အခန်း ၃၂၈
Vol. 33 Ch. 328
အခန်း (၃၂၈) မိမိဘဝတွင် အခက်အခဲ သို့မဟုတ် ကြမ်းတမ်းသော လမ်းခရီးနှင့် ဘယ်တော့မှ မကြုံရဘူးဟု မည်သူက အာမခံနိုင်မည်နည်း။
လျန်ထျန်းအား အွန်လိုင်းမှ ခြိမ်းခြောက်ခဲ့သူများကို ဖမ်းဆီးလိုက်ပြီဖြစ်ပြီး အခြေအနေများအပေါ် မူတည်၍ ၎င်း တို့ အမှန်တကယ် လက်တွေ့လုပ်ဆောင်မှု ရှိမရှိကို စုံစမ်းစစ်ဆေးသွားမည် ဖြစ်ပေသည်။
လက်တွေ့ လုပ်ဆောင်မှု မရှိဘဲ စကားကြီးစကားကျယ် ပြောဆိုရုံသက်သက်သာ ဖြစ်သူများကို ငွေဒဏ်အနည်း ငယ် ရိုက်ကာ ပညာပေးရန်အတွက် ရက်အနည်းငယ်ကြာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ပြန်လွှတ်ပေးမည် ဖြစ် သည်။
သို့သော် အချို့သောသူများသည် လျန်ထျန်းအား နှိမ်နင်းရန် လူငှားရမ်းဖို့အတွက် ငွေကြေးများ အမှန်တကယ် စုပေါင်းထည့်ဝင်ထားကြောင်းကို ရှာဖွေတွေ့ရှိခဲ့ရလေသည်။
ထိုသို့ဆိုလျှင် ထိုသူများအပေါ် မည်သည့် သက်ညှာမှုကိုမျှ ပြသမည်မဟုတ်ဘဲ ပြစ်ဒဏ်ပေးခံရမည့်သူများကို သင့်လျော်သလို ပြစ်ဒဏ်ချမှတ်သွားမည် ဖြစ်သည်။
ဤဖြစ်ရပ်ကို သတင်းဖော်ပြပြီးနောက်တွင် အွန်လိုင်း၌ စကားပြောဆိုခြင်းသည် ဥပဒေရေးရာ တာဝန်ရှိနိုင် ကြောင်းကို လူတိုင်းက သဘောပေါက်သွားကြလေသည်။
အခြေအနေ ဆိုးရွားသွားပါက အမှန်တကယ် အဖမ်းခံရနိုင်ပေသည်။ စကားပြောရုံသက်သက် ဖြစ်လျှင်တောင်မှ ဆိုးရွားသော အကျိုးသက်ရောက်မှု ဖြစ်စေပါက ရက်အနည်းငယ်ကြာ ဖမ်းဆီးခံရပြီး ပညာပေးခံရနိုင်ပေသည်။
ဤဖြစ်ရပ်သည် အခြားသူများအတွက် သတိပေးချက်တစ်ခု ဖြစ်လာခဲ့ပြီး ထိုသို့ဖြစ်ပွားပြီးနောက် အွန်လိုင်းပေါ် တွင် မလိုလားအပ်သော အသံများ အမှန်တကယ်ပင် နည်းပါးသွားခဲ့လေသည်။
ထို့ကြောင့် လျန်ထျန်း၏ လုံခြုံရေးမှာ အာမခံချက် ရရှိသွားပြီး သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း မည်သူ ကမျှ မသိရှိကြသဖြင့် အစားအသောက် ပို့ဆောင်ခြင်းအလုပ်ကို စိတ်အေးချမ်းသာစွာ ဆက်လက် လုပ်ကိုင်နိုင်ခဲ့ လေသည်။
သို့သော် ဤနေ့တွင်မူ လျန်ထျန်းသည် အစားအသောက်များ သွားယူရန် စားသောက်ဆိုင် တစ်ဆိုင်သို့ ရောက်ရှိ လာခဲ့လေသည်။ ထိုဆိုင်မှာ အနီးအနားတွင် ရှိနေသဖြင့် သူက အနည်းငယ် စောရောက်နေပြီး အစားအသောက် များ အဆင်သင့် မဖြစ်သေးပေ။
