← Chapters

အခန်း ၈၉၄

Vol. 63 Ch. 894

အခန်း ၈၉၄

Vol. 63 Ch. 894

အပိုင်း (၈၉၄) နောက်ဆုံးတော့ ပြည့်စုံပြီ

အိမ်မက်သွေးမြို့တော်၏ အသိစိတ်မှာ မိစ္ဆာနတ်ဘုရား၏ လက်ချက်ဖြင့် လုံးဝပျက်စီးသွားခဲ့ပြီ ဖြစ်၏။ အိမ်မက်နှင့် သက်ဆိုင်သော စည်းမျဉ်းများသည် ကောင်းမင်၏ ခြောက်သွေ့နေသော ခန္ဓာကိုယ်အတွင်းသို့ ချိုမြိန်သော စမ်းရေအေးများပမာ စီးဝင်လာကြသည်။ မူလဇစ်မြစ် တူညီသော စွမ်းအားများကြောင့် သွေးမြို့တော် သရဲတက်တူးသည် ပြည့်စုံသွားခဲ့ပြီး သေလုနီးပါး ဖြစ်နေသော ကောင်းမင်သည်လည်း စဉ်းစားဆင်ခြင်နိုင်စွမ်းကို တဖြည်းဖြည်း ပြန်လည်ရရှိလာခဲ့သည်။

ယခင်က မသိထိုက်သူတည်ရှိမှု ရှစ်ခုကို တားဆီးရန် ကောင်းမင်အား တိုက်တွန်းခဲ့သူမှာ ဗဟိုသွေးမြို့တော်တွင် ကျန်ရစ်ခဲ့သည့် အကောင်းမြတ်ဆုံးသူ ဖြစ်သည်။ ယခုတွင်မူ သူ့ရှေ့တွင် ဗဟိုသွေးမြို့တော်၏ အဆိုးယုတ်ဆုံးသူက ရပ်နေပေသည်။ သူ စကားမပြောနိုင်သေးသော်လည်း ထိုလူအား အကဲခတ်ကြည့်ရှုနေမိပြီး သူ့မျက်လုံးများထဲတွင် မေးခွန်းတစ်ခု ကိန်းအောင်းနေလေ၏။

"ခင်ဗျားရဲ့ အကောင်းနဲ့ အဆိုးက ပြောင်းပြန်ဖြစ်နေတာ မဟုတ်လား"

စိတ်ဖောက်ပြန်မှုကို အသုံးပြုလိုက်ခြင်းသည် ကောင်းမင်း၏ ဖျက်ဆီးလုနီးပါး ဖြစ်စေခဲ့ပြီး သူ့စိတ်ကို ထာဝရလက်လွှတ်ရတော့မည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။ သို့သော်လည်း အိမ်မက်၏ ဝိညာဉ်ကို အလုံးစုံဖယ်ရှားနိုင်ခဲ့ခြင်းကြောင့် ကောင်းမင်းသည် နောက်ဆုံးတွင် အိမ်မက်ယဇ်ပလ္လင်အားလုံး၏ အစစ်အမှန်ပိုင်ရှင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

မရေမတွက်နိုင်သော နှစ်များစွာက စုဆောင်းခဲ့သည့် ယုံကြည်မှုများသည် အိပ်မက်သွေးမြို့တော်ထံသို့ ပြန်လည်ရောက်ရှိလာကြပြီး ကောင်းမင်းသည်လည်း ယခုတွင် ၎င်း၌ ပါဝင်သည့် အမျိုးမျိုးသောလျှို့ဝှက်ဆန်းကြယ်မှုများကို အမှန်တကယ် အသုံးချနိုင်ပြီ ဖြစ်သည်။

"မင်းက ငါတို့ ထင်ထားတာထက်တောင် ပိုကောင်းကောင်း လုပ်နိုင်ခဲ့တယ်"

ကိုယ့်ကိုယ်ကိုယ် အဆိုးယုတ်ဆုံးမိစ္ဆာဟု ခေါ်သည့် ချန်ဂီသည် ကောင်းမင်အတွက် လောက၏ အနက်ရှိုင်းဆုံးနေရာသို့ ထိုးဖောက်လာသည့် အလင်းတန်းတစ်ခုကဲ့သို့ပင်။ ရွှင်လန်းတက်ကြွပြီး၊ ရင့်ကျက်ကာ အားကိုးထိုက်သော ခံစားချက်ကို ပေးစွမ်းနေပေသည်။

