← Chapters

အခန်း ၃၃၀

Vol. 33 Ch. 330

အခန်း ၃၃၀

Vol. 33 Ch. 330

အခန်း (၃၃၀)

အမှန်တကယ် ဖြစ်နေသောအရာသည် သင်မြင်နေရသောအရာ မဟုတ်နိုင်ပေ

ဤသည်မှာ လွန်လွန်းလှပေသည်။ လုံးဝကို လွန်လွန်းလှပေသည်။

သို့သော်လည်း သက်ဆိုင်ရာ စည်းမျဉ်းအချို့တွင် ဤကဲ့သို့သော အချက်မျိုး အမှန်တကယ် ရှိနေပေသည်။ ဥပမာ အားဖြင့် ပြည်သူ့လုံခြုံရေးဗျူရိုမှ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်နေစဉ် ကျူးလွန်သော ပြစ်မှုများ သည် ပြည်သူ့လုံခြုံရေး စည်းမျဉ်းများကို ချိုးဖောက်ခြင်း အမျိုးအစားတွင် အကျုံးမဝင်ပေ။

ရိုးရှင်းစွာ ဆိုရလျှင် မြို့ပြစီမံခန့်ခွဲရေး အရာရှိများသည် တာဝန်ထမ်းဆောင်နေစဉ် အခြားသူများကို ကိုယ်ထိ လက်ရောက် ကျူးလွန်ပါက သူတို့သည် ကင်းလှည့်ရဲဌာန၏ အုပ်ချုပ်မှုဆိုင်ရာ ပြစ်ဒဏ်များကို ခံရမည်မဟုတ် ပေ။

သို့ဆိုလျှင် သူတို့ကို မည်သူက အပြစ်ပေးမည်နည်း။

သူတို့က သူတို့၏ "လူယုံများ" သာ ဖြစ်နေသောကြောင့် ပြဿနာကို မကြီးထွားစေဘဲ သေးငယ်သွားအောင် လုပ်ကာ လွှတ်ပေးလိုက်ကြပေသည်။

အကယ်၍ ကိစ္စရပ်များသည် ဖြေရှင်း၍မရနိုင်လောက်အောင် ကြီးထွားလာပါက အပြစ်ခံမည့်သူ တစ်ဦးကို ရှာဖွေပြီး ၎င်းမှာ နေ့စားဝန်ထမ်း၏ ကိုယ်ပိုင်အပြုအမူသာ ဖြစ်သည်ဟုဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ကို အလုပ် ထုတ်လိုက်ပြီ ဖြစ်သည်ဟုဖြစ်စေ အကြောင်းပြလိုက်ရုံဖြင့် ကိစ္စပြီးသွားမည် ဖြစ်လေသည်။

နောက်ပိုင်းအဆင့်များတွင်မူ ပြည်သူများက ပိုမိုကြီးမားသော တန်ဖိုးကို ပေးဆပ်ရမည် ဖြစ်သည်။ အပြစ်ပေး ခံရမည့်သူများမှာ ဆက်လက်၍ အပြစ်ပေးခံရမည်ဖြစ်ပြီး သူတို့အပေါ်တွင် တာဝန်များစွာကို ပုံချခံရမည် ဖြစ်ပေသည်။

ဤအချက်ကပင် ဤမြို့ပြစီမံခန့်ခွဲရေး အရာရှိများ အဘယ်ကြောင့် ဤမျှတိုင်အောင် အရှက်အကြောက် ကင်းမဲ့ နေကြသနည်း ဆိုသည်ကို တိကျစွာ ဖော်ပြနေပေသည်။

ဤသည်မှာ ရှေးခေတ်က သာမန်ပြည်သူများသည် အရာရှိတစ်ဦးကို တရားစွဲဆိုလိုသော်လည်း အစိုးရရုံးတော် သို့ ဝင်ရောက်ပြီးနောက် သူတို့ ကြားလိုက်ရသည်မှာ...