ဆိုင်ရှင်မှာ အတော်လေး ဖော်ရွေပျူငှာပြီး အပြုံးဖြင့် ဆိုလိုက်လေသည်။
"အခုလို ပူပြင်းတဲ့ ရာသီဥတုကြီးထဲမှာ နေ့တိုင်း အပြင်ထွက်နေရတဲ့ ပို့ဆောင်ရေးသမားတွေအတွက် အတော် လေး ပင်ပန်းမှာပဲ...။ ငါ့ဆိုင်မှာ မင်းတို့ ပို့ဆောင်ရေးသမားတွေ နားနေဖို့ သီးသန့် နေရာလေး တစ်ခုရှိတယ်...။”
"ဟိုဘက်မှာ ပဲတီစိမ်းစွပ်ပြုတ် ရှိတယ်...။ ပန်းကန်ကလည်း မင်းဘေးနားမှာတင် ရှိတယ်..။. သွားသောက်ပြီး အမောဖြေလိုက်ပါဦး...။ ထိုင်ပြီး ခဏလောက် နားလိုက်...၊ မင်းရဲ့ အစားအသောက်တွေ မကြာခင် ရတော့မှာ ပါ... ။အချိန်သိပ်မကြာပါဘူး...။”
ဤစကားကို ကြားပြီးနောက် စားပွဲတစ်လုံးအထက် နံရံပေါ်တွင် ကပ်ထားသော စာရွက်တစ်ရွက်ကို သူ သတိ ထားမိလိုက်လေသည်။ ထိုစာရွက်တွင် ပို့ဆောင်ရေးသမားများအတွက် သီးသန့် နားနေရန်နေရာ ဖြစ်ပြီး အခမဲ့ ကိုယ်တိုင်ယူ ပဲတီစိမ်းစွပ်ပြုတ် ရရှိနိုင်ပါသည် ဟု ရေးသားထားလေသည်။
ဤအရာကို မြင်ပြီး မည်သည့် ပို့ဆောင်ရေးသမားက စိတ်မလှုပ်ရှားဘဲ နေမည်နည်း။ လျန်ထျန်းသည်လည်း ချွင်းချက်မဟုတ်ဘဲ အလွန်ပင် စိတ်ထိခိုက်လှုပ်ရှားသွားရလေသည်။
*တကယ်တော့ ဤလောကကြီးမှာ လူဆိုးတွေထက် လူကောင်းတွေက ပိုများပါတယ်...။ စာနာတတ်တဲ့သူတွေ ပိုများတယ်...။ ဒီလို ဆိုင်ရှင်မျိုးက ပိုပြီး ထောက်ခံအားပေးဖို့ ထိုက်တန်တယ်...။*
ထို့ကြောင့် ဆိုင်ရှင်ကို ကျေးဇူးတင်စကား ပြောကြားပြီးနောက် လျန်ထျန်းသည် ပို့ဆောင်ရေးသမားများ၏ နားနေဆောင်သို့ သွားရောက်ထိုင်ကာ ပဲတီစိမ်းစွပ်ပြုတ်ကို သောက်ရင်း မစ္စတာဝမ်ထံသို့ စာတစ်စောင် ပို့လိုက် လေသည်။
[မစ္စတာဝမ်...၊ ကျွန်တော် ဒီနေ့ ဆိုင်တစ်ဆိုင်ကို ရောက်ခဲ့တယ်...။ အဲ့ဒီဆိုင်ရှင်က တကယ်ကို သဘောကောင်း လွန်းတယ်...။ အခြေအနေက ဒီလိုပါ...]
[ဒါကြောင့် ဒီဆိုင်ကို စံပြအဖြစ် မြှင့်တင်ပေးဖို့ ထိုက်တန်တယ်လို့ ကျွန်တော် ထင်တယ်...။ သူ့ကို အခမဲ့ ကြော်ငြာပေးဖို့ ပင်မမျက်နှာစာမှာ တင်ပေးလိုက်ရအောင်...]
