အခန်း ၈၉၁
Vol. 63 Ch. 891
အပိုင်း (၈၉၁) ချန်ဂီ
အဖြူရောင်ဆေးလုံးက အနက်ရောင်ပင်လယ်ထဲသို့ ပျော်ဝင်သွားပြီး သူ့ခန္ဓာကိုယ်တစ်ဝက်မှာလည်း ပင်လယ်ထဲသို့ နစ်မြှုပ်သွားခဲ့သည်။သို့သော် သူ့အသိစိတ်က အလိုအလျောက် မြင့်တက်လာလေသည်။
အိပ်မက်ဆိုးအလွှာများ ပူပေါင်းများကဲ့သို့ ပေါက်ကွဲသွားသည်နှင့် ပင်လယ်ကြမ်းပြင်ပေါ် လဲလျောင်းနေသော ပန်ပန်က မျက်လုံးတစ်ဝက်ဖွင့်လိုက်သည်။
ယင်းက သူသည် မယုံနိုင်ဖွယ်ကြောက်မက်ဖွယ်ကောင်းပြီး ရှည်လျားလှသော အိပ်မက်ဆိုးထဲမှ နိုးထလာသည့်အလားဖြစ်သည်။သူ့စိတ်ထဲမှ ရှန်းလော်နှင့်ပန်ပန်တို့၏ မှတ်ဉာဏ်များက ဒီရေတစ်ခုကဲ့သို့ တိုးထွက်လာခဲ့သည်။ သူသည် မြေလှန်ဖျက်ဆီးခံထားရသော သွေးမြို့တော်တစ်ခုကို မြင်နေရ၏။ သူသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့နေသော အနက်ရောင်မြူခိုးများကို မြင်ရသည်။ ထာဝရညတာ ဖုံးလွှမ်းနေသော အတွင်းကမ္ဘာကြီးကိုလည်း မြင်နေရပေသည်။
“ဒါ…ဒါက ရှင်းလုပဲ”
"ရှင်းလု" ဟူသော စကားလုံးလုံး သူ့စိတ်ထဲ ပေါ်လာသည်နှင့် ပန်ပန့်စိတ်ထဲရှိ ပျက်စီးနေသော မြို့တော်ကြီးသည် နောက်ဆုံးအဆင့်ပေါင်းစပ်မှုကို အောင်မြင်စွာ အဆုံးသတ်လိုက်တော့သည်။ သူသည် စိတ်ဖောက်ပြန်မှုအိမ်မက်ဆိုးထဲမှ လုံးဝနိုးထလာခဲ့ပြီ ဖြစ်သော်လည်း သူ့မျက်နှာတွင် အပြုံး မရှိပါချေ။ နိုးထလာခြင်း၏ အဓိပ္ပာယ်ကို သူ ကောင်းစွာသိနေသောကြောင့် ဖြစ်၏။
နာကျင်မှုရောက်ရှိလာပြီး သူ့မျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့ရသည်ကိုလည်းကောင်း သူ့ခန္ဓာကိုယ်တစ်ဝက်မှာ ကျိန်စာများဖြင့် ဖုံးလွှမ်းနေသည်ကိုလည်းကောင်း ပန်ပန် သိလိုက်ရသည်။
သူသည် အဝေးသို့ ကြည့်ရှုရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။ သက်ရှိအားလုံး၏ ကံကြမ္မာကို ချည်နှောင်ထားသော ကြိုးမျှင်များသည် ကြယ်တာရာကောင်းကင်မှ တွဲလောင်းကျနေကြပြီး ရှင်းလုသွေးမြို့တော်၏ ပျက်စီးနေသော အုတ်ကြွပ်ပြားတိုင်းပေါ်တွင် ထူးဆန်းသော အရာများ တည်ရှိနေကြသည်။
