အခန်း ၃၂၆
Vol. 33 Ch. 326
အခန်း (၃၂၆)
ခွေးအအုပ်ကို မောင်းထုတ်လိုက်နိုင်သော်လည်း ယခုမူ ကျားများနှင့် ကျားသစ်များ ရောက်လာပြန်ပြီ
ထင်ထားသည့်အတိုင်းပင် အဖွဲ့ခေါင်းဆောင်ချောင်အား လက်ထိတ်ခတ်ကာ ခေါ်ဆောင်သွားပြီးနောက် လျန်ထျန်း ၏ အကြည့်များက မန်နေဂျာရွှီထံသို့ ကျရောက်သွားလေသည်။
ထိုအကြည့်တစ်ချက်တည်းဖြင့်ပင် သန့်ရှင်းသပ်ရပ်သော ရှပ်အင်္ကျီဝတ်ဆင်ထားသူများမှာ အလွန်အမင်း ထိတ်လန့် သွားကြပြီး တစ်ကိုယ်လုံး တုန်ရီလာကာ မတ်တပ်ပင် ကောင်းကောင်း မရပ်နိုင်တော့ပေ။
မည်သို့ပင်ဆိုစေ သူတို့၏ ကျောထောက်နောက်ခံဖြစ်သော အဖွဲ့ခေါင်းဆောင်ချောင်မှာ ဤအရေးမပါပုံရသော ပို့ဆောင်ရေးသမားလေးရှေ့တွင် ကျရှုံးသွားသည်ကို သူတို့ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။
နောက်တစ်စက္ကန့်တွင် မန်နေဂျာရွှီ၏ မျက်လုံးများက ဟိုဟိုဒီဒီ ကစားသွားပြီး သူ၏ ဦးနှောက်ကလည်း အလျင် အမြန် အလုပ်လုပ်နေခဲ့လေသည်။
ရုတ်တရက် အကြံတစ်ခု ရသွားပြီးနောက် သူသည် ခွန်အားများအားလုံးကို စုစည်းကာ ရှေ့သို့ ထွက်လာခဲ့ပြီး မြှောက်ပင့်ဖားယားသည့် အပြုံးကို အတင်းဖန်တီးကာ လျန်ထျန်းအား ရိုသေလေးစားစွာဖြင့် တိုးတိုးလေး ပြောလိုက်လေသည်။
"ညွှန်ကြားရေးမှူးလီတောင် ခင်ဗျားစကားကို နားထောင်နေရတယ်ဆိုတော့ ခင်ဗျားက အာဏာရှိတဲ့ ဩဇာ ကြီးမားတဲ့ လူကြီးတစ်ယောက် ဖြစ်ရမယ် ဟုတ်တယ်မလား...။”
"ပို့ဆောင်ရေး ယူနီဖောင်းကို ဝတ်ထားတာက ဟိုလေ...၊ ရုပ်ဖျက်ပြီး သွားလာနေတယ်လို့ ခေါ်တာမလား...။ ဟုတ်တယ် အဲ့ဒါပဲ ဖြစ်ရမယ်...။”
"ကျွန်တော်တို့က တကယ်ကို မျက်စိကန်းပြီး လူကြီးမင်းရဲ့ ကြီးမြတ်မှုကို မမြင်ဘဲ အရင်က အများကြီး ပြစ်မှား မိခဲ့ပါတယ်...၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ...။”
"ဒီမှာလေ...၊ ကျွန်တော်တို့ ကုမ္ပဏီက ဒေသထွက်ကုန်တွေ အတော်များများ ပြင်ဆင်ထားပါတယ်...။ ကျေးဇူးပြု ပြီး အထဲဝင်ပြီး ရွေးချယ်ပေးပါဦး...။”
"ဘယ်လောက်ပဲ ဖြစ်နေပါစေ ခင်ဗျားရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားပေးပါ့ မယ်...။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ကုမ္ပဏီက လူကြီးမင်းတို့လို အရေးကြီးတဲ့ သူတွေကို အလေးစားဆုံး ပါပဲ...။”