"မင်းတို့က ဘယ်သူတွေမို့လို့ ငါ့ကို လာစွပ်စွဲနေရတာလဲ...။”

ဤအခြေအနေမျိုးနှင့် ရင်ဆိုင်ရသောအခါ မည်သူက တိတ်ဆိတ်စွာဖြင့် ခံစားနေမည် မဟုတ်ဘဲ ဒေါသကို မြိုသိပ်ကာ အသံမထွက်ရဲဘဲ နေမည်နည်း။

ဤသည်ကို မြင်သောအခါ သဘောကောင်းသော ဆိုင်ရှင်သည် အလျင်အမြန် ရောက်လာပြီး လျန်ထျန်းအား ဆက်လက်၍ စကားမပြောနိုင်ရန် နောက်သို့ ဆွဲခေါ်သွားကာ အကြံပေးစကား အချို့ကို တိုးတိုးလေး ပြောလိုက် လေသည်။

"လူလေး ဆက်မပြောပါနဲ့တော့ မင်းပါ ဒုက္ခရောက်နေလိမ့်မယ်...။”

"ထားလိုက်ပါတော့ကွာ…၊ ဒီတစ်ကြိမ်တော့ ငါ ကံဆိုးတာလို့ပဲ မှတ်လိုက်ပါ့မယ်…။ သူတို့ ယူချင်ရင်လည်း အဲ့ဒီပစ္စည်းတွေကို ယူသွားပါစေ...။ ခွေးကျွေးလိုက်တယ်လို့ပဲ သဘောထားလိုက်ပါတော့မယ်...။”

သဘောကောင်းသော ဆိုင်ရှင်သည် နောက်ဆုံးစကားဖြစ်သော "ခွေးကျွေးလိုက်တယ်လို့ပဲ သဘောထားလိုက် ပါတော့မယ်" ဆိုသည်ကို မြို့ပြစီမံခန့်ခွဲရေး အရာရှိများ ကြားသွားမည်ကို စိုးရိမ်သည့်အလား တိုးတိုးလေး ရေရွတ်လိုက်လေသည်။

ဤသည်မှာ ဤမျှ စိတ်သဘောထားပြည့်ဝပြီး ကိုယ်ရည်ကိုယ်သွေးကောင်းကာ သဘောကောင်းသော ဆိုင်ရှင် တစ်ဦးကပင် သူတို့အပေါ်တွင် အချိန်ကြာမြင့်စွာ နာကြည်းချက်များ ကိန်းအောင်းနေခဲ့ကြောင်း အပြည့်အဝ သက်သေပြနေပြီး ဤသည်မှာ သူ အခက်တွေ့အောင် လုပ်ခံရသည်မှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း ညွှန်ပြနေပေသည်။

အကြောင်းပြချက် မရှိဘဲ ချစ်ခြင်းမေတ္တာဆိုသည်မှာ မရှိသကဲ့သို့ အကြောင်းပြချက် မရှိဘဲ မုန်းတီးခြင်းဆို သည်မှာလည်း မရှိပေ။

ပြည်သူများ၏ နာကြည်းချက်များစွာ ရှိနေခြင်းနှင့် လူအများအပြားက ဌာနတစ်ခုခုအပေါ် မကျေနပ်ချက်များစွာ ရှိနေရခြင်းမှာ အကြောင်းရင်းများ ရှိနေပေသည်။

ဤဌာနရှိ လူတိုင်းက ဤကဲ့သို့ဖြစ်သည်ဟု မဆိုလိုသော်လည်း ဤအကျပ်အတည်းသို့ ဦးတည်စေသော အလား တူ အခြေအနေများစွာ အမှန်တကယ်ပင် ရှိခဲ့ပေသည်။

ထိုအကြောင်းကို တွေးမိသောအခါ လျန်ထျန်းသည် သဘောကောင်းသော ဆိုင်ရှင်၏ အကြံပေးစကားကို လျစ်လျူရှုကာ ထိုမြို့ပြစီမံခန့်ခွဲရေး အရာရှိများကို ဖြောင့်မတ်တည်ကြည်စွာဖြင့် ဆက်လက် ပြောဆိုလိုက် လေသည်။

"ခင်ဗျားတို့ကို ပေးထားတဲ့ အာဏာနဲ့ ခင်ဗျားတို့ ဘာတွေများ လုပ်ခဲ့လို့လဲ...။”

