← Chapters

အခန်း ၃၂၉

Vol. 33 Ch. 329

အခန်း ၃၂၉

Vol. 33 Ch. 329

အခန်း (၃၂၉)

ဤသည်မှာ စည်းမျဉ်းပင် ဖြစ်သည်

ဆိုင်ရှင်ဖြစ်သူမှာ အလွန် ပြာယာခတ်နေသည်ကို သိသာထင်ရှားစွာ မြင်တွေ့နိုင်ပေသည်။

သို့သော် ထိုသည်မှာလည်း နားလည်ပေးနိုင်စရာပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာများမှာ အခုမှ လာပို့ထားသော လတ်ဆတ်သည့် ပါဝင်ပစ္စည်းများ ဖြစ်နေပြီး ပမာဏအားဖြင့်လည်း ကားတစ်ဝက်ခန့် ရှိမည်ဟု ခန့်မှန်းရသောကြောင့် ဖြစ်လေသည်။

၎င်းတို့ထဲတွင် ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများ အများစု ပါဝင်ပြီး ယခုကဲ့သို့ နွေရာသီ၏ အပူပြင်းဆုံး နေ့ရက်များတွင် နွေဦး ဆောင်းဦးနှင့် ဆောင်းရာသီတို့နှင့် နှိုင်းယှဉ်၍မရအောင် ပူအိုက်လှပေသည်။

လူတိုင်း သိကြသည့်အတိုင်း ပူအိုက်သော ရာသီဥတုတွင် လတ်ဆတ်သော သစ်သီးဝလံများနှင့် ဟင်းသီးဟင်း ရွက်များကို ရေခဲသေတ္တာထဲ မထည့်ထားပါက တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း ပျက်စီးပြီး မှိုတက်လာမည် ဖြစ်ရာ လုံးဝကို အလဟဿ ဖြစ်သွားပေလိမ့်မည်။

သို့သော် မြို့ပြစီမံခန့်ခွဲရေး အရာရှိများ၏ အဖွဲ့ခေါင်းဆောင်ကမူ ဆိုင်ရှင်ပြောသည်ကို လုံးဝ ဂရုမစိုက်ဘဲ သူ၏ ခေါင်းကို ရမ်းခါနေလေသည်။

"အဲ့ဒါက ငါတို့နဲ့ ဘာမှမဆိုင်ဘူး ဘာပဲဖြစ်ဖြစ် လမ်းပေါ်မှာ တွေ့လို့ ဓာတ်ပုံရိုက်ထားပြီးရင် ငါတို့ သိမ်းသွားရ မှာပဲ...။”

"မင်း ပြန်လိုချင်ရင် ငါတို့ အဖွဲ့ရုံးကို လာပြီး ဒဏ်ကြေး လာဆောင်ရမယ် ငါတို့ စစ်ဆေးပြီး ဘာပြဿနာမှ မရှိဘူးဆိုမှ ပြန်ယူသွားလို့ ရမယ် အဲ့ဒါ စည်းမျဉ်းပဲ...။”

ဆိုင်ရှင်ဖြစ်သူမှာ အကျိုးအကြောင်း မသင့်သော မြို့ပြစီမံခန့်ခွဲရေး အရာရှိများကြောင့် အလွန်အမင်း မတရား ခံရသည်ဟု ခံစားလိုက်ရလေသည်။

"ကျွန်တော်…၊ ကျွန်တော်…၊ လမ်းကို လုံးဝ မပိတ်ဆို့ထားပါဘူး…။ ဟိုဟင်းသီးဟင်းရွက် တောင်းတွေက မဖွင့်ရသေးဘူးဆိုတာ ခင်ဗျားတို့ မသိဘူးလား...။”

"ပြီးတော့ ပစ္စည်းတွေကို အခုလေးတင် ချပြီး ဒီနေရာမှာ ထားခဲ့တာပါ…။ အဲ့ဒီ လုပ်ငန်းစဉ် တစ်ခုလုံးက ဆယ်မိနစ်တောင် မကြာပါဘူး…။ ပို့တဲ့သူက နောက်တစ်ယောက်ဆီ အမြန်သွားပို့ရမှာမို့လို့ ကျွန်တော် သူတို့ကို အရင် သွားခိုင်းလိုက်တာပါ...။”

