← Chapters

အခန်း ၁၁၈၈

Vol. 99 Ch. 1188

အခန်း ၁၁၈၈

Vol. 99 Ch. 1188

အခန်း ၁၁၈၈ -

လျန်မိသားစုမှ ဆက်သွယ်လာခြင်း။

ဤကဲ့သို့သော ဆန်းပြားသည့် ပြောင်းလဲမှုများမှာ စုရီကိုအနည်းငယ်သံသယ ခံစားရစေသည်။

သို့သော် မည်သို့ပင် ဆိုစေကာမူ ယခု သူလျှောက်လှမ်းနေသောလမ်းမှာ အတိတ်ဘဝ များစွာတို့ထက် သာလွန်နေမည်မှာ သေချာ၏။

တစ်ဖက်၌ လက်ရှိအသွင်အပြင်အရ သူ့ကျင့်ကြံမှုမြင့်မားလာချိန်တွင် ငရဲဘုံကိုးပါး ဓားကိုးလက်ကို အစစ်အမှန်ဓားတစ်လက်အဖြစ် ထုတ်ယူအသုံးချနိုင်ပေမည်။

ဝမ်ယဲ့၏ ဓားဒိုမိန်း (၃၃)ပါ ဓားဟကြာဝဠာသည်ပင် ကြောက်စရာကောင်း နေပြီဖြစ်ရာ ငရဲဘုံကိုးပါး ဓားစကြာဝဠာသည် မည်မျှအစွမ်းထက်မည်ကို မစောင့်နိုင်တော့ချေ။

“ ငရဲဘုံကိုးပါး အနန္တဓားစကြာဝဠာ။ ”

စုရီက တိုးတိုးလေး အမည်ပေးလိုက်၏။ အချိန်အနည်းငယ်မျှ ကုန်လွန်သွားပြီးနောက် မျက်လုံးများပွင့်လာခဲ့သည်။

အတိတ်ကာလတွင် ကျင့်ကြံမှု နယ်ပယ်များဖြစ်ကြသော သိုင်းတာအိုနယ်ပယ်၊ မူလတာအိုနယ်ပယ်၊ ဝိညာဉ်တာအိုနယ်ပယ်၊ နက်နဲနယ်ပယ်၊ ကောင်းကင်လမ်းနယ်ပယ်၊ ကောင်းကင်ဘုံနယ်ပယ် စသည်တို့သည် သေမျိုးများသာဖြစ်၏။

ထိူသေမျိုးများနှင့် အင်မော်တယ်များကြားတွင် ကွာခြားချက်သည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ပေပင်။

ကောင်းကင်ဘုံနယ်ပယ်၏ ဒဏ္ဍာရီလာ ဗလာပြောင်းလဲခြင်းအဆင့်သို့ တက်ရောက်စဉ် ကပင် သူသည် ဗလာနယ်ပယ် အင်မော်တယ် များစွာကို သတ်ဖြတ်နိုင်ခဲ့သည်။

ယခုအခါတွင် သူ့စွမ်းအင်သည် အင်မော်တယ်ချီအဖြစ် အနန္တဓားစကြာဝဠာတွင် သိမ်းဆည်းနိုင်ပြီးနောက် တိုက်ပွဲဝင်စွမ်းအား များသည် ထင်ရှားစွာ မြင့်တက်လာပေမည်။

သည့်နောက် အတွေးများကို စုစည်းလိုက်ကာ ကျောက်စိမ်းပုလင်းတစ်လုံး ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းပုလင်းထဲ၌ ရွှေရောင်တောက်ပနေသော ဆေးပြားသုံးပြား ရှိနေသည်။

ဤသည်မှာ ယမန်နေ့က ကောင်းကင်ဆန္ဒဆေးမီးဖိုမှ သန့်စင်ပြီးခဲ့သော အင်မော်တယ်အဆင့် ပထမဆုံးသော အခြေခံ တည်ဆောက်ခြင်း ဆေးပြားများ ဖြစ်သည်။

ရွှေရောင်ခြင်ဆီ သန့်စင်ခြင်း ဆေးပြားများဖြစ်ချေ၏။ တန်ဖိုးမှာ လွန်စွာ ကြီးမားလှသည်။

အကယ်၍သာ နဂါးနက်ဈေးတွင် လေလံတင် ရောင်းချမည်ဆိုပါက ကောင်းကင် အထိ မြင့်မားလှသော ဈေးနှုန်းကို ရရှိနိုင်မည်။

ကံမကောင်းစွာဖြင့် ထိုဆေးပြားများ ဖွဲ့စည်းချိန်တွင် ဆေးဒုက္ခကျဆင်းပြီးအများစုကို ဖျက်ဆီးခြင်းခံခဲ့ရသည်။ ဤသုံးပြားသာ အဖတ်တင် ကျန်ရှိခဲ့၏။