ဤမန်နေဂျာရွှီသည် တကယ်တော့ အဖွဲ့ခေါင်းဆောင်ချောင်ထက် ပို၍ ပါးနပ်လေသည်။
ယခင် အဖွဲ့ခေါင်းဆောင်ချောင်က လျန်ထျန်းနှင့် ညွှန်ကြားရေးမှူးလီတို့မှာ ဆက်စပ်မှုရှိသည်ဟုသာ ခံစားခဲ့ရ သော်လည်း ညွှန်ကြားရေးမှူးလီကိုသာ အဓိကလူအဖြစ် ထင်မှတ်ထားခဲ့လေသည်။
ထို့ကြောင့် သူသည် လျန်ထျန်းကို အစမှအဆုံးတိုင်အောင် လုံးဝ အလေးမထားခဲ့ဘဲ သူ၏ စိတ်ထဲတွင် ညွှန်ကြား ရေးမှူးလီအပေါ်တွင်သာ လုံးလုံးလျားလျား အာရုံစိုက်နေခဲ့သဖြင့် နောက်ဆုံးတွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ပေ သည်။
မန်နေဂျာရွှီကမူ ညွှန်ကြားရေးမှူးလီသည် ဤအရေးမပါပုံရသော ပို့ဆောင်ရေးသမားရှေ့တွင် မည်သည့် မောက်မာမှုမျှ မရှိသည်ကို သတိထားမိခဲ့လေသည်။
ညွှန်ကြားရေးမှူးလီ စကားပြောသောအခါ သူ၏ လက်အောက်ငယ်သားများက သဘောတူကြသကဲ့သို့ပင် ပို့ဆောင်ရေးသမား ပြောသမျှကိုလည်း ညွှန်ကြားရေးမှူးလီက သဘောတူနေခဲ့လေသည်။
ဤသည်ကို သဘောပေါက်သွားသောအခါ မန်နေဂျာရွှီက ရဲရဲဝံ့ဝံ့ ခန့်မှန်းလိုက်လေသည်။ ဤပို့ဆောင်ရေးသမား သည် ဆရာတစ်ဆူများကြားထဲမှ တကယ့် ပုန်းကွယ်နေသော ဆရာတစ်ဆူ ဖြစ်နိုင်ပေသည်။
ထို့ကြောင့် သူသည် အလျင်အမြန်ပင် အာရုံပြောင်းလိုက်ပြီး လျန်ထျန်းအား မျက်နှာချိုသွေးခြင်းဖြင့် အခြေအနေ ကို ပြောင်းပြန်လှန်နိုင်ရန် မျှော်လင့်နေခဲ့လေသည်။
မန်နေဂျာရွှီ၏ စကားများကို နားထောင်ပြီးနောက် လျန်ထျန်းသည် အစပိုင်းတွင် မျက်မှောင်ကြုတ်သွား ခဲ့သော်လည်း နောက်ပိုင်းတွင် ပြေလျော့သွားလေသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် ဘေးရှိ ညွှန်ကြားရေးမှူးလီနှင့် အကြည့်ချင်း ဖလှယ်လိုက်ကာ ပြန်လှည့်၍ အသံဩဩဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
"ဒါဆိုရင် ခင်ဗျားတို့ရဲ့ ဒေသထွက်ကုန်တွေက ဘာတွေလဲ...။ ပြီးတော့ ခင်ဗျားတို့ ဘယ်လောက်တောင် ရိုးသား မှုရှိလဲဆိုတာ ကြည့်ရသေးတာပေါ့...။”
ထိုစကားကို ကြားသောအခါ မန်နေဂျာရွှီမှာ အလွန်အမင်း ဝမ်းသာသွားပြီး လျှို့ဝှက်စွာ ကျိတ်၍ အောင်ပွဲခံလိုက် လေသည်။