"ဘာလို့ ဇက်ဘီမြို့တော်ဆီကနေ သင်ခန်းစာ မယူနိုင်ရတာလဲ…။ သူတို့ရဲ့ မြို့ပြစီမံခန့်ခွဲရေး နည်းလမ်းတွေကို ကြည့်စမ်းပါ အခုဆိုရင် လူကြိုက်များနေတာ ခြောက်လတောင် ရှိနေပြီ...။”

"သန့်ရှင်းပြီး ယဉ်ကျေးတဲ့ မြို့တော်ကို ဖန်တီးတယ်ဆိုတာ လူတွေရဲ့ အသက်မွေးဝမ်းကျောင်း ပြုပိုင်ခွင့်ကို ဆုံးရှုံး စေတာမျိုး မဟုတ်သလို အရာအားလုံးကို တင်းကျပ်တဲ့ နည်းလမ်း တစ်ခုတည်းနဲ့ ကိုင်တွယ်တာမျိုးလည်း မဟုတ်ဘူး...။”

"အဲ့ဒီက မြို့ပြစီမံခန့်ခွဲရေး အရာရှိတွေက ဈေးသည်တွေ ဈေးရောင်းနေချိန်မှာ စည်းကမ်းတကျရှိဖို့ ကူညီ ပေးတယ် ပြီးတော့ ဈေးသည်တွေ သိမ်းဆည်းတဲ့အခါမှာလည်း အမှိုက်တွေကို ကူညီရှင်းလင်းပေးတယ်...။”

"အဲ့ဒါက စီးပွားရေး ပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာစေဖို့ အားပေးကူညီပြီး အသေးစား စီးပွားရေးလုပ်ကိုင် သူတွေအတွက် ပိုမို အဆင်ပြေစေတယ်…။ စိတ်သက်သာရာ ရစေပြီး အခက်အခဲတွေကို လျော့ကျစေတယ်၊ ဒါမှ လူတိုင်းက တရားဝင် အသက်မွေးဝမ်းကျောင်းပြုဖို့ လမ်းစရှိလာမှာပေါ့...။”

"လမ်းဘေးဈေးသည်တွေနဲ့ အလုပ်သမားတွေ တောင်းရွက်ရောင်းချသူတွေနဲ့ ဈေးသည်တွေဆိုတာ ရှေးခေတ် ကတည်းက ရှိခဲ့တာ သူတို့က သာမန်ပြည်သူတွေအတွက် အမြဲတမ်း နှိမ့်ချမှုအရှိဆုံး အခြေခံအကျဆုံးနဲ့ တရား အဝင်ဆုံးသော ဘဝနေထိုင်မှုပုံစံ ဖြစ်တယ်...။”

"မွန်မြတ်တဲ့ ခေတ်ကာလတစ်ခုမှာ အခြေခံအုတ်မြစ်ဆိုတာ ပြည်သူတွေရဲ့ ကောင်းကျိုးချမ်းသာ ဖြစ်ရမယ်…၊ ပြီးတော့ ရည်မှန်းချက်က အမြင့်မားဆုံးသော ကောင်းမွန်မှု ဖြစ်ရမယ်…။ ဒါက ရှင်းလင်းပြီး ပွင့်လင်းမြင်သာတဲ့ ခေတ်ကာလတစ်ခုမှာ လူထုရဲ့ အကျိုးစီးပွားကို အရင်ဆုံး ထည့်သွင်းစဉ်းစားရမယ်…၊ ပြီးတော့ အခြေအနေ တစ်ခုလုံးကို ထည့်တွက်စဉ်းစားပြီး အပြီးပြည့်စုံဆုံး အခြေအနေတစ်ခုကို ရောက်ရှိအောင် လုပ်ဆောင်ရမယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ...။”

"ဇက်ဘီမြို့တော်ကတော့ အဲ့ဒီလို လုပ်နိုင်ခဲ့တယ်…၊ ဒါပေမဲ့ ခင်ဗျားတို့ကကော အိမ်စာကိုတောင် သေချာ မကူးချ တတ်ဘူးလား…။ ခင်ဗျားတို့က အာဏာကို အာဏာရှင်တွေလို ဆက်ပြီး အလွဲသုံးစားလုပ်နေတုန်းပဲ...။”

