အခန်း ၁၁၈၃
Vol. 99 Ch. 1183
အခန်း ၁၁၈၃ –
ဘယ်လောက်တောင် မာနကြီးလိုက်လဲ။
ကြေးမုံရေကန်၏ မျက်နှာပြင်သည် မှန်ချပ်တစ်ခုအလား ငြိမ်သက်ချောမွေ့နေပြီး မည်သည့်လှိုင်းတံပိုးမျှ မရှိချေ။
ဤရေကန်သည် ကျယ်ပြောလှသော သမုဒ္ဒရာကြီးကဲ့သို့ အဖြူရောင်မြက်ခင်းပြင် နယ်နိမိတ်အစပ်တွင် တည်ရှိသည်။
ထိုအချိန်၌ ကြေးမုံရေကန်၏ ကမ်းခြေတစ်လျှောက်တွင် ကျင့်ကြံသူများဖြင့် ပြည့်နှက်နေပြီဖြစ်၏။
ရှေ့ဆုံးတန်းတွင် ပွဲကြည့်စင်မြင့်နှင့် ထိုင်ခုံတန်းများရှိပြီး ကျော်ကြားသော အထူး ပုဂ္ဂိုလ်များနှင့် ရာထူးကြီးမားသူ အများအပြား နေရာယူထားကြသည်။
ရေကန်၏ အလယ်ဗဟိုတွင်မူ ပေတစ်ထောင်ခန့်ကျယ်ဝန်းသော တိုက်ပွဲ စင်မြင့်တစ်ခု ရှိနေ၏။
မှောင်ရီပျိုးစချိန်ဖြစ်ရာ နေဝင်ဆည်းဆာအလင်းများသည် မီးလျှံပမာ တောက်ပလျက် လိမ္မော်ရောင်ခြည်တန်းများက ရေကန်မျက်နှာပြင်ပေါ်သို့ ထင်ဟပ်နေသည်။
ဖူယွင်ကျုံး၏ ဦးဆောင်မှုဖြင့် စုရီနှင့် ဖန်ဟန်သည် မည်သည့်အတားအဆီးမျှမရှိဘဲ ကြေးမုံရေကန်သို့ ရောက်ရှိလာခဲ့သည်။
“ နှမြောစရာပဲ၊ ငါတို့ နည်းနည်း နောက်ကျသွားတယ် ဒီကြေးမုံရေကန် ဧည့်ခံပွဲ ပြီးဆုံးတော့မယ်။ ”
ဖူယွင်ကျုံးမှ နှမြောတသစွာ ဆိုလိုက်သည်။
“ ဒါပေမဲ့ တကယ့်ပွဲကောင်းကတော့ မလွတ်သေးပါဘူး နောက်လာမယ့် ပွဲစဉ်က ချန်ပီယံနေရာလုပွဲပဲ ဒါက ဒီပွဲတော်တစ်ခုလုံးမှာ လူအများဆုံး မျှော်လင့်စောင့်စားနေကြတဲ့ နောက်ဆုံးတိုက်ပွဲလည်း ဖြစ်တယ် ...