*ခန့်မှန်းတာ မှန်သွားပြီပဲ...။ ဒီအရေးမပါပုံရတဲ့ ပို့ဆောင်ရေးသမားက တကယ့် သူဌေးကြီးပဲ...။*
*ဒါ့အပြင် ဘယ်သူက လောဘမကြီးဘဲ နေမှာလဲ...။ အပေါ်ယံမှာ ဖြောင့်မတ်တည်ကြည်ပုံရတဲ့ သူတွေကလည်း ငါတို့နဲ့ ဘာမှမကွာလောက်ပါဘူး...။*
*သူတို့က ငါတို့ရဲ့ စီမံကိန်းက အမြတ်အစွန်းများတဲ့ အခွင့်အရေးတစ်ခုမှန်း သိနေတော့ အရင်လူတွေကို ဖယ် ထုတ်ဖို့ အကြောင်းပြချက်တစ်ခု ရှာပြီး အဲ့ဒီနေရာကို ဝင်ယူချင်ကြတာပဲ...။ ဟွန့်...၊ သူတို့က ငါတို့ထက်တောင် ပိုပြီး ရက်စက်သေးတယ်...။*
*ဒါပေမဲ့ ငါ ဘယ်သူ့ကို ကျွေးရကျွေးရ အကုန်လုံးက အတူတူပါပဲ...။ ကုမ္ပဏီအတွက် ပိုကြီးမားတဲ့ ကျော ထောက်နောက်ခံတစ်ခု ရသွားစေမှာမို့လို့ အထွေထွေမန်နေဂျာကလည်း ဘာမှပြောနိုင်မှာ မဟုတ်ဘူး...။ ဘယ်သူသိမှာလဲ...၊ ငါတောင် အပိုပိုက်ဆံ နည်းနည်းပါးပါး ခေါင်းပုံဖြတ်ဖို့ အခွင့်အရေးရပြီး ရာထူးတိုးသွား နိုင်သေးတယ်...။*
ဤသို့ တွေးတောပြီးနောက် မန်နေဂျာရွှီသည် လျန်ထျန်းနှင့် ညွှန်ကြားရေးမှူးလီတို့ကို ရုံးခန်းအတွင်းသို့ ဖိတ်ခေါ် ရန် အလုပ်ရှုပ်နေတော့သည်။
လျန်ထျန်းနှင့် မန်နေဂျာရွှီတို့မှာ အလွန်တိုးသော အသံများဖြင့် ဆက်သွယ်ပြောဆိုခဲ့ကြသောကြောင့် ရွှေ့ပြောင်း အလုပ်သမားများက သူတို့ကို မကြားခဲ့ကြပေ။
သို့သော် အခြားသူများအားလုံး အပြင်တွင် ကျန်ရစ်ခဲ့ချိန်၌ သူတို့သုံးဦး အတူတကွ ရုံးခန်းအတွင်းသို့ ဝင်သွား သည်ကို မြင်သောအခါ ရွှေ့ပြောင်းအလုပ်သမား အချို့က တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိလိုက်ကြ လေသည်။
"ဟူး...၊ ကောင်းကင်အောက်က ကျီးကန်းတွေ အကုန်လုံးက မည်းတာချည်းပါပဲ...။”
"ဟုတ်တယ်...၊ ငါတို့က ခွေးအအုပ်ကို မောင်းထုတ်လိုက်နိုင်ပေမဲ့ အခု ကျားတွေနဲ့ ကျားသစ်တွေ ရောက်လာ ပြန်ပြီ...။ ငါတို့အတွက် ဘယ်သူကများ တကယ် မတ်မတ်မတ်မတ် ရပ်တည်ပေးနိုင်မှာလဲ...။”
ဤစကားများက ရွှေ့ပြောင်းအလုပ်သမားများထံမှ ညည်းညူသံများကို ထွက်ပေါ်လာစေခဲ့သော်လည်း သူတို့ အနေဖြင့် ဘာမှ မလုပ်နိုင်ခဲ့ပေ။
နောက်ဆုံးတွင် ပါဆယ်မှာယူခဲ့သော ရွှေ့ပြောင်းအလုပ်သမားက အော်ဟစ်လိုက်လေသည်။
