← Chapters

အခန်း ၁၁၈၄

Vol. 99 Ch. 1184

အခန်း ၁၁၈၄

Vol. 99 Ch. 1184

အခန်း ၁၁၈၄ –

ငါ့ကို ခွင့်ပြုပါ ... ။

လီဖန်းဟန်၏ ကျယ်လောင်လှသော ရယ်မောသံသည် တိုက်ပွဲကွင်းပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။ ထိုအသံသည် လူတိုင်း၏ နားစည်ကို ကွဲလုမတတ် တုန်ခါစေ၏။

“ ရဲရင့်တယ် ... ။ ”

တန်ဝေဟန်၏ မျက်နှာအမူအရာ မည်းမှောင်သွားကာ အင်္ကျီလက်ကို ဝှေ့ယမ်း၍ လီဖန်းဟန်ထံသို့ ချက်ချင်းတိုက်ခိုက်လိုက်၏။

“ ဝုန်း ... ။ ”

သူ့လက်ဖဝါးရိုက်ချက်မှာ တောက်ပသော ဓားအလင်းတန်းများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကြား ဧရာမဓားအလင်း တစ်လက်အဖြစ် ပြေးထွက်သွားသည်။

ထိုအဆင့်ရှိသော တိုက်ခိုက်မှုသည် သာမန်ဗလာနယ်ပယ် အင်မော်တယ်အဆင့် အချို့ကိုပင် အလွယ်တကူ သတ်ပစ်နိုင်၏။

သို့သော် လီဖန်းဟန်မှာမူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏မျက်ဝန်းများအတွင်း လူသတ်ချင်စိတ်များ ထွက်ပေါ်လာသည်။

ထို့‌နောက် ရုတ်ချည်းလက်သီးတစ်ချက် ပစ်သွင်းလိုက်တော့၏။ နတ်ဘုရား မီးလျှံများ ပျံ့နှံ့သွားပြီး နေရာအနှံ့ပျံ့နှံ့သွားလေသည်။

တန်ဝေဟန်တစ်ယောက်ခမျာ မျက်ဝန်းများမှေးစင်းလျက် စိုးရိမ်ပူပန်သော အသွင်ဖြင့် ဆုတ်ခွာသွားရတော့၏။ ဤလူ၏ စွမ်းအားသည် အံ့ဩစရာကောင်းအောင် ပြင်းထန်လှလေသည်။

သူဟူသည် အမည်ခံ အင်မော်တယ် အဆင့်တွင် ပထမနေရာ၌ ရပ်တည်နေသူဖြစ် သော်ငြားလည်း လက်သီးတစ်ချက်တည်းဖြင့် နောက်ဆုတ်ခဲ့ရ၏။

သူတော်စင် အင်မော်တယ်များပင် သိသိသာသာ အံ့အားသင့်သွားပြီး မျက်နှာများ တည်ကြည် လေးနက်သွားကြလေသည်။

လီဖန်းဟန်သည် မာနထောင်လွှားပြီး ဒေါသထွက်ဖွယ်ကောင်းသော်လည်း သူခွန်အား မှာမူ ကြောက်စရာကောင်းချေ၏။

“ ဒီလိုကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ ပါရမီရှင်မျိုး ... ဘယ်တုန်းကများ အင်မော်တယ် နယ်မြေမှာ ပေါ်ထွက်ခဲ့တာလဲ။ ”

ချူးပိုင်ချန်မှ မျက်ခုံးတွန့်လျက် ရေရွတ်လိုက်တော့သည်။ သူသည် နတ်ယန္တရား ခန်းမမှဖြစ်ပြီး ဤနေရာရှိ လူအားလုံးထက်ပင် သတင်းအချက်အလက်များ ပိုမိုကြွယ်ဝ၏။

သို့သော် လီဖန်းဟန်၏ မူလကိုမူ မမြင်နိုင်ဖြစ်နေ၏။ ယင်းသည် သံသယဖြစ်စရာ မလိုဘဲ အလွန် ထူးဆန်းလှလေသည်။