... တိုက်ခိုက်ကြမယ့်လူ နှစ်ယောက်က အမည်ခံအင်မော်တယ်အဆင့်ရဲ့ ပထမနေရာကို ရရှိထားတဲ့ တန်ဝေဟန်နဲ့ ဒုတိယနေရာက မန်ရှင်းကွမ်တို့ပဲ။ ”
ဖူယွင်ကျုံးမှ ပြုံးရွှင်စွာ ထပ်မံဖြည့်စွက် ပြောကြားလာသည်။ စုရီကခေါင်းညိတ်လိုက်ပြီး ကုလားထိုင်ကိုထုတ်ကာ အေးဆေးစွာ ထိုင်ချလိုက်သည်။
ဖူယွင်ကျုံးမှ ထိုသူနှစ်ဦးအကြောင်းကို အသေးစိတ်မိတ်ဆက်ပေးရန်ပင် မလိုတော့ချေ။ အဘယ်ကြောင့်ဆိုသော် ကမ်းခြေတစ်ခုလုံးတွင် သူနှစ်ဦး၏ တိုက်ပွဲအကြောင်း ဆွေးနွေးသံများ ထွက်ပေါ်လာနေသောကြောင့် ဖြစ်သည်။
တန်ဝေဟန်ဟူသည် ရှေးဟောင်း တန်မျိုးနွယ်မှ တိုက်ရိုက်ဆင်းသက်လာသူပင်။ တန်မျိုးနွယ်စုသည် ဓမ္မအဆုံးခေတ်မတိုင်မီ ကျော်ကြားလှသော အင်မော်တယ်ဘုရင်အဆင့် အင်အားစုတစ်ခု ဖြစ်သည်။
သူတို့ဘိုးဘေးများထဲတွင် အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားသူများပင် ရှိခဲ့သည်ဟု ကောလာဟလများ ထွက်ပေါ်နေ၏။
လက်ရှိအချိန်၌မူ ရှေးဟောင်း တန်မျိုးနွယ်စု၏ စွမ်းအားမှာ 'ထိုက်ချင်းဂိုဏ်း' နှင့် ကြာပန်းကျောင်းတိုက်ကဲ့သို့ ဘီလူးကြီးများ ကိုပင် ရင်ဘောင်တန်းနိုင်သည်။
တန်ဝေဟန်သည် ထိုမျိုးနွယ်စုတွင် အမ်ညခံအင်မော်တယ်အဆင့် ကျင့်ကြံသူများ အနက် အထူးချွန်ဆုံးဖြစ်ပြီး ပြိုင်ဘက်ကင်း ပါရမီရှင်အဖြစ်သတ်မှတ်ခံထားရသည်။
သက်တမ်းမှာ နှစ်တစ်ရာခန့်သာ ရှိသေးသော်လည်း အံ့မခန်း အရှိန်အဟုန်မျိုးဖြင့် ကျော်ကြားတိုးတက်ခဲ့၏။
အလားတူပင် မန်ရှင်းကွမ်သည်လည်း ပါရမီရှင်ဖြစ်ကာ ချင်းယာအကယ်ဒမီ၏ တပည့် တစ်ဦးဖြစ်လေသည်။
ချင်းယာအကယ်ဒမီသည် အင်မော်တယ်မြေတွင် ကျော်ကြားလှသော အကယ်ဒမီတစ်ခုပေပင်။
ယနေ့တွင် တန်ဝေဟန်နှင့် မန်ရှင်းကွမ်တို့ နှစ်ယောက်စလုံးသည် အတားအဆီးများစွာကို ကျော်လွှားကာပြိုင်ဘက်အားလုံးကို တစ်ပွဲမျှ မရှုံးထားချေ။
ထို့နောက် သူတို့နှစ်ဦး၏ နောက်ဆုံးပွဲစဉ် စတင်တော့မည်ဖြစ်ရာ လူတိုင်း၏အာရုံစိုက်မှု အပေါ် အပြည့်အဝ ရရှိထားသည်။
ဖန်ဟန်သည်ပင် ဆူပွက်နေသော လေထုကြောင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက် လာကာ သွေးများဆူပွက်လာသည်။ ခေါင်းမာပြီး မာနကြီးသော မျက်ဝန်းများ၌လည်း တောင့်တမှု အရိပ်အယောင်များ ပေါ်လာတော့၏။