"ဒီအမှာစာတွေကို လုပ်ပြီးတာနဲ့ အရာအားလုံးကို အထဲရွှေ့ဖို့ မိနစ်အနည်းငယ်တောင် ကြာမှာ မဟုတ်ပါဘူး…။ ကျွန်တော်တို့ အချင်းချင်း နည်းနည်းလောက် နားလည်ပေးလို့ မရဘူးလား...။”

ဆိုင်ရှင်က သူ၏ နာကြည်းမှုများကို ရှင်းပြ၍ မဆုံးမီမှာပင် မြို့ပြစီမံခန့်ခွဲရေး အဖွဲ့ခေါင်းဆောင်က စိတ်မရှည် စွာဖြင့် သူ့အား ဖြတ်ပြောကာ အော်ဟစ်လိုက်လေသည်။

"မင်းက ဘာလို့ ဆက်တိုက် စကားတွေ များနေရတာလဲ...။”

"ဒါတွေက စည်းမျဉ်းတွေပါလို့ ငါ မင်းကို ပြောထားတယ်လေ စည်းမျဉ်းတွေဆိုတာ မင်း နားမလည်ဘူးလား...။”

"နောက်ထပ် စကားတစ်ခွန်း ထပ်ပြောကြည့်စမ်း မင်းကို တရားဥပဒေ စိုးမိုးရေးကို နှောင့်ယှက်မှုနဲ့ တရားစွဲပြီး မင်းရဲ့ဆိုင်ကို ပိတ်ပစ်လိုက်မယ်ဆိုတာ ယုံလိုက်စမ်း...။”

ဤစကားကို ကြားသောအခါ ဆိုင်ရှင်မှာ အလွန် ဝမ်းနည်းနာကြည်းသွားသော်လည်း ဘာမျှ မပြောရဲတော့ပေ။

မြို့ပြစီမံခန့်ခွဲရေး အရာရှိ အချို့က အခုမှ ရောက်လာသော ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများကို တစ်တောင်းပြီးတစ်တောင်း မြို့ပြစီမံခန့်ခွဲရေး ကားပေါ်သို့ တင်ဆောင်နေသည်ကို ကြည့်ရင်း သူ၏ မျက်လုံး များတွင် မျက်ရည်များ ဝဲလာတော့သည်။

သူတို့၏ ကိုယ်ပိုင် ဆုံးရှုံးမှုများအတွက် စိတ်နှလုံး နာကျင်ရရုံသာမက သဘောကောင်းသော သူများကမူ ပစ္စည်းများ အလဟဿ ဖြစ်သွားသည်ကို မကြည့်ရက်နိုင်ဘဲ တွေးတောနေမိကြမည် ဖြစ်ပေသည်။

အလုပ်သမားများ၏ ကြိုးစားအားထုတ်မှုဖြင့် စိုက်ပျိုးထားသော ထိုလတ်ဆတ်သည့် သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များမှာ အလဟဿ ဖြစ်သွားရတော့မည် ဖြစ်လေသည်။

ဤအချိန်တွင် ဘေး၌ ရပ်နေသော လျန်ထျန်းမှာ ဆက်၍ သည်းမခံနိုင်တော့သဖြင့် ရှေ့သို့ ထွက်ကာ စကား ပြောလိုက်လေသည်။

"မြို့ပြစီမံခန့်ခွဲရေး အရာရှိတွေအနေနဲ့ ခင်ဗျားတို့က ဥပဒေကို ဒီလိုပဲ အကောင်အထည်ဖော်တာလား…။ ခင်ဗျား တို့မှာ လူသားချင်း စာနာထောက်ထားမှု ဆိုတာ မရှိတော့ဘူးလား...။”

"ပြီးတော့ လမ်းပေါ်မှာ ဈေးရောင်းတာ မဟုတ်ပါဘူးလို့ ဆိုင်ရှင်က ပြောနေတယ်လေ ပစ္စည်းတွေကို အခုလေး တင် ချပြီး ယာယီ ထားထားရုံ သက်သက်ပါ...။”

