← Chapters

အခန်း ၁၁၈၅

Vol. 99 Ch. 1185

အခန်း ၁၁၈၅

Vol. 99 Ch. 1185

အခန်း ၁၁၈၅ –

သဏ္ဍာန်မဲ့ နတ်ဆိုးမျိုးရိုး ... ။

ကောင်းကင်ယံသည် ဆန်းကြယ်သော အလင်းရောင်များဖြင့် တောက်ပနေပြီး ကြေးမုံ ရေကန်ကြီး၏ မျက်နှာပြင်သည်လည်း တလက်လက် တောက်ပနေသည်။

စုရီ၏ အစိမ်းရောင် ဝတ်ရုံစများသည် တဖျပ်ဖျပ်ခတ်နေသော လေနှင့်အတူ ရေကန် အထက်တွင် လွင့်မျောနေပြီး နတ်ဘုရားတစ်ပါး ကဲ့သို့ ထင်ဟပ်စေသည်။

တိုက်ပွဲကွင်းတစ်ခုလုံး လုံးဝ တိတ်ဆိတ်လျက် အပ်ကျသံများသည်ပင် ကြားနိုင်လောက်ချေ၏။

လူတိုင်း အံ့အားသင့်သွားကြပြီး မျက်လုံးများမှိတ်တုတ်မှိတ်တုတ်ဖြင့် ကြည့်နေ ကြတော့သည်။

ယခင်က လီဖန်းဟန်သည် မောက်မာထောင်လွှားပြီး လွှမ်းမိုးနိုင်သူဖြစ်ကာ ပြိုင်ဘက်ကင်းသော ပါရမီရှင်ဆယ်ဦး၏ ပူးပေါင်းအင်အားကို တစ်ဦးတည်းဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်၏။

သူ၏ မာနထောင်လွှားမှုသည် အကန့်အသတ်မရှိခဲ့ချေ။ အမည်ခံအင်မော်တယ် အဆင့်အတွင်း ဤမျှကြောက်မက်ဖွယ်ရာ ကျင့်ကြံသူတစ်ဦးရှိလိမ့်မည်ဟု စိတ်ကူး၍ပင် မရနိုင်သည်မှာ သဘာဝဖြစ်၏။

သို့သော် ယခုအခါတွင် လီဖန်းဟန် ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။ လက်ဖဝါးတစ်ချက် ရိုက်လိုက်ရုံမျှဖြင့် ယင်ကောင်တစ်ကောင်ကဲ့သို့ ဖိနှိပ်ခြင်း ခံလိုက်ရ၏။ ဤမြင်ကွင်းမျိုးသည် သံသယဖြစ်စရာ မလိုလောက်အောင် ထိတ်လန့်စရာကောင်းချေပြီ။

ဖြစ်ပျက်မှုမှာ လျင်မြန်လွန်းလှသဖြင့် လူတိုင်းစကားမပြောနိုင်အောင် ဖြစ်သွားစေ၏။ ပို၍ အံ့အားသင့်စရာကောင်းသည်မှာ စုရီသည် သေမျိုးတစ်ယောက်သာဖြစ်နေခြင်းပေပင်။

“ ဒီရလဒ်ကို ငါကြိုမြင်ထားပေမယ့်... အဲဒီလောက်တော့မြန်မြန် ဖြစ်လာလိမ့်မယ်လို့ တကယ်မထင်ထားဘူး ... ။ ”

ဖူယွင်ကျုံးမှ မယုံကြည်နိုင်စွာဖြင့် မျက်လုံးများပြူးကျယ်လျက် ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။

ထိုအချိန်တွင် ဖန်ဟန်သည် စုရီကို မိုးတိမ်များကြား ကြိုးကြာငှက်တစ်ကောင်လို လွတ်လပ်ပြီး အတားအဆီးမဲ့ကြောင်း ခံစားလာရ၏။