စုရီက ဆေးပြားတစ်ပြားကို မျိုချပြီး တရားထိုင်ကာ စတင် သန့်စင်တော့လေသည်။ ခန္ဓာကိုယ်အတွင်းရှိ မူလစွမ်းအင်များသည် ပြင်းထန်စွာ တောက်လောင်လာ၏။

ကောင်းကင်နှင့် မြေကြီးကို အရည်ပျော်စေနိုင်မည့် မီးဖိုကြီးတစ်ခုအလား ပေပင်။

တာအိုဘုံကျောင်းအပြင်တွင် နှင်းများ ထူထပ်စွာ ဆက်လက်ကျဆင်းနေပြီး ဝန်းကျင် တစ်ခုလုံးမှာ ဆိတ်ငြိမ်လျက် ရှိနေချေပြီ။

နောက်တစ်နေ့ နံနက်ခင်းတွင် လေပြေများက အေးစက်စွာ တိုက်ခတ်လာ၏။ တစ်ညလုံး ကျဆင်းနေခဲ့သော နှင်းများသည် ရပ်တန့်သွားခဲ့ပြီဖြစ်သည်။

တောက်ပသောနေမင်းက နံနက်ခင်း အလင်းရောင်ခြည်များကို ဖြာကျစေခဲ့ကာ တောင်တန်းများနှင့် မြစ်ပြင်များကို လင်းလက် တောက်ပစေသည်။

အရာအားလုံးကို ဖြူစင်သော ငွေရောင်ကမ္ဘာကြီးအဖြစ် ပို၍ထင်ရှားစွာ မြင်နိုင်ချေ၏။

စုရီတစ်ယောက် တရားထိုင်နေရာမှ မျက်လုံးများကိုဖွင့်ကာ နိုးထလာခဲ့လေသည်။ သူ့တစ်ကိုယ်လုံး လန်းဆန်းကာ သက်တောင့် သက်သာ ရှိလှသည်ဟု ခံစားရ၏။

ရွှေရောင်တောက်ပနေသော ဆေးပြားသုံးပြားလုံးကို အောင်မြင်စွာပင် သန့်စနိုင်ခဲ့သည်။

စကြဝဠာအင်‌မော်တယ် အစောပိုင်းအဆင့် ကျင့်ကြံမှုသည် မည်သည့် အပြစ်အနာအဆာမျှ မရှိဘဲ လုံးဝဥဿုံ ခိုင်မာသွားချေပြီ။

စုရီက မတ်တပ်ရပ်လိုက်ရာ သူ့ရောင်ဝါများသည် လုံးဝတည်ငြိမ်နေပြီး အရိပ်အယောင်မျှ အပြင်သို့ ထွက်ပေါ်လာခြင်း မရှိခဲ့ချေ။

ဤသည်မှာ အင်‌မော်တယ်တစ်ပါး၏ လျှို့ဝှက်ချက်ဖြစ်ပြီး မိမိ၏စွမ်းအင်များအပေါ် အပြည့်အဝ ထိန်းချုပ်ထားနိုင်ခြင်းပေပင်။

သာမန်လူများ မဆိုနှင့် စုရီထက် ကျင့်ကြံမှုအဆင့် များစွာ မြင့်မားနေခဲ့သော ကျွမ်းကျင်သူများပင်လျှင် သိမြင်နိုင်ရန် ခက်ခဲနေပေလိမ့်မည်။

“ သွားကြစို့ ... ။ ”

စုရီက တာအိုဘုံကျောင်းမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ ဖန်ဟန်မှလည်း ပြင်ဆင် ထားပြီးဖြစ်ရာ နောက်ပါးမှ လိုက်လာခဲ့၏။

တောင်တန်းများနှင့် မြစ်ပြင်များပေါ်တွင် နှင်းဖြူများသာဖုံးလွှမ်းပြီး မြူခိုးများ ဝေ့ဝဲနေ၏။ မျက်စိတစ်ဆုံး မြင်သမျှ မြက်ပင်နှင့် သစ်ပင်ကြီး များသည် ငွေရောင်ဝတ်ရုံများကို ဆင်မြန်းထားချေပြီ။

နှစ်ဦးသား တိတ်ဆိတ်စွာ လျှောက်လှမ်းလာနေစဉ် ဖန်ဟန်မှ ရုတ်တရက် ရပ်လိုက်ပြီး ရွှင်မြူးဟန်ဖြင့်၊

“ စီနီယာ ... ငါ့အစ်မဆီက တုန့်ပြန်မှုကို ရပြီ။ ”

-ဟု အော်ဟစ်လိုက်တော့သည်။

စုရီမှ အံ့အားသင့်သွားပြီး အဝေးဆီသို့ မော့ကြည့်လိုက်သည်။ မိုးကုပ်စက်ဝိုင်းအောက် တစ်နေရာတွင် ပုံရိပ်တစ်ခုသည် သူတို့ရှိရာသို့ တစ်ဟုန်ထိုး ပျံသန်းလာနေ၏။