"ဆိုင်ရှင်က သူ့အလုပ် ပြီးတာနဲ့ ချက်ချင်း ရှင်းမှာပါ အဲ့ဒီအချိန်အတွင်း ဘယ်သူ့ကိုမှ ဒုက္ခမပေးပါဘူး..၊ လမ်းနဲ့ လည်း အလှမ်းဝေးသေးတော့ လမ်းသွားလမ်းလာတွေနဲ့ ကားတွေကိုလည်း မထိခိုက်ပါဘူး...။”

ဤစကားကို ကြားသောအခါ လူတိုင်း၏ အကြည့်များက သူတို့ထံသို့ ချက်ချင်း ကျရောက်သွားလေသည်။

မြို့ပြစီမံခန့်ခွဲရေး အဖွဲ့ခေါင်းဆောင်သည် စကားပြောသူမှာ အစားအသောက် ပို့ဆောင်ရေးသမား တစ်ဦးဖြစ်နေ သည်ကို မြင်သောအခါ သူ၏ မျက်လုံးများတွင် အထင်အမြင်သေးမှုများ ပေါ်လွင်လာပြီး အေးစက်စွာ နှာခေါင်း ရှုံ့လိုက်လေသည်။

"လမ်းသွားလမ်းလာတွေနဲ့ ကားတွေကို မထိခိုက်ရုံနဲ့ လုံလောက်ပြီလား…။ ငါတို့က ယဉ်ကျေးတဲ့ မြို့တော်ကို ဖန်တီးနေတဲ့ လုပ်ငန်းစဉ်မှာ ရှိနေတယ်ဆိုတာ မင်း မသိဘူးလား ဒါက မြို့ရဲ့ အသွင်အပြင်ကို ထိခိုက်နေပြီ...။”

လျန်ထျန်းက ချက်ချင်း ပြန်လည် ချေပလိုက်လေသည်။

"မြို့ရဲ့ အသွင်အပြင်ဆိုတာ ဘာလဲ ခင်ဗျားတို့ရဲ့ မြို့ရဲ့ အသွင်အပြင် ဆိုတာက အရာအားလုံးကို တင်းကျပ်တဲ့ နည်းလမ်း တစ်ခုတည်းနဲ့ ကိုင်တွယ်တာကို ပြောတာလား...။”

"သက်ဝင်လှုပ်ရှားမှုတွေ အကုန်လုံးကို ဖျက်ဆီးပစ်ပြီး မြို့ကြီးကို အသက်မဲ့တဲ့ နေရာတစ်ခုအဖြစ် ပြောင်းလဲ ပစ်တာကို သန့်ရှင်းပြီး ယဉ်ကျေးတဲ့ မြို့တော် ဖန်တီးတယ်လို့ ခေါ်တာလား...။”

ထိုကဲ့သို့ ပြစ်တင်ပြောဆိုခံရပြီးနောက် မြို့ပြစီမံခန့်ခွဲရေး အဖွဲ့ခေါင်းဆောင်၏ မျက်နှာမှာ အလွန် အရုပ်ဆိုး သွားလေသည်။ သူသည် လက်ကို မြှောက်ကာ လျန်ထျန်းကို လက်ညှိုးထိုးရင်း ပြောလိုက်လေသည်။

"မင်းက အစားအသောက်ပို့တဲ့ကောင် သက်သက်ပဲ မင်းက ဘာသိလို့လဲ...။”

"ငါ မင်းကို သတိပေးလိုက်မယ် သူများကိစ္စ ဝင်မပါနဲ့...။”

"တကယ်တော့ မင်းတို့ အစားအသောက်ပို့တဲ့ ကောင်တွေကို ငါ စိတ်အနှောင့်အယှက် ဖြစ်နေတာ ကြာပြီ…၊ မင်းတို့က တစ်နေကုန် လမ်းပေါ်မှာ လျှပ်စစ်စကူတာတွေနဲ့ သွားလာနေပြီး မြို့ရဲ့ အသွင်အပြင်ကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်...။”

