အခန်း ၁၁၈၁
Vol. 99 Ch. 1181
အခန်း ၁၁၈၁ -
ဓားတံဆိပ်ဖြင့် ကယ်တင်ခံရခြင်း။
ကျင်းပြည်နယ် အဖြူရောင် သမင်တောင်ကုန်းမှ ထွက်ခွာလာစဉ်က စုရီသည် ချီဖူဖန်ကို ဒိုမိန်းလေးခုမှ ပါရမီရှင် လူငယ်များအတွက် နေရာချထားပေးရန် မှာကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် နှစ်ပေါင်းများစွာ တိမ်မြုပ်နေသော သတင်းအချို့ကို စစ်ဆေးရန် တာဝန်ပေးထား၏။
သို့သော် ယနေ့ အင်မော်တယ်မြေမှာ ဝမ်ယဲ့မှတ်မိထားသော အခြေအနေနှင့် လုံးဝ ကွဲပြားနေကြောင်း နားလည်လာခဲ့သည်။
ထို့ကြောင့် ဝမ်ယဲမှတ်ဉာဏ်ထဲရှိ ထိုတိမ်မြုပ်နေသောသတင်းများကို သဲလွန်စ ရှာဖွေရန် ခက်ခဲနေပေလိမ့်မည်။
“ ဘာပဲဖြစ်ဖြစ် ငါ အဖြူရောင်မြက်ခင်းပြင် ပြည်နယ်ကို သွားရမယ်။ ”
စုရီက အတွေးများရပ်လိုက်သည်။ ထိုပြည်နယ်သည် ဝမ်ယဲ့အတွက် အမှတ်တရ များစွာ ရှိနေသောအရပ်ပေပင်။
တစ်နည်းအားဖြင့် ဝမ်ယဲ့၏ ငယ်ဘဝရှင်သန်ရာအရပ်ဖြစ်၏။ ဝမ်ယဲ့အတွက် အမြစ်ဟု ယူဆနိုင်သည်။ ထိုစဉ်က သူသည် သတ္တမကောင်းကင်တံခါး၌ ပြင်ပနတ်ဆိုး မျိုးနွယ်များနှင့် တိုက်ခိုက်ခဲ့ရ၏။
ထို့နောက် ထာဝရည အကယ်ဒမီကို သူတည်ထောင်ထားခဲ့သည်။ ဗဟိုကောင်းကင် ခြံဝင်း၏ ဧကရာဇ်သုံးပါးအတွက် Fengshan အခမ်းအနားကို တစ်ကြိမ်ပြုလုပ်ပေးခဲ့၏။
ဓမ္မအဆုံးခေတ် မတိုင်မီက ထိုအဖြေူရောင်မြက်ခင်းပြင် ပြည်နယ်ကြီးကို ကောင်းကင်ငယ်ခြံဝင်း အဖြစ်ပင် လူသိများခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် အင်မော်တယ်အထွတ်အထိပ်သို့ တက်လှမ်းပြီး လောကကြီးကို အုပ်စိုးခဲ့သော ထာဝရ အမှောင် ဧကရာဇ်ဝမ်ယဲ့သည် ထိုဒေသကြီးတွင် ရှိနေသောကြောင့်ဖြစ်၏။
သူ တစ်ယောက်တည်း စွမ်းအားဖြင့်ပင် ကောင်းကင်ဘုံတစ်ခုလုံးကို ယှဉ်ပြိုင်နိုင်သည်။ သည့်ပြင် စစ်မှန်သောလူသား ဟုန်ယွင်ကို ထိုအရပ်တွင် တွေ့ဆုံရန် ချိန်ဆိုထား၏။
စစ်မှန်သော လူသား ဟုန်ယွမ်၏ နောက်ကွယ်မှ မျိုးနွယ်စုဖြစ်သော နင်ရွှမ်သည် ဤဒေသခံအင်အားစုလည်းဖြစ်သည်။
ယခုမူ အတိတ်မှ ဇာတ်လမ်းများကို စုံစမ်းစစ်ဆေးရန် သို့မဟုတ် ဖန်ဟန်၏မျိုးရိုး ကျဆုံးမှုအပေါ် စုံစမ်းရန် အကြောင်းရင်း နှစ်ရပ်ပိုလာချေပြီ။
“ တာအိုစု မိုးတိမ်သင်္ဘောဟာ မနက်ဖြန်ညနေမှာ ကြေးမုံရေကန်ကမ်းခြေကို ရောက်ရှိပါလိမ့်မယ်။ ”