တန်ဝေဟန်နှင့် မန်ရှင်းကွမ်တို့ကဲ့သို့ အစောပိုင်းက ပြိုင်ဘက်ကင်းလှပါသည်ဆိုသော ပါရမီရှင်များသည် သူ့အမြင်မှ ရုတ်တရက် ပျောက်ကွယ်ကုန်လေသည်။

ပြိုင်ဘက်ကင်းလှချည်ဆိုသော လူသတ်နတ်ဘုရား ထိုလီဖန်းဟန်သည်ပင် ထိုမျှသာ ရှိတော့၏။

“ ပြီးသွားပြီလား။ ”

တန်ဝေဟန်က မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။ မန်ရှင်းကွမ်နှင့်အခြား သူများမှာ ရှုပ်ထွေးလှသော အမူအရာများဖြင့် ရှိနေခဲ့၏။

“ မင်းတို့ ရှုံးနိမ့်သွားတာက မတရားတာမဟုတ်ဘူး စိတ်ဓာတ်ကျစရာလည်း မလိုပါဘူး တကယ်ပဲ မင်းတို့အားလုံးက အမည်ခံအင်မော်တယ်အဆင့်မှာ ထိပ်သီး ဆယ်ယောက်နေရာနဲ့ ထိုက်တန်တယ်။ ”

ထို့နောက် စုရီက ကြမ်းပြင်ပေါ်တွင် ဖိနှိပ်ခံထားရသည့် လီဖန်းဟန်ထံပြန်ငုံ့ကြည့်ပြီး လှောင်ပြုံးဖြင့်၊

“ ဒီနတ်ဆိုးကတော့ အမည်ခံ အင်မော်တယ်တစ်ယောက်အဖြစ် ဟန်ဆောင် ထားခဲ့တဲ့ နတ်ဆိုးမျိုးရိုးတစ်ယောက်ပါပဲ။ ”

- ဟု ဆက်လက်ပြောကြားလိုက်သည်။

“ နတ်ဆိုးမျိုးရိုးလား။ ”

လူတိုင်း အံ့အားသင့်သွားကြသည်။ ထိုအချိန်တွင် မြေပြင်ပေါ်၌လဲလျောင်းနေသည့် လီဖန်းဟန်သည် ရုတ်တရက် နားကွဲမတတ် အော်ဟစ်လိုက်ပြီး အားကုန်သုံးကာ ရုန်းကန်ရန်ထရပ်လိုက်၏။

“ ဟွား ... ။ ”

“ ဝှစ် ... ။ ”

သူ့လက်ဖဝါးသည် ဓားကဲ့သို့ ပြောင်းလဲသွားပြီး စုရီလည်ချောင်းကို ချက်ချင်း ဖြတ်ခုတ်ပစ်လိုက်သည်။ ၎င်းမှာ မိုးကြိုးလျှပ်စီး ကဲ့သို့ မြန်ဆန်လှချေ၏။

“ ဟမ့် ... ။ ”

သို့သော် စုရီသည် ထိုအရာကို ကြိုတင်သိမြင်ထားသည့်အလား လီဖန်းဟန်၏ လည်ချောင်းကို လှမ်းဆွဲကိုင်လိုက်ပြီးနောက် ပေါ့ပေါ့ပါးပါးပင် ခါယမ်းပစ်လေသည်။

“ ဝုန်း ... ။ ”

လီဖန်းဟန်ဝတ်ရုံစ စုတ်ပြဲသွားကာ ချက်ချင်းပင် လူသားအရေပြားသည်အဝတ်စုတ် တစ်ခုကဲ့သို့ အပိုင်းပိုင်းကွဲထွက်သွား၏။

ဤသည်မှာ လူသားတစ်ဦးနှင့်တူနေပြီး အသားအရေမှာ ငွေရောင်ဖျော့ဖျော့ ဖြစ်နေ၏။ မျက်ခုံးနှစ်ခုကြားတွင် ဒေါင်လိုက် မျက်လုံး တစ်လုံး ပါရှိနေသည်။

ရှည်လျားလှသော ဆံပင်များသည် ငွေရောင်အလင်းများ တောက်ပနေခဲ့ကာ အရပ်မြင့်မြင့် ပိန်ပိန်သွယ်သွယ်ပေပင်။

ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် နတ်ဆိုးမီးလျှံများ ဝန်းရံထားချေ၏။

ထိုမြင်ကွင်းကြောင့် နတ်ယန္တရားခန်းမ၏ အကြီးအကဲချူးပိုင်ချန်က အံ့အားသင့်စွာဖြင့်၊

“ ဒါ ... ဒါ ပြင်ပနတ်ဆိုးမျိုးနွယ်စု ... သဏ္ဍာန်မဲ့နတ်ဆိုးမျိုးရိုးရဲ့ နတ်ဆိုးတစ်ပါးပဲ သူ့ရဲ့အစွမ်းက ကောင်းကင်ဘုံကိုတောင် စိန်ခေါ်နိုင်တာ အံ့သြစရာမရှိတော့ဘူး။ ”

-ဟု အော်ဟစ်လိုက်သည်။

“ သဏ္ဍာန်မဲ့နတ်ဆိုးမျိုးရိုးလား။ ”

လူအုပ်ကြီးမှာ ဇဝေဇဝါဖြစ်သွားကြ၏။ မျိုးဆက်ဟောင်းအချို့သာလျှင် မျက်နှာများ ဖြူဖျော့လျက် ခြေဖျားလက်ဖျားများ အေးစက် သွားတော့သည်။

သဏ္ဍာန်မဲ့နတ်ဆိုးများသည် ပြင်ပနတ်ဆိုးမျိုးနွယ်စုများစွာ အနက်တွင် အကောက်ကျစ်ဆုံးနှင့် အန္တရာယ်အရှိဆုံး သတ္တဝါများဖြစ်ကြ၏။

၎င်းတို့သည် မွေးရာပါ သတ်ဖြတ်ခြင်းကိုခုံမင်ပြီး မည်သည့်ပုံသဏ္ဍာန် မဆို ပြောင်းလဲနိုင်စွမ်း ရှိလေသည်။

ဒဏ္ဍာရီများအရ သဏ္ဍာန်မဲ့နတ်ဆိုးတစ်ကောင်သည် ဆန္ဒရှိပါက မြက်ပင်တစ်ပင် သို့မဟုတ် သဲပွင့်တစ်ပွင့် အဖြစ်ပင် ပြောင်းလဲထားနိုင်၏။

သူတို့ထဲမှ အစွမ်းထက်ဆုံးသော နတ်ဆိုးများသည် မည်သည့်အပြစ်အနာအဆာ မျှပင်မပြဘဲ အပြည့်အဝ အသွင်ပြောင်းနိုင်၏။

အင်မော်တယ်မြေ၏ ရှေးဟောင်း ကျမ်းစာများတွင် သဏ္ဍာန်မဲ့နတ်ဆိုးမျိုးနွယ်စု ဝင်များကို အန္တရာယ်အရှိဆုံး နတ်ဆိုးမျိုးနွယ်စု ကိုးပါးအတွင်း ထည့်သွင်းထားသည်။

သို့သော် ထိုသဏ္ဍာန်မဲ့နတ်ဆိုးများကို အင်‌မော်တယ်မြေအတွင်း ထိုးဖောက်ဝင်ရောက် လာနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ တကယ်ပင် တုန်လှုပ်စရာကောင်း၏။

မျိုးဆက်ဟောင်း ကျင့်ကြံသူအချို့သည် နှစ်ပေါင်းများစွာ ပျံ့နှံ့နေခဲ့သော ကောလာဟလ အပေါ် ပြန်လည်အမှတ်ရလာပြီး ရင်ထဲတွင် အေးစက်သွားကြသည်။

ဤသည်မှာ အင်မော်တယ်နယ်မြေ၏ ကောင်းကင်တံခါးကိုးခုအပြင်တွင် ထိုနတ်ဆိုး မျိုးနွယ်များ ပြန်လည်နိုးထလှုပ်ရှားလာပြီ ဟူသော သတင်းဖြစ်၏။

