အခန်း ၃၂၅
Vol. 33 Ch. 325
အခန်း (၃၂၅)
ပြည်သူလူထုအတွက် စကားပြောဆိုပေးခြင်း
အဖွဲ့ခေါင်းဆောင်ချောင်၏ စကားများကို ကြားသောအခါ လျန်ထျန်းသည် ပြုံးလိုက်လေသည်။ အလွန်အေးစက် သော အပြုံးမျိုးဖြင့် ပြုံးလိုက်ခြင်း ဖြစ်လေသည်။
"ခင်ဗျား မျက်လုံးထဲမှာတော့ သာမန်ပြည်သူတိုင်းက ပြဿနာကောင်တွေချည်းပဲ မဟုတ်လား...။”
"ဒီလောကမှာ မျိုးဆက်သုံးဆက် စီးပွားရေးလုပ်ငန်းရှင်တွေ၊ မျိုးဆက်သုံးဆက် သူဌေးတွေနဲ့ ခင်ဗျားလို မျိုးဆက်သုံးဆက် အရာရှိတွေ ရှိနေကြတယ်...။”
"ဒါပေမဲ့ အများစုက သာမန်ပြည်သူတွေ၊ မျိုးဆက်သုံးဆက် လယ်သမားတွေ၊ မျိုးဆက်သုံးဆက် စက်ရုံအလုပ် သမားတွေ ဆိုတာကိုကော ခင်ဗျား သိရဲ့လား...။ ဘာလို့ သူတို့အကြောင်း သတင်းတွေ တစ်ခါမှ မတွေ့ရတာ လဲ...။”
"သူတို့ ကြိုးကြိုးစားစား မလုပ်လို့လား…၊ ဒါမှမဟုတ် အလုပ်ကို သေချာ မလုပ်လို့လား...။ တကယ်တော့ ဘယ်သူမှ သူတို့လောက် ကြိုးစားမှာ မဟုတ်ဘူး...။ သူတို့က ပူပြင်းတဲ့ နေရောင်အောက်မှာ ချွေးတွေ မြေကြီး ပေါ် ကျတဲ့အထိ ပင်ပင်ပန်းပန်း လုပ်ခဲ့ကြရတာ...။”
"ရွှေ့ပြောင်းအလုပ်သမားတွေဆို ပိုတောင် ပင်ပန်းသေးတယ်...။ သူတို့ မြို့ပေါ်ကို လာတဲ့အခါ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အုတ်သယ်ရင်သယ်၊ ဒါမှမဟုတ် စက်ရုံတွေမှာ ဝက်အူကြပ်တဲ့ အလုပ်တွေ လုပ်ကြရတယ်... သူတို့အတွက် တစ်ရက်ကို ဆယ်နာရီကျော် အလုပ်လုပ်ရတာက သာမန်ကိစ္စလို ဖြစ်နေပြီ...။”
"ဒါပေမဲ့ ဒီလောက်လုပ်တာတောင် သူတို့ရဲ့ လုပ်အားခတွေ အကြွေးထားခံရတာမျိုး ရှိနေတုန်းပဲ...။ အဆိုးဆုံးက သူတို့အတွက် တရားမျှတမှု ရှာဖို့ လမ်းစမရှိတဲ့အပြင် ခင်ဗျားလို နှလုံးသားမရှိတဲ့ ရဲအရာရှိတွေရဲ့ အနိုင်ကျင့်တာ ကိုပါ ခံနေကြရတယ်...။”
"အရာရှိတွေနဲ့ စီးပွားရေးသမားတွေ ပူးပေါင်းပြီး ပြည်သူတွေကို ခေါင်းပုံဖြတ်နေတယ်ဆိုတာ အခုမြင်ကွင်းက အကောင်းဆုံး ဥပမာပဲ...။ သူတို့ဘဝရဲ့ သာယာမှုက ဘယ်မှာလဲဆိုတာ ပြောစမ်းပါ...။ သူတို့ ပိုကြိုးစားလေ ခင်ဗျား တို့ ဘဝတွေက ပိုသာယာလေ ဖြစ်နေလို့ပဲ...။”