“ ဒီနှစ်ယောက်မှာ ဘယ်လိုများ စွမ်းဆောင်ရည်မျိုးရှိနေလို့ ဒီလောက်တောင် လူတွေ လေးစားနေကြတာလဲ။ ”
ထိုစကားကြောင့် ဘေးတွင် ရပ်နေသော ဖူယွင်ကျုံးက ပြုံးပြလိုက်ပြီး၊
“ သူတို့က တကယ်ကို အနိုင်ယူရခက်တဲ့ ပါရမီရှင်တွေပါ ဒါပေမယ့် ... သူတို့ကို ဒီလိုမျိုး ချီးကျူးဖို့ဆိုတာ ဒီနေ့တော့ မလိုတော့ပါဘူး။ ”
-ဟု ဆိုကာ ကုလားထိုင်ပေါ်ရှိ စုရီထံသို့ လှမ်းကြည့်လိုက်တော့သည်။ စိတ်ထဲတွင်လည်း စုရီသည်သာ နားမလည်နိုင်စရာအကောင်းဆုံး ဘီလူးတစ်ကောင်ဖြစ်နေချေပြီ။
အဆင့်အတန်းအရဆိုလျှင်ပင် သူသည် တန်ဝေဟန်နှင့် မန်ရှင်းကွမ်ထက် များစွာပိုပြီး လျှို့ဝှက်ဆန်းကြယ်၏။
အနည်းဆုံးတော့ ထိုပြိုင်ဘက်ကင်း ပါရမီရှင်နှစ်ယောက်ဟူသည် အဆင့်အတန်းအရ သူတော်စင်အင်မော်တယ်များနှင့် တစ်ဝိုင်းတည်း ထိုင်သောက်ရန် အရည်အချင်း မပြည့်မီသေးချေ။
တစ်ဖက်တွင်မူ စုရီသည် သူတော်စင် အင်မော်တယ်ဖြစ်သော သူသည်ပင် အစေခံရန် အသင့်ဖြစ်နေခဲ့၏။ သည်သို့ ယှဉ်နိုင်မည်နည်း။
“ ကျင့်ကြံခြင်းလမ်းမှာ ကျင့်ကြံမှုအဆင့် တစ်ခုတည်းနဲ့တော့ တိုက်ပွဲဝင်စွမ်းအားအပေါ် ကိုယ်စားမပြုနိုင်ပါဘူး ဒါပေမဲ့ သူတို့နှစ်ယောက် သာမန်မဟုတ်တာတော့ သေချာတယ်။ ”
စုရီမှ မှတ်ချက်ပေးလိုက်သည်။ သူတို့ စကားပြောနေစဉ်အတွင်း ရုတ်တရက်ဆူညံသံ အချို့ ထွက်ပေါ်လာ၏။ လူတိုင်း စိတ်အား ထက်သန်စွာ မျှော်လင့်နေကြသော နောက်ဆုံး တိုက်ပွဲ စတင်တော့မည် ဖြစ်သည်။
ကြေးမုံရေကန်၏ အလယ်ဗဟို တိုက်ပွဲစင်မြင့်ပေါ်တွင် ပုံရိပ်နှစ်ခုဆင်းသက် လာလေသည်။
တစ်ဦးမှာ ကျောက်စိမ်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များသည် ခါးအထိ ဖြာကျနေ၏။ နဂါးနှင့်ဖီးနစ်ကဲ့သို့ ကျက်သရေ ရှိချေပြီ။ ဤသည်မှာ တန်ဝေဟန်ပေပင်။
အခြားတစ်ဦးသည် စာပေသမားဝတ်စုံကို ဝတ်ဆင်ထားပြီး ထူးခြားသောအသွင်အပြင်နှင့် ကျောက်စိမ်းပေတံကိုကျောတွင် လွယ်ထားကာ ဝတ်ရုံစများ တဖျပ်ဖျပ် လှုပ်ခတ်နေသည်။ ဤသည်မှာ မန်ရှင်းကွမ်ဖြစ်၏။
“ ဒီနှစ်ယောက်က တကယ်ကို ထူးချွန်ကြတယ် တစ်ယောက်က တန်မိသားစုရဲ့ လေဟာနယ်ပျက်စီးခြင်း ဝိညာဉ်ကျမ်းကို ကျင့်ကြံထားပြီး ...
... မွေးရာပါဓာတ်စင်ငါးပါးခန္ဓာကို ပိုင်ဆိုင်ထားတယ် သူ့ရောင်ဝါကပြီးပြည့်စုံနေပြီ လုံးဝအပြစ်အနာအဆာ ကင်းစင်တယ် ...