"စကားမပြောကြနဲ့တော့...။”
နေရာတစ်ခုလုံး တိတ်ဆိတ်သွားပြီး မျက်လုံးအားလုံးက သူ့ထံသို့ ကျရောက်သွားကြလေသည်။
ရွှေ့ပြောင်းအလုပ်သမားက ဆက်ပြောလေသည်။
"အဲ့ဒီ ပို့ဆောင်ရေးသမားက တခြားသူတွေနဲ့ မတူဘူးလို့ ငါ ထင်တယ်...။ သူက ငါတို့အတွက် တရားမျှတမှု ရအောင် ယူပေးလိမ့်မယ်...။ စောင့်သာ ကြည့်နေကြလိုက်...။”
အခြားသော ရွှေ့ပြောင်းအလုပ်သမား အများစုက သဘာဝကျကျပင် ဤသည်ကို မယုံကြည်ကြသော်လည်း သူတို့၏ နောက်ဆုံးကျန်ရှိနေသော မျှော်လင့်ချက်လေးကို ဖက်တွယ်ထားရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိ တော့ပုံ ရလေသည်။
ရုံးခန်းအတွင်း၌ လျန်ထျန်းနှင့် ညွှန်ကြားရေးမှူးလီတို့မှာ မန်နေဂျာရွှီ၏ ဦးဆောင်မှုဖြင့် သေချာစွာ ဖုံးကွယ်ထား သော မီးခံသေတ္တာတစ်ခုထံသို့ ရောက်ရှိသွားကြလေသည်။
မန်နေဂျာရွှီက မီးခံသေတ္တာ၏ စကားဝှက်ကို ထည့်သွင်းလိုက်ရာ လေးလံသော သံသေတ္တာတံခါးကြီး ပွင့်သွားပြီး အတွင်း၌ ငွေထုပ်များနှင့် ရွှေတုံးငယ် အချို့ကို မြင်တွေ့လိုက်ရလေသည်။
ကျွမ်းကျင်စွာဖြင့် မန်နေဂျာရွှီသည် ကတ်ထူဖာတစ်ခုကို ရှာဖွေလိုက်ပြီး အောက်ခြေတွင် ငွေများကို ထည့်ကာ အပေါ်မှ ရွှေတုံးငယ်အချို့ကို တင်လိုက်ပြီးနောက် လှည့်ကာ မြှောက်ပင့်ဖားယားသော အပြုံးဖြင့် လျန်ထျန်း ထံသို့ ကမ်းပေးလိုက်လေသည်။
"ဒါတွေက လူကြီးမင်းအတွက် ကျွန်တော်တို့ ကုမ္ပဏီက ပြင်ဆင်ထားတဲ့ ဒေသထွက်ကုန်တွေပါ...။ ခင်ဗျား သဘောကျမယ်လို့ မျှော်လင့်ပါတယ်...။”
ငွေများနှင့် ရွှေတုံးများ အပြည့်ပါသော ထိုဖာကြီးကို ကြည့်ပြီး သဘောမကျသူ ရှိမည် မဟုတ်ပေ။
မန်နေဂျာရွှီသည် ယုံကြည်မှု အပြည့်ရှိနေပြီး ဤလုပ်ရပ်များ ဆက်တိုက်ဆိုသလို လုပ်ဆောင်လိုက်ခြင်းက တစ်ဖက်လူကို သေချာပေါက် သိမ်းသွင်းနိုင်လိမ့်မည်ဟု ယုံကြည်နေလေသည်။
သို့သော် လျန်ထျန်းက ၎င်းတို့ကို မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိဘဲ ကြည့်နေလေသည်။
မည်သို့ပင်ဆိုစေ ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း ငွေကြေးတန်ဖိုး ကျဆင်းသွားသည်ကို လျန်ထျန်း ပထမ ဆုံး သိရှိခဲ့ရချိန်က သူသည် အခန်းတစ်ခန်းလုံး အပြည့် ရွှေများကို ဝယ်ယူခဲ့သည်ကို မေ့မထားလိုက်ပါနှင့်။
