အခန်း ၈၉၇
Vol. 63 Ch. 897
အပိုင်း (၈၉၇) မခန့်မှန်းနိုင်သူ
ဟန်ဟိုင်းမြို့တော်၏ သုညအတု။သူက လုဇန်များ ဖြစ်နေနိုင်မလား။
ကောင်းမင်သည် သူ့ထင်မြင်ချက်ကို ချန်ဂီအား ပြောပြလိုက်သော်လည်း အံ့ဩစရာကောင်းသည်မှာ ဗဟိုသွေးမြို့တော်သခင်သည် လုဇန်ဟူသော အမည်ကို တစ်ခါမှ မကြားဖူးခြင်းပင် ဖြစ်သည်။
"မင်းရဲ့ ဖော်ပြချက်အရဆိုရင်တော့ လုဇန်ဆိုတာ အဆုံးမဲ့ လူသားလောကကနေ လာတာ ဖြစ်နိုင်တယ်"
ချန်ဂီက ခေတ္တမျှ ရပ်တန့်လိုက်ပြီး "တကယ်တော့ လက်တွေ့ကမ္ဘာနဲ့ အတွင်းကမ္ဘာမှာ အဆုံးမဲ့လူသားလောကက လာတဲ့လူတွေကို တစ်ခါတစ်ရံ တွေ့ရတတ်တယ်၊ အများအားဖြင့်တော့ သူတို့ကိုယ်တိုင်လည်း ဘာကြောင့် ရောက်လာတာလဲ၊ ဘယ်လို ရောက်လာတာလဲဆိုတာကို မသိကြဘူး၊ အခု မင်းလိုမျိုးပေါ့"
"ကျွန်တော်လား"
ကောင်းမင်မှာ ဤတစ်ကြိမ်တွင် အမှန်တကယ် အံ့အားသင့်သွားရသည်။
"အဆုံးမဲ့ လူသားလောကထဲမှာ အတိတ်နဲ့ အနာဂတ်က တည်ရှိနေခဲ့တဲ့ မင်းရဲ့ ဗားရှင်းပေါင်း များစွာဟာ စွမ်းအားတစ်မျိုးကြောင့် ပုံပျက်ပြီး အတွင်းကမ္ဘာထဲကို ရောက်လာကြတာ၊ မတူညီတဲ့ လူသားလောကတွေက မင်းတို့ရဲ့ ကံကြမ္မာတွေလည်း မတူညီကြဘူး၊ သာမန်အဖြစ်ဆုံးတစ်ယောက်အကြောင်းကိုတော့ ငါ သိပ်မသိပေမဲ့ အထူးခြားဆုံး တစ်ယောက်ကတော့ ဟန်ဟိုင်းသွေးမြို့တော်ရဲ့ နောက်ထပ်အရှင်သခင်တစ်ပါး ဖြစ်လာတဲ့ ကောင်းယန်ပဲ"
"သူဌေးချန် ခင်ဗျားက တကယ့်ကို ဉာဏ်ကောင်းတာပဲ"
အစွမ်းအထက်ဆုံးသူမှာ ကောင်းယန်ဖြစ်ကြောင်း ကောင်းမင် သိရှိပြီးသားဖြစ်သလို သာမန်အဖြစ်ဆုံးသူမှာ မည်သူဖြစ်သည်ကိုလည်း သိရှိပြီးဖြစ်သည်။
"မင်းက အဆုံးမဲ့ လူသားလောကက လာတာဆိုတာကိုတော့ ငါအတော်လေး သေချာပါတယ်၊ ဒါပေမဲ့ ကံကြမ္မာသစ်ပင်ကြီးရဲ့ ဘယ်အရွက်ကနေ လာတာလဲဆိုတာတော့ ငါမသိဘူး"
ချန်ဂီသည် ကောင်းမင်ကို ဘာမှ ဖုံးကွယ်မထားဘဲ လွန်ခဲ့သော နှစ်ပေါင်းများစွာက မိုးရွာသော ညတစ်ညအကြောင်းကို ပြောပြလေသည်။
"ဟန်ရှန်း၊ ရှင်းလုနဲ့ ဟန်ဟိုင်းတို့ ဆုံတဲ့နေရာမှာ မတော်တဆမှုတစ်ခုကြောင့် အက်ကြောင်းတစ်ခု ဖြစ်ပေါ်ခဲ့တယ်၊ အဲ့ဒီတုန်းက မခန့်မှန်းနိုင်တဲ့ ဖြစ်တည်မှုတွေ အများကြီးက အဲ့ဒီနေရာရဲ့ ပတ်ဝန်းကျင်မှာ သူတို့ရဲ့ အစီအစဉ်တွေကို ချမှတ်ခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် နှောင့်ယှက်ရင်း အရာအားလုံးကို ဖုံးကွယ်ထားခဲ့ကြတယ်"