... မမျှော်လင့်ထားတဲ့ ဘေးမရှိရင် မကြာခင်မှာပဲ သူဟာ ဗလာနယ်ပယ်အဆင့်ကို တက်လှမ်းနိုင်တော့မယ် ...
... နောက်တစ်ယောက်က ချင်းယာအကယ်ဒမီရဲ့ ရှေးဟောင်းကျမ်းစာအုပ် လေးအုပ်ထဲက တစ်ခုဖြစ်တဲ့ အသူရာပင်လယ် ကျမ်းကို ကျင့်ကြံထားတယ် ...
... သူရဲ့ရောင်ဝါအရ ပုံသဏ္ဌာန်မဲ့ဆင် အဆင့်ကို ရောက်ရှိနေပြီး ဒါကြောင့်ရောင်ဝါမှာ ပင်လယ်ပြင်လိုကျယ်ပြန့်ပြီး လေးနက်တယ် တကယ် ထူးချွန်ကြတယ်။ ”
စုရီက လူငယ်နှစ်ယောက်ကို သုံးသပ် ပြလိုက်သည်။ တန်ဝေဟန်နှင့် မန်ရှင်းကွမ်သည် အမှန်ပင် ချီးကျုးစရာကောင်းသည့် အုတ်မြစ်မျိုး ပိုင်ဆိုင်ထားချေပြီ။
အကယ်၍ မမျှော်လင့်ထားသော မတော်ဆမှုများမရှိပါက အင်မော်တယ်ဘုရင် အဆင့်သို့ အခက်အခဲမရှိ ရောက်ရှိနိုင်မည်။
ဓမ္မအဆုံးခေတ် ကုန်ဆုံးပြီးနောက် အင်မော်တယ်မြေသည် ရွှေခေတ်သို့ ဝင်ရောက် လာပုံရလေသည်။
အငြိမ်မသက်ဖြစ်သော ခေတ်သည် သူရဲကောင်းများကို မွေးဖွားပြီး၊ ကြွယ်ဝသော ခေတ်တွင် ထူးချွန်သော ပါရမီရှင်များကို မွေးဖွားပေးစမြဲပေပင်။
“ တာအိုစုရဲ့ အမြင်က တကယ်ပဲထက်မြက်ပါပေတယ်။ ”
ဖူယွင်ကျုံးမှ အံ့အားသင့်စွာ ချီးကျူးလိုက်သည်။ သူ့ကဲ့သို့ဂုဏ်သိက္ခာရှိသော သူတော်စင်အင်မော်တယ်ပင် တန်ဝေဟန်နှင့် မန်ရှင်းကွမ်တို့ကို မမြင်နိုင်ချေ။
တစ်ဖက်လူမှာမူ တစ်ချက်ကြည့်ပြီး ကျင့်ကြံမှုနည်းစနစ်နှင့် အုတ်မြစ်ကို ပေါ့ပါးစွာ ထုတ်ဖော်ပြောဆိုနိုင်ခဲ့သည်။ စုရီမှ ပြုံးရုံသာ ပြုံးပြီး စကားမဆိုတော့ချေ။
ထိုအချိန်တွင် ပွဲကြည့်စင်မြင့်၏ အမြင့်ဆုံးနေရာ၌ ဆံပင်ဖြူနှင့် မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးက ထရပ်လာကာ၊
“ မိတ်ဆွေတို့ ... ပြိုင်ပွဲစတင်နိုင်ပါပြီ။ ”
- ဟု ကြေညာလိုက်တော့သည်။
ဤမီးခိုးရောင်ဝတ်ရုံဝတ် အဖိုးအိုသည် နတ်ယန္တရားခန်းမမှ အကြီးအကဲဖြစ်လေသည်။ သူ့အမည်မှာ ချူးပိုင်ချန်ဖြစ်ပြီး ခွန်အားအရာ၌ မယုံနိုင်လောက်အောင် မြင့်မားချေပြီ။
သူ့အသံ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်မှ ဆွေးနွေးသံများ ချက်ချင်း ရပ်တန့်သွားပြီး လူတိုင်းတိတ်ဆိတ်ကုန်၏။