[ဒီဆိုင်ရဲ့ အစားအသောက် ပို့ဆောင်မှု အမှာစာတွေအတွက် ကော်မရှင်နှုန်းကို ထပ်လျှော့ပေးလိုက်ပါ...။ ဆိုင်ရှင်ကို ပိုပြီး အမြတ်ရစေချင်တယ်...။ သူက အဲ့ဒီပိုက်ဆံတွေကို သုံးပြီး လူ့အဖွဲ့အစည်းကို ပြန်လည် အကျိုးပြုလိမ့်မယ်...]
တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့ ပြောဆိုသော စကားများသည် တကယ်ကို တိုက်ဆိုင်လွန်းပြီး တွေးတောထား သည့်အရာများက အမှန်တကယ် ဖြစ်လာတတ်ပေသည်။
လျန်ထျန်း၏ ဘေးနားရှိ စားပွဲတွင် လူတစ်ဦးက အစားအသောက် အမြောက်အမြားကို အငမ်းမရ စားသောက် နေလေသည်။
သို့သော် သူသည် ငွေရှင်းကောင်တာသို့ ရောက်သောအခါ ဆိုင်ရှင်ကို မော့မကြည့်ရဲဘဲ စကားတစ်ခွန်းကို ပထစ်ထစ် အငေါ့ငေ့ါဖြင့် ပြောလိုက်လေသည်။
"ကျွန်တော်...၊ ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး...။”
ဆိုင်ရှင်မှာ အစပိုင်းတွင် အံ့အားသင့်သွားခဲ့ပြီးနောက် ဇဝေဇဝါဖြင့် မေးလိုက်လေသည်။
"ဘာကို ဆိုလိုတာလဲ...၊ အို...၊ အထင်မလွဲပါနဲ့...။ မင်းမှာ ဘာအခက်အခဲတွေ ကြုံနေရလဲလို့ ငါ မေးတာပါ...။”
"ဘာပဲဖြစ်ဖြစ်လေ ဒီဆိုင်က ဇိမ်ခံ စားသောက်ဆိုင်ကြီးမှ မဟုတ်တာ...။ ပုံမှန် အခြေအနေမျိုးမှာဆိုရင် ထမင်း တစ်နပ်စာအတွက် ပိုက်ဆံ မရှိစရာ အကြောင်းမရှိဘူး မဟုတ်လား...။”
ထိုသူသည် ဆိုင်ရှင်က ဒေါသမထွက်ကြောင်း ကြားသိရမှသာ ခေါင်းကို အနည်းငယ် မော့ကြည့်ရဲတော့ပြီး အသေးစိတ်ကို ရှင်းပြလေသည်။
တကယ်တော့ ဤလူငယ်မှာ တောင်ပေါ်ရွာလေး တစ်ရွာမှ ဆင်းလာပြီး ဤနေရာသို့ အလုပ်လာလုပ်သူ ဖြစ်ပေသည်။
သို့သော် သူ၏ ပထမလစာ ရရချင်းမှာပင် အိမ်မှ မတော်တဆမှု အကြောင်းကို ကြားရလိမ့်မည်ဟု သူ မထင် ထားခဲ့ပေ။ သူ၏ မိခင်ဖြစ်သူမှာ တောင်ပေါ်ရှိ လယ်ထဲတွင် အလုပ်လုပ်နေစဉ် ပြုတ်ကျကာ ခြေထောက် ဒဏ်ရာရသွားခဲ့ခြင်း ဖြစ်လေသည်။
စိုးရိမ်ပူပန်မှုများဖြင့် ထိုလူငယ်သည် ပိုက်ဆံအားလုံးကို အိမ်သို့ ပို့လိုက်ပြီး မိမိအတွက် နေထိုင်စားသောက် စရိတ် ချန်ထားရန်ပင် မေ့လျော့သွားခဲ့လေသည်။