အဖွဲ့ခေါင်းဆောင်ချောင်သည် ညွှန်ကြားရေးမှူးလီကို ကြောက်ရွံ့နေသော်လည်း အစားအသောက် ပို့ဆောင်သူ တစ်ဦး၏ ဤမျှ ပြတ်ပြတ်သားသား ပြောဆိုမှုကြောင့် အတော်လေး အရှက်ကွဲသွားသလို ခံစားလိုက်ရလေ သည်။
ထို့ကြောင့် လျန်ထျန်း စကားပြောအပြီးတွင် သူက အသံဩဩဖြင့် ပြောလိုက်လေသည်။
"မင်း...၊ ညွှန်ကြားရေးမှူးလီ ရှိနေလို့သာ မင်းကို ငါ လွှတ်ပေးထားတာ...။ မင်းက သာမန် အစားအသောက်ပို့ တဲ့ကောင်ပဲ...။”
"ငါ ပြောလိုက်မယ်...။ အခု မင်းရဲ့ အတွေးအခေါ်တွေက အရမ်း အန္တရာယ်များနေပြီ...၊ အဲ့ဒီသတင်းတွေကို တရားဝင် မီဒီယာကနေ ထုတ်ပြန်ထားတာ...။ ဘယ်သူက မင်းကို အပြစ်ပြောခွင့် ပေးထားလို့လဲ...။”
"စည်းလုံးညီညွတ်မှုကို ထိခိုက်စေမယ့် စကားမျိုး မပြောနဲ့...။ ပြီးတော့ စည်းလုံးညီညွတ်မှုကို ထိခိုက်စေမယ့် အလုပ်မျိုးလည်း မလုပ်နဲ့...၊ နားလည်လား...။ ပါးစပ်ကို ဆင်ခြင်...၊ မဟုတ်ရင် တစ်နေ့နေ့ တစ်ခုခု ဖြစ်သွားနိုင် တယ်...။”
အဖွဲ့ခေါင်းဆောင်ချောင်သည် ဤစကားများကို လျန်ထျန်းအား အသံတိုးတိုးဖြင့် ပြောလိုက်သော်လည်း ဘေးတွင် ရှိနေသော ညွှန်ကြားရေးမှူးလီက ကြားသွားခဲ့လေသည်။
ညွှန်ကြားရေးမှူးလီမှာ ချက်ချင်းပင် ဒေါသသူပုန်ထသွားလေသည်။
"ငါ့ရှေ့မှာတင် လူကို ခြိမ်းခြောက်ရဲတယ်ပေါ့...။ ဒေသခံရဲစခန်းက အဖွဲ့ခေါင်းဆောင်လေး တစ်ယောက်က အတော်ကို ရဲတင်းနေပါလား...။”
"ပြီးတော့ မင်း ဘယ်သူ့ကို ခြိမ်းခြောက်နေတယ်ဆိုတာကော သိရဲ့လား...။ မင်းက နှုတ်ကြောင့် ဒုက္ခရောက်ခြင်း ဆိုတဲ့ အဓိပ္ပာယ်ကို မခံစားဖူးသေးဘူးပဲ...။”
ညွှန်ကြားရေးမှူးလီ စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် အဖွဲ့ခေါင်းဆောင်ချောင်၏ သဘောထားမှာ ချက် ချင်း ပြောင်းလဲသွားလေသည်။ သူသည် အလျင်အမြန်ပင် နှိမ့်ချကာ ကြောက်ရွံ့သွားသော်လည်း အနည်းငယ် နာကြည်းနေပုံလည်း ရလေသည်။
"ညွှန်ကြားရေးမှူးလီ...၊ ဒီပို့ဆောင်ရေးသမားက ခင်ဗျားကို သိပြီး အဆက်အသွယ်ရှိတယ် ဆိုတာကို ကျွန်တော် သိပါတယ်...။ ဒါပေမဲ့ ခုနက သူပြောသွားတဲ့ စကားတွေကို နားထောင်ကြည့်ပါဦး...။”