ဖူယွင်ကျုံးမှ အပြုံးဖြင့် ချဉ်းကပ်လာပြီး သတင်းအချို့ပေးပို့လာသည်။
“ ဒီကနေ့ လူတိုင်းအာရုံစိုက်နေတဲ့ ကြေးမုံရေကန်အင်မော်တယ် ဧည့်ခံပွဲကြီးဟာ မနက်ဖြန်မှာ စတင်မှာဖြစ်ပါတယ် တာအိုစု စိတ်ဝင်စားမလား သိချင်ပါတယ် ... ။ ”
စုရီမှ ခဏမျှစဉ်းစားပြီး၊
“ အချိန်ရရင် သွားကြည့်ချင်မယ် ထိုင်ခုံနေရာအတွက်ကတော့ စီစဉ်ထားစရာ မလိုပါဘူး။”
-ဟု ပြောကြားလိုက်သည်။
ထိုကြေးမုံရေကန် အင်မော်တယ် ဧည့်ခံပွဲဟူသည် ကြီးကျယ်ခမ်းနားလွန်းသော ပွဲတစ်ပွဲဖြစ်ပြီး ဤပြည်နယ်တွင် လူအများ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ချေ၏။
အမည်ခံအင်မော်တယ် အဆင့် သတ်မှတ်ချက်စာရင်းတွင် ပါရှိနေကြသော ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်များစွာသည်လည်း ပါဝင်လာကြမည်ဖြစ်၏။
ထိပ်ဆုံးဆယ်ဦးတွင် အဆင့် သတ်မှတ်ခံထားရသော ပါရမီရှင်များပင် ရောက်ရှိလာတတ်သည်။
အဘယ့်ကြောင့်ဆိုသော် ဤဧည့်ခံပွဲ၌ အမည်ခံအင်မော်တယ် အဆင့်သတ်မှတ်ချက်ကို ပြန်လည် ပြင်ဆင်ကြမည်ဖြစ်၏။
ထိုကဲ့သို့ ကြီးကျယ်သောပွဲသည် ကမ္ဘာတစ်ဝှမ်း၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင် နေသည်မှာ သဘာဝပေပင်။ သို့သော် စုရီသည် ဤကဲ့သို့သောပွဲမျိုးကို စိတ်မဝင်စားချေ။
သူ့ကိုစိတ်ဝင်စားစေသည်မှာ ဤသို့သော်ပွဲမျိုးကို လက်ခံကျင်းပြနေသည့် Divine Mechanism ခန်းမ ဖြစ်သည်။
ထိုအင်အားစုသည် အမည်ခံအင်မော်တယ် အဆင့်နှင့် ဗလာနယ်ပယ်အင်မော်တယ် အဆင့် သတ်မှတ်ချက်တို့ကို ဖန်တီးချမှန်ရန် မည်သည့် အရာမှ တွန်းအားပေးနေသည်ကို သိလို၏။
ဓမ္မအဆုံးခေတ်မတိုင်မီ သူသည် ထိုအင်အားစု၏အမည်ကို လုံးဝမကြားဖူးချေ။ ဖူယွင်ကျုံးမှ သက်ပြင်းချလိုက်သည်။
“ တကယ်တော့ ... ဟွာရှင်းချန်နဲ့ အဲဒီလူငယ်တွေက ဒီဧည့်ခံပွဲကိုတက်ရောက်ဖို့ လာကြတာပါ ကံမကောင်းစွာနဲ့ သူတို့တွေရဲ့ ကန့်သတ်ချက်ကို မသိရှိကြဘဲ တာအိုစုကို ရန်ဆမိခဲ့တယ် တကယ် သေထိုက်တယ်။ ”
ထိုစကားကြောင့် စုရီမှ မျက်ခုံးပင့်ပြီး နားလည်သွားသည်။
“ သူတို့ သေဆုံးမှုကြောင့် အမည်ခံအင်မော်တယ်အဆင့် သတ်မှတ်ချက်က နေရာအချို့ လစ်လပ်သွားမယ် မဟုတ်လား။ ”
ဖူယွင်ကျုံးမှ အနည်းငယ် စဉ်းသားပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ ဒါ တကယ်ပါပဲ။ ”
