အခန်း ၉၀၂
Vol. 64 Ch. 902
အပိုင်း (၉၀၂) နောက်ဆုံးသွေးယဇ်ပူဇော်မှု
“စိတ်မရှုပ်ထွေးပါနဲ့၊ လူတိုင်းက ကံကြမ္မာရဲ့ အလောင်းကို မတူညီတဲ့ပုံစံမျိုးနဲ့ မြင်တွေ့ကြရတာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ကနဦးကတည်းက ရှိနေခဲ့တဲ့ ကံကြမ္မာဆိုတာ ဘယ်တုန်းကမှ ပုံသေဖြစ်မနေခဲ့လို့ပဲ”
ဟန်ဖေးသည် ကောင်းမင်၏သံသယကို ရိပ်မိပုံရပြီး အသာအယာ လှမ်းပြောလိုက်သည်။
“မင်းမြင်တွေ့နေရတဲ့အရာက တကယ်တော့ မင်းရဲ့ ဘဝမှတ်ဉာဏ်တွေနဲ့ အတွေ့အကြုံတွေကနေ စုစည်းပြီး ဖြစ်တည်လာတဲ့ မင်းကိုယ်တိုင်ပဲ”
“ဒါပေမဲ့ ငါမြင်နေရတာက ငါ့ကိုယ်ငါလား...”
ကောင်းမင်သည် ၎င်းကို မည်သို့ဖော်ပြရမည်မှန်း မသိတော့ချေ။ သူ မြင်တွေ့နေရသည့် သူနှင့် ဟန်ဖေး ဖော်ပြနေသည့် သူမှာမူ တူညီပုံမရချေ။
ကောင်းမင် စဉ်းစားခန်းဖွင့်နေဆဲအချိန်မှာပင် ထိုခန့်မှန်းရခက်သူနယ်ပယ်အတွင်း စွမ်းအားအကြီးဆုံးဟု သတ်မှတ်နိုင်သည့် ဖြစ်တည်မှုသုံးခုသည် ကံကြမ္မာအစစ်၏ ရုပ်အလောင်းကို ဆက်လက်ရွှေ့ပြောင်းရန် စတင်လှုပ်ရှားလိုက်ကြပြီ ဖြစ်သည်။ သူတို့၏ ပစ်မှတ်ကား ရှင်းလုသွေးမြို့တော်၏ ဗဟိုချက်တွင် ရှိနေသည့် လမ်းကြောင်းပင် ဖြစ်သည်။
ကံကြမ္မာ၏ရုပ်အလောင်းကို မည်သည့်နေရာတွင် အသုံးပြုမည်နည်း။ ကောင်းမင် မသိချေ။ ယခင်က ဟန်ဟိုင်းတွင် ခန့်မှန်းရခက်သူကဲ့သို့ ဖြစ်တည်မှုမျိုး မရှိချေ။ တစ်ခုတည်းသော တန်ဖိုးရှိသည့်အရာမှာ စိတ်ဖောက်ပြန်မှုသာ ဖြစ်သဖြင့် သူတို့သည် အခြားသွေးမြို့တော်များ၏ အစီအစဉ်များကို ရှင်းရှင်းလင်းလင်း မသိကြချေ။
လက်ရှိအခြေအနေအရ ဗဟိုသွေးမြို့တော်နှင့် ရှင်းလုသွေးမြို့တော်တို့သည် ကြီးမားလှသော ပေးဆပ်မှုများကို ပြုလုပ်နေခြင်း ဖြစ်ပြီး ယင်းမှာ ကံကြမ္မာ၏ အလောင်းကို ပိုင်ဆိုင်ရန်အတွက် မဟုတ်ဘဲ အခြားရည်ရွယ်ချက်များကြောင့် ဖြစ်ပုံရသည်။
သွေးတံခါးမှာ ပျက်စီးသွားခဲ့သည်။ သွေးပင်လယ်ကြီး ပြိုလဲသွားခြင်းနှင့်အတူ ချိန်းကြိုးများ၊ အနက်ရောင်ဆံပင်များနှင့် ရူးသွပ်သော ရယ်မောသံများ၏ တွန်းပို့မှုကြောင့် ကံကြမ္မာအစစ်၏ ရုပ်အလောင်းသည် ရှင်းလုသွေးမြို့တော်၏ လမ်းကြောင်းကို ပိတ်ဆို့သွားတော့သည်။
