← Chapters

အခန်း ၉၀၀

Vol. 63 Ch. 900

အခန်း ၉၀၀

Vol. 63 Ch. 900

အပိုင်း (၉၀၀) မပြည့်စုံသော ဘဝတစ်ခု

ကောင်းမင်သည် သူ၏ စိတ်ဖောက်ပြန်မှု မပြီးဆုံးသေးဟု ဝေဝေဝါးဝါးခံစားနေရသည်။ သူသည် ကံကြမ္မာကို မကြောက်ရွံ့သော်လည်း ဗဟိုသွေးမြို့တော်သခင်ကဲ့သို့ တည်ငြိမ်မှုမျိုးတော့ မရှိသေးချေ။

အလွန်အမင်း အန္တရာယ်များသော ပတ်ဝန်းကျင်တွင်ပင် ဗဟိုသွေးမြို့တော်သခင်သည် မကောင်းသော စိတ်ခံစားချက်များ၏ လွှမ်းမိုးမှု မခံရပေ။ သူသည် အစွန်းရောက်သော အကောင်းမြင်သမား သို့မဟုတ် မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေသူလည်း မဟုတ်ဘဲ ခိုင်မာတည်ကြည်သော အငွေ့အသက်ကိုသာ ထုတ်လွှတ်နေခြင်း ဖြစ်သည်။

ကောင်းကင်ယံတွင် သွေးမြို့တော်သခင်များစွာ၏ စိတ်ဆန္ဒများ ပွတ်တိုက်ဖလှယ်နေကြလေသည်။

အချို့က စိုးရိမ်နေကြသည်၊ အချို့က ပူပန်နေကြသည်၊ အချို့ကမူ အပြစ်တင်နေကြသည်။ သို့သော် ဗဟိုသွေးမြို့တော်သခင်ကမူ ကံကြမ္မာက ကြောက်ရွံ့နေသည်ကိုသာ မြင်နေရခြင်းဖြစ်သည်။

"တကယ်တော့ ငါအစိုးရိမ်ဆုံးက ကံကြမ္မာသစ်ပင်ကြီးက ဘာမှမဖြစ်သလို ငြိမ်နေမှာကိုပဲ၊ အဲ့ဒါက ငါတို့ ရွေးချယ်တဲ့လမ်းကြောင်း မှားနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ"

ချန်ဂီ့နောက်မှ အရိပ် ပျံ့ကားလာသည်နှင့်အမျှ သူသည် ကောင်းမင်ကို အလွန်အန္တရာယ်များသော ခံစားချက်မျိုး ပေးစွမ်းနေသည်။

"ကံကြမ္မာကို ဒေါသထွက်အောင် လုပ်တဲ့သူတွေဟာ ငါတို့ရဲ့ မိတ်ဆွေတွေပဲ၊ ကံကြမ္မာကို ဒေါသထွက်စေတဲ့ အရာက ငါတို့ လုပ်သင့်တဲ့ အရာပဲ၊ အတိတ်က ရန်ငြိုးတွေကို ဘေးဖယ်ထားကြစို့၊ လူတိုင်းရဲ့ အင်အားကို စုစည်းပြီး အများနဲ့ဆိုင်တဲ့ အရာတစ်ခုကို လုပ်ကြစို့၊ ဒါဟာ အတွင်းကမ္ဘာအတွက် တစ်ခုတည်းသော အခွင့်အရေးပဲ"

ညကောင်းကင်ရှိ အက်ကြောင်းတိုင်းသည် ဤကမ္ဘာကြီးကို ဆုတ်ဖြဲနေကြပြီး အရာအားလုံး၏ အဆုံးသတ်ဟု ထင်ရသော်လည်း ၎င်းသည် ဘဝသစ်တစ်ခု၏ အစပျိုးခြင်းလည်း ဖြစ်ပေသည်။