ကောင်းမင်၏ မေးခွန်းများကို ဖြေကြားရန်အတွက် ချန်ဂီက အမှန်တရားကို ဖွင့်ဟလိုက်၏။

"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရှင်းလုသွေးမြို့တော်ရဲ့ အရှင်တစ်ပါးဟာ မပြောသင့်သူအိမ်မက်နဲ့ အသေအကြေတိုက်ခိုက်ရင်း သွေးပင်လယ်ထဲကို နှစ်ယောက်လုံး နစ်မြုပ်သွားခဲ့ကြတယ်၊ ရှင်းလုသွေးမြို့တော်ရဲ့ နောက်ထပ်အရှင်တစ်ပါးကတော့ လုံလောက်တဲ့ စွမ်းအားကို စုဆောင်းပြီးနောက် သူ့ကို ကယ်တင်ဖို့ သွေးပင်လယ်ထဲကို ဆင်းသွားခဲ့ပေမယ့် မထင်မှတ်ဘဲ အဆုံးမဲ့လူသားကမ္ဘာနဲ့ အတွင်းကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တဲ့ အရာတစ်ခုကို ရှာတွေ့ခဲ့တယ်၊ အဲ့ဒါက 'ကံကြမ္မာရဲ့ အလောင်း' ပဲ"

ချန်ဂီ၏ နက်ရှိုင်းသောအကြည့်များသည် အရာအားလုံးကို ဖုံးကွယ်ထားသည့် ညကောင်းကင်ယံမှ ဧရာမသစ်ပင်ကြီးကို ထိုးဖောက်ကြည့်ရှုလိုက်သည်။ လူသားတိုင်းသည် ထိုသစ်ပင်ကြီး၏ ပင်စည်ပေါ်ရှိ သစ်ရွက်ကလေးများမျှသာ ဖြစ်၏။

"ဒီကမ္ဘာကြီးကို မရေမတွက်နိုင်တဲ့ လူသားတွေ၊ မရေမတွက်နိုင်တဲ့ ဖြစ်နိုင်ခြေတွေ၊ မရေမတွက်နိုင်တဲ့ မင်းတို့ ငါတို့နဲ့ ဖွဲ့စည်းထားတာပဲ၊ မူလကံကြမ္မာဟာ လမ်းကြောင်းကနေ သွေဖည်သွားတဲ့ အရာတွေကို ကန့်သတ်ချုပ်ချယ်တာမျိုး မရှိခဲ့ဘူး၊ တစ်နည်းပြောရရင် လူတိုင်းဟာ ကိုယ်ပိုင်ကံကြမ္မာကို ကိုင်ဆောင်ထားကြပြီး လူတိုင်း ကံကြမ္မာ ဖြစ်လာနိုင်ခဲ့ကြတာပေါ့၊ အဲ့ဒီ ဧရာမသစ်ပင်ကြီး ပေါက်လာပြီး ကံကြမ္မာအစစ်အမှန်နေရာမှာ အစားထိုးလိုက်တဲ့ အချိန်အထိပေါ့၊ အဲ့ဒီအပင်ရဲ့ အမြစ်တွေဟာ လူတိုင်းရဲ့ ကံကြမ္မာထဲကို ထိုးဖောက်ဝင်ရောက်လာပြီး လူတိုင်းကို သူ့အလိုကျအတိုင်း ရှင်သန်အောင် အတင်းအဓမ္မ စေခိုင်းခဲ့တယ်၊ မွေးကတည်းက ကံကြမ္မာကို ကြိုတင်သတ်မှတ်ထားပြီး မနာခံချင်တဲ့ဝိညာဉ်တွေ ဒါမှမဟုတ် တော်လှန်ဝံ့တဲ့ ဝိညာဉ်တွေအားလုံးကိုတော့ နက်ရှိုင်းတဲ့ အတွင်းကမ္ဘာထဲကို ပစ်ချပြီး ကျိန်စာတိုက်တာ၊ မေ့လျော့ခံရတာနဲ့ အဆုံးမဲ့တဲ့ဒုက္ခတွေကို ခံစားစေခဲ့တာပဲ"