နက်ရှိုင်းသော အတွင်းကမ္ဘာကြီး၏ ညကောင်းကင်ယံမှာမူ လုံးဝ နီရဲသွားခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ယံတွင် မြှုပ်နှံထားသည့် ကြယ်ပွင့်တိုင်းသည်လည်း ဖြည်းညင်းစွာဖြင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်လာကာ ဖြူဖျော့ပြီး မြင့်မြတ်သော မျက်လုံးများအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။ ၎င်းတို့သည် မြေပြင်ပေါ်တွင် တွားသွားနေကြသည့် ပိုးမွှားများနှင့် ညစ်ပတ်ပေရေနေသည့် ရွှံ့နွံများအတွင်းမှ ခေါင်းမော့လာကြသည့် ဝိညာဉ်များကို သနားကရုဏာစိတ် သို့မဟုတ် အေးစက်စက် အမူအရာများဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
နက်ရှိုင်းကမ္ဘာ သို့မဟုတ် အတွင်းကမ္ဘာဆိုသည်မှာ အဆုံးမဲ့လူသားတို့၏ စိတ်ပျက်အားငယ်မှုများနှင့် မေ့လျော့နေခဲ့သည့် မှတ်ဉာဏ်များ စီးဆင်းရာနေရာတစ်ခု ဖြစ်သည်။ လူသားတို့ မမှတ်မိချင်ကြသည့် သို့မဟုတ် ရင်မဆိုင်ရဲကြသည့် အရာများကို ဤနေရာသို့ လွှင့်ပစ်လေ့ရှိကြပြီး ကံကြမ္မာကို ဆန့်ကျင်ကြသူများကိုလည်း ဤနေရာတွင်ပင် မြှုပ်နှံထားလေ့ ရှိကြသည်။
အချို့သူများသည် မွေးဖွားလာကတည်းက စည်းစိမ်ချမ်းသာနှင့် ဂုဏ်ဒြပ်ကို ခံစားကြရပြီး အချို့မှာမူ တစ်ဘဝလုံး ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့ရကာ ကံကြမ္မာဆိုးဖြင့် အဆုံးသတ်သွားတတ်ကြသည်။ ကံကြမ္မာသည် လူတစ်ယောက် မွေးဖွားလာကတည်းက သူ၏ ဘဝဇာတ်ညွှန်းတစ်ခုလုံးကို ရေးသားထားပြီးသား ဖြစ်သည်။ ယင်းသည် ရှည်လျားလှသော ကံကြမ္မာမြစ်ကြီးအတွင်း အမြစ်တွယ်နေပြီး အရာအားလုံးကို လောဘတကြီး စုပ်ယူကာ ထိန်းချုပ်ထားလေ့ရှိသည်။ မည်သည့် သက်ရှိကိုမျှ မိမိအား ခြိမ်းခြောက်နိုင်သည့် စွမ်းရည်မျိုး ရှိမလာအောင် တားဆီးထားလေ့ ရှိသည်။
“တကယ့်ကို ယုတ်မာတဲ့ကောင်ပဲ”
ရူးသွပ်စွာ ရယ်မောသူတွင် ကုသခြင်းပင်ကိုယ်စရိုက်တစ်ခု ရှိခဲ့ဖူးသည်။ သူ့ဘဝသည် နွေးထွေးမှုနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့နိုင်ပြီး မရေမတွက်နိုင်သော ဒဏ်ရာများကို ကုသပေးကာ ကမ္ဘာကြီး၏ စိတ်ပျက်အားငယ်မှုများကို ပြုပြင်ပေးနိုင်ခဲ့ပေလိမ့်မည်။ သူသည် အတွင်းကမ္ဘာကြီး၏ မိမိကိုယ်ကိုယ်ကယ်တင်ခြင်း ဖြစ်တည်မှုမျိုး ဖြစ်ခဲ့သော်လည်း ကံကြမ္မာ၏ နှောင့်ယှက်မှုကြောင့် အလွန်ငယ်ရွယ်စဉ် အရွယ်ကတည်းက သွေးစွန်းညတစ်ညကို ဖြတ်သန်းခဲ့ရသည်။ အလွန်အမင်းပြင်းထန်သော နာကျင်မှုက သူ့အား ရူးသွပ်သွားစေခဲ့ပြီး မတူညီသော အမွှာပန်းနှစ်ပွင့်ကို ပွင့်လန်းလာစေခဲ့သည်။ အကယ်၍ ဟန်ဖေး သူ့ကိုယ်သူ မစတေးခဲ့ပါက ရူးသွပ်စွာရယ်မောသူသည် သူ့အသိစိတ်ကို ဘယ်တော့မှ ပြန်လည်ရရှိနိုင်ခဲ့မည် မဟုတ်ချေ။
