်းထုတ်ပစ်လိုက်၏။
“ ဝှစ် ... ။ ”
“ ဝုန်း ... ။ ”
“ အဟွတ် အဟွတ် ... ဝေ့ါ။ ”
အရပ်ရှည်ရှည်နှင့်လူခမျာ နောက်ပြန်လွင့်စင်သွားပြီးနောက် ကြမ်းပြင်ပေါ် ပြုတ်ကျကာ သွေးအန်သွားလေသည်။
“ မင်း ... အကျိုးဆက်ကိုသိလား ရပ်လိုက်စမ်း မဟုတ်ရင် မင်းအတွက်ဆိုးရွားတဲ့ ရလာဒ်နဲ့ရင်ဆိုင်ရလိမ့်မယ်။ ”
ထိုမြင်ကွင်းကြောင့် နောက်ပါးမှ အပြေးအလွှားလိုက်ပါလာသော လူအများသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။
စုရီမှ ဂရုမစိုက်ဘဲ ဟွာရှင်းချန်ကို ကြမ်းပြင်ပေါ်ပစ်ချကာ ရင်ဘတ်ပေါ် တက်နင်း လျက်ဖြင့်၊
“ စိတ်မပူပါနဲ့ ... ငါသူ့ကို ချက်ချင်း မသတ်သေးဘူး ဒီနေ့ဘယ်သူက သူ့အသက်ကို ကယ်တင်ဝံ့သလဲဆိုတာ ငါကြည့်ချင်တယ်။ ”
-ဟု ပြောကြားလိုက်သည်။
ထိုစကားကြောင့် ရောက်ရှိလာသော တိမ်မျှော်စင်အစောင့်များနှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားချေပြီ။ ဤစုရီသည် လွှမ်းမိုးပြီး ကြီးစိုးလွန်း၏။
ယွဲ့ဟောင်ဖန်း အကြည့်များက ကြမ်းပြင်ပေါ်တွင် ခြေဖြင့်နင်းချေခံနေရသော ဟွာရှင်းချန်ထံ ကျရောက်သွားသည်။
“ မင်း ... မရပ်ရင် ဖျက်ဆီးခံရမယ်လို့ ငါသတိပေးခဲ့တယ် ဒါပေမယ့် ... မင်းတကယ် နားမထောင်ဘူး။ ”
တစ်ဆက်တည်းမှာပင် သူသည်လည်း စုရီ၏ရဲတင်းလွန်းသော အပြုအမူများကြောင့် အလွန်အမင်း အံ့အားသင့်နေခဲ့၏။
ဤကဲ့သို့ ပြတ်သားရက်စက်သော လူငယ်မျိုးမမြင်ဖူးချေ။ ဟွာရှင်းချန်၏ နောက်ခံ အပေါ် ရှင်းရှင်းလင်းလင်း သိရှိထားသော်မှ လုံးဝလျစ်လျူရှုထား၏။
ဤအပြုအမူ တစ်ခုတည်းကပင် ယွဲ့ဟောင်ဖန်းအတွက် အားကျစရာဖြစ်သည်။ အလားတူပင် လူတိုင်းမှလည်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေတော့၏။
“ ဟမ့် ... မင်းရဲ့တိမ်မျှော်စင်ပေါ်မှာ တစ်ယောက်ယောက်က ဒီလိုအကြမ်းဖက်မှုကို ပေါ့ပေါ့ဆဆ လုပ်ဝံ့လိမ့်မယ်လို့ ငါတကယ် မထင်ထားဘူး။ ”
များမကြာခင် ခန်းမအပြင်ဘက်မှ အလျင်စလို လျှောက်လှမ်းလာနေသော ခြေသံများကို ကြားလိုက်ရ၏။
“ အစ်ကိုဟွာ၊ ကျေးဇူးပြုပြီး စိတ်ငြိမ်ငြိမ်ထားပါ ဒီနေ့ဖြစ်ပျက်ခဲ့တာကို ငါရှင်းပြပေးပါ့မယ်။ ”
စကားသံများနှင့်အတူ ပုံရိပ်နှစ်ခု ခန်းမကြီးထဲ တစ်ပြိုင်နက်တည်း ဝင်ရောက် လာတော့သည်။
ကျောက်စိမ်းခါးပတ်ပြားကြီးကို အလှဆင်ပတ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ငွေရောင်ဆံပင်နှင့် အဖိုးအိုထံ တောင်းပန်လျက် ထွက်ပေါ်လာ၏။
နှစ်ယောက်စလုံးသည် သူတော်စင် အင်မော်တယ်ရောင်ဝါကို ထုတ်ဖော်ပြသထား လေသည်။
“ မင်္ဂလာပါ အကြီးအကဲဖူ။ ”
အသက်လတ်ပိုင်းအရွယ် အမျိုးသားကို မြင်ချိန်တွင် ကျောက်စိမ်းအင်မော်တယ်ဂိုဏ်း၏ အစောင့်များမှ စိတ်သက်သာရာရကုန်ပြီး ချက်ချင်းနှုတ်ဆက်လိုက်ကြသည်။
ဤသည်မှာ တိမ်မျှော်စင်အတွက် ကျင့်ကြံမှုအမြင့်မားဆုံးသော တာဝန်ခံတစ်ဦး ပေပင်။ အမည်မှာ ဖူယွင်ကျုံးဖြစ်သည်။
“ သိုင်းဦးလေး ... ။ ”
တစ်ဖက်တွင် ဆံပင်ဖြူဖြူနှင့်အဘိုးအိုကို မြင်ချိန်တွင် ဟွာရှင်းချန်သည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်တော့၏။
ဤသည်မှာ နှစ်ပေါင်းများစွာ နတ်ဆိုးလမ်းကိုစိုးမိုးထားသော ငရဲသွေးနတ်ဆိုး ဂိုဏ်း၏ ဒဏ္ဍာရီလာ ဘီလူးအိုကြီးပေပင်။
ဟွာလျူဟန်ဟု အမည်ရ၏။ ထိုအဖိုးကြီးကို မြင်ချိန်တွင် ယွဲ့ဟောင်ဖန်းမှ နှလုံးခုန်သံများ မြန်လာတော့သည်။
ကျောက်စိမ်းအင်မော်တယ်ဂိုဏ်းသည် တိမ်မျှော်စင်ကို စောင့်ရှောက်ကြီးကြပ်ပေးရန် သူတော်စင်အင်မော်တယ်တစ်ပါး စေလွှတ်ထား လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
အထူးသဖြင့် ဟွာလျူဟန်ဟူသည့် နတ်ဆိုးအိုကြီးပင်။ ထိုကဲ့သို့တစ်စုံတစ်ဦးကို ဟွာရှင်းချန်ဘေးတွင် ရှိနေစေလိမ့်မည်ဟု လုံးဝမထင်ထားချေ။
***