လောကတွင် ရှိရှိသမျှသော အဓိပ္ပာယ်မဲ့သည့်၊ ပုံပျက်ပန်းပျက်ဖြစ်နေသည့်၊ နားမလည်နိုင်သည့် အတွေးများအားလုံးသည် စိတ်ဖောက်ပြန်မှုထဲတွင် စုဝေးနေကြပြီး အရူးလှောင်အိမ်ကြီးတစ်ခုကို တည်ဆောက်ထားကြသည်။ သို့သော် ယခုတွင် ပန်ပန်မြင်တွေ့နေရသည်မှာ အလောင်းများသာ ဖြစ်သည်။ ပုံစံအမျိုးမျိုးနှင့် အလောင်းများ၊ သေဆုံးပုံအမျိုးမျိုးနှင့် အလောင်းများတို့ ဖြစ်ကြသည်။
ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းလွန်းလှပြီး ရွံရှာဖွယ် အတိပင် ဖြစ်၏။ သန္ဓေပြောင်းနေသော အသားများက သူ့အမြင်အာရုံကို ပြည့်နှက်နေစေပြီး မရေမတွက်နိုင်သော စွဲလမ်းမှုများသည် ပျောက်ကွယ်သွားရန် ငြင်းဆန်နေကြသည်။ စုတ်ပြဲနေသော ပါးစပ်တိုင်း အော်ဟစ်နေကြပြီး ရူးသွပ်မှုများ စွန်းထင်းနေသော သွေးအိုင်များသည် အထက်မှ ညဥ့်ကောင်းကင်ယံနှင့် သိသိသာသာ ကွဲပြားခြားနားနေပေသည်။ ခဏတာ အခိုက်အတန့်အတွက် ညကောင်းကင်ကြီးက သွေးရောင်ပြောင်းသွားခြင်းလော သို့မဟုတ် ညက ကမ္ဘာမြေပေါ်တွင် အပိုင်းပိုင်းကွဲကြေသွားခြင်းလောဟု ခွဲခြားရန် မစွမ်းသာတော့ချေ။
ပန်ပန်သည် မရေမတွက်နိုင်သော အလောင်းများကြားတွင် လူရိပ်တစ်ခုကို မြင်လိုက်ရသည်။ သူအနားသို့ ချဉ်းကပ်ရန် ပြင်လိုက်စဉ် အလောင်းများ ဖုံးလွှမ်းနေသော ငွေရောင်နဂါးတစ်ကောင်နှင့်တူသည့် ပုံပျက်နေသော အချိန်မြစ်ကြီးသည် စိတ်ဖောက်ပြန်မှုထဲမှ ထွက်ပေါ်လာခဲ့သည်။ ထိုနဂါး၏ ခန္ဓာကိုယ်အတွင်း၌ အတိတ်နှင့် အနာဂတ်၏ စက္ကန့်တိုင်းကို ကိုယ်စားပြုသော ယဇ်ပလ္လင်များ မြှုပ်နှံထားပြီး ထိုယဇ်ပလ္လင်တိုင်းတွင် ပုပ်ပွနေသော အလောင်းတစ်လောင်းစီ ရှိနေကြသည်။
အချိန်၏ စည်းမျဉ်းများ ပြန်လည်နိုးထလာသည်နှင့်အမျှ ပြင်းသည့်သော ခြောက်ခြားဖွယ်ရာများ ပြည့်နှက်နေသည့် မျက်လုံးအစုံများသည် ဖြည်းညှင်းစွာ ပွင့်လာကြတော့သည်။
များစွာသော သွေးမြို့တော်အရှင်များနှင့် ခန့်မှန်းရခက်သော တည်ရှိမှုများ… အတွေးတစ်ချက်ဖြင့်ပင် အမှုန့်ခြေပစ်နိုင်သော ကြောက်မက်ဖွယ်အရှိန်အဝါပိုင်ရှင်အားလုံးသည် သူတို့၏ အိမ်မက်ဆိုးမှ နိုးထလာကြပြီ ဖြစ်သည်။