“ ငါပြောခဲ့တယ် မဟုတ်လား မင်းတို့ ဆယ်ယောက်လုံးတစ်ပြိုင်နက်တည်း ဝင်လာလို့ ရတယ်လို့ ... ။ ”

လီဖန်းဟန်မှ အေးစက်စွာဖြင့် နှာခေါင်းရှုံ့ပြလိုက်ပြီး သူ့မျက်ဝန်းများထံတွင် လှောင်ပြောင်မှုများ တောက်ပနေ၏။

တန်ဝေဟန်သည် စကားမဆိုဘဲ အသက်ကိုပြင်းပြင်းရှူသွင်းပြီး နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်သည်။

ယခုတစ်ကြိမ်တွင် သူ လုံးဝ မတွန့်ဆုတ်တော့ဘဲ ကျင့်ကြံမှုအပြည့်အဝ ထည့်သွင်းလိုက်ရာ နောက်ဆုံးတိုက်ခိုက်မှုထက် သိသိသာသာ ပိုမိုအားကောင်းလာ၏။

“ ဝုန်း ... ။ ”

ကြီးကျယ်သော တိုက်ပွဲကြီးတစ်ခု စတင်ဖြစ်ပွားခဲ့သည်။ သို့သော် ခဏအကြာတွင် တန်ဝေဟန်သည်ဆံပင်များ ရှုပ်ပွလျက် နောက်သို့ ထပ်မံလွင့်စင်သွားပြန်၏။

သူပုံစံမှာ အလွန်ပင် စိတ်ဆင်းရဲစရာ ကောင်းနေလေသည်။ လီဖန်းဟန်သည် လွန်စွာ အစွမ်းထက်လွန်းလှ၏။

တိုက်ခိုက်မှုများသည် ရိုးရှင်းပြီး ရပ်တန့်၍မရသော သတ္တိများနှင့် ပြည့်နှက်နေ တော့သည်။

သူ တိုက်ခိုက်သည့်အခါတွင် ကြောက်မက်ဖွယ်ကောင်းပြီး သွေးစွန်းနေသော အန္တရာယ်ရှိနေသည့် စွမ်းအင်များပတ်ဝန်းကျင်၌ မြင့်တက်လာချေ၏။

သတ်ဖြတ်လိုသော ရည်ရွယ်ချက်များက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသည်။ သွေးစွန်းနေသောသတ်ဖြတ်ခြင်း နတ်ဘုရား တစ်ပါးနှင့်ပင် တူလှ၏။

ရှိနေသူများအားလုံး တုန်လှုပ် ချောက်ချားသွားကြပြီး မျက်လုံးများပြူးကျယ် ကုန်ကာ စကားပင် မဆိုနိုင်တော့ချေ။

အမည်ခံအင်မော်တယ်အဆင့် ထိပ်ဆုံး ကျွမ်းကျင်သူသည် သူ့စွမ်းအားထုတ်သုံးပြီးသည့် နောက်၌ပင် ဤမျှအထိနာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့သည်မှာ သဘာဝပေပင်။

လီဖန်းဟန်မှ ခေါင်းကိုနောက်လှန်၍ ရယ်မောပြီး မန်ရှင်းကွမ်ထံသို့ ပြေးဝင်သွားကာ၊

“ မင်းပါ ပူးပေါင်းလိုက်စမ်း။ ”

-ဟု အော်ဟစ်လိုက်၏။

“ အသက်ဝင် ... ။ ”

မန်ရှင်းကွမ်က အင်္ကျီလက်များ လေထဲလှိုင်းထလျက် လက်တံဆိပ်များဆင့်ကာ ဖွဲ့စည်းကာကွယ်လိုက်သည်။

အင်မော်တယ်တာအို၏ မရေမတွက်နိုင်သော ဆန်းကြယ်လွန်းလှသည့် နတ်ဘုရားအမှတ်အသားများ တောက်ပစွာ ထွက်ပေါ်လာတော့၏။