"ငါတို့ ဒါတွေကို 'ကံကြမ္မာရဲ့ အလောင်း' ကို မြင်ပြီးမှပဲ သိခဲ့ရတာ၊ အစားထိုးခံလိုက်ရပြီးနောက်မှာ ကံကြမ္မာဟာ သွေးပင်လယ်အဖြစ် ပြောင်းလဲသွားခဲ့တယ်၊ အဲ့ဒီသွေးပင်လယ်ဟာ ဧရာမသစ်ပင်ကြီးကို ပြန်ပြုပြင်ချင်ခဲ့ပြီး သူ့ရဲ့ အသိစိတ်က 'ပထမဆုံးနတ်ဆိုး' ဖြစ်လာခဲ့တယ်၊ နတ်ဆိုးခေါ်တဲ့ အရာက လူတစ်ယောက် လုံးဝပျောက်ကွယ်မသွားခင် နောက်ဆုံး ရုန်းကန်မှုပဲ၊ မှတ်ဉာဏ်တွေ၊ စွဲလမ်းမှုတွေနဲ့ အမှတ်အသားတွေ အားလုံးကို အသုံးချပြီး လောင်းကြေးထပ်လိုက်တာပဲ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ပထမဆုံးနတ်ဆိုးဟာ ရှုံးနိမ့်ခဲ့ရတယ်"

"ဒါပေမဲ့ သူဟာ ဧရာမသစ်ပင်ကြီးကိုတော့ ကြီးမားတဲ့ထိခိုက်မှုတွေ ပေးနိုင်ခဲ့ပြီး ကံကြမ္မာနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ စွမ်းအား ၁၃ မျိုးကို ချန်ထားရစ်ခဲ့တယ်"

"နက်ရှိုင်းတဲ့ အတွင်းကမ္ဘာဆိုတာ လူသားတွေ စွန့်ပစ်ထားတဲ့ အဆုံးမဲ့ စိတ်ပျက်အားငယ်မှုတွေ၊ နောင်တတွေနဲ့ ပြည့်နှက်နေတာ၊ ပထမဆုံးနတ်ဆိုး ချန်ထားခဲ့တဲ့ စည်းမျဉ်း ၁၃ မျိုးဟာ သက်ဆိုင်ရာ စွမ်းအားတွေကို ဝါးမြိုရင်းနဲ့ နောက်ဆုံး သွေးမြို့တော် ၁၃ ခု ဖြစ်လာခဲ့တာပဲ၊ ငါတို့ဟာ ကံကြမ္မာဆိုတဲ့ ဧရာမသစ်ပင်ကြီးကို ရိုက်ချိုးမယ့် ပုဆိန်သွားတွေ၊ အဆိုးဝါးဆုံး အဆိပ်တွေ ဖြစ်လာသင့်တာ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သွေးမြို့တော်ပိုင်ရှင်တွေကြားမှာ အကြီးအကျယ် စိတ်ဝမ်းကွဲမှုတွေ ဖြစ်ခဲ့ကြတယ်"

"တချို့သွေးမြို့တော်တွေက ကိုယ့်ကိုယ်ကိုယ် သန်မာလာအောင် လုပ်ဖို့ပဲ စိတ်ဝင်စားပြီး အချိန်မတန်သေးဘူးလို့ ယူဆကြတယ်၊ တချို့ကတော့ အရှုံးပေးလိုက်ကြပြီး ကံကြမ္မာသစ်ရဲ့ စည်းမျဉ်းတွေအောက်မှာ တိတ်တဆိတ် နေလိုက်ကြတယ်၊ အမှောင်သွေးမြို့တော်ဆိုရင် ကံကြမ္မာအသစ်ရဲ့ လက်ပါးစေတောင် ဖြစ်သွားပြီး သွေးမြို့တော်တွေကြားမှာ ပဋိပက္ခတွေဖန်တီးပြီး သွေးမြို့တော်တစ်ခုစီကို အင်အားနည်းအောင် လုပ်ခဲ့တယ်"

"ငါတို့မှာ ဒီအတိုင်း ပုန်းနေဖို့ အချိန်မရှိတော့သလို တခြားသွေးမြို့တော်တွေကို ဖျောင်းဖျဖို့ စွမ်းရည်လည်း မရှိဘူး၊ ဒါကြောင့် ရှင်းလုသွေးမြို့တော်ပိုင်ရှင်နဲ့ ငါတို့ဟာ အစီအစဉ်တစ်ခု ဆွဲခဲ့ကြတယ်၊ အဲ့ဒါကတော့ နောက်ပြန်လှည့်မယ့်လမ်းကို ဖြတ်တောက်လိုက်ပြီး သွေးပင်လယ်အောက်က အလောင်းကိုသုံးပြီး သွေးမြို့တော် ၁၃ လုံးကို သွေးယဇ်ပူဇော်ခြင်းထဲ ဆွဲသွင်းဖို့ပဲ"