သူ၏ရှေ့မှ ရွှေနှင့်ငွေများမှာ သူ၏ အာရုံစိုက်မှုကို ရရှိရန်ပင် မတန်ပေ။
သို့သော် လျန်ထျန်းက တည်ငြိမ်စွာဖြင့်ပင် မေးလိုက်လေသည်။
"အဖွဲ့ခေါင်းဆောင်ချောင်ကို ပေးခဲ့တဲ့ ဒေသထွက်ကုန်တွေကကော ဒါတွေပဲလား...။”
ထိုစကားကို ကြားသောအခါ မန်နေဂျာရွှီက သူ၏ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသော ရှင်းပြချက်ကို ပေး လိုက်လေသည်။
"သေချာပေါက် လူကြီးမင်းက ပိုရတာပေါ့...။ သာမန် ခရိုင်ကင်းလှည့်ရဲအဖွဲ့ခေါင်းဆောင်လေး တစ်ယောက်က လူကြီးမင်းနဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ ဟုတ်တယ်မလား...။”
"ပြီးတော့ စိတ်မပူပါနဲ့...။ ဒါတွေက အမြည်းသဘောမျိုးလောက်ပါပဲ...၊ စီမံကိန်း ချောချောမွေ့မွေ့ လည်ပတ် သွားပြီဆိုတာနဲ့ ကျွန်တော်တို့က လူကြီးမင်းဆီကို ပိုပြီး ကြီးကျယ်ခမ်းနားတဲ့ ဟင်းလျာတွေ ယူလာပေးပါ့ မယ်...။”
"လူကြီးမင်းက လာယူစရာတောင် မလိုပါဘူး...။ ကျွန်တော်တို့က လူကြီးမင်း အိမ်ကို တိုက်ရိုက် လာပို့ပေးမှာ ပါ...။ ဒီစီမံကိန်းက ဒီမြို့မှာ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ပထမဆုံး စီမံကိန်း ဖြစ်ပေမဲ့ ကျွန်တော်တို့က သင့်တော်တဲ့ လုပ်ထုံးလုပ်နည်းတွေကို သေချာပေါက် သိထားပါတယ်...။”
မန်နေဂျာရွှီက ကိစ္စပြတ်သွားပြီဟု ထင်မှတ်ကာ သူ၏ မြှောက်ပင့်ဖားယားသော စကားများကို အဆုံးမသတ်နိုင် မီမှာပင်...၊
လျန်ထျန်းသည် ရုတ်တရက် သတိပေးခြင်း မရှိဘဲ အလွန် ဒေါသတကြီးဖြင့် သူ့အား ဖြတ်ပြောလိုက်လေသည်။
"ခင်ဗျားတို့မှာ အာဏာရှိတဲ့သူတွေကို လာဘ်ထိုးဖို့နဲ့ ကပ်ဖားရပ်ဖား လုပ်ဖို့ကျတော့ ပိုက်ဆံရှိတယ်ပေါ့...။ ဒါပေ မဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကိုကျတော့ လုပ်အားခ မပေးဘူးလား...။”
"အဆုံးစွန်ပြောရရင် ခင်ဗျားတို့က သူတို့ကို အနိုင်ကျင့်ရ လွယ်တယ်လို့ ထင်ပြီး မပေးချင်တာ မဟုတ်လား...။ ဒါပေမဲ့ သူတို့က ဘာတွေများ မှားခဲ့လို့လဲ...။”
"မြေကြီးပေါ်ကနေ မိုးထိုးနေတဲ့ အထပ်မြင့် အဆောက်အအုံတွေ ဖြစ်လာအောင် သူတို့က ကြိုးကြိုးစားစားနဲ့ ပင်ပင်ပန်းပန်း ဆောက်လုပ်ခဲ့ရတာ...။ ဒါတွေကို သူတို့ရဲ့ သွေးတွေ၊ ချွေးတွေနဲ့ ရှာဖွေခဲ့ကြတာ...။”