ထိုဆင်းရဲဒုက္ခများကို ရှောင်လွှဲနိုင်ခဲ့သော်လည်း ကံကြမ္မာသစ်ပင်ကမူ ကံကြမ္မာအစစ်ကဲ့သို့ အစားထိုးခံရမည်ကို စိုးရွံ့နေပြီး အခြားတစ်စုံတစ်ယောက်က မိမိအား သတ်ဖြတ်သွားမည်ကို ကြောက်ရွံ့နေခဲ့သဖြင့် သေစေနိုင်သော ထောင်ချောက်များကို အတင်းအကျပ် ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။
“ဒါက ကံကြမ္မာ မဟုတ်ဘူး၊ ကံကြမ္မာရဲ့ စွမ်းအားကို ခိုးယူထားတဲ့ မကောင်းဆိုးဝါးကောင်သက်သက်ပဲ”
ဟန်ဖေးသည် သွေးပင်လယ်အတွင်း များစွာသော လျှို့ဝှက်ချက်များသိရှိခဲ့ရပြီး သွေးစွန်းနေသည့် သူ့လက်ဖြင့် ကံကြမ္မာအစစ်၏ ရုပ်အလောင်းကို နူးညံ့စွာ ထိတွေ့လိုက်သည်။
“ကံကြမ္မာအစစ်အမှန်က သေဆုံးသွားခဲ့ပြီ၊ မဟုတ်ဘူး ဒါမှမဟုတ် ဒီအလောင်းကိုပဲ ကံတရားလို့ ခေါ်နိုင်လိမ့်မယ်”
ကံကြမ္မာဆိုသည်မှာ ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်ကာ ထာဝရမပြောင်းလဲနိုင်ဘဲ စိန်ခေါ်မရနိုင်သောအရာ ဖြစ်သည။ ကံဆိုသည်မှာမူ မည်သည့်ကန့်သတ်ချက်မျှ မရှိဘဲ အဆုံးမဲ့လှသော ဖြစ်နိုင်ခြေများ ရှိနေသည့် ရှည်လျားသော မြစ်ကြီးတစ်ခု ဖြစ်သည်။ သို့သော်လည်း နက်ရှိုင်းသော အတွင်းကမ္ဘာကြီးအတွင်းရှိ သရဲတစ္ဆေများနှင့် နတ်ဘုရားမျိုးစုံအတွက်မူ ကံကြမ္မာ သို့မဟုတ် ကံဆိုသည်မှာ အရေးမကြီးလှချေ။ သူတို့ အလိုရှိသည်မှာ ၎င်းတို့၏ ဘဝကို ၎င်းတို့လက်ထဲတွင်သာ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်ရန်ပင် ဖြစ်လေသည်။
အမှောင်ထုအတွင်း မျက်လုံးများ ဖွင့်လိုက်ရင်း ကောင်းမင်သည် ရှင်းလုသွေးမြို့တော်ဆီသို့ လှမ်းကြည့်လိုက်သည်။ သူ စိုက်ကြည့်ခံရသည့် ထိုအခိုက်အတန့်တွင် သူ့သက်တမ်းမှာ လျင်မြန်စွာ ကုန်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဟန်ဟိုင်းသွေးမြို့တော်၏ ရူးသွပ်မှုစည်းမျဉ်းများနှင့် အိပ်မက်စည်းမျဉ်းများမှလွဲ၍ သူ၏ အခြားစွမ်းရည်များအားလုံး စတင်ကျဆင်းလာပြီး သူ့ခန္ဓာကိုယ်ပေါ်တွင်လည်း မကောင်းသည့်အခြေအနေ ရာပေါင်းများစွာ ချက်ချင်း ပေါ်ထွက်လာတော့သည်။