သို့သော် ခဏအကြာတွင် အမည်ခံ အင်မော်တယ်အဆင့် ဒုတိယနေရာ၌ ရှိနေသော ဤပါရမီရှင်ကြီးသည်လည်း ဖိနှိပ်ခြင်းကို ခံလိုက်ရပြန်သည်။

တိုက်ပွဲမြေပြင်တစ်ခုလုံး သေမင်းတမန် တိတ်ဆိတ်သွား၏။ လူတိုင်းဇဝေဇဝါဖြစ်နေပြီး ဤအမှန်တရားကိုလက်ခံရန် ခက်ခဲကုန်သည်။

သည်မတိုင်မီ တန်ဝေဟန်နှင့် မန်ရှင်းကွမ်တို့ နှစ်ဦးစလုံးသည် ကောင်းကင်ဘုံကိုစိန်ခေါ်သည့် ခွန်အားများပြသခဲ့ကြ၏။

သူတော်စင် အင်မော်တယ်များပင် သူတို့အပေါ် အသိအမှတ်ပြုခဲ့သည်။ သို့သော် လူစိမ်းတစ်ယောက် ရုတ်တရက် ပေါ်လာပြီး အတင်းအကြပ် ဖိနှိပ်လာလိမ့်မည်ဟု မည်သူထင်မည်နည်း။

“ သေစမ်း ... ။ ”

တန်ဝေဟန်မှ အော်ဟစ်လျက် နောက်တစ်ကြိမ် ပြန်လည်တိုက်ခိုက်လိုက်၏။ တိုက်ပွဲသည် နှစ်ယောက်တစ်ယောက် ဖြစ်သွားခဲ့တော့သည်။

သို့သော် လူအုပ်ကြီးအတွက် ပိုမို ထိတ်လန့်သွားစေသည်မှာ ပါရမီရှင်နှစ်ဦးသည် တစ်ပြိုင်နက်တည်း ပူးပေါင်းသည့်တိုင် လီဖန်းဟန်ကို ဖိအားမပေးနိုင်ခဲ့ချေ။

ဆန့်ကျင်ဘက်အနေဖြင့် အချိန်ကြာလာသည်နှင့်အမျှ သူတို့နှစ်ဦးပင်လျှင် တဖြည်းဖြည်း အားနည်းချက်ပြသလာသည်။

“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

“ ဒီကောင် ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်ရတာလဲ ... အမည်ခံအင်မော်တယ် အဆင့်မှာရှိတဲ့ လူတစ်ယောက်က တကယ်ပဲ ဒီလောက် အစွမ်းထက်နိုင်ရဲ့လား။ ”

အုပ်ကြီးအတွင်း ရုတ်ရုတ်သဲသဲဖြစ်ကာ ထိတ်လန့်တကြား အော်ဟစ်သံများ နေရာအနှံ့ ထွက်ပေါ်လာလေသည်။

အင်မော်တယ်များခမျာ မျက်နှာ အမူအရာများပြောင်းလဲသွားကာ မရေမရာ ဖြစ်လာကြ၏။

ဤကြေးမုံရေကန် အင်မော်တယ် ဧည့်ခံပွဲသည် ပြီးဆုံးတော့မည်ဟု ထင်ထားခဲ့ကြ သော်လည်း ရုတ်တရက် ဘီလူးတစ်ကောင် ပေါ်လာချေပြီ။

“ မင်းတို့ ရှစ်ယောက်ကော ... ဘာလို့ ငါ့ကိုလာမတိုက်ရဲကြတာလဲ ကြောက်နေတယ် လို့တော့ မပြောနဲ့ ... ။ ”

လီဖန်းဟန်မှ အလွန်အမင်း မာနထောင်လွှားစွာဖြင့် အော်ဟစ်လိုက်သည်။ သူသည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ဝင့်ကြွား နေတော့၏။

ကြောက်မက်ဖွယ် ကောင်းလှသော သွေးသမုဒ္ဒရာနှင့် ကောင်းကင်အပြည့်အလောင်း တောင်ကြီးများ ပေါ်လွင်နေသည်။