လ၏ ပထမနှစ်ဝက်တွင် လုပ်ဖော်ကိုင်ဖက်များထံမှ ပိုက်ဆံချေးငှား၍ ခက်ခက်ခဲခဲ ရပ်တည်နိုင်ခဲ့သော်လည်း ဒုတိယနှစ်ဝက်တွင်မူ သူ၏ လုပ်ဖော်ကိုင်ဖက်များလည်း ငွေကြေးပြတ်လပ်လာကြလေသည်။
သူသည် သုံးရက်တိတိ အစာငတ်နေခဲ့ပြီး ဆက်၍ သည်းမခံနိုင်တော့လောက်အောင် ဆာလောင်နေခဲ့လေသည်။
သူ ရောက်ရောက်ချင်း အစားအသောက်များကို မှာယူစားသောက်ပြီးနောက် လကုန်၍ လစာရသောအခါမှ ဤ ကျသင့်ငွေကို ပြန်ပေးနိုင်မလား ဆိုသည်ကို ဆိုင်ရှင်နှင့် ဆွေးနွေးကြည့်ရန် ကြိုးစားခဲ့ခြင်း ဖြစ်လေသည်။
အကယ်၍ ဆိုင်ရှင်က သဘောမတူပါက အစားဖိုးအတွက် ဆိုင်တွင် အလုပ်ဝင်လုပ်ပေးမည်ဟုလည်း သူ တွေးထားခဲ့လေသည်။ သူသည် ပန်းကန်ဆေး၊ အိုးတိုက်သည့် အလုပ်များကို လုပ်ပေးနိုင်ပေသည်။
လူငယ်၏ ဇာတ်လမ်းကို နားထောင်ပြီး သူ၏ မျက်လုံးများထဲမှ တမူထူးခြားသော ရိုးသားမှုကို မြင်တွေ့လိုက် ရသောအခါ ဆိုင်ရှင်က ပြုံးကာ သူ၏ ပခုံးကို ပုတ်၍ ပြောလိုက်လေသည်။
"လူလေး...၊ လူတိုင်းက တစ်ခါတလေတော့ အခက်အခဲတွေနဲ့ ကြုံတွေ့ရတတ်တာပါပဲ...။ ငါ ပြောပြမယ်...၊ ငါ လည်း ငယ်ငယ်တုန်းက ဒီနေရာကို အလုပ်လာလုပ်ခဲ့တာပဲ...။”
"အဲ့ဒီတုန်းက လက်ကိုင်ဖုန်းတွေ၊ မိုဘိုင်းလ် ငွေပေးချေမှုတွေ မရှိသေးဘူး...။ တစ်နှစ်မှာ ငါ့ရဲ့ ပိုက်ဆံအိတ် အခိုး ခံလိုက်ရတော့ ငါလည်း မင်းလိုပဲ အစားအသောက် မဝယ်စားနိုင်တော့ဘူးလေ...။”
"ရက်အတော်ကြာ အစာငတ်နေပြီးနောက် ငါလည်း မင်းလိုမျိုးပဲ လုပ်ခဲ့တယ်...။ စားသောက်ဆိုင် တစ်ဆိုင်ကို ရှာပြီး အရင်ဆုံး ဝအောင်စားတယ်...။ ပြီးမှ ဆိုင်ရှင်ဆီ သွားပြီး စကားပြောခဲ့တယ်...။”
"အခုထက်ထိ ငါ သေချာ မှတ်မိနေသေးတယ်...။ ငါက အရိုက်ခံရဖို့အထိ ပြင်ဆင်ထားခဲ့တာ...။ သူတို့က ရဲခေါ်ပြီး ငါ့ကို လာဖမ်းရင်တောင် ငါက လက်ခံဖို့ အသင့်ပဲ...။”
ဤနေရာအရောက်တွင် ဆိုင်ရှင်က ခေတ္တရပ်လိုက်ပြီး သူ၏ မျက်လုံးများမှာ လေးနက်သွားကာ အတိတ်က အဖြစ်အပျက် အချို့ကို ပြန်လည် အမှတ်ရနေသည့်အလား ဆက်ပြောလေသည်။
"ဒါပေမဲ့ အံ့သြစရာကောင်းတာက ဆိုင်ရှင်က ငါ့ကို မရိုက်နှက်ခဲ့တဲ့အပြင် ပြုံးပြီး ငါ့ကို အခုလို ပြောခဲ့သေးတယ် ...။ 'မိမိဘဝတွင် အခက်အခဲ သို့မဟုတ် ကြမ်းတမ်းသော လမ်းခရီးနှင့် ဘယ်တော့မှ မကြုံရဘူးဟု မည်သူက အာမခံနိုင်မည်နည်း' တဲ့လေ...။”