ဤသည်မှာ ပိုးဖဲအင်္ကျီနှင့် ဦးထုပ်ဝိုင်း ဆောင်းထားသော အဘိုးအိုတစ်ဦး ဖြစ်သည်။ အရပ်ပုပုပိန်ပိန်ပါးပါး ပုံသဏ္ဍာန်ရှိပြီး မျက်နှာ၌ အရေးအကြောင်းများဖြင့် ပြည့်နှက်နေ၏။

သူ့ထံမှ ဗလာနယ်ပယ် အင်‌မော်တယ် တစ်ဦး၏ အရှိန်အဝါများ ထွက်ပေါ်နေသည်။ ထိုအဘိုးအိုသည် မြေပြင်သို့ ဆင်းသက်ကာ စုရီကို ဦးစွာ စူးစမ်းကြည့်ရှုလိုက်ပြီးနောက် ဖန်ဟန်ထံ ကြည့်လိုက်သည်။

“ မင်းက လူငယ်လေးဖန်ဟန်လားဆိုတာ မေးပါရစေ။ ”

ဖန်ဟန်က ခေါင်းညိတ်ပြပြီး၊

“ ဟုတ်ပါတယ်။ ”

-ဟု ပြန်ဖြေ၏။ အဘိုးအိုက ကြင်နာစွာ ပြုံးပြလျက်၊

“ ငါ့နာမည်က ယွီထျန်းပါ ... ငါ့ရဲ့ သခင်လေးအမိန့်အရ မင်းကိုကြိုဆိုဖို့အတွက် လာခဲ့တာပါ ဒါက မင်းတို့ရဲ့ အထောက်အထား လက္ခဏာမဟုတ်လား စစ်ကြည့်ပါ။ ”

-ဟုဆိုကာ လျှို့ဝှက်သင်္ကေတတစ်ခုကို ထုတ်ပြလာသည်။

ဤသည်မှာ နဂါးခြင်္သေ့ ကြယ်တာရာပြောင်းလဲခြင်း သင်္ကေတပင် ဖြစ်လေသည်။ ဖန်ဟန်ခမျာ သံသယများနှင့်၊

“ သခင်လေးလား ... ဘယ်သူ့ကို ပြောနေတာလဲ ပြီးတော့ဒီတံဆိပ်ကိုဘယ်လို ရထားတာလဲ။ ”

“ ငါ့ရဲ့ သခင်လေးဟာ အဖြူရောင် မြက်ခင်းပြင်ပြည်နယ်ရဲ့ လျန်မျိုးရိုးတိုက်ရိုက် မျိုးဆက်တစ်ဦးပါ သူ့နာမည်ကို လျန်ဝမ်ယုလို့ ခေါ်ပါတယ် ...

... ဒီသင်္ကေတက မင်းရဲ့အစ်မဖြစ်သူ ငါတို့ရဲ့သခင်လေးဆီ ပေးအပ်လိုက်တဲ့ဆံဆိပ်ပါ ရည်ရွယ်ချက်က မင်းကိုခေါ်ဆောင်ဖို့ပါ ...

... ဒါနဲ့ မင်းကို အသိသေးစရာ တစ်ခုရှိသေးတယ် မင်းရဲ့အစ်မဖန်ယွီရုံဟာ ငါ့သခင်လေးနဲ့ စေ့စပ်ထားပြီးပါပြီ မနက်ဖြန်မှာ ခမ်းနားတဲ့ မင်္ဂလာပွဲတော်ကြီးကို ကျင်းပပေးတော့မှာပါ။ ”

“ ငါ့အစ်မ လက်ထပ်တော့မှာလား။ ”

ဖန်ဟန်ခမျာ အံ့အားသင့်သွားပြီး မယုံနိုင်လောက်အောင် ဖြစ်သွားရသည်။ စုရီမှ မျက်ခုံးပင့်လျက် နားထောင်နေ၏။

ဖန်ဟန်၏ အစ်မသည်လည်း လူကုန်ကူးသူများ၏လက်ထဲတွင် ကျွန်အဖြစ် အရောင်းစားခံခဲ့ရသူပေပင်။ လက်ထပ်ယူမည့် တစ်စုံတစ်ယောက် မည်သို့ပေါ်လာသနည်း။

ဤအခြေအနေ ပြောင်းလဲမှုသည် အတော်လေးပင် ထူးခြားဆန်းပြားလှပေသည်။ ယွီထျန်းမှ ပြုံးပြီး ညင်သာစွာ ဆက်ပြော၏။

“ မှန်ပါတယ် ... မင်းမှာ သံသယ ရှိနေတယ်ဆိုရင်လည်း သခင်မလေးနဲ့တွေ့ပြီး ကိုယ်တိုင်ကိုယ်ကျ မေးနိုင်ပါတယ် ...