“ ခဏနေပါဦး။ ”
ထိုအချိန်မှာပင် ရုတ်တရက် ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာ တော့သည်။
လေထုအလယ်တွင် လူတစ်ဦး ရုတ်ချည်းပေါ်လာသည်။ ဆံပင်ရှည်များဖရိုဖရဲ ဖြစ်နေပြီး မျက်နှာသည် ကျောက်တုံးပမာ အေးစက်တင်းမာနေ၏။
သတ်ဖြတ်လိုစိတ်များမှာ ပတ်ဝန်းကျင်တစ်ခုလုံးအပေါ် ပြန့်နှံ့လာသည်။ သူ့နောက်ကျော၌ အလောင်းများနှင့် သွေးပင်လယ်ကြီး ဝိုးတဝါးပေါ်နေ၏။
“ ဒီကနေ့ကြေးမုံရေကန် အင်မော်တယ်ဧည့်ခံပွဲကို ငါလီဖန်းဟန်မပါဘဲ ဘယ်လိုများ ပြီးပြည့်စုံနိုင်မှာလဲ။ ”
လူငယ်က မောက်မာစွာဖြင့် ပြုံးကာ ဆိုလိုက်တော့သည်။ လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။ သူတို့သည် ဤလီဖန်းဟန်ဟု အမည်ရသော လူငယ်ကို မသိကြချေ။
ဝါးကုလားထိုင်တွင် ထိုင်နေသော စုရီတစ်ဦးတည်းသာ မျက်မှောင်ကုတ်လျက် ထိုလူငယ်ထံစိုက်ကြည့်ပြီး နားမလည်နိုင်သော အလင်းရောင်များ တောက်ပနေခဲ့၏။
“ ကောင်လေး ... ချက်ချင်းထွက်သွားစမ်း၊ စည်းမျဉ်းတွေကို ချိုးဖောက်ချင်တာလား မင်းမှာ အသက်ရှင်ရတာ ညည်းငွေ့နေပြီလား။ ”
အကြီးအကဲတစ်ဦးက ထရပ်ကာ လေးနက်သောအမူအရာဖြင့် အော်ငေါက်လိုက် လေသည်။ သို့သော် လီဖန်းဟန်ဆိုသည့် လူက လက်ပိုက်လျက် တည်ငြိမ်စွာဖြင့်၊
“ သက်ကျားအိုကြီး ... မင်းစကားကို သတိထားပြောပါ ... ဒီပွဲတော်ရဲ့စည်းမျဉ်းအရ ဗလာနယ်ပယ်ကို မရောက်သရွေ့ ဘယ်သူမဆို စိန်ခေါ်ခွင့်ရှိတယ် မဟုတ်လား။ ”
-ဟု ခွံ့တုန့်ပြန်လာ၏။
သူ့စကားကြောင့် လူတိုင်းအကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နတ်ယန္တရားခန်းမ၏ အကြီးအကဲချူးပိုင်ချန်က၊
“ တကယ်တော့ ဒီလိုစည်းမျဉ်းမျိုး ရှိနေခဲ့တာ မှန်ပါတယ် ဒါပေမဲ့ အခုချိန်မှာတော့ မင်းနောက်ကျသွားပြီ နောက်ဆုံးပွဲစဉ်ကို ငါတို့ စတင်တော့မယ် ...။ ”
-ဟု ယဉ်ကျေးစွာ ငြင်းပယ်လိုက်၏။ လီဖန်းဟန်မှ ဂရုမစိုက်ဘဲ၊
“ တိုက်ပွဲက မစသေးဘူး ဒါဆို ငါဘာလို့နောက်ကျရမှာလဲ။”
-ဟု တုန့်ပြန်လာလေသည်။