"အခုထိ မင်းတို့က ငါ့လက်ထဲ မရောက်သေးလို့သာပဲ…၊ မဟုတ်ရင် မင်းတို့ကို ငါ ဘယ်လို လုပ်ပစ်မလဲဆိုတာ ကြည့်ထားလိုက်…။ မင်းတို့အားလုံးကို ပြေးပြီး အစားအသောက် ပို့ခိုင်းရင် ပိုပျော်စရာကောင်းလိမ့်မယ်ထင် တယ်…။ ဟားဟားဟား...။”

နောက်ဆုံးတွင် သူသည် အော်ဟစ်ရယ်မောလိုက်လေသော်လည်း သူ ပြောနေသည့်အရာက သူ့ကို ဘာကြောင့် ပျော်ရွှင်စေသည်ကိုမူ မသိရပေ။

ချက်ချင်းပင် သူ၏ နောက်ကွယ်ရှိ မြို့ပြစီမံခန့်ခွဲရေး အရာရှိ အချို့က သူ့ကို မြှောက်ပင့် ဖားယားလာကြ လေသည်။

"အဖွဲ့ခေါင်းဆောင် ပြောတာ မှန်တယ်…။ ဒီအစားအသောက်ပို့တဲ့ သူတွေကို လမ်းလျှောက်ပြီး ပို့ခိုင်းသင့်တယ် ဒါက ပတ်ဝန်းကျင်အတွက် ပိုပြီး သန့်ရှင်းတာပေါ့...။”

"ဘယ်သူ သိမှာလဲ တချို့နေရာတွေမှာ သူတို့ကို ငါတို့ လက်ထဲ ရလာနိုင်ကောင်းပါရဲ့..။ ဘာပဲဖြစ်ဖြစ် ငါတို့ မြို့ပြစီမံခန့်ခွဲရေး အဖွဲ့မှာက အရာအားလုံးကို ခြုံငုံနိုင်တဲ့ အာဏာရှိတယ်လေ...။”

"ဟုတ်တယ် ကောင်းကင်ကနေ မြေကြီးအထိ ကြားထဲက လေကိုတောင် ငါတို့က စီမံခန့်ခွဲတာပဲ…။ ဒီလျှပ်စစ် စကူတာနဲ့ အစားအသောက်ပို့တဲ့ သူတွေကို ငါတို့က ဘယ်လိုလုပ် စီမံခန့်ခွဲလို့ မရမှာလဲ၊ ငါတို့မှာ သေချာပေါက် နည်းလမ်း ရှိပါတယ်...။”

"စိတ်မပူပါနဲ့ အဖွဲ့ခေါင်းဆောင် ကျွန်တော် သူ့ကို စောင့်ကြည့်ထားပါ့မယ် သူ့ရဲ့ လျှပ်စစ်စကူတာက ခဏလေး ရပ်သွားရင်တောင် ယာဉ်ကြောကို နှောင့်ယှက်မှုနဲ့ လမ်းကို တရားမဝင် သိမ်းပိုက်မှုဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်တော် သိမ်းပစ်လိုက်မယ်...။”

"သိပ်ကောင်းတဲ့ အကြံပဲ…၊ ကျွန်တော့်ကိုလည်း ထည့်တွက်ထားပါ…၊ ယခုကစပြီး သူ့ကို ကျွန်တော်တို့ သေချာ စောင့်ကြည့်ကြမယ်…။ သူ လျှပ်စစ်စကူတာနဲ့ ထွက်လာတိုင်း ကျွန်တော်တို့က သူ့ဆီကနေ တစ်စီးပြီးတစ်စီး သိမ်းပစ်လိုက်မယ်…။ အဲ့ဒါဆိုရင် သူ အစားအသောက်တောင် ပို့လို့ မရတော့ဘူး...။”