"ကလေးဘဝတုန်းက ငါဟာ အကောင်းဘက်ကပဲ အမြဲတမ်း စိတ်ကူးယဉ်ခဲ့တယ်၊ ဒုက္ခရောက်နေသူတွေအတွက် တံခါးတစ်ချပ် ဖွင့်ပေးချင်ခဲ့တယ်၊ အမှောင်ထုထဲမှာ ကျင့်သားရနေတဲ့ မျက်လုံးတွေကို အလင်းရောင် မြင်စေချင်ခဲ့တယ်၊ နောက်ပိုင်း အရွယ်ရောက်လာတဲ့အခါမှာတော့ ဆင်းရဲဒုက္ခရောက်နေတဲ့ ဝိညာဉ်တိုင်းအတွက် ကယ်တင်ခြင်း ပြတင်းပေါက်တစ်ခု ဖွင့်ပေးတာထက် လူတိုင်းရဲ့ ခေါင်းပေါ်က အမှောင်ထုကြီးကို ဖယ်ရှားပေးလိုက်တာက ပိုကောင်းတယ်ဆိုတာ ငါ နားလည်လာခဲ့တယ်"

ချန်ဂီ၏ အငွေ့အသက်မှာ ပိုမို ကြောက်မက်ဖွယ်ကောင်းလာပြီး ကောင်းမင် သတ်မှတ်ထားသော မိစ္ဆာနတ်ဘုရား အဆင့်ထက်ပင် ကျော်လွန်သွားတော့သည်။

"ဒီအဆုံးမဲ့ လူသားလောကဟာ သူတို့နဲ့လည်း ဆိုင်သလို ငါတို့နဲ့လည်း ဆိုင်တယ်၊ အတွင်းကမ္ဘာထဲမှာ လေလွင့်နေတဲ့ သရဲတစ္ဆေတိုင်းဟာ အဲ့ဒီအပေါ်ကနေ ပြုတ်ကျလာတဲ့သူတွေပဲ"

ချန်ဂီနှင့် မိစ္ဆာနတ်ဘုရား အချို့ ရှိနေသဖြင့် ရှင်းလုသွေးမြို့တော်အတွင်းရှိ လမ်းကြောင်းမှာ ထိခိုက်မှု မရှိခဲ့ပေ။

သားစားကြူးနတ်ဘုရား မခန့်မှန်းနိုင်သူဖြစ်လာပြီး ရက်ပေါင်းသုံးဆယ်မြောက်တွင် ရှင်းလုသည် တဝုန်းဝုန်းထကြွနေသော သွေးပင်လယ်ကြီးအတွင်း လုံးဝနစ်မြုပ်သွားခဲ့သည်။ ပင့်ကူကောင်လေး၏ ခန္ဓာကိုယ်အတွင်းရှိ တံခါးသည် ကမ္ဘာမြေ၏ နှလုံးသားကို ဖောက်ထွက်ထားသည့် ဒဏ်ရာတစ်ခုကဲ့သို့ ရှိနေလေသည်။ လျှံထွက်လာသော သွေးများသည် သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း စီးဆင်းသွားပြီး မိစ္ဆာနတ်ဘုရားအချို့၏ လမ်းညွှန်မှုဖြင့် သွေးမြို့တော် ၁၃ ခု၏ ပုံရိပ်ကို ဖော်ဆောင်လိုက်လေသည်။

နောက်ဆုံးစုတ်ချက်ကို အဆုံးသတ်ပြီးနောက် ပန်းချီဆရာသည် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ပြီး ရှောင်ပုက သူ့နေရာအား အစားထိုးဝင်လိုက်သည်။ စုစည်းထားသော သွေးမြို့တော်များ၏ ပုံရိပ်ယောင်များမှာ မြေပြင်ပေါ်သို့ ကျဆင်းလာပြီး ပန်းချီကားများက ဖြည်းညင်းစွာ သက်ဝင်လှုပ်ရှားလာပုံရသည်။

ပန်းချီဆရာသည် မသိထိုက်သူဖြစ်တည်မှုတချို့ထံမှ စိတ်ကူးဉာဏ်ကို မှီညမ်းခဲ့ပုံရသော်လည်း ကောင်းမင်ရော ချန်ဂီပါ မည်သည့် မသိထိုက်သူက သွေးမြို့တော် ၁၃ ခုကို ရေးဆွဲခဲ့ကြောင်း မမှတ်မိကြပေ။ ဤကဲ့သို့ လုပ်ဆောင်နိုင်ရန်မှာ အလွန်ကြီးမားသော အင်အားရှိရုံသာမက စည်းမျဉ်းများကိုလည်း နက်နက်ရှိုင်းရှိုင်း နားလည်ထားရန် လိုအပ်ပေသည်။