နှစ်ယောက်သား တိတ်ဆိတ်သွား၏။ တိမ်သင်္ဘောကြီးသည် ပြာလဲ့လဲ့ကောင်းကင် အောက်တွင် ခရီးဆက်နေဆဲပေပင်။
ထိုအချိန်တွင် မိုကန်ချူတို့သည် မရဏတားမြစ်နယ်မြေ၏ အနက်ရောင်မြူ တောင်ကြားသို့ ရောက်ရှိနေပြီဖြစ်၏။
ထူထပ်သော အနက်ရောင်မြူများကြား လူသူကင်းမဲ့ပြီး အကန့်အသတ်မဲ့အမှောင်ထုသာ ကြီးစိုးထားသည်။ မြေပြင်၌ အလောင်းများနှင့် ရတနာအပိုင်းအစများ ပြန့်ကျဲနေ၏။
အချို့သောအလောင်းများမှာ နှစ်ပေါင်းများစွာ ဆွေးမြေ့နေပြီး လေတစ်ချက် ခတ်ရုံဖြင့် ပြာအဖြစ်ပင် ပြန့်ကျဲစေနိုင်မည်။
“ ဂျိန်း ... ။ ”
မြွေများကဲ့သို့ တည်ငြိမ်မှုမရှိသော တောက်ပသော ကြက်သွေးရောင် မိုးကြိုးများမှာ အနက်ရောင်မြူများထဲ ပဲတင်ထပ်နေ၏။
ဤသည်မှာ အလွန်ကြောက်မက်ဖွယ် ကောင်းပြီး ဘေးဒုက္ခဖြစ်စေသော မိုးကြိုးများ ဖြစ်လေသည်။ ထိမှန်လာခဲ့သော် သူတော်စင် အင်မော်တယ်ခန္ဓာပင် ပြိုကျသွားနိုင်၏။
မြေပြင်ပေါ်တွင် လက်သီးဆုပ်အရွယ် ကြေးဝါပုရွက်ဆိတ်အုပ်တစ်အုပ် လျင်မြန်စွာ ရွေ့လျား ချီတက်လာနေသည်။
သူတို့၏ခြေလှမ်းတိုင်းသည် မြေပြင်အနှံ့တုန်ခါလျက် ဖုန်မှုန့်များ လေထဲ လွင့်ပျံလာပြီး မြူများဖြင့် ပေါင်းစပ်သွားစေ၏။
“ ဂျိန်း ... ။ ”
ခဏတာအတွင်းမှာပင် ကောင်းကင်နှင့် မြေကြီးကြား မိုးကြိုးပစ်သံများ ပဲ့တင်ထပ်လာ ပြန်သည်။
“ သတ် ... ။ ”
တစ်ဖက်တွင် အနက်ရောင်မြူအတွင်း ကျယ်လောင်သော တိုက်ပွဲဝင်နေသံများလည်း ကြားနေရ၏။
မြင့်မားသော ဧရာမပုံရိပ်ကြီးသည် အနက်ရောင်မြူထဲ တိုက်ခိုက်သတ်ဖြတ်ခြင်း အမှုကို ပြုလုပ်နေချေသည်။
သူ့မျက်ဝန်းတစ်စုံသည် ပေထောင်ပေါင်းများစွာ ကျယ်ပြောနေသော ရေကန်ကြီးအလား ထင်မှားကာ ခန္ဓာကိုယ်မှာ တောင်ကြီးကဲ့သို့ ထူထည်းနေသည်။
သွေးနီရောင် သံကြိုးများသည်လည်း ထိုခန္ဓာကိုယ်အပေါ် ရစ်ပတ်ချည်နှောင်ထား၏။ ရက်စက်ကြမ်းကြုတ်ပြီး ပြိုင်ဘက်ကင်းသော စွမ်းအားမှာ ကောင်းကင်ကို တုန်ခါစေသည်။
မိုကန်ချူနှင့် အခြားသော သူတော်စင်အင်မော်တယ်များမှာ ကျောရိုးအနှံ့ အေးစက်လာကြ၏။ ကြောက်ရွံ့မှုနှင့် မသက်မသာဖြစ်မှုများ ပြည့်နှက်နေသည်။
“ အဘိုးကြီးဖန်း၊ မင်းတောင့်ခံထားရမယ်။ ”
မိုကန်ချူက စိုးရိမ်တကြီးဖြင့် ဖျင်ကြမ်းအင်္ကျီဝတ်ထားသော အဘိုးကြီးထံ ငုံ့ကြည့်ကာ နှစ်သိမ့်လိုက်သည်။