ချန်ဂီ၏ စကားများသည် တရားမျှတမှုများဖြင့် ပြည့်နှက်နေလေသည်။ သို့သော်လည်း "သွေးယဇ်ပူဇော်ခြင်း" ဟူသော စကားကို ကြားလိုက်ရချိန်မှသာ ကောင်းမင်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အရူးတစ်ယောက်၏ စကားကို ကြားနေရသနည်းကို သိလိုက်ရတော့သည်။

"စည်းမျဉ်း ၁၃ မျိုးဟာ မီးလျှံ ၁၃ ခုလိုပဲ၊ ကံကြမ္မာရဲ့ အလောင်းကို လောင်စာအဖြစ်သုံးပြီး ဧရာမကံကြမ္မာသစ်ပင်ကြီးကို မီးရှို့ပစ်မယ်၊ လူတိုင်းရဲ့ ကံကြမ္မာကို သူတို့လက်ထဲ ပြန်ပေးပြီး သတ်မှတ်ထားတဲ့ ဘဝအတိုင်း ရှင်သန်နေစရာ မလိုတော့အောင် လုပ်မယ်"

"သွေးယဇ်ပူဇော်ခြင်း စတင်လိုက်တာနဲ့ ငါတို့ရဲ့ အတွင်းကမ္ဘာဟာ ဧရာမကံကြမ္မာသစ်ပင်ကြီးနဲ့ အသေအလဲ တိုက်ပွဲဝင်ရတော့မှာ၊ တခြားသွေးမြို့တော်တွေကတော့ ဒါကို သဘောတူမှာ မဟုတ်ဘူး၊ သူတို့မှာ စိုးရိမ်စရာတွေ အများကြီး ရှိနေတာကိုး၊ ဒါပေမဲ့ ဒါကို အောင်အောင်မြင်မြင် စတင်နိုင်လိုက်တာနဲ့ သူတို့လည်း နောက်ပြန်လှည့်လို့ ရတော့မှာ မဟုတ်ဘူး"

ချန်ဂီက သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ကောင်းမင်ကို ကြည့်လိုက်သည်။

"မင်းကြောင့်သာ ငါတို့ ဒီပထမခြေလှမ်းကို လှမ်းနိုင်ခဲ့တာ"

"အိမ်မက်ရဲ့ ယဇ်ပလ္လင်ထဲမှာ စိတ်ဖောက်ပြန်မှုကို အသုံးပြုလိုက်ခြင်းအားဖြင့် မင်းဟာ သူ့ရဲ့ စိတ်ဆန္ဒကို စိတ်ဖောက်ပြန်မှုကမ္ဘာထဲကို သေချာပေါက် ဆွဲခေါ်သွားမှာပဲ၊ အဲ့ဒါက ရှင်းလုသွေးမြို့တော်ပိုင်ရှင်ကို သွေးပင်လယ်အောက်က အိမ်မက်ရဲ့ အနှစ်သာရကို ဖျက်ဆီးဖို့ ကူညီပေးရာရောက်တယ်၊ ပြီးတော့ အဆုံးမဲ့တဲ့ အိမ်မက်ဆိုးတိုက်ပွဲကို အဆုံးသတ်စေပြီး ရှင်းလုသွေးမြို့တော်ရဲ့ အထွတ်အထိပ်တိုက်ခိုက်ရေးစွမ်းအားကို ပြန်ရစေလိမ့်မယ်၊ အဲ့ဒီအခါကျမှ သူဟာ ကံကြမ္မာရဲ့ အလောင်းကို သွေးပင်လယ်ထဲ ဆွဲသွင်းဖို့ စွမ်းအားပြည့် သုံးနိုင်သွားမှာ"

"အဲ့ဒီနောက် စိတ်ဖောက်ပြန်မှုကိုသုံးပြီး တခြားခန့်မှန်းရခက်တဲ့ တည်ရှိမှုခုနစ်ခုကို ပိတ်မိအောင် လုပ်ထားနိုင်ရင် တခြားသွေးမြို့တော်တွေက ငါ့ကို နှောင့်ယှက်နိုင်တော့မှာ မဟုတ်ဘူး"