ဤစကားများကို ကြားသောအခါ မြို့ပြစီမံခန့်ခွဲရေး အဖွဲ့ခေါင်းဆောင်မှာ အသိဉာဏ် ပွင့်လင်းသွားသကဲ့သို့ ခံစားလိုက်ရပြီး ပို၍ပင် အားပါးတရ ရယ်မောလိုက်လေသော်လည်း သူ၏ ဟန်ကိုမူ ထိန်းထားဆဲ ဖြစ်လေသည်။

"မင်းတို့ ငါ့နောက်ကို စလိုက်ကတည်းက အများကြီး တိုးတက်လာပုံရတယ်…၊ ဒါ အရမ်းကောင်းတယ်…။ ငါ အရမ်း ကျေနပ်တယ်...။”

ထို့နောက် သူသည် လျန်ထျန်းကို ရက်စက်သော အကြည့်ဖြင့် ကြည့်ကာ အေးစက်စွာ ပြုံးရင်း ဆက်ပြော လေသည်။

"ဟေ့ အစားအသောက်ပို့တဲ့ကောင် ငါတို့က မင်းကို ပစ်မှတ်ထားနေတယ်လို့ မပြောနဲ့နော်…၊ ငါတို့က စည်းမျဉ်း တွေ အတိုင်း လုပ်နေရုံပါပဲ...။”

"ဘာလို့လဲဆိုတော့ လမ်းပန်းဆက်သွယ်ရေး စည်းကမ်း ထိန်းသိမ်းတာနဲ့ လမ်းကို တရားမဝင် သိမ်းပိုက်တာ တွေကို အပြစ်ပေးတာက တကယ်ပဲ ငါတို့ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိလို့ပဲ...။”

"မင်းက လမ်းပေါ်မှာ လျှပ်စစ်စကူတာ စီးနေရင်တော့ ငါတို့နဲ့ မဆိုင်ဘူး…။ အဲ့ဒါက ယာဉ်ထိန်းရဲတွေရဲ့ စီရင် ပိုင်ခွင့်ပဲ…။ ဒါပေမဲ့ မင်း ရပ်လိုက်မယ်ဆိုရင်တော့..၊ ဟီးဟီး...။”

"မင်း လျှပ်စစ်စကူတာကို အထပ်ပေါ်အထိ သယ်သွားပြီး အစားအသောက် မပို့နိုင်သရွေ့တော့ မင်း ဘယ်နေရာ မှာပဲ ရပ်ရပ် ငါတို့က သိမ်းပိုင်ခွင့် အပြည့်အဝ ရှိတယ် အဲ့ဒါ စည်းမျဉ်းပဲ...။”

ဤစကားကို ကြားသောအခါ လျန်ထျန်းမှာ အလွန် ဒေါသထွက်သွားပြီး အသံဩဩဖြင့် ဒေါသတကြီး ပြော လိုက်လေသည်။

"စည်းမျဉ်းတွေ…၊ စည်းမျဉ်းတွေ…။ ခင်ဗျားတို့က စည်းမျဉ်းတွေကို တကယ့် နှုတ်ကျိုးနေတဲ့ စကားလုံးတစ်ခု လို သဘောထားနေကြတာပဲ...။”

"ဒီစည်းမျဉ်းတွေ ရှိရုံနဲ့ ခင်ဗျားတို့က ပြစ်ဒဏ်ကင်းလွတ်ခွင့် ရမယ်ဆိုတာကို ကျွန်တော် မယုံကြည်ဘူး…။ မမှန် ကန်တဲ့ ဥပဒေ အကောင်အထည်ဖော်မှုကလည်း ဥပဒေကို ချိုးဖောက်တာပဲ ယုံချင်ယုံ မယုံချင်နေ ခင်ဗျားတို့ကို ရဲစခန်းမှာ တိုင်ပြီး အဖမ်းခံရအောင် လုပ်မယ်...။”

လျန်ထျန်းက ရဲခေါ်မည်ဟု ခြိမ်းခြောက်သည်ကို ကြားသောအခါ မြို့ပြစီမံခန့်ခွဲရေး အရာရှိများမှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဟာသကို ကြားလိုက်ရသကဲ့သို့ ပို၍ပင် ထိန်းမနိုင်သိမ်းမရ ရယ်မောလိုက်ကြလေသည်။