"ကျွန်တော်က သူ့ကို ကူညီချင်လို့ သတိပေးလိုက်တာပါ...။ မဟုတ်ရင် ဒီလို ကိစ္စမျိုးတွေ အပြင်ရောက်သွားရင် သေချာပေါက် ပြဿနာတက်လိမ့်မယ်...။ ပြီးတော့ သူက ခင်ဗျားကိုပါ ဆွဲသွင်းသွားမှာ ဆိုးလို့ပါ...။”
ဤကဲ့သို့သော ဆင်ခြေမျိုးက တခြားသူတွေအပေါ် အလုပ်ဖြစ်နိုင်သော်လည်း ညွှန်ကြားရေးမှူးလီ အပေါ်တွင် အသုံးပြုခြင်းကတော့ လုံးဝကို မှားယွင်းနေလေသည်။
ညွှန်ကြားရေးမှူးလီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ဖြောင့်မတ်တည်ကြည်စွာ ပြောဆိုလိုက် လေသည်။
"ဘာတွေများ မှားယွင်းနေလို့လဲ...။ ပြီးတော့ ငါနဲ့ ဘယ်လို ပတ်သက်နေတာလဲ...။”
"အဲ့ဒီ စကားတွေက တကယ်ကို မှန်ကန်တယ်လို့ ငါထင်တယ်...။ သတင်းက ဝေဖန်ခံရတာက သတင်းရဲ့ အကြောင်း အရာက လက်တွေ့နဲ့ မကိုက်ညီလို့ပဲ...။”
"သတင်းရဲ့ အကြောင်းအရာကို ပြန်လည် ချေပနိုင်မယ့် ပြည်သူတွေရဲ့ တကယ့်လက်တွေ့ဘဝထဲက အရာတွေ အများကြီး ရှိနေတယ်...။ ဒါကြောင့်ပဲ ဝေဖန်မှုတွေ ဒီလောက် များပြားနေတာပေါ့...။”
ထိုစကားကို ကြားသောအခါ လျန်ထျန်းက ဖြည့်စွက်ပြောဆိုလိုက်လေသည်။
"ဟုတ်ပါတယ်... တကယ်တော့ ပြည်သူတွေက နိုင်ငံပိုင် မီဒီယာတွေအပေါ် ရန်ငြိုးမရှိသလို တချို့သော အလုပ် အကိုင်တွေကိုလည်း မုန်းတီးနေတာ မဟုတ်ပါဘူး...။”
"သူတို့က နောက်ကွယ်က မညီမျှတဲ့ အရင်းအမြစ်တွေ၊ ဆက်ဆံရေးတွေနဲ့ ခွဲဝေမှုစနစ်တွေကို သည်းမခံနိုင်တော့ လို့ပါ...။ ဒါက မတရားမှုနဲ့ မမျှတမှုတွေကို ဆန့်ကျင်တဲ့ အော်ဟစ်သံပဲ...။”
ခေတ္တမျှ ရပ်နားပြီးနောက် လျန်ထျန်းက ဆက်ပြောလေသည်။
“ရိုးရိုးလေး ပြောရရင် လက်ရှိ နိုင်ငံပိုင် မီဒီယာက အောက်ခြေလူတန်းစားတွေ အကြောင်းကို အရမ်း လျစ်လျူရှု လွန်းနေတယ်...။”
"ထုတ်လွှင့်နေတဲ့ သတင်းအကြောင်းအရာတွေက လေထဲမှာ တွဲလွဲခိုနေပြီး မြေကြီးပေါ် တစ်ခါမှ မကျလာတဲ့ အရာတွေလိုပဲ လက်တွေ့နဲ့ လုံးဝကို ကင်းကွာနေတယ်...။”
"အရေးကြီးတဲ့ သတင်းအချက်အလက် ပြတင်းပေါက်တစ်ခု အနေနဲ့ နိုင်ငံပိုင် မီဒီယာတွေက သူတို့ရဲ့ လုပ်သင့် လုပ်ထိုက်တဲ့ အခန်းကဏ္ဍကို အပြည့်အဝ အသုံးချပြီး အောက်ခြေလူတန်းစားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ တွေကို ပိုပြီး ဖော်ပြသင့်တယ်...။”