“ လူတိုင်း ... ဒီလူရဲ့မောက်မာမှုကို နှိမ်နင်းဖို့အတွက် အတူတူပူးပေါင်းရအောင် သူ ဆန္ဒရှိတဲ့အတိုင်း ဖြည့်ဆည်းပေး လိုက်ကြရအောင်။ ”

စကားဆုံးသည်နှင့် ပုံရိပ်များ အပြေးအလွှားဝင်ရောက်လာ၏။ အားလုံးသည် ထိပ်ဆုံးဆယ်ယောက်တွင် အဆင့်သတ်မှတ် ခံထားရသော ပါရမီရှင်များ ဖြစ်ကြသည်။

လူတိုင်းဒေါသထွက်နေကြကာ လီဖန်းဟန်ကို ချက်ချင်းပင် ဝိုင်းဝန်း တိုက်ခိုက် ကြတော့၏။

တိုက်ပွဲစင်မြင့်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်လာကုန်ပြီး လူတိုင်းအသက်ရှူအောင့်လျက် သတိထားကြည့်လာကြသည်။

ကြည့်ရှုသူအများအပြားသည် စိတ်လှုပ်ရှားနေသော်လည်း စုရီမှာမူ သက်ပြင်း တစ်ချက်ချလိုက်တော့၏။ ဖူယွင်ကျုံးက သက်ပြင်းချကာ၊

“ အခုလို လူတွေအများကြီးက အတူတူ ပူးပေါင်းတိုက်ခိုက်နေတာ အနိုင်ရခဲ့ရင်တောင် ဂုဏ်သိက္ခာရှိမှာ မဟုတ်ဘူး။ ”

-ဟု ဆိုလိုက်သည်။ စုရီမှ အနည်းငယ် ပြုံးလိုက်ပြီး၊

“ သူတို့ ဘယ်နှစ်ယောက်ပဲ ပူးပေါင်းပါစေ... အနိုင်ရဖို့ မျှော်လင့်ချက် မရှိဘူး။ ”

- ဟု ပြောကြားလိုက်၏။

“ ဘာလို့လဲ။ ”

ဖူယွင်ကျုံးမှ အံ့အားသင့်လာ၏။

“ စောင့်ကြည့်ပါ ... နားလည်လာလိမ့်မယ်။ ”

စုရီက ဆိုသည်။ တိုက်ပွဲပြင်းထန် လာသည်နှင့်အမျှ အမည်ခံအင်မော်တယ်အဆင့် ထိပ်ဆုံးဆယ်ယောက်တွင် ပါဝင်သူများသည် တစ်ယောက်ပြီးတစ်ယောက် ပြင်းထန်စွာ ဒဏ်ရာရရှိကုန်ကြ၏။

လီဖန်းဟန်သည် အစောပိုင်းထက်ပင် ပိုမို သန်မာလာသည်ကို လူတိုင်း ပြောနိုင်လေသည်။ ထိပ်တန်းပါရမီရှင် ဆယ်ယောက် ပူးပေါင်းပြီး နောက်မှာပင် အကြိမ်ကြိမ် ဆုတ်ခွာနေရ၏။

“ အစ်ကိုချူး ... အဲဒီကောင်လေးက တကယ်ပဲ အမည်ခံအင်မော်တယ် အဆင့်မှာ ရှိနေတာလား။ ”

အကြီးအကဲများက ချူးပိုင်ချန်ကို ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။ အမည်ခံအဆင့် ကျင့်ကြံသူတစ်ဦးတွင် ဤမျှကောင်းကင်ဘုံကို စိန်ခေါ်နိုင်သော ခွန်အားမျိုး မည်သို့ ရှိနိုင်သနည်း။

“ သူတကယ့်ကို အမည်ခံအင်မော်တယ် အဆင့်မှာပဲရှိတာပါ ... မဟုတ်ရင်တိုက်ပွဲကွင်းရဲ့ တားမြစ်အစီရင်က သူ့ကိုမောင်းထုတ်ပြီးသား ဖြစ်လိမ့်မယ်။ ”