“ နတ်ဆိုးဧကရာဇ် သေဆုံးခဲ့တာ အချိန်အတော်ကြာပြီဆိုတော့ ပြင်ပနတ်ဆိုးတွေ ဘယ်လိုပုံစံရှိလဲဆိုတာ လူသားတွေ မေ့သွားကြပြီထင်တယ် ... ။ ”

စုရီက သဏ္ဍန်မဲ့နတ်ဆိုးမျိုးရိုးကို မမြင်ဖူးသော မျိုးဆက်သစ်များ၏ အမူအရာ များကြောင့် ခေါင်းရမ်းပြီး ရေရွတ်လိုက်သည်။

ထိုစဉ်က နတ်ဆိုးဧကရာဇ်သည် အင်‌မော်တယ်မြေ၏ ကောင်းကင်တံခါးကိုးခုကို အချိန်ပြည့်ကျူးကျော်ရန် ကြိုးစားခဲ့သဖြင့် နှစ်ပေါင်းများစွာ စစ်ပွဲများဖြစ်ပွားခဲ့ကြ၏။

အင်မော်တယ်မြေ၏ ဒေသကြီး(၄၉)ခုရှိ မည်သည့်ကျင့်ကြံသူမဆို ထိုစစ်ပွဲကြီးအတွင်း၌ ပါဝင်ဖူးရာ သဏ္ဍာန်မဲ့နတ်ဆိုး အသွင်အပြင်ကို မသိသူ မရှိခဲ့ချေ။

“ မင်းလို အဆင့်မြင့်နတ်ဗိုလ်ချုပ် နတ်ဆိုးတစ်ပါးက နတ်ခေါင်းဆောင်လေးအဖြစ် ဟန်ဆောင်ပြီး အမည်ခံအင်မော်တယ်တွေကို အနိုင်ကျင့်ဝံ့သလား ... မရှက်ဖူးလား။ ”

နတ်ဆိုးမျိုးရိုးများတွင် သူတို့၏ ကျင့်ကြံသူများကို အဆင့်လေးဆင့် ခွဲခြားသည်။ နတ်ခေါင်းဆောင်၊ နတ်ဗိုလ်ချုပ်၊ နတ်သခင်နှင့် နတ်ဘုရင်ဟူ၍ဖြစ်၏။

အဆင့်တစ်ဆင့်ချင်းစီကို အဆင့်မြင့်၊ အလယ်အလတ်နှင့် အဆင့်နိမ့်များအဖြစ်လည်း ထပ်မံခွဲခြားထားသည်။

ဤသည်မှာ အင်‌မော်တယ်နယ်မြေ၏ အင်မော်တယ်နယ်ပယ် အဆင့်(၄)ဆင့်ဖြစ်သည့် အမည်ခံအင်မော်တယ်၊ ဗလာနယ်ပယ် အင်‌မော်တယ်၊ သူတော်စင် အင်မော်တယ်နှင့် အင်‌မော်တယ်ဘုရင်ဟူသော အဆင့်များ အတိုင်းပေပင်။

အင်မော်တယ်တယ်မြေတွင် အင်‌မော်တယ်ဘုရင်အဆင့် အထွတ်အထိပ်ကို မြင့်မြတ်သောသခင်များအဖြစ် သတ်မှတ်၏။

နတ်ဆိုးမျိုးရိုးများအတွက်မူ နတ်ဆိုးဧကရာဇ်သို့မဟုတ် အုပ်စိုးရှင်အဖြစ် ခေါ်တွင်သည်။

အဆင့်မြင့်နတ်ဆိုးဗိုလ်ချုပ်ဆိုသည်မှာ အထွတ်အထိပ် ဗလာနယ်ပယ်အင်မော်တယ် တစ်ပါးဖြစ်ချေ၏။

“ သူ ဒီလောက် မာနကြီးနေတာ အံ့သြစရာမရှိတော့ဘူး ကျင့်ကြံမှုကိုဖုံးကွယ်ပြီး လှည့်စားနေတာပဲ။ ”