ခပ်သင်းသင်း အသားနံ့တစ်ခု လွင့်ပျံလာပြီး သားစားကြူးနတ်ဘုရားနှင့် ကောင်းမင်တို့ နှစ်ဦးလုံး၏ နှလုံးသားများမှာ တစ်ပြိုင်နက်တည်း ပြင်းထန်စွာ ခုန်ပေါက်သွားခဲ့ကြသည်။ သူကတော့ ယင်းကို တောင့်ခံထားနိုင်ဆဲ ဖြစ်သော်လည်း သွေးပင်လယ်အတွင်းမှ ထွက်ပေါ်လာကြသည့် မကောင်းဆိုးဝါးများ၏ ခန္ဓာကိုယ်များမှာမူ ကွဲအက်သွားကြပြီး အနံ့ဆိုးထွက်နေသော ပြည်ပုတ်များနှင့် သွေးများ စီးကျလာကြသည်။
“တကယ်လို့ အတွင်းကမ္ဘာရဲ့ စည်းမျဉ်း ၁၃ခုကို ပေါင်းစပ်လိုက်ရင် ကံကြမ္မာရဲ့ တိုက်ခိုက်မှုအများစုကို ပိတ်ဆို့ထားနိုင်လိမ့်မယ်၊ ဒါပေမဲ့ နှမြောစရာကောင်းတာက သူတို့အားလုံးမှာ ကိုယ်စီ စိုးရိမ်မှုတွေ ရှိနေကြတာပဲ”
ကောင်းမင်သည် အိပ်မက်စည်းမျဉ်းများနှင့် ရူးသွပ်မှုစည်းမျဉ်းများကို အသက်သွင်းလိုက်သည်။ သူသည် ကံကြမ္မာ၏ မုန်းတီးမှုကို ဂရုမစိုက်တော့ချေ။ သူ ကယ်တင်နိုင်သမျှ လူများကို ကယ်တင်မည်ဖြစ်ပြီး ကယ်တင်လို့မရသူများကိုမူ သူ၏ ညှဉ်းပန်းနှိပ်စက်ခန်းအတွင်းသို့ ထည့်သွင်းပစ်မည် ဖြစ်သည်။
ကောင်းမင်နှင့် မတူညီသည့်အချက်မှာ အခြားသွေးမြို့တော် နှစ်ခုမှ သရဲများနှင့် နတ်ဘုရားများသည် သူတို့၏ စွမ်းအားအားလုံးကို နောက်ဆုံးအရာတစ်ခုအပေါ်တွင်သာ စုစည်းထားကြခြင်း ဖြစ်သည်။
“မကြာခင်မှာ တခြားသွေးမြို့တော်တွေရဲ့ စိုးရိမ်ပူပန်မှုတွေက ပျောက်ကွယ်သွားလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့အတွက် နောက်ဆုတ်စရာ လမ်းမရှိတော့လို့ပဲ”
ဟန်ဖေးသည် သွေးစွန်းနေသည့် သူလက်ကို ကံကြမ္မာအစစ်၏အလောင်းပေါ်တွင် တင်ထားလိုက်ပြီး ဒဏ်ရာရရှိထားသည့် ရှင်းလုသရဲသည်လည်း သွေးမြို့တော်ပုံစံကွက် ၁၃ခု ဆီသို့ လျှောက်သွားလိုက်လေသည်။
ဗဟိုသွေးမြို့တော်မှ များစွာသော မိစ္ဆာနတ်ဘုရားနတ်ဘုရားများကို လှမ်းကြည့်ရင်း ဟန်ဖေး၏ အကြည့်များက နောက်ဆုံးတွင် ချန်ဂီဆီသို့ ရောက်ရှိသွားခဲ့သည်။ သူတို့နှစ်ဦးလုံး အသာအယာ ခေါင်းညိတ်ပြလိုက်ကြပြီး တစ်ချိန်တည်းနီးပါး ဆိုလိုက်ကြတော့သည်။
“သွေးယဇ်ပူဇော်မှုကို စတင်မယ်”
သွေးယဇ်ပူဇော်ခြင်းဆိုသည်မှာ အလိုရှိသည့်ရလဒ်ကို ရရှိရန်အတွက် အရက်စက်ဆုံး၊ သွေးထွက်သံယိုအဖြစ်ဆုံးနှင့် အဆိုးယုတ်ဆုံး နည်းလမ်းတစ်ခု ဖြစ်သည်။