ချူးပိုင်ချန်မှ ပြန်ဖြေလိုက်၏။ အကြီးအကဲများအားလုံး ချက်ချင်းငြိမ်ကျသွား တော့သည်။ ဤသည်မှာ လီဖန်းဟန်သည် မလိမ်လည်ခဲ့ကြောင်း အတည်ပြုချက်ပေပင်။

ဤအချက်သည် အလွန် ကြောက်စရာ ကောင်းလွန်းလေသည်။ ထိပ်ဆုံးဆယ်ယောက် အတွင်း မည်သူမဆို အဆင့်ကျော်ဖြတ်ကာ တိုက်ခိုက်နိုင်ကြ၏။

ဗလာနယ်ပယ် အင်မော်တယ်များကိုပင် ခြိမ်းခြောက်နိုင်လောက်အောင် ခွန်အားကြီးမား ကြလေသည်။ သို့သော် ယခုအချိန်တွင် သူတို့ အားလုံးပူးပေါင်းသည့်တိုင် လီဖန်းဟန်ကို အနိုင်မယူနိုင်ဖြစ်နေခဲ့ရ၏။

“ ချိုးဖြတ်စမ်း ... ။ ”

လီဖန်းဟန်တစ်ယောက် လေထုထဲ ခုန်တက်လိုက်ကာ ပေါင်တူကြီးများကဲ့သို့ သူ၏ လက်သီးများကို ဝှေ့ယမ်းလိုက်သည်။

အမည်ခံအဆင့် အင်မော်တယ် ထိပ်တန်းပါရမီရှင် ဆယ်ယောက်အပေါ်သို့ နတ်တောင်တန်းကြီးများအလား ပြိုကျ သွားတော့၏။

လူတိုင်း လွင့်စင်ကုန်ကာ အသီးသီး ဒဏ်ရာရကုန်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် သေမင်းတမန် တိတ်ဆိတ်သွားတော့၏။

“ အားလုံး ရှုံးနိမ့်သွားတာလား။ ”

လူအုပ်ကြီးသည် နှလုံးသားများ တုန်လှုပ်သွားပြီး ဤအမှန်တရားကို လက်မခံ နိုင်ကြတော့ချေ။ မျက်နှာများပင် ဖြူဖျော့လျက် အကြည့်ရဆိုးကုန်၏။

ကြေးမုံရေကန် အင်‌မော်တယ်ပွဲသည် အင်‌မော်တယ်မြေ၏ ထိပ်တန်းပါရမီရှင်များ အတွက် ထွန်းတောက်စင်မြင့်ဖြစ်သည်။

သို့သော် သူတို့အားလုံးသည် လုံးဝ နောက်ခံကိုမသိရသေးသော လူတစ်ယောက် အောက်တွင် ခြေနင်းတုံးများသာ ဖြစ်ကုန် ကြတော့၏။

ပတ်ဝန်းကျင်တစ်ခုလုံး အသက်ရှူ မဝလောက်အောင် လေးလံသွားခဲ့လေသည်။ လီဖန်းဟန်မှ ပတ်ဝန်းကျင်ကိုဝေ့ကြည့်ကာ မျက်ဝန်းများတောက်ပစွာဖြင့်၊

“ ဘယ်သူရှိသေးလဲ တစ်ယောက်ယောက် မယုံကြည်ဘူးဆိုရင် ရှေ့ကိုထွက်လာလို့ရတယ် ငါ့ရှေ့မှာ ဒူးထောက်ပြီးရင် နားလည် သွားလိမ့်မယ်။ ”

- ဟု ကြွေးကြော်လိုက်သည်။

သူ့အသံသည် ပတ်ဝန်းကျင်တစ်ခုလုံး ပဲ့တင်ထပ်သွား၏။ လူအုပ်ကြီးမှာ သိသိသာသာ တိတ်ဆိတ်ကုန်သည်။

တန်ဝေဟန်၊ မန်ရှင်းကွမ်နှင့် ထိပ်ဆုံးဆယ်ယောက်သည်ပင် ရှုံးနိမ့်သွားကြပြီ ဖြစ်ရာ မည်သူသည် လူမိုက်ဖြစ်မည်နည်း။