ထိုအဘိုးကြီးသည် ကြမ်းတမ်းစွာ တိုက်ခိုက်ခြင်းခံထားရကာ အသားအရေများ၌ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင်အမှတ်အသားများ ပေါ်နေ၏။
သူ့အသက်ဓာတ်သည် ထိုအစိမ်းရောင် အမှတ်အသားများကြောင့် တဖြည်းဖြည်းဖြင့် ယိုယွင်းလာသည်။ မြေပြင်၌ လှဲလျောင်းလျက် နာကျင်မှုကြောင့် ကွေးညွှတ်နေ၏။
“ ငါတို့ မလာသင့်ဘူး မင်တို့ ငါ့ကိုထားပြီး ထွက်သွားကြ။ ”
ဖျင်ကြမ်းအင်္ကျီနှင့် အဘိုးကြီးက လေသံတိုးတိုးဖြင့် အားနည်းစွာ ပြောကြား လိုက်လေသည်။
“ လက်ဖဝါးအရွယ် ခြင်တစ်ကောင် ကိုက်လိုက်ရုံနဲ့ ငါ့ကိုဒီလိသေမတတ်ဖြစ်သွား လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ”
ဤအဖြစ်အပျက်သည် လူတိုင်းကို ကြောက်ရွံ့သွားစေခဲ့သည်။ သတိကြီးစွာဖြင့် သူတို့သည် လမ်းတစ်လျှောက် အန္တရာယ်များကို ဖြတ်ကျော်နိုင်ခဲ့ကြ၏။
သို့သော် သူတော်စင်အင်မော်တယ် တစ်ပါးသည် ခြင်တစ်ကောင်ကြောင့် သေဆုံး သည်အထိ ခံစားရလိမ့်မည်ဟု မမျှော်လင့် ထားကြချေ။
ငွေရောင်လက်တံများဖြင့် တောင်ပံရှစ်စုံပါရှိသော သွေးနတ်ဆိုးခြင်ငယ်၊ ကြေးဝါပုရွက်ဆိတ်များနှင့် အဆိပ်ဖားများသည် အလွန်အစွမ်းထက်ချေပြီ။
ဖျင်ကြမ်းအင်္ကျီဝတ်ထားသော အဖိုးကြီးသည် ဥပမာဖြစ်၏။ ဤအချိန်မျိုးတွင် မည်သူမျှ ငရဲမီးတောက်တာအိုသစ်သီးကို မျှော်လင့်ဝံ့ခြင်း မရှိတော့ချေ။
သို့သော် စိတ်ပျက်စရာကောင်းသည်မှာ သူတို့အားလုံး ဤကျယ်ပြောလှသောမြူအတွင်း ပိတ်မိနေချေပြီ။ ဆုတ်ခွာလိုသော်မှ မလုပ်နိုင် တော့ချေ။
“ နောက်ဆုံးတော့ ငါတို့ ဒီအနက်ရောင် မြူတောင်ကြားကို လျော့တွက်နေမိခဲ့ကြတာပဲ အင်မော်တယ်ဘုရင်တစ်ပါးတောင် ဒီဒုက္ခကို ကျော်လွှားနိုင်မယ် မထင်ဘူး။ ”
တစ်စုံတစ်ဦးမှ ကူကယ်ရာမဲ့စွာ ညည်းတွားလိုက်လေသည်။ အခြားသူတစ်ဦးက နက်ရှိုင်းသောအသံဖြင့်၊
“ ဘာတွေ စိတ်ပျက်နေတာလဲ အရေးကြီးဆုံးက ဒီနေရာကနေလွတ်မြောက်ဖို့ နည်းလမ်းမြန်မြန်ရှာပါ။ ”
“ ဟမ့် ... လွတ်မြောက်ချင်တာလား ... ဘယ်သူကဒီလို ဆန္ဒမရှိဘဲနေမလဲ နေရာတိုင်း အန္တရာယ်တွေနဲ့ပြည့်နှက်နေပြီ။ ”
ငြင်းခုံသံများဖြင့် ချက်ချင်း ပွက်လောရိုက်ကုန်သည်။ ဒဏ္ဍာရီကဲ့သို့သော အစွမ်းထက်လွန်းသော သူတို့သည် ယခုအချိန်၌ ပုရွက်ဆိတ်ကိုက်လျှင်ပင် သေဆုံးနိုင်ချေရှိ၏။
“ ဝုန်း ... ဝုန်း ... ။ ”