"ငါတို့ အစီအစဉ်က အနည်းဆုံး သုံးနှစ်လောက်ကြာမယ်လို့ တွက်ထားတာ၊ ဗဟိုသွေးမြို့တော်ဟာ အမှောင်သွေးမြို့တော်ရဲ့ စွမ်းအားတွေကို ဝါးမြိုဖို့ အချိန်လိုအပ်သလို အခြားတည်ရှိမှုတွေရဲ့ တိုက်ခိုက်မှုကို ခုခံရင်း ရှင်းလုသွေးမြို့တော်ပိုင်ရှင်ကို ကံကြမ္မာရဲ့ အလောင်းကို သွေးပင်လယ်ထဲကနေ ဆွဲထုတ်ဖို့လည်း ကူညီပေးရမှာပေါ့"

ကောင်းမင်က နောက်ဆုံး သူတို့အောင်မြင်ခဲ့လားဟု မေးလိုသော်လည်း သူစကားမပြောနိုင်ချေ။

"အခြေအနေတွေက ငါတို့ ထင်ထားတာထက် အများကြီး ပိုခက်ခဲခဲ့တယ်၊ ကံကြမ္မာရဲ့ အလောင်းဟာ သွေးပင်လယ်တစ်ခုလုံးကို လွှမ်းမိုးထားတာမို့ လှုပ်ခါအောင်လုပ်ဖို့ မလွယ်ကူခဲ့ဘူး"

"ကံကောင်းတာက မင်းက အချိန်အလုံအလောက် ဝယ်ပေးနိုင်ခဲ့လို့ ငါတို့ ပုပ်သိုးခြင်းသွေးမြို့တော်ကို ဝါးမြိုနိုင်ခဲ့တယ်၊ အမှောင်သွေးမြို့တော်၊ ရှင်းလုသွေးမြို့တော်၊ ပုပ်သိုးခြင်းသွေးမြို့တော်နဲ့ ဗဟိုသွေးမြို့တော်တို့ရဲ့ စွမ်းအားတွေကို ပေါင်းစပ်လိုက်ပြီးနောက် လွန်ခဲ့တဲ့နှစ်ဝက်လောက်ကမှ ငါတို့ ကံကြမ္မာရဲ့ အလောင်းကို ဖောက်ထွက်နိုင်ခဲ့ကြတယ်"

"ဒီအဆင့်ပြီးသွားတော့ မပြောသင့်သူတချို့နဲ့ မိစ္ဆာနတ်ဘုရားတွေ စုပေါင်းပြီး ဒီကလေးကို သွေးပင်လယ်ရဲ့ အနက်ရှိုင်းဆုံးနေရာကနေ အပြင်ကို ပို့ပေးခဲ့ကြတယ်၊ ငါက သူ့ကို ရှင်းလုကို အမြန်ဆုံးသွားဖို့ မှာလိုက်တာ"

ချန်ဂီပြောလိုက်သော ကလေးမှာ ခန္ဓာကိုယ်ထဲတွင် တံခါးတစ်ချပ်ရှိသည့် ပင့်ကူကောင်လေး ဖြစ်ပေသည်။ ထိုနောက်ပိုင်း ဖြစ်ပျက်ခဲ့သမျှကို ကောင်းမင် အားလုံးသိရှိပြီးသား ဖြစ်သည်။

ဗျူဟာကျကျ တွက်ချက်ရင်း ခြေလှမ်းတိုင်းကို စနစ်တကျ လှမ်းခဲ့သဖြင့် ကြီးမားလှသော အဖြစ်အပျက်ကြီးတစ်ခုမှာ တိတ်ဆိတ်စွာပင် ပြီးဆုံးသွားခဲ့သည်။ ဤအရာအားလုံးသည် ဗဟိုသွေးမြို့တော်က အမှောင်သွေးမြို့တော်ကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့စဉ်ကတည်းက စတင်ခဲ့ခြင်း ဖြစ်ပေသည်။

သူတို့သည် ကောင်းမင်အား စွန့်ပစ်ရန် တစ်ခါမှ မစဉ်းစားခဲ့ကြချေ။ လွန်ခဲ့သော နှစ်ဝက်ကတည်းက ပင့်ကူကောင်လေးကို ပြန်ခေါ်ပြီး လူများကို ကယ်တင်ရန် ရှင်းလုသို့ ပို့ဆောင်ရန် စီစဉ်ခဲ့ကြခြင်း ဖြစ်၏။

"ဒီအရာအားလုံးရဲ့ သော့ချက်က မင်းပဲ"