လီဖန်းဟန်က ခေါင်းကိုမော့ပြီး ကျယ်လောင်စွာ ရယ်မောလျက်၊

“ ဟားဟားဟား ... ဒါက အင်မော်တယ်မြေတစ်ခုလုံး စောင့်ကြည့်နေတဲ့ ကြေးမုံရေကန် ဧည့်ခံပွဲတဲ့လား ... မင်းတို့ထဲက ဘယ်သူမှ ငါ့လက်သီးတစ်ချက်ကိုတောင် မခံနိုင်ကြဘူးလား။ ”

-ဟု လှောင်ပြောင်လိုက်သည်။

“ ငါ့ကိုခွင့်ပြုပါဦး ... ။ ”

ရုတ်တရက် စုရီမှဝါးကုလားထိုင်မှ ဖြည်းညှင်းစွာထရပ်ပြီး ပြောကြားလိုက်သည်။ သူ့အသံသည် ကျယ်လောင်လှခြင်းမရှိသော်မှ တိတ်ဆိတ်မှုအတွင်း ပြတ်သားစွာ ပျံ့နှံ့သွားတော့၏။

လူတိုင်းက ချက်ချင်းလှည့်ကြည့်လာသည်။ သို့သော် စုရီ မည်သူဖြစ်သည်ကို မသိကြသဖြင့် အချင်းချင်း ပြန်ကြည့်လိုက်တော့၏။

တစ်ချိန်တည်းမှာပင် ချူးပိုင်ချန်နှင့် အခြားသော သူတော်စင်အင်မော်တယ်များမှာ ဖူယွင်ကျုံးကို သတိထားမိကုန်သည်။

“ တာအိုဖူ ... ဒီလူငယ်က မင်းရဲ့ ကျောက်စိမ်းအင်‌မော်တယ်ဂိုဏ်းကလား။ ”

တစ်စုံတစ်ဦးမှ မေးမြန်းလိုက်သည်။ ဖူယွင်ကျုံးက ခေါင်းကို အမြန်ခါယမ်းလိုက်ပြီး၊

“ အားလုံးပဲ အထင်မလွဲကြပါနဲ့ ဒါကတာအိုစုရီပါ သူက ငါ့ဂိုဏ်းရဲ့ ဂျူနီယာ မဟုတ်ပါဘူး။ ”

-ဟု ငြင်းဆိုတော့၏။ ထို့နောက် သူ့ မျက်ဝန်းများမှာ ထူးဆန်းသောအလင်းများ တောက်ပလျက်၊

“ တာအိုစုက အင်မော်တယ်နယ်ပယ်ကို ခြေမချရသေးပေမယ့် သူသာ လှုပ်ရှားမယ်ဆိုရင် အောင်ပွဲက သေချာပေါက်ပါပဲ။ ”

-ဟု ဆိုလိုက်လေသည်။

လူအုပ်ကြီးခမျာ ပိုမိုပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ သေမျိုးတစ်ယောက်သည် ယနေ့ ထွက်လာဝံ့သည်လော။

“ မင်းက တကယ်ပဲ သေမျိုးတစ်ယောက်လား။ ”

လီဖန်းဟန်ပင် အံ့ဩတကြီး ဖြစ်သွားလေသည်။ လောကကြီး၌ ဤမျှအထိ မိုက်မဲသောလူတစ်ယောက် မည်သို့ ရှိနေ နိုင်မည်နည်း။

“ မင်းလို နတ်ဆိုးတစ်ကောင်ကို ကိုင်တွယ်ဖို့အတွက် ... ငါ့ရဲ့ လက်ရှိကျင့်ကြံမှု အဆင့်နဲ့တင် လုံလောက်ပါတယ်။ ”

စုရီက တုန့်ပြန်လိုက်၏။ လီဖန်းဟန်မှ ထိုစော်ကားမှုအတွက် စိတ်ဆိုးခြင်းမရှိတော့ဘဲ ယင်းအစား၊