"ဒါ ဟန်ဟိုင်းမြို့ပြင်က ဥမင်လိုဏ်ခေါင်းကို ပြောတာလား"
"မှန်တယ် အဲ့ဒီညက အဖွဲ့အစည်းပေါင်းစုံရဲ့ ကစားပွဲတစ်ခု ရှိခဲ့တာ၊ ငါတို့ ဗဟိုသွေးမြို့တော်က အရမ်းနီးပေမဲ့ အမှောင်သွေးမြို့တော်နဲ့ ပုံရိပ်ယောင်သွေးမြို့တော်တို့ရဲ့ မသိထိုက်သူမဟာမိတ်က နှောင့်ယှက်တာ ခံခဲ့ရသလို တခြားသွေးမြို့တော်တွေရဲ့ စွမ်းအားတွေနဲ့လည်း ထိန်းချုပ်ခံခဲ့ရတယ်၊ ဘက်ပေါင်းစုံ ကိုယ်စီအလောင်းအစား လုပ်ထားတဲ့သူတွေ ရှိပေမဲ့ နောက်ဆုံး အဲ့ဒီလူ အနိုင်ရသွားလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူး"
ချန်ဂီသည်လည်း အနည်းငယ် အကူညီမဲ့နေပုံရသည်။
"ဘယ်သူလဲ"
"ဒေါက်တာကောင်းပဲ၊ ကြောက်စရာကောင်းတဲ့ မိစ္ဆာတစ်ကောင်ပေါ့"
ချန်ဂီက ဒေါက်တာကောင်းနှင့် ပတ်သက်သည့် သူ့အတိတ်ကို ပြန်ပြောင်းအောက်မေ့လိုက်သည်။
"သူက အစွန်းရောက်နေတဲ့ အရူးတစ်ယောက်ဖြစ်သလို ငါ့ရဲ့ ဥက္ကဋ္ဌဟောင်းလည်း ဖြစ်ခဲ့ဖူးတယ်၊ ကံကြမ္မာရဲ့ ချိန်းကြိုးတွေကို အရမ်းစောစောကတည်းက သတိထားမိခဲ့တာ သူပေါ့၊ အပြင်းအထန် ရုန်းကန်ပေမဲ့လည်း မလွတ်မြောက်နိုင်တဲ့အဆုံး ဗဟိုသွေးမြို့တော်မှာ ခိုလှုံခဲ့ပြီး နှစ်ပေါင်းတစ်ရာကြာအောင် သူ့အပြစ်တွေကို ဆေးကြောခဲ့တယ်"
"ဒါဆို သူက ခင်ဗျားတို့ဘက်ကလူလို့ သတ်မှတ်လို့ မရဘူးလား"
ကောင်းမင်က အနည်းငယ်စိတ်ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည်။
"အပြစ်တွေကို ဆေးကြောတယ်၊ အနှောင်အဖွဲ့တွေကို ဖယ်ရှားတယ်၊ လူကောင်းတစ်ယောက် ဖြစ်လာတယ်' ဆိုပေမဲ့၊ နောက်ပိုင်းမှာ သူက စည်းမျဉ်းတွေကို လိုက်နာနေတာတောင် ကံကြမ္မာကို မကျေနပ်စေနိုင်ဘူးဆိုတာကို ရှာဖွေတွေ့ရှိခဲ့သလို၊ သူဟာ ကံကြမ္မာအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ခံနေရတုန်းပဲ ဆိုတာကိုလည်း သိခဲ့ရတယ်၊ ဒါကြောင့် သူက သာမန်လူတစ်ယောက် လုံးဝမတွေးဝံ့တဲ့ စိတ်ကူးတစ်ခုကို ကြံစည်ခဲ့တယ်၊ အဲ့ဒါက ကံကြမ္မာကို သတ်ပစ်ဖို့ပဲ"