ထိုအခိုက်အတန့်တွင် အလှပဆုံးနှင့် ကုသခြင်းပင်ကိုယ်စရိုက်ကို ပိုင်ဆိုင်ထားသည့် သွေးမြို့တော်သခင်နှင့် အဆိုးယုတ်ဆုံးမိစ္ဆာအဖြစ် လူသိများသည့် သွေးမြို့တော်သခင်တို့ နှစ်ဦးလုံးသည် သဘောတူညီမှုတစ်ခုကို ရရှိသွားခဲ့ကြပြီး သူတို့၏ သွေးယဇ်ပူဇော်မှုကို သူတို့ကိုယ်တိုင်မှ စတင်လိုက်ကြတော့သည်။
ရင်ဘတ်တစ်ခုလုံး ပွင့်ထွက်သွားခြင်းနှင့်အတူ လှုပ်ယိမ်းနေသည့် သွေးမြို့တော်၏ ဗဟိုချက်သည် အတွင်းကမ္ဘာ၏ စည်းမျဉ်းများကို လှုံ့ဆော်ပေးလိုက်သည်။ ချန်ဂီသည် သွေးမြို့တော်ပုံစံကွက် ၁၃ခု၏ ဗဟိုချက်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
ဗဟိုသွေးမြို့တော်သည် လက်ရှိအချိန်တွင် အတွင်းကမ္ဘာ၌ အသန်မာဆုံးသွေးမြို့တော် ဖြစ်ပြီး အနည်းဆုံးတော့ ခန့်မှန်းရခက်သောဖြစ်တည်မှု သုံးခုကို ပိုင်ဆိုင်ထားပေသည်။ ချန်ဂီ၏ သွေးယဇ်ပူဇော်မှုသည် ညကောင်းကင်ရှိ မရေမတွက်နိုင်သော မျက်လုံးများ၏ ဒေါသကို ဆွပေးလိုက်သဖြင့် ဒဏ်ရာရထားပြီးသားဖြစ်သည့် ညကောင်းကင်ယံကြီးမှာ ပို၍ပင် စုတ်ပြဲသွားရသည်။
ချန်ဂီ၏ အနောက်ဘက်တွင် လိုက်ပါလာသော ပြိုင်ဘက်ကင်း မိစ္ဆာနတ်ဘုရားသည် ဗဟိုသွေးမြို့တော် ပုံစံကွက်ပေါ်တွင် မတ်တတ်ရပ်လိုက်သည်။ မူလက မြေပြင်ပေါ်ရှိ ပန်းချီကားတစ်ခုမျှသာ ဖြစ်သော သွေးမြို့တော်ပုံစံကွက်မှ သွေးမြို့တော်အစစ်တစ်ခုနှင့် နှိုင်းယှဉ်နိုင်လောက်သည့် ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားများ ချက်ချင်း ထွက်ပေါ်လာတော့သည်။
အတွင်းကမ္ဘာ၏ အဝေးဆုံးဗဟိုချက်တွင်မူ မြင့်မားသော သွေးတိုင်ကြီးတစ်တိုင် ထိုးထွက်လာခဲ့ပြီး ယင်းသည် ရှင်းလုသွေးမြို့တော်အတွင်းရှိ ဗဟိုသွေးမြို့တော် ပုံစံကွက်ကို ထင်ဟပ်နေစေ၏။
သွေးပင်လယ်အနက်ပိုင်းမှ တွားထွက်လာကြသည့် မကောင်းဆိုးဝါးများသည် ရှင်းလုသွေးမြို့တော်ပုံစံကွက်ပေါ်တွင် ပြည့်နှက်သွားခဲ့ကြပြီး ၎င်းတို့၏ ရူးသွပ်သော ရယ်မောသံများလည်း ပဲ့တင်ထပ်လာခဲ့သည်။ မယုံနိုင်လောက်အောင် စွမ်းအားကြီးသည့် ရှင်းလုသွေးမြို့တော်သခင်သည်လည်း ထိုပုံစံကွက်ပေါ်တွင် အတူတကွ မတ်တတ်ရပ်လိုက်သည်။
သွေးမြို့တော်သခင် နှစ်ပါးသည် ကျောချင်းကပ်ပွင့်လန်းလာသည့် ပန်းနှစ်ပွင့်အလား ရှိနေကြပြီး ရှင်းလုသွေးမြို့တော်၏ ကျန်ရှိနေသေးသည့် စိတ်ဆန္ဒကလည်း သူတို့နှင့်အတူ ပူးပေါင်းသွား၏။ လက်တွေ့ကမ္ဘာသို့ ဦးတည်သည့် လမ်းကြောင်းမှာမူ ထိုသွေးမြို့တော်နှစ်ခု၏ ယဇ်ပူဇော်မှုကြောင့် ဖြည်းညင်းစွာ ပြောင်းလဲလာတော့သည်။