သူတို့သည် ကံကြမ္မာကပင် စက်ဆုပ်ရသော အဆိပ်များဖြစ်ကြပြီး စိတ်ပျက်အားငယ်မှုကို ကျော်လွန်သည့် စည်းမျဉ်းများ ဖြစ်ကြသည်။ သို့သော်လည်း သူတို့ သတိပြန်ရလာချိန်တွင် အမျက်ဒေါသ သို့မဟုတ် အခြားမလိုအပ်သည့် စိတ်ခံစားချက်များ မခံစားရဘဲ စိတ်ဖောက်ပြန်မှု ကမ္ဘာကြီး၏ဗဟိုချက် နေရာတစ်နေရာတည်းကိုသာ စူးစိုက်ကြည့်နေကြလေသည်။
"လက်တွေ့ကမ္ဘာမှာ လေးနှစ်နဲ့ တစ်လ ကုန်ဆုံးသွားခဲ့ပြီ"
အချိန်၏ ခန္ဓာကိုယ်သည် အမာရွတ်များဖြင့် ပြည့်နှက်နေပြီး အလျှို့ဝှက်အဆန်းကြယ်ဆုံးသော သွေးမြို့တော်၏ ကာရံထားမှုကို အတင်းအဓမ္မ ဆုတ်ဖြဲခံထားရသည်။
အချိန်သွေးမြို့တော်သခင်သည် အတော်လေး အခြေအနေကောင်းနေသေးသည်။ အိုမင်းခြင်းသွေးမြို့တော်သည် ၎င်း၏ စည်းမျဉ်းများကိုပင် ထုတ်မပြနိုင်ဘဲ ပုံပျက်နေသော အလောင်းများမှ သစ်ကိုင်းအချို့သာ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သည်။ သူမ၏ နယ်မြေမှာ မီးတောက်များ၊ သွေးများဖြင့် ဖုံးလွှမ်းနေခဲ့ခြင်းဖြစ်သည်။ ပုပ်သိုးခြင်းသွေးမြို့တော်၏ စည်းမျဉ်းများသည်လည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး အခြားအင်အားတစ်ခုနှင့်အတူ အလောင်းပင်လယ်ထဲသို့ ကြွေလွင့်သွားပုံရသည်။
ပုံရိပ်ယောင်စည်းမျဉ်းများက ၇၀ ရာခိုင်နှုန်းခန့် လျော့နည်းသွားခဲ့သည်။ ပြန်လည်ဝင်စားခြင်းနှင့် မွေးဖွားခြင်းတို့က ၎င်း၏စွမ်းအင်များကို ကုန်ခမ်းစေခဲ့ခြင်းဖြစ်သည်။ ရှုဟွမ် ပူးကပ်ခဲ့သော ခန္ဓာကိုယ်တိုင်းသည် ဒေါက်တာကောင်းနှင့် ရှရန်တို့က ဂရုတစိုက် ပြင်ဆင်ထားသည့် ထောင်ချောက်များသာ ဖြစ်ကြသည်။
အတိုင်းအဆမဲ့သော သွေးနီရောင်မီးတောက်များ ထွက်ပေါ်လာခဲ့သည်။ ၎င်းက အကန့်အသတ်အထိ ပြန့်ကားသွားပြီးနောက် လျင်မြန်စွာ ပြန်လည်ကျုံ့ဝင်သွားကာ သွေးများသည် အရာရှိရွှယ်(ရွှယ်စီ)နှင့် ရှစ်ပုံကိုးပုံခန့် တူညီသော လူတစ်ယောက်အဖြစ် ပေါင်းစည်းသွား၏။ သူသည် ရှင်းလုသွေးမြို့တော်၏ လေးပုံတစ်ပုံကို သိမ်းပိုက်ထားပြီး သူ့မျက်လုံးများက အလွန်အမင်း ရှုပ်ထွေးနေခဲ့သည်။ ထိုမျက်လုံးများထဲတွင် အမျက်ဒေါသ၊ သနားမှု၊ ရန်လိုမှုနှင့် လေးစားအားကျမှုတို့ ရောပြွမ်းနေပေသည်။ စိတ်ဖောက်ပြန်မှုကမ္ဘာထဲသို့ မဝင်ရောက်မီအချိန်နှင့် နှိုင်းယှဉ်ပါက သူသည် ထိခိုက်မှုမရှိသည့်အပြင် ပိုမိုအစွမ်းထက်လာသော တစ်ဦးတည်းသော သွေးမြို့တော်သခင် ဖြစ်သည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စိတ်ဖောက်ပြန်မှုလဲ"