ချူးပိုင်ချန်က မျက်နှာမည်းမှောင်လျက် မှတ်ချက်ပေးလိုက်သည်။ သူ့အစစ်အမှန်ပုံစံကို ဖော်ထုတ်ခံလိုက်ရသော လီဖန်းဟန်သည် ဂရုမစိုက်ဘဲ စုရီထံစိုက်ကြည့်ပြီး၊

“ မင်းဘယ်သူလဲ ... မင်းက ငါ့ရဲ့ အစစ်အမှန်ပုံစံကို မြင်နိုင်ရုံတင်မကဘဲ ... ငါ့ကို တစ်ချက်တည်းနဲ့လည်း အနိုင်ယူနိုင်တယ် သာမန်သေမျိုးတစ်ယောက်က ဒီလိုမျိုး ဘယ်လိုလုပ် တက်စွမ်းမှာလဲ။ ”

-ဟု မေးမြန်းလိုက်၏။

လူအများသည် ရုတ်တရက် ထိုအချင်းအရာအပေါ် သိချင်စိတ်ဝင်လာသည်။ ဤမျှအစွမ်းထက်သော စုရီ၏မူလအကြောင်း မည်သူမျှမသိခဲ့ချေ။

“ ဟမ့် ... မင်းဘယ်လိုနည်းလမ်းနဲ့ အင်မော်တယ်မြေထဲကို စိမ့်ဝင်လာခဲ့လဲဆိုတာ ငါ့ကိုအရင်ပြောပြပါ ... ဒါဆိုရင် မင်းကို အဖြေပေးမယ်။ ”

စုရီမှ ပြန်ဖြေလိုက်သည်။

အင်မော်တယ်နယ်မြေတွင် အင်မော်တယ်ဝင်္ကပါအဆင့် စည်းမျဉ်းများနှင့် ဖုံးအုပ်ထားသည့် ကာကွယ်ရေးအစီရင် ကောင်းကင်တံခါးကိုးခုရှိ၏။

ယေဘုယျအားဖြင့် နတ်ဆိုးများသည် ဤကောင်းကင်တံခါးတစ်ခုခုကို ဖျက်ဆီး၍သာ ဝင်နိုင်ပေမည်။

သို့သော် ခြွင်းချက်ရှိနိုင်၏။ ဥပမာအားဖြင့် ကောင်းကင်တံခါးကိုးခုကို စောင့်ကြပ်နေသော အင်အားစုများမှ သစ္စာဖောက်ခြင်းမျိုးပေပင်။

သို့သော် ဤကဲ့သို့သော လုပ်ရပ်မျိုးသည် ဖြစ်ပွားရန် အလွန်ခက်ခဲသည်။ အဘယ်ကြောင့် ဆိုသော် ထိုသို့သစ္စာဖောက်သူမည်သူမဆို ဘုံရန်သူဖြစ်ရပေမည်။

အကျိုးဆက်အနေဖြင့် မျိုးနွယ်စုတစ်ခုလုံးကိုပါ မျိုးသုဉ်းသတ်ဖြတ်ခြင်း ခံရနိုင်၏။ ထိုမျှကြီးမားသော အကျိုးဆက်ကို ခံစားရဲမည့်သူ မရှိသလောက်ပေပင်။

ဤသည်မှာ အတိတ်ကာလက သစ္စာဖောက်အချို့ကို တွေ့ရှိခဲ့ပြီးနောက် ဝမ်ယဲ့ ကိုယ်တိုင်ချမှတ်သော စည်းမျဉ်းဖြစ်သည်။

“ ဟားဟားဟား ... ငါမင်းကို ဘာလို့ပြောပြမယ်လို့ ထင်နေတာလဲ။ ”

“ သဏ္ဍာန်မဲ့နတ်ဆိုးရဲ့ ... အသားနဲ့ ဝိညာဉ်ကို ဆီမီးနဲ့မီးစာအဖြစ် သန့်စင်ပေးနိုင်တဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုကို ငါကျွမ်းကျင်တယ် ဒါက ညကောင်းကင်ယံမှာ ချိတ်ဆွဲထားရင် ထာဝရလောင်ကျွမ်းခြင်းကို ခံစားရလိမ့်မယ် မင်း စမ်းကြည့်ချင်လား။ ”