"ပြည်သူတွေကို ကြက်သားစွပ်ပြုတ်တွေ တစ်ခွက်ပြီး တစ်ခွက် တိုက်နေမယ့်အစား အောက်ခြေလူတန်းစား တွေရဲ့ အခက်အခဲတွေကို လူ့အဖွဲ့အစည်းက အလေးအနက်ထားပြီး ပြည်သူတွေ စည်းစည်းလုံးလုံးနဲ့ ဒီအခက် အခဲတွေကို ဖြေရှင်းနိုင်အောင် လုပ်ပေးသင့်တယ်...။”
"မဟုတ်ရင် ကျွန်တော် အရင်က ပြောခဲ့သလိုပဲ ပြည်သူတွေကို ကြက်သားစွပ်ပြုတ်တွေ အရမ်းတိုက်လွန်းရင် ဘယ်သူက စပ်စုချင်စိတ် မဖြစ်ဘဲ နေမလဲ...။ ငါတို့က ကြက်သားစွပ်ပြုတ်ပဲ သောက်နေရရင် ကြက်သားတွေက ဘယ်ရောက်သွားလဲပေါ့...။ ပြည်သူတွေကို အရူးတွေလို သဘောမထားပါနဲ့...။”
ထိုစကားကို ကြားသောအခါ ညွှန်ကြားရေးမှူးလီက သဘောတူညီစွာ ခေါင်းညိတ်လိုက်လေသည်။
"ဓမ္မဓိဋ္ဌာန်ကျကျ ပြောရရင် သာမန်ပြည်သူတွေဆီက ဒီဝေဖန်ချက်တွေက ဆိုးရွားတာတော့ မဟုတ်ပါဘူး...။ သူတို့က လူ့အဖွဲ့အစည်းရဲ့ အစစ်မှန်ဆုံးသော အသံတွေပါပဲ...။”
"ဒီအသံတွေရဲ့ နောက်ကွယ်မှာ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ရှိနေတယ်...။ တရားဝင် မီဒီယာတွေသာ ဒီအသံတွေကို အလေးအနက်ထားပြီး နားထောင်ပေးမယ်ဆိုရင် ပြည်သူ့ဆန္ဒတွေကို ပိုပြီး ထင်ဟပ်နိုင်မှာ သေချာတယ်...။”
"ဒီနေ့ခေတ် လူ့အဖွဲ့အစည်းက သာမန်ပြည်သူတွေရဲ့ ဘဝနဲ့ ပိုနီးစပ်ပြီး ပြည်သူတွေအတွက် အသံထွက်ပေးနိုင်တဲ့ တကယ့် လက်တွေ့ကျတဲ့ သတင်းဖော်ပြမှုတွေကို အမှန်တကယ် လိုအပ်နေတာပါ...။”
ထို့နောက် လျန်ထျန်းက စကားဆက်ပြောလိုက်လေသည်။
"ဟုတ်ပါတယ်...၊ တကယ်တမ်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် အောက်ခြေလူတန်းစားတွေမှာ အရင်း အမြစ်တွေ အလွန်နည်းပါးပြီး ရွေးချယ်စရာတွေလည်း သိပ်မရှိကြပါဘူး...။”
"နေရာတော်တော်များများမှာ သူတို့အတွက် အသံထွက်ခွင့် မရှိကြဘူး...။ ပြီးတော့ သူတို့က အခက်အခဲမျိုးစုံ၊ ဆုံးရှုံးမှုတွေနဲ့ ဖိအားတွေကို ခံစားခဲ့ကြရတယ်...။”