စိတ်ဖောက်ပြန်မှု၏ ရှေ့မှောက်တွင် အရေအတွက်သည် အဓိပ္ပာယ်မရှိပေ။ အားလုံး ရူးသွပ်သွားချိန်တွင် သူတို့သည် တစ်ဦးကိုတစ်ဦး တိုက်ခိုက်ရန် လက်နက်များ ဖြစ်လာကြပေသည်။
စိတ်ဖောက်ပြန်မှု ကမ္ဘာထဲတွင် ၎င်းသည် မီးလောင်မှုကြီး သို့မဟုတ် လူသတ်မှုတစ်ခု ဖြစ်နိုင်သော်လည်း နက်ရှိုင်းသောအတွင်းကမ္ဘာထဲတွင်မူ ၎င်းသည် ခန့်မှန်းရခက်သော တည်ရှိမှုနှစ်ခု၏ စည်းမျဉ်းများ အပြန်အလှန်ထိပ်တိုက်တွေ့ခြင်းနှင့် ချေမှုန်းခြင်းပင် ဖြစ်၏။
"မင်း ငါ့ကို စိတ်ဖောက်ပြန်မှုကမ္ဘာထဲမှာ မသတ်ခဲ့ဘူး၊ ဒါကြောင့် ငါမင်းကို တိုက်ခိုက်မှာမဟုတ်ဘူး၊ ဒါပေမဲ့ ဟန်ဟိုင်းသွေးမြို့တော်ကိုတော့ ထပ်ပြီး ဖျက်ဆီးရလိမ့်မယ်"
သွေးနီရောင်သွေးမြို့တော်သခင်၏ စကားကို အခြား အမည်မသိ တည်ရှိမှုများကလည်း လက်ခံကြသည်။ စိတ်ဖောက်ပြန်မှုကို ဘယ်သူမှ ထပ်မံ မကြုံတွေ့လိုကြတော့ချေ။ ထိုကဲ့သို့သော စွမ်းရည်မျိုးမှာ မတည်ရှိသင့်ပေ။ ဟန်ဟိုင်းသွေးမြို့တော် ပထမတစ်ကြိမ် ဖျက်ဆီးခံရချိန်တွင် လိပ်ပြာ(အိပ်မက်)သာ သစ္စာမဖောက်ခဲ့ပါက သူတို့တွင် အခွင့်အရေး ရှိခဲ့မည်မဟုတ်ပေ။
"ရှင်းလုကိုတော့ မြေလှန်လိုက်ပြီ၊ နောက်တစ်ခုက ဟန်ဟိုင်းပဲ"
သွေးစွန်းသူ စကားပြောလိုက်သည်နှင့် အင်အားတစ်ခု လှုပ်ခတ်သွား၏။ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သော ပြတင်းပေါက်စက္ကူကဲ့သို့ စုတ်ပြဲနေသော လိပ်ပြာတောင်ပံများသည် တောက်ပသော ပုံစံကွက်အချို့ကို ထုတ်ဖော်လျက် စိတ်ဖောက်ပြန်မှုကမ္ဘာကြီး၏ ဗဟိုချက်ဆီသို့ တိုးဝင်သွားကြသည်။
သူတို့တွင် အခြားလှည့်ကွက်များ မကျန်တော့ပေ။ သူတို့၏ ဝှက်ဖဲများအားလုံးကို သုံးစွဲပြီးခဲ့ပြီ ဖြစ်သည်။ ထိုလဲလှယ်မှုသည် အချိန် လေးနှစ်နှင့်တစ်လကို ဝယ်ယူနိုင်ခဲ့သည်။ စိတ်ဖောက်ပြန်မှုကမ္ဘာ၏ အလယ်ဗဟိုတွင် ခြောက်သွေ့စွာ ထိုင်နေသောပုံရိပ်သည် လိပ်ပြာ ချဉ်းကပ်လာသည်ကိုသာ ကြည့်နေနိုင်တော့သည်။ လိပ်ပြာသည် နုနယ်သော်လည်း သူကမူ လက်တစ်ဖက်ပင် မမြှောက်နိုင်တော့ချေ။