ကောင်းကင်ယံတွင် နောက်ထပ်သွေးပင်လယ်တစ်စင်း ပေါ်လာသည့်အလား သွေးမိုးများ ပိုမိုသည်းထန်လာခဲ့သည်။ ဤရက်ပေါင်းသုံးဆယ်မြောက်နေ့တွင် ရှင်းလုလမ်းကြောင်းသည် သိသိသာသာ လှုပ်ခတ်သွားပြီး ထွက်ခွာသွားသော ရှင်းလုသွေးမြို့တော်သခင် ပြန်လည်ရောက်ရှိလာလေသည်။

သွေးများ စိုရွှဲလျက်၊ သူ့မျက်လုံးများထဲတွင် စိတ်ခံစားချက်တစ်မျိုးမျိုး ယှက်သန်းနေပြီး ဓားကိုင်ထားသော သူ့လက်တွင် ဒဏ်ရာများစွာ ရှိနေကာ ကျောပြင်တွင်လည်း ထိတ်လန့်ဖွယ်ရာ အမာရွတ်ကြီးတစ်ခု ရှိနေခဲ့သည်။

ဟန်ဖေးသည် ချန်ဂီနှင့် ကောင်းမင်ကို အနည်းငယ် ခေါင်းညိတ်ပြပြီးနောက် ပင့်ကူကောင်လေးဆီသို့ လျှောက်သွားလိုက်သည်။

"ကုသခြင်းပင်ကိုယ်စရိုက်ကို ပိုင်ဆိုင်ထားတဲ့ သူဟာ ကမ္ဘာပေါ်မှာ အံ့ဩစရာအကောင်းဆုံး လူတစ်ယောက် ဖြစ်သင့်တာ၊ ကံမကောင်းစွာနဲ့ပဲ ကံကြမ္မာလွှမ်းမိုးထားတဲ့ ဒီကမ္ဘာကြီးဟာ စစ်မှန်တဲ့ ပြည့်စုံမှုကို လက်မခံနိုင်ဘူးလေ၊ သေတ္တာနက်ရဲ့ တည်ရှိမှုကြောင့် သူဟာ ကံကြမ္မာရဲ့ ပစ်မှတ်ထားတာကို အမြဲတမ်း ခံနေရတယ်"

ချန်ဂီသည် ဟန်ဖေးနှင့် ယခင်က တွေ့ဆုံဖူးသည်။ ရှင်းလုသွေးမြို့တော်သခင်သည် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အပြစ်အနာအဆာမရှိသော အလွန်ကောင်းမွန်သည့် လူတစ်ယောက် ဖြစ်သည်။ ရှင်းလုသွေးမြို့တော်၏ အရှင်နှစ်ပါးလုံးသည် ရှင်းလုကို ကယ်တင်ရန်အတွက် မိမိကိုယ်ကိုယ် စတေးခဲ့ကြသူများဖြစ်ပြီး နတ်ဘုရားကဲ့သို့စွမ်းအားကို ရရှိပြီးနောက်တွင်ပင် ကိုယ်ကျိုးအတွက် မည်သည့်အရာမှ မရှာဖွေဘဲ စိတ်ပျက်အားငယ်မှုများကို ကုသရန်နှင့် လူသားနှင့်သရဲများ အတူယှဉ်တွဲနေထိုင်နိုင်မည့် ပြည့်စုံသောကမ္ဘာတစ်ခုကို တည်ဆောက်ရန်သာ ဆန္ဒရှိခဲ့ကြသည်။

"သူဟာ ဘယ်တော့မှ သူ့ကိုယ်သူ ထည့်မတွက်ခဲ့ပေမဲ့ တစ်ကြိမ်ပြီးတစ်ကြိမ် သစ္စာဖောက်ခံခဲ့ရတယ်၊ ငါသာ သူ့နေရာမှာဆိုရင် အဲ့ဒီကောင်တွေကို 'မိစ္ဆာနတ်ဘုရား' စွမ်းအားနဲ့ အကုန် အပြတ်ရှင်းလိုက်တာ ကြာပြီ"