... သခင်လေးနဲ့ သခင်မလေးတို့က တစ်ယောက်နဲ့တစ်ယောက် အလွန်ပဲ ချစ်ခင် မြတ်နိုးပါတယ် ...

... မင်း ပို့လိုက်တဲ့ သတင်းကြောင့် ... သခင်လေးက မင်းကို ကိုယ်တိုင်လာရောက် ခေါ်ဆောင်ဖို့ ငါ့ကို ချက်ချင်း အမိန့်ပေး လိုက်တာပါ။ ”

“ ဒါ ... ။ ”

ဖန်ဟန်မှ ဝမ်းသာအားရ ဖြစ်သွား ခဲ့သော်လည်း သတိရလာပြီး စုရီကို လှည့်ကြည့် လိုက်မိလေသည်။ စုရီမှ သူ့ပခုံးကို အသာအယာ ပုတ်လာကာ၊

“ သွားကြည့်လိုက်ပေါ့။”

-ဟု အကြံပြုပြောလိုက်သည်။

“ ဟုတ်ကဲ့ စီနီယာ ... ။ ”

ဖန်ဟန်မှ ခေါင်းညိတ်၏။ ထိုအခါ ယွီထျန်းက စုရီဘက်သို့ လှည့်ကြည့်လိုက်ပြီး၊

“ ဒါနဲ့ ... မိတ်ဆွေက ဘယ်သူလဲ။ ”

-ဟု စူးစမ်းမေးမြန်းလာခဲ့သည်။

“ ငါက သာမန် ခရီးသွားတစ်ယောက်ပါ။ ”

“ အိုး ... ။ ”

ယွီထျန်းမှ မျက်ခုံးပင့်ကာ၊

“ ငါ့ရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပါ ... ဒါပေမယ့်ကောင်လေးဖန်းဟန်နဲ့ မိတ်ဆွေတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ။ ”

-ဟု ထပ်မံ စစ်မေးလာသည်။ စုရီမှ ပြန်မဖြေနိုင်မီ ဖန်ဟန်က တွန့်ဆုတ်ခြင်းမရှိဘဲ၊

“ စီနီယာက ငါ့ရဲ့အသက်သခင် ကျေးဇူးရှင်တစ်ယောက်ပဲ။ ”

-ဟု ဖြေကြားပေးလာ၏။

“ ဒါဆို ဒီအဖိုးကြီး နားလည်ပါပြီ ... ။ ”

ထို့နောက် ခဏမျှ စဉ်းစားပြီး အဆုံးတွင်သက်ပြင်းချလိုက်ကာ၊

“ ဒါပေမဲ့ ... ဒါက နည်းနည်းတော့ ခက်ခဲသွားပြီ ဒီအဖိုးကြီးမှာ ကောင်လေးဖန်ဟန် တစ်ယောက်တည်းကိုပဲ လျန်မိသားစုဆီ ပြန်ခေါ်လာဖို့ အမိန့်ရထားတယ် ... ။ ”

-ဟု ထုတ်ဖော် ညည်းတွားလိုက်၏။

သူ့စကားများသည် ပေါ့ပေါ့ပါးပါး ရိုးရိုးသားသားပုံစံ ထွက်ပေါ်လာခဲ့သော်လည်း စုရီထံ လှမ်းကြည့်လိုက်ချိန်တွင် လွှမ်းမိုးပြီး ကြီးစိုးမှုကို ထုတ်ဖော်ပြသလိုက်၏။

ထင်ရှားသော ခြိမ်းခြောက်မှုမျိုး မဟုတ်သော်လည်း သာမန်လူတစ်ဦးသည်သာ ဆိုသော် ထိုအကြည့်မျိုးကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။ စုရီမှ မျက်ခုံးပင့်လိုက်၏။

ဤအဘိုးကြီးသည် အပေါ်ယံတွင် ယဉ်ကျေးပျူငှာပြီး ခင်မင်ရင်းနှီးဖွယ် ကောင်းပုံ ရသော်လည်း ခက်ထန်လှချေပြီ။

သူ့လေသံသည် ညှိနှိုင်းတိုင်ပင်နေခြင်း မဟုတ်ဘဲ ငြင်းပယ်ခွင့်မရှိသော အမိန့်တစ်ခုကို ပေးနေခြင်းသာ ဖြစ်လေသည်။ ထိုစဉ် ဖန်ဟန်မှ ပြတ်သားသော အသွင်ဖြင့်၊

“ စီနီယာစု မပါရင် ငါမလိုက်ဘူး။ ”

-ဟု ပြောကြားလာတော့၏။

***

All Chapters