“ ငါဘယ်ကလာတယ်ဆိုတာ မင်းသဘောပေါက်သွားပြီလား။ ”

-ဟု အံ့အားသင့်စွာ မေးမြန်းလိုက်လေသည်။

“ မင်း ဘယ်လိုထင်လဲ။ ”

“ ဟမ့် ... မင်းလိုသေမျိုးတစ်ယောက်က ငါ့ရှေ့မှာ ဒူးထောက်ဖို့တောင် အရည်အချင်း မပြည့်မီပါဘူး။ ”

စကားဆုံးသည်နှင့် လက်သီးချက် တစ်ချက်ဖြင့် ထိုးနှက်လိုက်၏။ မျက်စိတမှိတ် အတွင်း သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များ လေထုအလယ် ပြည့်နှက်သွားစေသည်။

မရေမတွက်နိုင်သော သွေးနီရောင် လက်သီးရိပ်များသည် ဥက္ကာပျံများ ကြွေကျလာ သကဲ့သို့ စုရီဦးခေါင်းထက်သို့ ဆင်းသက် လာခဲ့တော့၏။

“ သတိထား ... ။ ”

တန်ဝေဟန်နှင့် အခြားသူများက အော်ဟစ်လိုက်ကြသည်။ သူတို့အားလုံးသည် လီဖန်းဟန် မည်မျှကြောက်စရာကောင်းမှန်း သိရှိထားချေပြီ။

သို့သော် စုရီမှာမူ ရှောင်တိမ်းရန်ပင် မကြိုးစားခဲ့ချေ။ သူ့အင်္ကျီလက်ကို ခါယမ်းလျက် လက်ဖဝါးတစ်ချက် လေထဲပစ်ခတ်လိုက်၏။

“ ဝုန်း ... ။ ”

ဝါးပင်များကို ပုဆိန်ဖြင့် ခုတ်ထစ်လိုက် သကဲ့သို့ သွေးနီရောင် လက်သီးရိပ်များအားလုံး အပိုင်းအစများအဖြစ် ကြွေလွင့်ကုန်သည်။

“ ဟမ့် ... ။ ”

စုရီက ထိုနေရာ၌ မရပ်သေးဘဲ ရှေ့လှမ်းတက်ကာ ထပ်မံတိုက်ခိုက်လိုက်သည်။ လီဖန်းဟန်က အော်ဟစ်လိုက်ပြီး လက်ဖဝါးများ ဝှေ့ယမ်းကာ ထိပ်တိုက်ရင်ဆိုင်လိုက်၏။

“ ဝုန်း ... ။ ”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ညာဘက်လက်မောင်းရိုး ချက်ချင်းကျိုးသွား၏။ သို့သော် လက်ဖဝါးစွမ်းအင်များသည် လျော့ပါး မသွားဘဲ ဆက်လက်တိုးဝင်သွားသည်။

“ ဘန်း ... ။ ”

လီဖန်းဟန်ခမျာ ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ်ကျဆင်းသွားကာ စင်မြင့်ကြီး တစ်ခုလုံးတုန်ခါလာချေပြီ။

အကျိုးဆက်အနေဖြင့် ဖားကဲ့သို့ ကြမ်းပြင်၌တွန့်လိမ်နေပြီး သွေးများစွန်းလျက် ပြန်ထနိုင်ခြင်း မရှိခဲ့ချေ။

လက်ဖဝါးတစ်ချက်တည်းဖြင့် လီဖန်းဟန်ခမျာ အပြတ်အသတ်ဖိနှိပ်ခြင်းကို ခံလိုက်ရခြင်းဖြစ်လေသည်။ ရိုက်ချက်မှာ ပြတ်သားပြီး တိကျလှချေပြီ။

လူအုပ်ကြီးတစ်ခုလုံး ဆွံ့အ တုန်လှုပ်သွားကြ၏။ ခြွင်းချက်မရှိ လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြပြီး မှင်သပ် ကုန်တော့သည်။

***

All Chapters