ချန်ဂီသည် ကောင်းမင် တစ်ခုခုအထင်လွှဲမိမည်ကို စိုးရိမ်သကဲ့သို့ ဟန်ဖေး၏ ဇာတ်ကြောင်းကို ပြောပြနေခြင်း ဖြစ်သည်။

"တကယ့်ကို လေးစားစရာပါပဲ"

ကောင်းမင်သည် သူ့ကိုယ်သူ ဟန်ဖေး၏ နေရာတွင် အစားသွင်းကြည့်ရာ ဟန်ဖေး လုပ်ဆောင်ခဲ့သကဲ့သို့ သူမလုပ်နိုင်ကြောင်း ခံစားမိသည်။

"ဒါကြောင့်လည်း သေတ္တာနက်က သူ့ကို ရွေးချယ်ခဲ့တာပေါ့"

"သေတ္တာနက်ဆိုတာ ဘာလဲ"

ကောင်းမင်သည် ထိုအကြောင်းကို အခြားတစ်နေရာတွင် ကြားဖူးခဲ့သည်။ သုညအတုသည်လည်း ထိုအရာကို ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။

"ဒီနက်ရှိုင်းတဲ့ အတွင်းကမ္ဘာတစ်ခုလုံးကို သေတ္တာတစ်လုံးလို့ နှိုင်းယှဉ်ကြည့်ရင် သေတ္တာနက်ဆိုတာ အခြားရှုထောင့်တစ်ခုကနေ မြင်ရတဲ့ အတွင်းကမ္ဘာပဲ"

ဟန်ဖေးသည် ပင့်ကူကောင်လေးအနီးသို့ ချဉ်းကပ်သွားရင်း ဓားသွားမပါသော သားသတ်ဓားကို ထုတ်ယူလိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကနှင့် နှိုင်းယှဉ်ပါက ထိုဓားသည် ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေပြီး သွေးပင်လယ်မှ ဝိညာဉ်ပေါင်း သောင်းချီ၍ ကိန်းအောင်းနေပေသည်။

အသက်ကို ပြင်းပြင်းရှူသွင်းရင်း ပင့်ကူကောင်လေးသည် ဟန်ဖေးကို ခေါင်းညိတ်ပြလိုက်ပြီး သူ့ခြေထောက်ရှစ်ချောင်းကို တဝုန်းဝုန်းထကြွနေသော သွေးများအတွင်းသို့ နစ်မြုပ်စေလိုက်သည်။

သားသတ်ဓားက လက်ခနဲ ဖြစ်သွားပြီး အနီရောင်ဝတ်ဆင်ထားသော ကောင်လေး၏ ခန္ဓာကိုယ်အထက်ပိုင်းမှာ ပြတ်တောက်သွားတော့သည်။ သူသည် မိမိခန္ဓာကိုယ်အတွင်း၌ နေ့ညမပြတ် စိုက်ထူခံထားရသော တံခါး၏ ကြီးမားလှသော နာကျင်မှုကို ဆက်လက်ခံစားရန် မလိုတော့ဘဲ မကောင်းဆိုးဝါးပုံစံကို နှုတ်ဆက်လိုက်ပြီ ဖြစ်သည်။

ပြတ်တောက်သွားသော တံခါးကြီးမှာ စတင်ကြီးထွားလာပြီး ၎င်း၏ ခြေထောက်ရှစ်ချောင်းကို ဝါးမြိုကာ သွေးစီးကြောင်းများ အပြင်ဘက်သို့ ပျံ့နှံ့သွားတော့သည်။

အနီးနားရှိ မိစ္ဆာနတ်ဘုရားအချို့သည် သွေးမြို့တော်တိုက်ပွဲအတွင်း စုဆောင်းထားသော သွေးများကို ထိုတံခါးသို့ ကျွေးမွေးလိုက်ကြသည်။ နောက်ဆုံးတွင် ချန်ဂီသည် ပုပ်သိုးခြင်းသွေးမြို့တော်အနှစ်သာရ၏ ကျန်ရှိသော အခြားတစ်ဝက်ကို ထုတ်ယူ၍ တံခါးကို ကျွေးလိုက်ပြန်သည်။