ဤကဲ့သို့သော ပြစ်တင်ရှုတ်ချမှုမျိုးက လူအများစုကို အဓိပ္ပာယ်ရှိသည်ဟု ခံစားရစေမည် ဖြစ်သည်။

သို့သော် ဤအရာမှ အကျိုးအမြတ် ရရှိထားပြီးသူများ ကြားသွားပါက အထိနာသွားစေသဖြင့် သူတို့မှာ ပို၍ပင် ဒေါသထွက်လာကြမည်သာ ဖြစ်လေသည်။

ကျွန်ုပ်တို့ မြင်တွေ့နေရသော်လည်း အမှန်တကယ် ဟုတ်ချင်မှဟုတ်မည့် အရာများနှင့် ကျွန်ုပ်တို့ မမြင်တွေ့ရ သော်လည်း တည်ရှိနေနိုင်သည့် အရာများစွာ ရှိနေပေသည်။ သို့မဟုတ် အခြားတစ်နည်းအားဖြင့် ပြောရလျှင် အမှန်တကယ် ဖြစ်နေသောအရာသည် ကျွန်ုပ်တို့ မြင်တွေ့နိုင်သောအရာ မဟုတ်နိုင်ပေ။

သူ၏ မျက်နှာမှာ အလွန်အမင်း မည်းမှောင်သွားပြီးနောက် မြို့ပြစီမံခန့်ခွဲရေး အဖွဲ့ခေါင်းဆောင်သည် သူ၏ အနောက်ဘက်ရှိ လက်အောက်ငယ်သားများကို မျက်နှာရိပ်မျက်နှာကဲ ပြလိုက်လေသည်။

လက်ပါးစေများက ချက်ချင်း နားလည်သွားကြပြီး ဆိုင်ပေါက်ဝသို့ သွားကာ ဟိုဟိုဒီဒီ ကြည့်ရှုပြီးနောက် ဆိုင်၏ သံပန်းတံခါးကို ဆွဲချလိုက်ကြလေသည်။

ကျယ်လောင်သော အသံကြီးနှင့်အတူ ဆိုင်မှာ ပြင်ပကမ္ဘာမှ ပိတ်ဆို့ခြင်း ခံလိုက်ရလေသည်။

သဘောကောင်းသော ဆိုင်ရှင်မှာ အလွန် လန့်ဖျပ်သွားသဖြင့် ဆိုင်တွင်းရှိ မီးများအားလုံးကို အလျင်အမြန် ဖွင့် လိုက်ပြီးနောက် ဖုန်းကို မြှောက်ကိုင်ကာ တုန်ယင်စွာဖြင့် ပြောလိုက်လေသည်။

"ဘာ...၊ ဘာလုပ်ချင်ကြတာလဲ ဒီနေရာက ဥပဒေနဲ့ အုပ်ချုပ်တဲ့ လူ့အဖွဲ့အစည်းနော်…။ ခင်ဗျားတို့...၊ ခင်ဗျားတို့ ဘာမှ မဆင်မခြင် မလုပ်ကြနဲ့နော်...။”

ဤစကားကို ကြားသောအခါ မြို့ပြစီမံခန့်ခွဲရေး အဖွဲ့ခေါင်းဆောင်က ပြုံးလိုက်လေသည်။

"ဥပဒေဆိုတာ ဘာလဲ…၊ ငါတို့က ဥပဒေပဲ...။”

"ငါ မင်းကို ပြောထားပြီးပြီလေ…၊ ရဲတိုင်လည်း အလကားပဲလို့…။ သူတို့က ငါတို့ကို ဘာမှ လုပ်လို့မရဘူး...။”

"ဗီဒီယို တင်ချင်ရင်လည်း အလကားပဲ…။ ဘာလို့လဲဆိုတော့ ငါတို့က အတွေ့အကြုံ အများကြီး ရထားလို့ပဲ…။ ဒါက ဘာလဲဆိုတာ ကြည့်လိုက်…၊ဟားဟား...။”

သူ စကားပြောနေစဉ် မြို့ပြစီမံခန့်ခွဲရေး အဖွဲ့ခေါင်းဆောင်သည် ရောက်တာအသေးလေး တစ်လုံးနှင့် တူသော ကိရိယာတစ်ခုကို ထုတ်ယူကာ ခလုတ်ကို နှိပ်လိုက်လေသည်။