ချန်ဂီ၏ အသံက လေးနက်သွား၏။
"ဒါက အရင်ကဆိုရင် ဘယ်သူမှ ထုတ်မပြောဝံ့တဲ့ အရာမျိုးပဲ၊ ဒေါက်တာကောင်းက အဲ့ဒီ ဖြစ်နိုင်ခြေ အနည်းငယ်လေးကို ရရှိဖို့အတွက် သွေးပင်လယ်ထဲမှာ နှစ်ပေါင်းများစွာ နစ်မွန်းနေခဲ့တယ်၊ ပြီးတော့ သူက သူ့ကိုယ်ပိုင်အစီအစဉ်ကို စခဲ့တယ်၊ ရှင်းလုသွေးမြို့တော်ပိုင်ရှင်ကို သွေးပင်လယ်ထဲ ရောက်အောင် မြှူဆွယ်တယ်၊ ရှင်းလုသွေးမြို့တော်ထဲမှာ အဆုံးမဲ့ လူသားလောကဆီ သွားတဲ့လမ်း ဝှက်ထားတယ်ဆိုပြီး ကောလာဟလတွေ ဖြန့်တယ်၊ ရှင်းလုသွေးမြို့တော်တစ်ခုလုံးကို သားကောင်အဖြစ် အသုံးချပြီး ဟန်ဟိုင်းသွေးမြို့တော်ကို သိမ်းပိုက်ဖို့ ကြံစည်ခဲ့တယ်၊ သွေးမြို့တော်ပိုင်ရှင် တစ်ယောက်ဖြစ်လာပြီး စည်းမျဉ်း ၁၃ ခုထဲက တစ်ခုကို ဆုပ်ကိုင်နိုင်မှသာ ကံကြမ္မာကို ထိခိုက်အောင် လုပ်နိုင်မှာမို့လို့ပဲ၊ သူက မူလက သူကိုယ်တိုင် ဟန်ဟိုင်းရဲ့ အရှင်သခင် ဖြစ်ချင်ခဲ့တာ"
ကောင်းမင်၏ စိတ်ခံစားမှု အပြောင်းအလဲများကြောင့် သက်ရောက်နေသော ဟန်ဟိုင်းသွေးမြို့တော်၏ စည်းမျဉ်းများက သူ့ကို ဝန်းရံလာကြသည်။
"ဒါပေမဲ့ အခုတော့ သူ ကျရှုံးသွားပြီပဲလေ"
"မဟုတ်ဘူး၊ ဒေါက်တာကောင်းရဲ့ နောက်ဆုံးရည်မှန်းချက်က ဘာလဲဆိုတာ သေသေချာချာ စဉ်းစားကြည့်"
ချန်ဂီသည် ညကောင်းကင်ယံရှိ ပိုမို မြင့်မားသော ဧရာမသစ်ပင်ကြီးကို မော့ကြည့်လိုက်သည်။
"သူ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးဟာ ကံကြမ္မာကို သတ်ဖို့ပဲ၊ မင်းက ကံကြမ္မာရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်လာတဲ့သူ တစ်ယောက်ပဲ၊ ကံကြမ္မာက မင်းကို အတိတ်နဲ့ အနာဂတ်ကနေ သတ်ပစ်ဖို့အတွက် အစွမ်းကုန် ကြိုးစားလိမ့်မယ်၊ မင်းရှင်သန်ချင်တယ်ဆိုရင်တော့ ကံကြမ္မာကို ဘယ်နည်းနဲ့မဆို သတ်ပစ်ရလိမ့်မယ်၊ သူ ကျရှုံးခဲ့တာ မဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ မင်းဟန်ဟိုင်သွေးမြို့တော်ပိုင်ရှင် ဖြစ်လာပြီးရင် သူလုပ်ခဲ့တဲ့အတိုင်း မင်းလည်း လုပ်လိမ့်မယ်ဆိုတာကို သူ သိနေလို့ပဲ"