လမ်းကြောင်း၏ အစွန်းပိုင်းသည် အပင်တစ်ပင်ကြီးထွားလာသကဲ့သို့ ပျံ့နှံ့သွားခဲ့ပြီး အဆုံးမဲ့ လူသားလောကအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားကာ ကံကြမ္မာသစ်ပင်၏ သစ်ရွက်များကို နီရဲသွားစေပုံရသည်။
ပို၍ အံ့အားသင့်စရာကောင်းသည်မှာ ကံကြမ္မာ၏ အလောင်းသည် ဖြည်းညင်းစွာ အရည်ပျော်လာပြီး ၎င်း၏ အစိတ်အပိုင်းအချို့က ထိုလမ်းကြောင်းအတွင်းသို့ ပေါင်းစပ်သွားခဲ့ခြင်း ဖြစ်သည်။
ချန်ဂီနှင့် ဟန်ဖေးတို့၏ သွေးယဇ်ပူဇော်မှုသည် ကံကြမ္မာ၏အလောင်းကို သုံး၍ အတွင်းကမ္ဘာနှင့် အဆုံးမဲ့လူသားလောကကြားရှိ နယ်နိမိတ်ကို လုံးဝဖျက်ဆီးပစ်ရန် ကြိုးစားနေခြင်း ဖြစ်ပုံရသည်။
ချန်ဂီ၏ အချက်ပြမှုကြောင့် ကျန်းဝမ်ယုသည် ပန်းချီဆရာအား အမှောင်သွေးမြို့တော် ပုံစံကွက်ဆီသို့ ကူညီခေါ်ဆောင်သွားခဲ့သည်။ အတွင်းကမ္ဘာ၏ အစွန်းပိုင်းမှ သွေးအလင်းတန်းကြီးတစ်ခု ထိုးထွက်လာခဲ့သည်။ ပန်းချီဆရာသည် သူ့ပန်းချီကားအတွင်း ဖုံးကွယ်ထားသည့် မရေမတွက်နိုင်သော နာမည်များကို ထိုအချိန်၌ ဖျက်ပစ်လိုက်တော့သည်။ စူးရှသောအော်ဟစ်သံများက လေထုအတွင်း ပြည့်နှက်သွားခဲ့ပြီး သွေးအလင်းတန်းကြီးမှာလည်း ပိုမိုလင်းထိန်လာခဲ့သည်။
“ငါတို့အလှည့် ရောက်ပြီထင်တယ်”
ကောင်းမင်က အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသည့် သားစားကြူးနတ်ဘုရားကို လှမ်းကြည့်လိုက်သည်။ ရှင်ခြင်းကိုကိုယ်စားပြုသည့် ကုန်းစီသည် ခေတ္တမျှ တွေဝေနေပြီးနောက် ပုပ်သိုးခြင်းသွေးမြို့တော်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
ရှောင်ပုသည် ပုပ်သိုးခြင်းသွေးမြို့တော်၏ တည်နေရာတွင် တစ်ဦးတည်း မတ်တတ်ရပ်နေခဲ့ပြီး သွေးမြို့တော်ပုံရိပ်ယောင်ကို ဆင့်ခေါ်နေသော်လည်း မည်သို့ပင်လုပ်ဆောင်စေကာမူ စည်းမျဉ်းများနှင့် မချိတ်ဆက်နိုင်ချေ။ သားစားကြူးနတ်ဘုရား ရောက်ရှိလာသည့် အချိန်မှသာ လှုပ်ခါနေသည့် သေခြင်းစွမ်းအင်များနှင့် ထူထဲလှသော အသားနံ့များက သွေးမြို့တော်ပုံစံကွက်အတွင်းသို့ ပျံ့နှံ့သွားကြတော့သည်။ သွေးပင်လယ်အတွင်း သေဆုံးသွားကြသည့် မကောင်းဆိုးဝါးများသည် စတင်ပုပ်ပွလာကြပြီး ထိုပုပ်ပွမှုမှတစ်ဆင့် ပြန်လည်မွေးဖွားလာကြသည်။အဝေးက ပုပ်သိုးခြင်းသွေးမြို့တော် ရှိရာနေရာမှ သွေးအလင်းတန်းကြီးတစ်ခုလည်း ထွက်ပေါ်လာခဲ့တော့သည်။