ချက်ချင်းပင် ဆိုင်တစ်ဆိုင်လုံးမှ လက်ကိုင်ဖုန်းနှင့် အင်တာနက် အချက်ပြလိုင်းများ အားလုံး ပျောက်ကွယ်သွား လေသည်။ ၎င်းမှာ အီလက်ထရောနစ် လိုင်းဖြတ်စက်တစ်ခု ဖြစ်ပေသည်။

သူတို့က အတော်လေး အတွေ့အကြုံရင့်ကျက်ပုံရပြီး ဤကဲ့သို့သော ကိရိယာမျိုးကိုပင် အသုံးပြုကာ အချိန်တိုင်း သူတို့နှင့်အတူ သယ်ဆောင်သွားခြင်းက သူတို့သည် ဥပဒေမဲ့ လုပ်ရပ်တစ်ခုခုကို လုပ်ဆောင်ရန် အမြဲတမ်း အဆင်သင့် ဖြစ်နေကြောင်း ပြသနေလေသည်။

ဤအချိန်တွင် ဆိုင်ရှင်မှာ မည်သို့မျှ ပို၍ မထိတ်လန့်ဘဲ နေနိုင်မည်နည်း။ သူ၏ ခန္ဓာကိုယ်မှာ ပျော့ခွေသွားပြီး စိတ်ပျက်လက်ပျက်ဖြင့် မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားရလေသည်။

ကံကောင်းထောက်မစွာဖြင့် လျန်ထျန်းက သူ့ကို အချိန်မီ ဖမ်းထိန်းထားလိုက်ပြီး ယုံကြည်မှု အပြည့်ဖြင့် ပြော လိုက်လေသည်။

"စိတ်မပူပါနဲ့ သူတို့ လိုင်းဖြတ်စက်ကို မသုံးခင်ကတည်းက ကျွန်တော် ရဲကို တိတ်တဆိတ် တိုင်ထားပြီးပြီ...။”

"သူတို့ရဲ့ လုပ်ရပ်တွေကိုတောင် ကျွန်တော့် ဆိုင်ကယ်ဆောင်းဦးထုပ်ပေါ်က ကင်မရာနဲ့ အကုန် မှတ်တမ်း တင်ထားပြီးပြီ...။”

"ရဲတွေ ရောက်လာတာနဲ့ ဒါတွေအကုန်လုံးကို သက်သေအဖြစ် သုံးလို့ရပြီ…။ ဆိုင်မှာ တစ်ခုခု ဆုံးရှုံးသွားတာ ဒါမှမဟုတ် ကျွန်တော်တို့ကို တစ်ခုခု လုပ်ခဲ့ရင် သူတို့ တန်ဖိုးပေးဆပ်ရလိမ့်မယ်...။”

ဤစကားကို ကြားသောအခါ မြို့ပြစီမံခန့်ခွဲရေး အဖွဲ့ခေါင်းဆောင်က ထပ်မံ၍ အားပါးတရ ရယ်မောလိုက် လေသည်။

"ဟေ့ကောင် အစားအသောက်ပို့တဲ့ကောင် မင်းက ဘာမှ သင်ခန်းစာ မယူတတ်ဘူးလား…၊ စည်းမျဉ်းတွေအရ ရဲတွေက ငါတို့ကို ဘာမှ လုပ်လို့မရဘူးလို့ ခုနကတင် ငါ ပြောခဲ့တယ်လေ...။”

သဘောကောင်းသော ဆိုင်ရှင်မှာ ငိုလုနီးပါး ဖြစ်နေပြီး လျန်ထျန်းဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"ဟုတ်တယ် သူက ရဲတွေက သူတို့ကို ဘာမှ လုပ်လို့မရဘူးလို့ ပြောတယ်…။ သူတို့က ရဲကို မကြောက်ဘူး တဲ့...။”