ခဏမျှ စဉ်းစားကြည့်ပြီးနောက် ကောင်းမင်သည် ၎င်းမှာ အမှန်တကယ်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ သူသည် အဆုံးမဲ့ လူသားလောကထဲတွင် အားအနည်းဆုံး၊ သာမန်အဖြစ်ဆုံးနှင့် ကံကြမ္မာ၏ လျစ်လျူရှုခြင်းကို အခံရဆုံးသူ ဖြစ်ခဲ့သဖြင့်သာ ယခုကဲ့သို့သော နေရာသို့ ရောက်ရှိလာရန် အခွင့်အရေး ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ဟန်ဟိုင်းသွေးမြို့တော် ပြန်လည်ထူထောင်သည့်နေ့တွင်မူ ကံကြမ္မာထံမှ ပြင်းထန်သော ဆိုးယုတ်မှုကို သူခံစားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကိုယ်ပိုင်ကြိုးစားမှုဖြင့် ကံကြမ္မာ၏ ဇာတ်ညွှန်းကို ဆုတ်ဖြဲကာ ကံကြမ္မာကိုယ်တိုင်ပင် မမျှော်လင့်ထားသော အဆင့်တစ်ခုသို့ ရောက်ရှိခဲ့သောကြောင့်ပင်။
"အဆုံးမဲ့ လူသားလောကက တခြားလူတွေအတွက် အခုလောလောဆယ် သိပ်စိုးရိမ်စရာ မလိုသေးဘူး၊ ငါတို့ရဲ့ အဓိက ဦးစားပေးက သွေးမြို့တော်အားလုံးကို ငါတို့သင်္ဘောပေါ် ရောက်အောင် ခေါ်ဖို့ပဲ၊ အတွင်းကမ္ဘာတစ်ခုလုံးရဲ့ စွမ်းအားကို စုစည်းနိုင်မှသာ ကံကြမ္မာကို သတ်နိုင်မယ့် အခွင့်အရေး ရှိလိမ့်မယ်"
ကောင်းမင်သည် ဒဏ်ရာများကို ကုသရန်အတွက်သာ ပုပ်သိုးခြင်းမြို့တော်အူတိုင်၏ စွမ်းအားကို အသုံးပြုနေပြီး ၎င်းကို ဝါးမြိုရန် ရည်ရွယ်ချက် မရှိသည်ကို မြင်သောအခါ ချန်ဂီက ရှုယင်အား အနှစ်သာရ၏ ခံစစ်ကို အင်အားသုံးဖျက်ဆီးခိုင်းလိုက်ပြီး ကောင်းမင်ကို ၎င်းနှင့် တိုက်ရိုက် ပေါင်းစည်းစေလိုက်သည်။
သေဆုံးနေသော အသားစများ ပုပ်သိုးလာပြီး ထိုပုပ်သိုးမှုများကြားမှ ပြင်းထန်သော အသက်ဓာတ်များ လျှံထွက်လာလေသည်။ ကောင်းမင်၏ ခန္ဓာကိုယ်သည် အရေခွံလဲနေသော မြွေတစ်ကောင်ကဲ့သို့ ကွဲအက်သွားပြီး အရေပြားအသစ်များ ထွက်ပေါ်လာခဲ့သည်။ နာကျင်မှုကို မခံစားနိုင်သဖြင့် ပြန်လည် ကွဲအက်သွားပြီး ထို့နောက်တွင်မူ ပိုမိုပြည့်စုံသော အသွေးအသားများ ပြန်လည်ထွက်ပေါ်လာ၏။
အကြိမ်ကြိမ် ကွဲအက်နေပြီး အကြိမ်ကြိမ် ပြန်လည်မွေးဖွားနေခဲ့သည်။ ရှင်းလုသွေးမြို့တော်၏ အလောင်းပင်လယ်ထဲတွင် တစ်ခုတည်းအဖြစ် ပေါင်းစည်းနေသော သားစားကြူးနတ်ဘုရားနှင့် ပုပ်သိုးခြင်းတို့သည် ထိုအရာအား လိုချင်လွန်းသဖြင့် ရူးသွပ်မတတ် ဖြစ်နေကြတော့သည်။