"ငါ့လမ်းက ဖယ်စမ်း၊ မင်းပဲလား၊ ဒီညစ်ပတ်တဲ့အကောင်"
ပန်ပန်သည် သွေးတစ်လုတ်အန်ထုတ်လိုက်ပြီး သူ့လက်ချောင်းများကို ရွှံ့ထဲစိုက်ကာ ကျန်ရှိသော လက်တစ်ဖက်တည်းဖြင့် သူ့ခန္ဓာကိုယ်ကို ရှေ့သို့ တရွတ်တိုက် ဆွဲသွားလိုက်သည်။
သူသည် မြေပြင်ပေါ်ရှိ အလောင်းကို အမှီပြု၍ ခြေထောက်တစ်ဖက်ဖြင့် အားယူကာ ထိုပုံရိပ်ရှေ့တွင် မတ်တတ်ရပ်လိုက်သည်။
မည်မျှကြာအောင် ခံနိုင်ရည်ရှိမည်ကို သူမသိသော်လည်း တစ်စက္ကန့် ပိုခံနိုင်လျှင်ပင် လုံလောက်နေပြီ ဖြစ်သည်။ ၎င်းသည် သူ့မွေးစားဖခင် မှာကြားခဲ့သော အလုပ်ပင် ဖြစ်တော့သည်။
များစွာသော အမည်မသိစည်းမျဉ်းများသည် ရှင်းလုသွေးမြို့တော်ကို ချိတ်ပိတ်လိုက်ကြသည်။ ပန်ပန်၏ နှလုံးခုန်သံက နှေးကွေးသထက် နှေးကွေးလာတော့သည်။ သူ အလွန်ကြောက်ရွံ့နေပေသည်။ သို့သော်လည်း အခြားသူများအားလုံး သေဆုံးသွားကြပြီ ဖြစ်ပြီး အနည်းဆုံးတော့ သူ အသက်ရှင်နေသေးသည်။ ကြောက်ရွံ့မှုကြောင့် တုန်တုန်ရင်ရင်ဖြင့် အသက်ကို ခက်ခက်ခဲခဲ ရှူနေရ၏။ သူသည် မရေမတွက်နိုင်သော မျှော်လင့်ချက်မဲ့သည့် အခြေအနေများတွင် ပိတ်မိခဲ့ဖူးသော်လည်း မည်သည့်အရာကမှ ယခုအခြေအနေကို မယှဉ်နိုင်ပေ။
"ဂိမ်းမျက်နှာပြင်ကလည်း မရှိတော့ဘူး၊ ငါ့ပါရမီက အသုံးဝင်ပါ့ဦးမလား မသိဘူး"
သူ ဓားကျိုးတစ်လက်ကို ကောက်ကိုင်လိုက်ရာ သွေးများ အဆက်မပြတ် စီးကျလာခဲ့သည်။
"အသုံးမဝင်တာကမှ ပိုကောင်းဦးမယ်၊ ငါ နောက်ထပ် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်တော့ဘူး၊ အားလုံးရွံရှာကြတဲ့ မကောင်းဆိုးဝါးတစ်ကောင် မဖြစ်ချင်တော့ဘူး"
ဇာတ်သိမ်းမှာ သတ်မှတ်ပြီးသားဟု ထင်ရသော်လည်း လိပ်ပြာမှအပ အခြားခန့်မှန်းရခက်သည့် လုပ်ဆောင်ချက်များ ပေါ်ပေါက်မလာခဲ့ချေ။ သူတို့ ဖြန့်ကျက်ထားသော စည်းမျဉ်းများကို စွမ်းအားတစ်မျိုးက ခုခံနေခြင်းဖြစ်သည်။