လျန်ထျန်းက သူ၏ အပြုံးနှင့် ယုံကြည်မှုကို ထိန်းထားဆဲ ဖြစ်လေသည်။

"ကျွန်တော် ခေါ်ထားတဲ့ ရဲအရာရှိတွေက မတူပါဘူး…။ ဘာပဲဖြစ်ဖြစ် စိတ်မပူပါနဲ့ သူတို့ ရောက်လာတာက အနည်းဆုံးတော့ ကျွန်တော်တို့ရဲ့ လုံခြုံရေးကို အာမခံနိုင်တယ် မဟုတ်လား...။”

မြို့ပြစီမံခန့်ခွဲရေး အဖွဲ့ခေါင်းဆောင်မှာ ယခင်ကကဲ့သို့ပင် မောက်မာနေဆဲဖြစ်ပြီး အမှားကို လက်ခံရန် ငြင်းဆန်နေလေသည်။

"မင်းလို အစားအသောက်ပို့တဲ့ကောင်က ဘယ်လို အထူးရဲအရာရှိမျိုးကိုများ ခေါ်နိုင်မှာမို့လို့လဲ သူတို့က အရာရှိတွေလား၊ ဗိုလ်ချုပ်တွေလား...။”

"ငါ ထင်တာတော့ သူက အလွန်ဆုံး ဒေသခံ ရဲစခန်းက အဖွဲ့ခေါင်းဆောင်လောက်ပဲ နေမှာပါ…။ သူတို့က မင်းရဲ့ သူငယ်ချင်းတွေလား ဆွေမျိုးတွေလား...။”

"ယုံချင်ယုံ၊ မယုံချင်နေ တကယ်လို့ သူတို့ ရောက်လာရင်တောင် ငါက သူတို့ရှေ့မှာတင် မင်းတို့အကုန်လုံးကို ရိုက်ရဲတယ် ၊ မင်းတို့ သာမန်လူတွေကများ ကမ္ဘာကြီးကို ပြောင်းပြန်လှန်နိုင်မယ်လို့ ထင်နေကြတာလား...။”

ထိုသို့ ပြောဆိုပြီးနောက် မြို့ပြစီမံခန့်ခွဲရေး အဖွဲ့ခေါင်းဆောင်က သူ၏လက်ကို ဩဇာအပြည့်ဖြင့် ဝှေ့ယမ်း ပြလိုက်ရာ သူ၏ လက်ပါးစေများက လျန်ထျန်းနှင့် သဘောကောင်းသော ဆိုင်ရှင်ထံသို့ စတင် ချဉ်းကပ်လာ ကြလေတော့သည်။

လမ်းတစ်လျှောက်တွင် သူတို့သည် သူတို့၏ စွမ်းရည်များကို ထုတ်ဖော်ပြသရန် အဆင်သင့် ဖြစ်နေသည့်အလား လက်ကို ပွတ်သပ်လာကြလေသည်။

သူတို့ စတင် လှုပ်ရှားတော့မည့်ဆဲဆဲတွင် အပြင်ဘက်မှ ရဲကားဥဩဆွဲသံများ ရုတ်တရက် ထွက်ပေါ်လာ လေတော့သည်။

အသံများမှာ ဤဘက်သို့ အလျင်အမြန် လာနေပြီး အရေအတွက် အလွန်များပြားကာ ရဲကား ဆယ်စီးကျော်ခန့် ရှိနေသကဲ့သို့ အလွန်ကို ဆူညံနေခဲ့လေသည်။

ဆူညံသံကို ကြားသောအခါ လက်ပါးစေများမှာ ချက်ချင်း ရပ်တန့်သွားကြပြီး သူတို့နောက်ရှိ ခေါင်းဆောင်ဖြစ် သူကို ကြည့်လိုက်ကြလေသည်။

သူတို့၏ ကျောထောက်နောက်ခံ ဖြစ်သော မြို့ပြစီမံခန့်ခွဲရေး အဖွဲ့ခေါင်းဆောင်မှာ ထိုအသံကို ကြားသောအခါ အံ့အားသင့်သွားသည်မှာ ရှင်းလင်းနေပြီး ဗြုန်းစားကြီး ပြောလိုက်လေသည်။

"သူတို့ တကယ်ပဲ ရောက်လာပြီလား…။ လူလည်း အတော်များပုံရတယ်….။ ဒေသခံ ရဲစခန်းမှာ အဲ့ဒီလောက် ကားတွေ အများကြီး ရှိလို့လား...။”

All Chapters