"ရိုးရိုးသားသား ပြောရရင် သူတို့က အလွန် ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရတာပါ...။ သူတို့ ခံစားခဲ့ရတဲ့ ဆုံးရှုံးမှုတွေနဲ့ အခက်အခဲတွေက သူတို့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေ ဖြစ်လာပြီး သူတို့ရဲ့ အတွေးအခေါ်တွေကို ပုံဖော်ပေးခဲ့တယ်...။”
"ဒါကြောင့် ကြီးကျယ်ခမ်းနားတဲ့ သဘောတရားတွေကို ဟောပြောတဲ့ နေရာမှာ သူတို့က တကယ့် ဆရာတွေပါ ပဲ...။ သာမန်ပြည်သူတွေရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေက လက်တွေ့မကျတဲ့ ဟောပြောချက်တွေထက် အမြဲ တမ်း ပိုပြီး ယုံကြည် လက်ခံနိုင်စရာ ကောင်းတယ်...။”
"နောက်ဆုံးအနေနဲ့ တရားဝင် မီဒီယာတွေက နောင်အနာဂတ်မှာ ပြဿနာတွေကို အမှန်တကယ် ရှာဖွေဖော်ထုတ် ပြီး ဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်...။”
"ထုတ်လွှင့်လိုက်တဲ့ သတင်းတိုင်း၊ စကားတစ်ခွန်း၊ စာတစ်လုံးတိုင်းက အောက်ခြေလူတန်းစားတွေရဲ့ အစစ်မှန် ဆုံးသော အခြေအနေကို ထင်ဟပ်နေသင့်တယ်...။”
"ပြည်သူနဲ့ အချိန်ကာလရဲ့ စမ်းသပ်မှုကို ခံနိုင်ရည်ရှိဖို့က သက်ဆိုင်ရာ ဌာနတစ်ခုက ဖြည့်ဆည်းပေးရမယ့် တာဝန်ပဲ...။”
ဤစကားများမှာ လျန်ထျန်း၏ နှလုံးသားထဲမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး တစ်စုံတစ်ခုကို ရည်ရွယ်ပြောဆို နေခြင်းလည်း ဖြစ်ပေသည်။
ညွှန်ကြားရေးမှူးလီက အဖွဲ့ခေါင်းဆောင်ချောင်ကို စူးရဲစွာ စိုက်ကြည့်ကာ ပြောလိုက်လေသည်။
"မင်း နားလည်လား...။ ပြည်သူ့ရဲအရာရှိတွေ ဆိုတာ ပြည်သူကို အလုပ်အကျွေးပြုဖို့ပဲ...၊ ဖိနှိပ်ဖို့ မဟုတ်ဘူး...။”
"မင်းအဖေ ငါ့ဆီ ဖုန်းဆက်ပြီး သူ့အဆက်အသွယ်တွေကို သုံးပြီးတော့ မင်းကို မြို့တော်ဗျူရိုဆီ ပြောင်းပေးဖို့ ကြိုးစားခဲ့ပေမဲ့ ငါ ချက်ချင်းပဲ ငြင်းလိုက်တယ်...။”
"ဘာလို့လဲဆိုတော့ ဒီလို ကိစ္စမျိုးတွေကို မတားဆီးနိုင်ဘူးဆိုရင် တကယ် ထူးချွန်တဲ့သူတွေက ဖယ်ရှားခံရဖို့ ဆက်ပြီး ဖိအားပေးခံနေရမှာမို့လို့ပဲ...။”
"တစ်နေ့နေ့မှာ ငါ့လက်အောက်က လူတွေအားလုံးက ဆွေမျိုးကောင်းစားရေးနဲ့ ရာထူးတက်လာတဲ့ ဘာမှ အသုံးမကျတဲ့ အချောင်သမားတွေ ဖြစ်နေတာကို ငါ မတွေ့ချင်ဘူး...။”