ရှင်းလုသွေးမြို့တော်၏ မြို့စွန်၌ ခြေထောက်တွင် ဒဏ်ရာများပြည့်နှက်နေသည့် ဧရာမပင့်ကူကြီးတစ်ကောင်သည် အမှောင်ထုထဲမှ တွားသွားထွက်ပေါ်လာလေသည်။ ပင့်ကူ၏ အထက်ပိုင်းသည် အနီရောင်ဝတ်ဆင်ထားသော ကောင်လေးတစ်ယောက် ဖြစ်ပြီး သူ့ခန္ဓာကိုယ်အတွင်းတွင် သွေးတံခါးတစ်ချပ် ကြီးထွားနေခဲ့သည်။
စည်းမျဉ်းများ၏ ကန့်သတ်ချက်ကို လျစ်လျူရှု၍ ထိုကောင်လေးအတွင်းရှိ တံခါးသည် အတွင်းဘက်မှ လက်တစ်ဖက်ဖြင့် တွန်းဖွင့်ခံလိုက်ရသည်။
အဆုံးမရှိသော သွေးဒီရေလှိုင်းကြီးတစ်ခုသည် အရှိန်အဟုန်ဖြင့် စီးဝင်လာပြီး ၎င်း၏ စူးရှသော ဟိန်းဟောက်သံများက ကံကြမ္မာကြိုးမျှင်များကို တုန်ခါသွားစေသည်။ သွေးဒီရေထဲတွင် ပုန်းကွယ်နေသည့် မျက်လုံးတစ်လုံးတည်းရှိသော နတ်ဘုရားသည် အားအနည်းဆုံးဖြစ်သော အိုမင်းခြင်းသွေးမြို့တော်သခင်ကို တိုက်ခိုက်လိုက်တော့သည်။
သူ၏ ရက်စက်ကြမ်းကြုတ်မှုသည် လွှမ်းမိုးနိုင်စွမ်းရှိပြီး အတိုင်းအဆမရှိပေ။ သူ၏ အမှတ်အသားဖြစ်သော တစ်ဖက်တည်းသောမျက်လုံးကို မြင်လိုက်ရသောအခါ ပုံရိပ်ယောင်သွေးမြို့တော်သခင်မှာ အေးစိမ့်သွားရသည်။
"ဒါ ဗဟိုသွေးမြို့တော်က မိစ္ဆာနတ်ဘုရား... ကျန်းဝမ်ယုပဲ"
"လူတစ်ယောက်တည်းက ဒါတွေအားလုံးကို ဘယ်လိုလုပ်နိုင်မှာလဲ၊ မသိထိုက်သူ တည်ရှိမှုရှစ်ခုကို တစ်ယောက်တည်းနဲ့ တားဆီးခဲ့ပြီး သုံးခုကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်နိုင်တယ်လား"
ပန်းချီဆရာသည် တံခါးအပြင်ဘက်မှ မြင်ကွင်းကို မြင်လိုက်သောအခါ အလွန်အမင်း အံ့အားသင့်သွားရသည်။ သူသည် အမှောင်သွေးမြို့တော်သခင်၏ ဝိညာဉ်ကို ရေးဆွဲစဉ်ကထက်ပင် ပိုအံ့ဩနေမိသည်။
"နောက်ဆုံးတော့ ငါ ရောက်လာခဲ့ပြီ"
သွေးဒီရေများ ပြန်လည်ဆုတ်ခွာသွားချိန်တွင် တံခါးဝမှ နူးညံ့သိမ်မွေ့သော အမျိုးသားတစ်ဦး ထွက်ပေါ်လာခဲ့သည်။ သူ့အရိပ်ထဲတွင် သူကိုယ်တိုင်၏ မရေမတွက်နိုင်သော မူကွဲဗားရှင်းများ ရှိနေပုံရသည်။ အခြားနတ်ဆိုးများနှင့် မတူသည်မှာ သူရပ်နေသောနေရာရှိ အမှောင်ထုသည် လွင့်စင်သွားခြင်း ဖြစ်သည်။ သူသည် အနီရောင်ဝတ်ဆင်ထားသော်လည်း သူ့ထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များ လုံးဝထွက်ပေါ်မလာချေ။