ချန်ဂီက ပြောရင်းနှင့် ဗဟိုသွေးမြို့တော်နှင့် အခြားသွေးမြို့တော်များမှ အဖိုးတန်ဆေးဝါးများကို ထုတ်ယူ၍ ကောင်းမင်းအတွက် ရက်ရောစွာ အသုံးပြုပေးလိုက်သည်။ သို့သော် ထိရောက်မှု သိပ်မရှိသည်ကို တွေ့သောအခါ ရာစုနှစ်ပေါင်းများစွာ ချိတ်ပိတ်ထားခဲ့သည့် ပုပ်သိုးခြင်းသွေးမြို့တော်၏ အနှစ်သာရတစ်ဝက်ကို ပြတ်သားစွာ ထုတ်ယူလိုက်တော့သည်။

ပုပ်သိုးခြင်းသွေးမြို့တော်၏ အနှစ်သာရမှာ နှစ်ပိုင်းကွဲနေခြင်း ဖြစ်သည်။ တစ်ဝက်သည် ပုပ်သိုးခြင်းကို ကိုယ်စားပြုပြီး ကြောက်မက်ဖွယ် သေခြင်းတရားအငွေ့အသက်များပါရှိကာ အခြားတစ်ဝက်မှာမူ ပြန်လည်မွေးဖွားခြင်းကို ကိုယ်စားပြု၍ မကုန်ခမ်းနိုင်သော အသက်ဓာတ်များ ပါရှိပေသည်။

၎င်း၏ တန်ဖိုးကို မဖော်ပြနိုင်ပေ။ အကယ်၍ သားစားကြူးနတ်ဘုရားသာ ထိုအူတိုင်တစ်ခုလုံးကို ဝါးမြိုနိုင်ပါက ဆုံးရှုံးသွားသော ၎င်း၏အတိတ်ကို ပြန်လည်ရရှိနိုင်မည့်အပြင် ပုပ်သိုးခြင်း သွေးမြို့တော်၏ ပိုင်ရှင် တစ်ဖန်ပြန်ဖြစ်လာနိုင်ပေသည်။

ထိုမျှအရေးကြီးသော အရာကို ချန်ဂီက မတွန့်မဆုတ် ထုတ်ယူလိုက်ခြင်းမှာ ၎င်း၌ အဆုံးစွန်သော အသက်ဓာတ်များ ပါရှိနေသောကြောင့်သာ ဖြစ်သည်။

ထိပစ္စည်းသည် ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားအတွက် အမှန်တကယ် အသုံးဝင်လှပြီး ပုပ်သိုးခြင်းအရှင်အတွက်မူ အလွန်အမင်းဆွဲဆောင်မှုရှိသောအရာ ဖြစ်ပေသည်။

"ဒါက အရင်ကတည်းက မင်းဟာပါပဲ"

ကောင်းမင်၏ အခြေအနေ တိုးတက်လာသည်ကို မြင်သောအခါ ချန်ဂီသည် ပုပ်သိုးခြင်းသွေးမြို့တော်၏ အနှစ်သာရကို ကောင်းမင်ခန္ဓာကိုယ်ပေါ်သို့ တင်ပေးလိုက်ပြီးနောက် မတ်တတ်ရပ်ကာ မိစ္ဆာနတ်ဘုရားများ၏ ပိတ်ဆို့ခံထားရသော အချိန်သွေးမြို့တော်သခင်ကို လှည့်ကြည့်လိုက်လေ၏။

"မင်းက သူ့ကို ဒီလောက်ထိခိုက်အောင် လုပ်ထားပြီးမှ ဒီအတိုင်း ပြန်သွားလို့ရမယ်လို့ ထင်နေတာလား"

ပြင်းထန်ရက်စက်သော တိုက်ပွဲက ချက်ချင်းပင် ပေါက်ကွဲထွက်လာတော့သည်။ အနီရောင်ဝတ်ရုံများသည် အချိန်မြစ်ကြီးကို သွေးများဖြင့် စိုရွှဲသွားစေတော့မည့်အလားပင်။

ကောင်းမင်သည် သက်စောင့်အားများကို တိတ်ဆိတ်စွာ ခံစားလျက် ပုပ်သိုးခြင်းသွေးမြို့တော်၏ အနှစ်သာကို ဖြည်းညင်းစွာ ဝါးမြိုနေရင်း များစွာသော မိစ္ဆာနတ်ဘုရားများ၏ နောက်တွင် ရပ်နေသော ချန်ဂီကို တစ်ချက်စောင်းငဲ့ကြည့်လိုက်မိသည်။

"ဒါ... ဘယ်လို အဆင့်မြင့်တဲ့ မြှူဆွယ်မှုကြီးပါလိမ့်"

All Chapters