လီဖန်းဟန်သည် ယုံကြည်မှုလွန်ကဲနေ၏။ သို့သော် မည်သူမျှ သူ့ကို လျှော့မတွက်ရဲကြချေ။ ဤကဲ့သို့သောအချိန်အခါမျိုး၌ စိန်ခေါ်ဝံ့သည့် ယုံကြည်မှုမှာ သူတို့ကို သတိထားစေခဲ့၏။
“ မင်း ဘယ်သူ့ကို စိန်ခေါ်ချင်လို့လဲ။ ”
တန်ဝေဟန်က ဝင်ရောက် မေးမြန်းလိုက်သည်။ လီဖန်းဟန်မှ သူတို့ထံ လှည့်ကြည့်လိုက်ကာ၊
“ မင်းတို့ ဆယ်ယောက်လုံးကို စိန်ခေါ်မယ်။ ”
-ဟု ဖြေကြားလိုက်တော့၏။
သူ့အသံသည် ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်သွားသည်။ ကြေးမုံရေကန်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွား၏။
“ ဒီကောင်က အရမ်း မာနကြီးတာပဲ။ ”
“ သူ ဒီလိုကြွားဝါရဲတဲ့ သတ္တိကို ဘယ်ကရတာလဲ။ ”
“ ဆယ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ချင်နေတာလား ဒါ ... တန်ဝေဟန်နဲ့ မန်ရှင်းကွမ်ကို လုံးဝ အလေးမထားတာပဲ။ ”
များမကြာခင် လူအုပ်ကြီးထံမှ ဆူညံသံများ ပြန်လည်ထွက်ပေါ်လာလေသည်။ ဒေါသတကြီး လူတိုင်းအော်ဟစ်ကုန်ကြ၏။
ချူးပိုင်ချန်သည်ပင် မျက်နှာတစ်ပြင်လုံး အေးစက်တင်းမာသွားချေပြီ။ နောက်ဆုံးပွဲစဉ် မတိုင်မီတွင် ဤကဲ့သို့ မမျှော်လင့်ထားသော အနှောက်အယှက်မျိုး ဝင်ရောက်လိမ့်မည်ဟု မထင်ထားချေ။
“ အဲဒီလူက အရမ်းမောက်မာတယ်။ ”
ဖန်ဟန်မှ မှတ်ချက်ပေး၏။ စုရီက သက်ပြင်းချလျက်၊
“ သူ မောက်မာနေတာ မဟုတ်ဘူး ဒီပွဲကိုပြဿနာရှာဖို့ ရည်ရွယ်ပြီး တမင်ကို ရောက်လာတာ။ ”
-ဟု ပြောကြားလိုက်သည်။
ဖူယွင်ကျုံးမှ တစ်စုံတစ်ရာကို သဘောပေါက်သွားသည့်အလား မျက်မှောင် ကြုတ်လျက်ဖြင့်၊
“ တာအိုစု ... ဒီလူငယ်ရဲ့ နောက်ခံကို မင်းသိနေတာလား။ ”
- ဟု မေးမြန်းလေသည်။
“ မကြာခင်မှာ ငါတို့သိရမှာပါ။ ”
စုရီမှ မတင်မကျဖြေကြားလိုက်၏။ တိုက်ပွဲစင်မြင့်တွင် မန်ရှင်းကွမ်နှင့်တန်ဝေဟန်မှ ဒေါသများ ပေါက်ကွဲလာပြီး၊
“ မင်းက မန်ရှင်းကွမ်နဲ့ ငါ့ကို လုံးဝ အလေးမထားတာပဲ။ ”
-ဟု ဆိုလိုက်သည်။
“ ဟား ဟား ဟား ... မင်းပြောတာ မှန်ပါတယ် ငါမင်းတို့အပေါ် အလေးမထားဘူး ပြီးတော့ မင်းတို့အပြင် နောက်ထပ်ပါရမီရှင်လို့ ခေါ်နေတဲ့ ငတုံးရှစ်ယောက်လည်းပါတယ်။ ”
***