"ဒါပေမဲ့ ခင်ဗျားတို့က သူတို့ ပင်ပင်ပန်းပန်း ရှာထားတဲ့ ဒိပိုက်ဆံတွေကို အကြွေးထားသေးတယ်ပေါ့...။ သူတို့ကို သတ်ပစ်ဖို့ ကြိုးစားနေတာလား...။ ခင်ဗျားတို့ရဲ့ လိပ်ပြာသန့်မှုက ဘယ်မှာလဲ...၊ တရားမျှတမှုက ဘယ်မှာလဲ...၊ မျှတမှု ဆိုတာကကော ဘယ်မှာလဲ...။”
ရုတ်တရက် ထွက်ပေါ်လာသော အပြစ်တင် ရှုတ်ချမှုများနှင့် ဒေါသတကြီး အော်ဟစ်သံများက မန်နေဂျာရွှီကို မှင်တက်သွားစေခဲ့လေသည်။ သူသည် မျက်လုံးများ ပြူးကျယ်လျက် ပါးစပ်ဟထားသော်လည်း စကားတစ်ခွန်း မျှ မထွက်နိုင်တော့ပေ။
ဤအချိန်တွင် ညွှန်ကြားရေးမှူးလီက တောက်ပနေသော ငွေရောင်လက်ကောက် တစ်စုံကို ထုတ်ယူလိုက်ပြီး မန်နေဂျာရွှီ၏ လက်ကောက်ဝတ်များဆီသို့ အလျင်အမြန် လက်ထိတ်ခတ်လိုက်ကာ ပြောလိုက်လေသည်။
"ခုနက အရာအားလုံးကို မှတ်တမ်းတင်ထားပြီးပြီ...။ မင်းတို့မှာ ပိုက်ဆံရှိနေတာ ရှင်းနေတာကို ရွှေ့ပြောင်း အလုပ်သမားတွေဆီက လုပ်အားခတွေကို မသမာတဲ့ ရည်ရွယ်ချက်နဲ့ သိမ်းဆည်းထားတဲ့အပြင် အရာရှိတွေ ကိုပါ လာဘ်ထိုးသေးတယ်...။”
"အခု သက်သေအထောက်အထားတွေက ခိုင်လုံနေပြီမို့လို့ မင်းလည်း ရှောင်ချောင်နဲ့ အတူတူ ပြစ်ဒဏ်ပေးခံ ရမှာပဲ...။ ပြီးတော့ မင်းတို့ ကုမ္ပဏီရဲ့ စီမံကိန်းတွေကိုလည်း ရပ်ဆိုင်းထားရမယ်...။”
မိနစ်အနည်းငယ် အကြာတွင် ငွေရောင်လက်ထိတ် ခတ်ထားသော မန်နေဂျာရွှီသည် စိတ်ပျက်လက်ပျက်ဖြင့် ထွက်လာခဲ့ပြီး ရဲကားပေါ်သို့ ခေါ်ဆောင်ခြင်း ခံလိုက်ရလေသည်။
ထို့နောက် လျန်ထျန်း ပေါ်ထွက်လာပြီး ငွေများနှင့် ရွှေတုံးငယ်များကို ကိုင်ဆောင်ကာ ရွှေ့ပြောင်းအလုပ်သမား များ အားလုံးကို အော်ဟစ်ပြောဆိုလိုက်လေသည်။
"အားလုံးရဲ့ လုပ်အားခတွေ ရပြီ...။”
"ကျေးဇူးပြုပြီး မှတ်တမ်းတင်ဖို့ စခန်းကို ကျွန်တော်တို့နဲ့ အတူ လိုက်ခဲ့ပေးကြပါ...။ မကြာခင်မှာ အတည်ပြုမိန့် တစ်ခု ထုတ်ပြန်ပေးပါ့မယ်...။”
"အဲ့ဒီအခါကျရင် အားလုံးက သူတို့ရဲ့ လုပ်အားခတွေကို အပြည့်အဝ ရရှိကြမှာဖြစ်ပြီး စားဖို့၊ အိမ်ပြန်ဖို့နဲ့ အသက် ရှင် နေထိုင်ဖို့အတွက် ပိုက်ဆံတွေ ရှိသွားကြတော့မှာပါ...။”