"အမှိုက်ကတောင် ခြကောင်တွေထက် ပိုကောင်းသေးတယ်...။ ညီလေးလျန်က သူရိုက်ထားတဲ့ ဗီဒီယိုတစ်ခုကို ငါ့ဆီ ပို့ပေးခဲ့တယ်...။ အဲ့ဒီအထဲမှာ ဒီကုမ္ပဏီက မင်းကို ဒေသထွက်ကုန်တွေ ပေးခဲ့တယ်လို့ ပါတယ်... ။ အဲ့ဒီ စကားက ရိုးရိုး ဒေသထွက်ကုန်ကို ဆိုလိုတာ မဟုတ်ဘူး ထင်တယ်...။”
ဤအချိန်ရောက်မှသာ အဖွဲ့ခေါင်းဆောင်ချောင်သည် နောက်ဆုံးတွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်လာတော့ သည်။
"ညွှန်ကြားရေးမှူးလီ...၊ ခင်ဗျားနဲ့ ဒီပို့ဆောင်ရေးသမားက ဘယ်လို ပတ်သက်နေတာလဲ...။”
"တကယ်လို့ သူက ခင်ဗျားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်ဆိုရင် ဘာလို့ အစားအသောက် ပို့နေရတာလဲ....။ ကျွန်တော် တကယ်ကို နားမလည်တော့ဘူး...။”
"အစားအသောက်ပို့တဲ့ကောင် တစ်ယောက်ကို ပြစ်မှားမိရုံနဲ့ ယနေ့ ကျွန်တော့်ကို တကယ်ကြီး ဖမ်းတော့မှာ မဟုတ်ပါဘူးနော်...။ ဒါက အရမ်းကို လွန်လွန်းနေပြီ...။”
လျန်ထျန်းသည် သက်ပြင်းချကာ ခေါင်းယမ်းလိုက်လေသည်။
"ခင်ဗျား နားမလည်သေးပါလား...။ အခုလို အခြေအနေမျိုး ဖြစ်သွားရတာ ခင်ဗျား ကျွန်တော့်ကို ပြစ်မှားမိလို့ မဟုတ်ဘူး...။”
"ခင်ဗျားက အမှားလုပ်ခဲ့လို့၊ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေခဲ့လို့၊ ပြည်သူတွေရဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်ခဲ့လို့ ပြည်သူတွေရဲ့ အပြစ်ပေးတာကို ခံရတာပဲ...။”
ညွှန်ကြားရေးမှူးလီက စကားဆက်မပြောတော့ဘဲ လက်ဝှေ့ယမ်းပြလိုက်လေသည်။
"သူ့ကို ဖမ်းသွားလိုက်...။”
ထို့ကြောင့် မန်နေဂျာရွှီ ခေါ်လာ၍ လူဖမ်းရန် ရောက်လာခဲ့သော အဖွဲ့ခေါင်းဆောင်ချောင်မှာ ယခုအခါတွင် သူ ကိုယ်တိုင် လက်ထိတ်ခတ်ခံရကာ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံလိုက်ရလေသည်။
ထိုမြင်ကွင်းကို မြင်သောအခါ မန်နေဂျာရွှီနှင့် သန့်ရှင်းသပ်ရပ်သော ရှပ်အင်္ကျီဝတ်ဆင်ထားသူများ အားလုံးမှာ မတုန်ယင်ဘဲ မနေနိုင်အောင် ဖြစ်သွားကြလေသည်။
လက်ရှိ အခြေအနေကို ကြည့်ခြင်းအားဖြင့် နောက်တစ်လှည့်မှာ သူတို့အလှည့် ဖြစ်ကြောင်း ရှင်းလင်းလှ ပေသည်။