ကိုးကြိမ်တိုင်တိုင် ကွဲအက်ပြီး ပြန်လည် စုစည်းခဲ့သော်လည်း ကောင်းမင်ခန္ဓာကိုယ်ပေါ်ရှိ အမာရွတ်များမှာ ပျောက်ကွယ်မသွားသေးချေ။ ဤတစ်ကြိမ်တွင်မူ ချန်ဂီပင် အံ့အားသင့်သွားရသည်။
"သွေးမြို့တော်ရဲ့ အနှစ်သာရကတောင် မင်းကို လုံးလုံးလျားလျား မကုသပေးနိုင်ဘူးလား၊ မင်း စိတ်ဖောက်ပြန်မှု ကမ္ဘာထဲမှာ ဘာတွေ လုပ်ခဲ့တာလဲ"
"ဘာမှ အထွေထွေထူးထူး မဟုတ်ပါဘူး"
ကောင်းမင်သည် မြေပြင်ပေါ်တွင် လဲလျောင်းလျက် မျက်မှောင်ကြုတ်လိုက်သည်။
"ကျွန်တော် သွေးမြို့တော်သရဲတက်တူးပါတဲ့ အရေပြားကို ခွာထုတ်ပြီး အချိန်ကို ပတ်ထားလိုက်တယ်၊ ပြီးတော့ တခြားအရေပြားတွေကို တခြားလူတွေဆီ ခွဲဝေပေးပြီး သူတို့ရဲ့ အသိစိတ်ကို ထိန်းသိမ်းစေခဲ့တယ်၊ ပြီးတော့ ကျွန်တော့်ရဲ့ ဝိညာဉ်ကိုလည်း အပိုင်းပိုင်းခွဲထုတ်ပြီး ရူးသွပ်လုနီးပါး ဖြစ်နေတဲ့ ရှင်းလုသွေးမြို့တော်ရဲ့ အသိစိတ်ကို နွေးထွေးစေခဲ့တယ်၊ နောက်ဆုံး ကျွန်တော့်ရဲ့ ကိုယ်ပိုင် နှလုံးသားကို ထုတ်ယူပြီး စိတ်ဖောက်ပြန်မှုကမ္ဘာရဲ့ အူတိုင်အဖြစ် အသုံးပြုခဲ့တယ်၊ သွေးတွေ ကုန်ခန်းသွားတဲ့အထိပေါ့၊ ကံမကောင်းစွာနဲ့ပဲ နောက်ဆုံးမှာ ကျရှုံးခဲ့ရတယ်၊ အဲ့ဒီ မသိထိုက်သူတွေကို ပိတ်မထားနိုင်ဘဲ သူတို့က စိတ်ဖောက်ပြန်မှုကမ္ဘာကို အတင်းဖောက်ထွက်သွားခဲ့ကြတယ်"
"မင်းကို ဒေါက်တာကောင်းက ရွေးချယ်ခဲ့တာ သေချာပေါက် အကြောင်းရှိတာပဲ"
ချန်ဂီသည် အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ကောင်းမင်၏ ဒဏ်ရာများကို ကုသရန် ကြိုးစားနေသည့် တခြားမိစ္ဆာနတ်ဘုရားများရှိရာသို့ လျှောက်သွားလိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း သုံးရက်တာ ကုန်လွန်သွား၏။ သားစားကြူးနတ်ဘုရားနှင့် ပုပ်သိုးခြင်းတို့၏ ပေါင်းစည်းမှုသည် အဆုံးသတ်ရန် နီးကပ်လာခဲ့ပြီ ဖြစ်သည်။ လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ ဝင်ရောက်ကူညီပေးခဲ့ကြသော မိစ္ဆာနတ်ဘုရားများ၏ "အကူအညီ" ကြောင့် သားစားကြူးနတ်ဘုရား၏ စိတ်ဆန္ဒက လွှမ်းမိုးသွားခဲ့ပြီး အလောင်းပင်လယ်ထဲမှ ပုပ်သိုးခြင်းအရှင်အသစ်တစ်ပါး ထွက်ပေါ်လာတော့သည်။