ပင့်ကူကောင်လေး၏ ခန္ဓာကိုယ်အတွင်းရှိ တံခါးမှာ အခြားသွေးတံခါးများနှင့် မတူပေ။ ၎င်းသည် သူနှင့်အတူ ကြီးပြင်းလာခဲ့သဖြင့် သက်ရှိတံခါးတစ်ခု ဖြစ်လာခြင်းပင်။

တံခါးက ၎င်း၏ အကန့်အသတ်သို့ ရောက်ရှိသွားသည်နှင့် မိစ္ဆာနတ်ဘုရားများ စုပေါင်း၍ ၎င်းကို ဖွင့်လိုက်ကြသည်။ ဟန်ဖေးသည် ထိုတံခါးရှေ့တွင် တစ်ဦးတည်း ရပ်နေရင်း အခြားတစ်ဖက်ကို စိုက်ကြည့်လိုက်သည်။ သူ့ရင်ဘတ်မှာ ဆွဲဖွင့်၍ သူ့နှလုံးသားမှ စီးကျလာသော သွေးများကို ဆုပ်ကိုင်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ဝိညာဉ်ပြန်ခေါ်ခြင်း"

ရှင်းလုသွေးမြို့တော်တစ်ခုလုံး၏ စည်းမျဉ်းများ ပုံပျက်တွန့်လိမ်သွား၏။ ဝေးကွာလှသော အနက်ရောင်မြူများအတွင်းရှိ သွေးမြို့တော်များမှ ပြင်းထန်သော စိတ်ဆန္ဒ လှုပ်ခတ်မှုများ ထွက်ပေါ်လာလေသည်။ ထိုသွေးမြို့တော်များ၏ အရှင်သခင်များသည် ယင်းကို ရပ်တန့်ရန်အတွက် သူတို့၏ အစစ်အမှန်ပုံစံများဖြင့် ရောက်ရှိလာရန် ကြိုးစားကြသော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။

အဆုံးမဲ့ သွေးပင်လယ်ကြီးသည် အတွင်းကမ္ဘာ၏ မြေပြင်ကို နောက်အခိုက်အတန့်တွင် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားစေတော့မည့်အလား ရိုက်ခတ်လိုက်သည်။ ဟန်ဖေးက ထိုစကားနှစ်လုံးကို ပြောလိုက်သည်နှင့် သွေးပင်လယ်၏ အနက်ရှိုင်းဆုံးနေရာမှ ဧရာမအရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်ကို လူတိုင်း မြင်တွေ့လိုက်ရလေသည်။

"ကံကြမ္မာအစစ်ရဲ့ အလောင်းက သွေးပင်လယ်ကြီးရဲ့ အနက်ရှိုင်းဆုံးမှာ ရှိနေတာ၊ အဲ့ဒါကို ရွှေ့ဖို့က အရမ်းခက်တယ်၊ ငါတို့က မိစ္ဆာနတ်ဘုရားတွေ အားလုံးနီးပါးနဲ့ ရှင်းလုရဲ့ မပြောသင့်သူအင်အားစုတွေကို သုံးပြီး ကံကြမ္မာကို အနက်ရှိုင်းဆုံးကနေ တွန်းထုတ်ခဲ့ရတာ၊ သူ့အပေါ်မှာ နှစ်ပေါင်းများစွာ ကပ်ငြိနေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပြီးမှ ဒီအခွင့်အရေးကို ဖန်တီးနိုင်ခဲ့တာပဲ"

ချန်ဂီသည် ကံကြမ္မာ၏ အလောင်းကို ရစ်ပတ်ထားသော အနက်ရောင် ဆံပင်ရှည်များကို ကြင်နာစွာ ကြည့်ရှုနေလေသည်။ ဗဟိုသွေးမြို့တော်၏ အကြမ်းတမ်းဆုံးနှင့် အစွမ်းအထက်ဆုံး မိစ္ဆာနတ်ဘုရားသည် သွေးပင်လယ်အတွင်း၌ အမြဲရှိနေခဲ့ခြင်း ဖြစ်ပြီး သူ့အရိပ်ထဲတွင်မူ သူမ၏ အငွေ့အသက် အနည်းငယ်သာ ကျန်ရှိတော့သည်။(TL note - ကျန်းရာပါပဲ)

"ဝိညာဉ် ပြန်လာစေ"