"အဲ့ဒီနောက်မှာ ဆိုင်ရှင်က နောက်ရက်တွေမှာလည်း သူ့ဆိုင်မှာ လာစားဖို့ ဖိတ်ခေါ်ခဲ့ပြီး ပိုက်ဆံ တစ်ပြားမှ မယူခဲ့ဘူး...။”
"ဒါပေမဲ့ ငါ ပြောချင်တဲ့ အချက်တစ်ချက် ရှိတယ်...။ အဲ့ဒါကတော့ ငါ တတ်နိုင်တဲ့ အချိန်ရောက်ရင် အကူအညီ လိုအပ်နေတဲ့ တခြားသူတွေကို အစွမ်းကုန် ကူညီပေးမယ် ဆိုတာပဲ...။”
"ဒါကြောင့် လူလေး...၊ မင်း လကုန်လို့ လစာရတဲ့အထိ ငါ့ဆိုင်မှာ လာစားပါ...။ ငါ ပိုက်ဆံ မယူပါဘူး...။”
"ဒါပေမဲ့ မင်းလည်း ငါ့ကို ကတိတစ်ခု ပေးရမယ်...။ မင်း တတ်နိုင်တဲ့ အချိန်ရောက်ရင် အကူအညီ လိုအပ်နေတဲ့ တခြားသူတွေကို အစွမ်းကုန် ကူညီပေးမယ်လို့ ကတိပေးရမယ်... မင်း လုပ်နိုင်မလား...။”
ဤစကားကို ကြားသောအခါ လူငယ်မှာ မျက်ရည်ကျသည်အထိ စိတ်လှုပ်ရှားသွားပြီး အားပါးတရ ခေါင်းညိတ် ပြလိုက်လေသည်။
ဘေးတွင် ရပ်နေသော လျန်ထျန်းမှာလည်း အလွန်ပင် စိတ်လှုပ်ရှားသွားရပြီး စိန်ပွင့်များထက်ပင် ပို၍ အဖိုးတန် ကာ တောက်ပနေသော ယဉ်ကျေးမှု စိတ်ဓာတ် အမွေအနှစ်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။
ယခုမူ သူ၏ ယခင် အတွေးကို ပို၍ပင် ယုံကြည်သွားလေသည်။ ဤကဲ့သို့သော လူကောင်းများသာ ငွေကြေး ရှာဖွေနိုင်ပါက လူ့အဖွဲ့အစည်းကို သေချာပေါက် ပို၍ ပြန်လည် အကျိုးပြုလိမ့်မည်ဟု သူ ယုံကြည်သွားလေ သည်။
ထို့အပြင် ဤသည်မှာ ကြွယ်ဝချမ်းသာမှု သက်သက်အတွက် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ရှုထောင့်အတွက် ပို၍ အဓိပ္ပာယ်ရှိပေသည်။
ထိုလောဘကြီးသော ငွေရှင်ကြေးရှင်များကို ပိုက်ဆံ ရှာခွင့်ပေးခြင်းထက် ဤအရာက ပို၍ အဓိပ္ပာယ် ပြည့်ဝ သည် မဟုတ်ပါလား။
သို့တိုင် ဤကဲ့သို့သော လူကောင်းတစ်ဦးသည်ပင် ပြဿနာများနှင့် ရင်ဆိုင်ရနိုင်ပေသည်။
ပြဿနာ၏ မြစ်ဖျားခံရာမှာ မြို့ပြစီမံခန့်ခွဲရေး ယူနီဖောင်းဝတ်ဆင်ထားသူ လူအနည်းငယ်က တံခါးကို တွန်းဖွ င့်ကာ အတွင်းဘက်သို့ မည်သည့် ယဉ်ကျေးမှုမျှ မရှိဘဲ အော်ဟစ်လိုက်ခြင်းပင် ဖြစ်လေသည်။