မျက်နှာလေးခုနှင့် လက်ရှစ်ဖက်ရှိသော ကြောက်မက်ဖွယ်ကောင်းသည့် ထိုနတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်တွင် ပုပ်သိုးခြင်း၊ ပြန်လည်မွေးဖွားခြင်းနှင့် အိပ်မက် ဟူသော မပြည့်စုံသည့် သွေးမြို့တော်ပုံစံကွက်သုံးခုဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ဒေါက်တာဝူကျိနှင့်တူသော သရဲမျက်နှာ သုံးခုမှလွဲ၍ သူ့ခန္ဓာကိုယ်ပေါ်တွင် ပုပ်သိုးနေသော ဒဏ်ရာများ မရှိတော့ချေ။ သို့သော်လည်း စည်းမျဉ်းစွမ်းအား သုံးခုမှာမူ ပြည့်စုံစွာ ပေါင်းစပ်နိုင်ခြင်း မရှိသေးပေ။ သားစားကြူးနတ်ဘုရားသည် မူလကပင် ထိပ်တန်းအဆင့် မပြောသင့်သူတစ်ပါး ဖြစ်နေသော်လည်း ပုပ်သိုးခြင်းနှင့် ပေါင်းစည်းပြီးနောက်တွင် မခန့်မှန်းနိုင်သောအင်အားကို ပြန်လည်ရရှိလာတော့သည်။ သူ့နှလုံးသားသည် ကောင်းမင်၏ အသွေးအသားများနှင့် ဆက်နွှယ်နေဆဲဖြစ်ပြီး တစ်နည်းအားဖြင့် သူတို့မှာ ဖြစ်တည်မှုတစ်ခုတည်းပင် ဆိုနိုင်၏။
"ယေဘုယျအားဖြင့်တော့ သွေးမြို့တော်တစ်ခု ပျက်စီးလုနီးပါး ဖြစ်တဲ့အခါမှသာ သွေးမြို့တော်ပိုင်ရှင် နှစ်ပါးက ပေါင်းစည်းပြီး မခန့်မှန်းနိုင်တဲ့ အထူးအဆင့်တစ်ခုကို တက်လှမ်းကြတာ"
ကောင်းမင်၏ စိတ်ထဲတွင် သားစားကြူးနတ်ဘုရားနှင့် ပုပ်သိုးခြင်းတို့၏ မှတ်ဉာဏ်များ ပြည့်နှက်နေလေသည်။ ပိုမိုလေးနက်စွာ နားလည်လာပြီးနောက် ပေါင်းစည်းထားသော သားစားကြူးနတ်ဘုရားသည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သူ သိရှိလိုက်ရသည်။ သူ့ရှေ့မှောက်ရှိ သားစားကြူးနတ်ဘုရားသည် အခြေခံအကျဆုံး အခြေအနေတွင်သာ ရှိနေပြီး စည်းမျဉ်းများ အသုံးပြုပုံမှာလည်း ရိုးရှင်းကာ သိစိတ်အရသာ လှုပ်ရှားနေခြင်း ဖြစ်သည်။ အခြားအဆင့်များမှာ ပို၍ပင် ကြောက်စရာကောင်းလှသော်လည်း ဗဟိုသွေးမြို့တော်၏ မိစ္ဆာနတ်ဘုရားများရှေ့တွင်မူ သားစားကြူးနတ်ဘုရားသည် ဖုံးကွယ်ထားရန်သာ ရွေးချယ်လိုက်သည်။
"ပုပ်သိုးခြင်းသွေးမြို့တော်ကို ဗဟိုသွေးမြို့တော်က သိမ်းပိုက်လိုက်ပြီ၊ အခု ဟန်ဟိုင်းသွေးမြို့တော်ထဲက သားစားကြူးနတ်ဘုရားက မခန့်မှန်းနိုင်တဲ့ ဖြစ်တည်မှုတစ်ခုပဲ"