ထိုစဉ် ရုတ်တရက် ကောင်းကင်နှင့် မြေကြီးသည် ပြင်းစွာ တုန်ခါသွားပြီး တောင်နှင့် မြစ်များ ပြိုကျလာတော့သည်။
ဤသည်မှာ ပေထောင်ပေါင်းများစွာ မြင့်မားနေသောဧရာမပုံရိပ်ကြီး သူတို့ထံပါးသို့ လျှောက်လှမ်းလာနေခြင်းဖြစ်၏။
“ အဲဒါဘာလဲ ... ။ ”
မြူအတွင်း သူတို့အားလုံးကို ဝိုင်းရံနေသော အဆိပ်ပိုးမွှားများသည် ချက်ချင်း ဆုတ်ခွာလျက် ပျောက်ကွယ်သွားကြ၏။
“ မကောင်းတော့ဘူး၊ အဲဒီနတ်ဆိုးက ဒီဘက်ကိုလာနေပြီ။ ”
တစ်စုံတစ်ဦးမှ အော်ဟစ်လိုက်သည်။
“ ဆုတ်ခွာ၊ မြန်မြန်ဆုတ်ခွာ။ ”
မိုကန်ချူမှ ချက်ချင်း အမိန့်ပေးလိုက်၏။ သူတို့သည် ပိုးမွှားများကိုပင် သေဆုံးလုမတတ် ခုခံနေရသည်ဖြစ်ရာ ဤနတ်ဆိုးကြီးအပေါ် ရင်ဆိုင်ရန် ယုံကြည်ချက် မရှိတော့ချေ။
“ ဝူး ... ။ ”
ထိုစဉ် နတ်ဆိုးကြီးထံမှ လက်တစ်ဖက်က ကောင်းကင်ပြိုကျလာသည့်အလား သူတို့ထံသို့ ပြုတ်ကျလာချေပြီ။
လေဟာနယ် ပြိုကျလျက် သူတော်စင် အင်မော်တယ်များ၏ တာအိုဥပဒေများအားလုံး ရပ်တန့်ကုန်၏။ လူတိုင်း လေထုအလယ် အေးခဲသွားလေသည်။
တစ်ခုတည်းသော အတွေးမှာ ဤတွင်နိဠိတံသွားချေပြီ။ သို့သော် ထိုလက်ကြီး မိုကန်ချူထံ ရောက်ရှိလာချိန်၌ အမိန့်ပုံစံတစ်ခု ရုတ်တရက်ပေါ်လာပြီး ဓားတစ်လက်အဖြစ် ပြောင်းလဲထွက်ပေါ်လာခဲ့၏။
“ ဝမ် ... ။ ”
ကြီးမားလှသော လက်ဖဝါးကြီးရှေ့၌ လုံးဝအရေးမပါလှသော ဓားငယ်လေးအလား ပေပင်။ သမုဒ္ဒရာထဲက ရေစက်လေး တစ်စက်နှင့်တူနေ၏။
သို့သော် ကျဆင်းလာသော လက်ဖဝါးကြီးသည် ထိုဓားငယ်လေးကိုမြင်ချိန်၌ ကြောက်စရာကောင်းသော နတ်ဘုရားတစ်ပါး မြင်လိုက်ရသကဲ့သို့ ချက်ချင်း ဆုတ်ခွာ ပျောက်ကွယ်သွားချေပြီ။
တစ်ဆက်တည်းမှာပင် ကြောက်ရွံ့မှုနှင့် မသက်မသာဖြစ်သောခံစားချက်များ ထိုနတ်ဆိုး မျက်ဝန်းထဲထင်ဟပ်လာ၏။
“ ချွင် ... ချွင် ... ဘောင်း။ ”
သူ့ခန္ဓာကိုယ်ပေါ်ရှိ ချည်နှောင်ထားသော သွေးသံကြိုးကြီးများ တုန်ခါ ကွဲအက်သွားခဲ့၏။ ထိုမြင်ကွင်းကြောင့် မိုကန်ချူတို့အဖွဲ့မှာ အသက်ပြင်းပြင်းရှူုခွင့်ရလာသည်။
သူတို့ ယနေ့သေကံ မရှိသေးချေ။ အချင်းချင်းအကြည့်များ ဖလှယ်လိုက်ကြကာ စုရီ ပေးထားသော တံဆိပ်ကို ထုတ်ယူလိုက်၏။
အလင်းများ တလက်လက်တောက်ပလျက် ထိုထူးဆန်းပြီး ကြောက်စရာကောင်းသောဧရာမ နတ်ဆိုးကို ခြေတစ်လှမ်း ဆုတ်သွားစေခဲ့သည်။
***