ဟန်ဖေးရှေ့မှောက်ရှိ မမြင်နိုင်သော အလင်းမျက်နှာပြင်သည် စွမ်းအားတစ်ခုကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားပြီး ထိုကွဲကြေသံကို လူတိုင်း ရှင်းလင်းစွာ ကြားလိုက်ရ၏။

သူ၏ သွေးစက်များက နက်ရှိုင်းသော ပင်လယ်ထဲသို့ ကျဆင်းသွားပြီး ဧရာမအရိပ်ကြီးမှာ လျင်မြန်စွာ မြင့်တက်လာတော့သည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု သက်ရောက်လာပြီး ညကောင်းကင်ယံမှ ချိန်းကြိုးများ ကျဆင်းလာကာ ရှင်းလုရှိ လူတိုင်းကို ရစ်ပတ်လိုက်လေသည်။

"ဝိညာဉ် ပြန်လာစမ်း"

ညကောင်းကင်တစ်ခွင် ဟိန်းဟောက်သံတစ်ခု ပဲ့တင်ထပ်သွားသည်။ ဟန်ဖေးသည် တစ်စုံတစ်ခုကို ဆုပ်ကိုင်မိလိုက်ပုံရပြီး လှိုင်းထန်နေသော သွေးပင်လယ်အတွင်းမှ ရူးသွပ်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာလေသည်။ ယင်းသည် ရက်စက်ကြမ်းကြုတ်ပြီး ရူးသွပ်နေသော မိစ္ဆာတစ်ကောင်က ငရဲကို ဖျက်ဆီး၍ သေခြင်းတရား၏ အခြားတစ်ဖက်မှ တွားသွားထွက်ပေါ်လာသည့်အလားပင်။

ဧရာမအရိပ်ကြီးတစ်ခုသည် လူတိုင်း၏ မျက်စိရှေ့တွင် အုပ်မိုးနေပြီး ၎င်းကို ကြည့်ရုံဖြင့်ပင် ကျောရိုးထဲအထိ စိမ့်တက်သွားစေမည်ဖြစ်သည်။ ၎င်းသည် တိုက်ရိုက်ရင်ဆိုင်ရန် အလွန်အန္တရာယ်များသော ဖြစ်တည်မှုတစ်ခုဖြစ်ပြီး ကံကြမ္မာသစ်ပင်ကြီး၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားသော တားမြစ်ချက်တစ်ခုကဲ့သို့ ရှိနေပေသည်။

ကောင်းမင် အံတင်းတင်းကြိတ်၍ သွေးတံခါးကို စိုက်ကြည့်နေစဉ် အနက်ရောင်ဆံပင်များ ပြတ်တောက်သွားကြသည်။ ဧရာမ အလောင်းကြီးအောက်တွင် သွေးပင်လယ်၏ အစွန်းအထင်းများ စွန်းထင်နေသည့် မရေမတွက်နိုင်သော လက်များနှင့် ကျိန်စာများကြောင့် ကန်းနေသည့် မရေမတွက်နိုင်သော မျက်လုံးများ ရှိနေကြသည်။

ဟန်ဖေးသည် ရှင်းလုသွေးမြို့တော်ရှိ သရဲအားလုံးနီးပါးကို ခေါ်ဆောင်လာခဲ့ပြီး သူကိုယ်တိုင် လွတ်မြောက်ရန်အတွက်မူ ဘာကိုမှ ထည့်မတွက်ခဲ့ပေ။ ရှင်းလုနှင့် ဗဟိုသွေးမြို့တော်မှ သရဲများအပြင် သွေးပင်လယ်မှ မွေးဖွားလာသော မကောင်းဆိုးဝါးအချို့သည်လည်း ဟန်ဖေး၏ ခေါ်ယူမှုကြောင့် ကူညီပေးနေကြသည်။ ရှင်းလုသွေးမြို့တော်သခင်သည် သွေးပင်လယ်၏ မမြင်နိုင်သော အနက်ရှိုင်းဆုံးနေရာတွင် ဤကမ္ဘာကြီးအတွက် မျှော်လင့်ချက်ဖန်တီးရန် သူ တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်နေခဲ့ခြင်း ဖြစ်တော့သည်။

All Chapters