မြို့ပြစီမံခန့်ခွဲရေး အဖွဲ့ခေါင်းဆောင်မှာ အထိန်းအကွပ်မဲ့ဆုံး ဖြစ်ပြီး ခါးကိုင်းသည်အထိ ရယ်မောနေကာ မည်သည့် အကြောက်အလန့်မျှ မရှိကြောင်း ပြသနေလေသည်။

"မင်းလို အစားအသောက်ပို့တဲ့ကောင်က တကယ်ကို ဘာမှ မသိပါလား…။ ငါတို့ မြို့ပြစီမံခန့်ခွဲရေး ဌာနက ရဲတွေ ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ မရှိဘူးဆိုတာ မင်း သိကော သိရဲ့လား...။”

သူ၏ အခြား မြို့ပြစီမံခန့်ခွဲရေး အရာရှိများကလည်း ဤအဆိုကို အလျင်အမြန် ထောက်ခံပြောဆိုလိုက်ကြလေ သည်။

"အဖွဲ့ခေါင်းဆောင် ပြီးခဲ့တဲ့အကြိမ်က လမ်းဘေး ဈေးသည်ဆီကနေ ငါတို့ သုံးဘီးဆိုင်ကယ်ကို သိမ်းလိုက်တာ မှတ်မိသေးတယ်…။ အဲ့ဒီ ဈေးသည်က စိုးရိမ်တကြီးနဲ့ ရဲခေါ်ခဲ့တာလေ...။”

"ဟုတ်တယ် ကျွန်တော်လည်း မှတ်မိတယ်…။ ငါတို့ကို ရဲကြောက်တယ်လို့ ထင်နေတဲ့ လူတွေကို ကျွန်တော် ကြည့်မရဘူး…။ ငါတို့က သူတို့ထဲက တစ်ယောက်ကို ဖမ်းပြီး ရိုက်တောင် ရိုက်လိုက်သေးတယ်...။”

"အဲ့ဒီနောက် ရဲတွေ ရောက်လာတော့ ခေါင်းပူနေတဲ့ ကောင်တချို့က ငါတို့ ညီအစ်ကို တချို့ကို ဖမ်းသွားတယ်…၊ သူတို့က ငါတို့ကို ဖမ်းဆီးထိန်းသိမ်းမယ်လို့တောင် ခြိမ်းခြောက်သေးတယ်…၊​ဒါပေမဲ့ နောက်ဆုံးတော့ သူတို့က ငါတို့ကို အသာတကြည် ပြန်လွှတ်ပေးလိုက်ရတာပဲလေ...။”

"ဟုတ်တယ် ငါတို့က တရားစွဲတိုင်း နိုင်တာပဲ…။ တရားရုံးက ငါတို့ မြို့ပြစီမံခန့်ခွဲရေး အရာရှိတွေအပေါ် သူတို့ စီရင်ပိုင်ခွင့် မရှိဘူးလို့ ပြောထားပြီးပြီလေ…၊ ပြီးတော့ ဖမ်းဆီးထိန်းသိမ်းတဲ့ ဆုံးဖြတ်ချက်ကလည်း တရားမဝင် ဘူးတဲ့…။ အဲ့ဒီ ခေါင်းပူတဲ့ကောင်တွေကတောင် ပြန်ပြီး အပြစ်ပေးခံရဦးမယ်….၊ ဟားဟားဟား...။”

"သူတို့ ရဲစခန်းက မကျေနပ်လို့ ဒုတိယအကြိမ် အယူခံဝင်ခဲ့ပေမဲ့ ရလဒ်က အတူတူပဲ…၊ တရားရုံးက အယူခံကို ပယ်ချပြီး မူလ စီရင်ချက်ကိုပဲ အတည်ပြုလိုက်တယ်…။ ကျွန်တော့်ကို မေးရင်တော့ ငါတို့ မြို့ပြစီမံခန့်ခွဲရေး အရာရှိတွေက တကယ်ကို အရာရာ စွမ်းဆောင်နိုင်တာပဲ...။”

All Chapters