"ဒီဆိုင်ကို ဘယ်သူ တာဝန်ယူထားတာလဲ...။ မကြာသေးခင်က မြို့တော်ရဲ့ ယဉ်ကျေးတဲ့ ပတ်ဝန်းကျင် ဖန်တီးရေး လှုပ်ရှားမှုအရ အပြင်ဘက်မှာ ဘာပစ္စည်းမှ ခင်းကျင်းခွင့် မရှိဘူးဆိုတာ သူတို့ မသိဘူးလား...။”
"အပြင်က တဲကို အခုချက်ချင်း သွားဖျက်လိုက်စမ်း...။ မဟုတ်ရင် လမ်းပိတ်ဆို့မှုနဲ့ ဒဏ်ရိုက်ခံရမယ်...။ တဲထဲက ပစ္စည်းတွေကို ငါတို့ သိမ်းသွားပြီ...၊ အဲ့ဒါတွေကို ပြန်လိုချင်ရင် အဖွဲ့ရုံးကို လာပြီး ဒဏ်ကြေး လာဆောင် လိုက်...။”
ဤစကားများကို ကြားသောအခါ ဆိုင်ရှင်က အလျင်အမြန် ရှင်းပြလိုက်လေသည်။
"လူကြီးမင်းတို့...၊ အဲ့ဒီတဲက ကုန်ချတဲ့ အလုပ်သမားတွေအတွက် ယာယီ ဆောက်ပေးထားတာပါ...။ မဟုတ်ရင်
ဒီလောက် ပူပြင်းတဲ့ နေရောင်အောက်မှာ သူတို့ ကုန်ချဖို့ အရမ်း ပူနေမှာစိုးလို့ပါ...။”
"တဲထဲက ပစ္စည်းတွေကလည်း အခုမှ လာပို့တဲ့ ပစ္စည်းသစ်တွေပါ...။ ကျွန်တော် အထဲကို ရွှေ့ဖို့ အချိန်မရ သေးလို့ပါ...။ ကျွန်တော် ဒီအမှာစာ အချို့ကို လုပ်ပြီးတာနဲ့ အဲ့ဒါတွေကို ရှင်းလင်းပေးလို့ ရနိုင်မလား...။”
ဆိုင်ရှင်က ယဉ်ကျေးစွာ ရှင်းပြနေသော်လည်း မြို့ပြစီမံခန့်ခွဲရေး အရာရှိများကမူ မည်သည့် သနားညှာတာမှုကို မျှ မပြသခဲ့ပေ။
"အဲ့ဒါတွေက လမ်းကို ပိတ်ဆို့နေပြီ...။ ပြီးတော့ ငါတို့က ဓာတ်ပုံလည်း ရိုက်ထားပြီးပြီ...။ အခုမှ လာရှင်းလင်း နေလို့ ဘာထူးတော့မှာလဲ...။”
"မင်း နောက်ထပ် စကားတစ်ခွန်း ထပ်ပြောရင် မင်းရဲ့တဲကိုပါ ဖျက်ပစ်မယ်...။ အခြေအနေက အဲ့လိုပဲ...၊ မကြာ သေးခင်က မြို့တော်မှာ တရားမဝင် လုပ်ရပ်တွေကို နှိမ်နင်းနေတာမို့ မင်း သတိထားတာ ပိုကောင်းမယ်...။”
သူတို့ စကားပြောနေစဉ်မှာပင် မြို့ပြစီမံခန့်ခွဲရေး အရာရှိ အချို့က ပစ္စည်းများကို စတင် သိမ်းဆည်းရန် ပြင်ဆင် နေကြလေသည်။
ဤအချိန်ရောက်မှသာ ဆိုင်ရှင်သည် စတင် ထိတ်လန့်လာတော့သည်။
"မလုပ်ပါနဲ့...၊ မလုပ်ပါနဲ့ဗျာ...။ အဲ့ဒါတွေက ရေခဲသေတ္တာထဲ ထည့်ထားရမယ့် ပါဝင်ပစ္စည်းတွေပါ...။ ဒီလို ပူအိုက်တဲ့ ရာသီဥတုကြီးမှာ ခင်ဗျားတို့ အဲ့ဒါတွေကို ယူသွားရင် မြန်မြန် ပျက်စီးကုန်ပါလိမ့်မယ်...။”