ပုံရိပ်ယောင်စည်းမျဉ်းများ သူ့ကို လွှမ်းခြုံလာသောအခါ ရှင်းလုသွေးမြို့တော်၏ မြေပြင်ပေါ်ရှိ အလောင်းများထဲမှ ပုံပျက်နေသော မကောင်းဆိုးဝါးများစွာ ထွက်ပေါ်လာကြသည်။ သူတို့သည် ပုံရိပ်ယောင်သွေးမြို့တော်အရှင်ထံသို့ လျှောက်လှမ်းသွားကြပြီး လျှောက်သွားရင်းနှင့် သူတို့၏ မျက်နှာများသည် ထိုအမျိုးသား၏ မျက်နှာနှင့် ဖြည်းညင်းစွာ ထပ်တူကျလာတော့သည်။
"ကျန်းဝမ်ယု... အမှောင်သွေးမြို့တော်မှာ ဒုတိယအကြိမ် တက်လှမ်းနိုင်ခဲ့တဲ့ မိစ္ဆာနတ်ဘုရားပဲ"
ဝေဝါးနေသော သွေးမြို့တော်၏ အရိပ်သည် ပေါင်းစည်းသွားပြီးနောက် ရှောင်ပုဟုခေါ်သော ကောင်မလေးတစ်ဦးသည် သွေးတံခါးထဲမှ ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်လာကာ ချန်ဝမ်ယု၏ ဘေးတွင်ပုန်းလျက် ရှင်းလုကို စူးစမ်းစွာ ကြည့်နေလေသည်။
မိစ္ဆာနတ်ဘုရားလေးပါး ပေါ်ထွက်လာပြီးနောက် တစ်လောကလုံး၏ အသံများမှာ လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ခံလိုက်ပုံ ဖြစ်သွားသည်။ အဆုံးစွန်သော စွဲလမ်းမှုလှောင်အိမ်ကြီး ပွင့်လာပြီး အိပ်ပျော်နေသော နတ်ဘုရားတစ်ပါးသည် ပိတ်တော့မည့် သွေးတံခါးကို မကာ လူတစ်ယောက်၏ နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့သည်။
မှန်ပေသည်၊ ထိုလူသည် များစွာသော မိစ္ဆာနတ်ဘုရားများအရှေ့မှ ဦးဆောင်လျှောက်လှမ်းလာခြင်း ဖြစ်သည်။
"လေးနှစ်နဲ့ တစ်လ... ဟန်ဟိုင်းက ငါတို့အတွက် အံ့ဖွယ်တစ်ခုကို ဖန်တီးပေးခဲ့တယ်၊ တကယ့်ကို အံ့ဖွယ်တစ်ခုပဲ"
ပန်းချီဆရာက ပုတ်သိုးဆွေးမြေ့နေသော ရှင်းလုသွေးမြို့တော်ကို ညွှန်ပြလိုက်သည်။
"သူ တကယ် လုပ်နိုင်ခဲ့ပြီ"
အရှေ့ဆုံးတွင် ရပ်နေသော ထိုလူသည် သွေးမြို့တော်သခင် မည်မျှဒဏ်ရာအပြင်းအထန် ရသနည်း သို့မဟုတ် ရှင်းလုသွေးမြို့တော်သို့ သွားရာလမ်းကြောင်းက မူလအတိုင်း ရှိနေသလားကို ဂရုမစိုက်ချေ။ သူ့အကြည့်သည် အရေပြားများ ကွာကျနေသော၊ သွေးများ ခြောက်ကပ်ကုန်ခမ်းနေသော၊ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေသော ကောင်းမင်ထံသို့သာ စွဲမြဲနေခဲ့သည်။
"ရှုယင်... သူ့ကို သွားခေါ်လာခဲ့ပါ"
(TL note - ယိုး…တစ်ချိန်လုံးစောင့်နေခဲ့ရတဲ့ ရှုယင်တို့ ကျန်းရာတို့ ပါလာပါပြီ)