“ မီးအိမ်အဖြစ် ဝိညာဉ်သန့်စင်ခြင်း နည်းစနစ်။ ”

လီဖန်းဟန်တစ်ယောက် မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။

သူတို့မျိုးနွယ်စု၏ အကြီးမားဆုံး အားနည်းချက်မှာ ဝိညာဉ်တွင် ရှိနေခြင်းဖြစ်၏။ စုရီဖော်ပြခဲ့သော လျှို့ဝှက်နည်းစနစ်သည် သူတို့ မျိုးနွယ်စုအတွက် အရက်စက်ဆုံးသော နှိပ်စက်မှုတစ်ခုပေပင်။

“ ဘယ်လိုလဲ။ ”

စုရီက ပြုံးလျက်မေး၏။ လီဖန်းဟန်၏ မျက်လုံးများ ပြင်းထန်စွာ တောက်ပလာသည်။ အဆုံး၌ ကောက်ကျစ်စွာဖြင့်၊

“ မင်း ဘယ်သူပဲဖြစ်ဖြစ် ... တစ်နေ့ငါ့မျိုးနွယ်စုက ငါ့အတွက်လက်စားချေ ပေးလိမ့်မယ်။ ”

-ဟု မုန်းတီးစွာ ပြောကြားလာ၏။

စကားဆုံးသည်နှင့် စုရီမှ အချိန်မဖြုန်းတော့ဘဲ လီဖန်းဟန်ကိုကိုင်လျက် ချက်ချင်းအဝေးသို့ ပစ်ပေါက်လိုက်သည်။

“ ဝုန်း ... ။ ”

လေထုအလယ် လီဖန်းဟန်ပုံရိပ်သည် ပေါက်ကွဲသွားပြီး ကြောက်မက်ဖွယ်ရာ အဖျက် စွမ်းအားလှိုင်းများ ပျံ့ကားသွား၏။

ကြေးမုံရေကန်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလျက် ရေများဆူနာမီအလားဆူပွက်လာ ချေသည်။ လူတိုင်း အံ့အားသင့်သွားကြ၏။

စုရီသည်သာ အနည်းငယ်နောက်ကျသော် လုံးဝပျက်စီးသွားပေမည်။ ဤသည်မှာ သဘာဝ ပေပင်။

အင်မော်တယ်မြေသို့ ထိုးဖောက် ဝင်ရောက်သည့်နောက် ဤသို့အသက်စွန့်ခြင်း အမှုကို ပြင်ဆင်ထားသည်မှာ ပုံမှန်ဖြစ်၏။

“ အခြေအနေက မပြင်းထန်ပါစေနဲ့လို့ မျှော်လင့်ရတာပဲ ... မဟုတ်ရင် အင်မော်တယ်နဲ့ နတ်ဆိုးတွေကြားက စစ်ပွဲကြီးတစ်ခုကတော့ မလွဲမသွေ ပြန်ဖြစ်လာတော့မယ်။ ”

စုရီက ညည်းတွားလျက် လက်နှစ်ဖက် နောက်ပို့လိုက်ကာ တိုက်ပွဲစင်မြင်မှ ပြန်လည် လှည့်ထွက်လာ၏။

“ သဏ္ဍာန်မဲ့နတ်ဆိုးရဲ့ စစ်မှန်တဲ့ မျက်နှာဖုံးကိုဖော်ထုတ်ပြီး ကပ်ဘေးတစ်ခုကို ဖြေရှင်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ။ ”

နတ်ယန္တရားခန်းမ၏ ချူးပိုင်ချန်သည် ချက်ချင်းရှေ့သို့ လှမ်းတက်လာခဲ့တော့သည်။ သူ့နောက်ပါး၌လည်း အခြားသောအကြီးအကဲ အုပ်စုကြီး လိုက်ပါလာချေပြီ။

***

All Chapters